စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Tuesday, July 9, 2024

ဝါဆိုသင်္ကန်းဟူသည်

ဝါဆိုသင်္ကန်းဟူသည်
🌺🌺🌺🙏🙏🌺🌺🌺

ဝါဆိုသင်္ကန်းကို ဝဿာဝါသိက လို့ ခေါ်ဆိုပါတယ်။ ရဟန်းတော်တို့ကို ဝါဆိုသင်္ကန်း လှူဒါန်းကြတဲ့ အစဉ်အလာဟာ ဘယ်အချိန်ကာလက စတင်ပြီး ဘယ်အကြောင်းကို အမှီပြုပြီး ဖြစ်ပေါ်လာပါသလဲလို့ မေးစရာ ရှိလာပါတယ်။ 

မိုးရေခံသင်္ကန်းနှင့် ရောထွေးသိနေကြသော ဝါဆိုသင်္ကန်း
 

ဘုရားရှင်ခွင့်ပြုသော သင်္ကန်း (၉)ထည် ရှိပေသည်။
(၁) သင်းပိုင် 

(၂) ကိုယ်ရုံဧကသီ၊ 

(၃) ဒုကုဋ် (နှစ်ထပ်သင်္ကန်း)၊ 

(၄) အိပ်ရာခင်း၊ 

(၅) မျက်နှာသုတ်ပဝါ၊ 

(၆) ပရိက္ခရာစောဠပုဆိုး(အဝတ် သင်္ကန်း)၊ 

(၇) နိသီဒိုင်၊ 

(၈) မိုးရေခံသင်္ကန်း(ဝဿိကသာဋိက)၊ 

(၉) အမာလွှမ်းသင်္ကန်း(သွေး ပြည်စို့နေသော ဂိလာနသင်္ကန်း) တို့ဖြစ်သည်။ 

ထိုသင်္ကန်း (၉)ထည်တို့တွင် ဝါဆိုသင်္ကန်းဟူ၍ သည်းခြား မပါရှိပေ။ သို့သော် မိုးရေခံသင်္ကန်းတစ်မျိုးတည်းကို ဝါဆိုသင်္ကန်း မဟုတ်ဘူးလားလို့ မေးစရာရှိပေသည်။ အဓိပ်ပါယျမတူပါ။ 
ဝါဆိုသင်္ကန်းသည် မိုးရေခံသင်္ကန်းချည်း မဟုတ်ဘဲ မိုးရေခံသင်္ကန်းအတွက် ပါတိမောက် နိဿဂ္ဂိပါစိတ် ပတ္တဝဂ် ဝဿိကသာဋိကသိက္ခာပုဒ်မှာလာတဲ့ သီးခြားရှိပါသည်။ 

မိုးရေခံသင်္ကန်းမှာ ကျောင်းအမကြီး ဝိသာခါကို အကြောင်းပြု၍ ဖြစ်ပေါ်လာပုံကို ယခင် Post - သောတာပန်တို့၏ သဒ်ဓါ (အပိုင်း - ၂)တွင် ရေးသားခဲ့ပြီ။ 

ဝါဆိုသင်္ကန်း

ဝါဆိုသင်္ကန်းလို့ ဆိုလိုက်လျှင် ဝါဆိုသောအခါ ဝတ်ရုံတဲ့ သင်္ကန်းကို ဝါဆိုသင်္ကန်းလို့ ယခုအခါ မှတ်ယူနေကြပေသည်။ သို့သော် ပါဠိတော်မှာလာတဲ့ ဝါဆိုသင်္ကန်းက ဝါဆိုရန်ဝတ်တဲ့ သင်္ကန်းတစ်ခုတည်း မဟုတ်ပေ။ ဝါဆိုရက်မှ ဝါဆိုပြီး ဝါကျွတ်သည့်တိုင်အောင် ဝါမပျက်တဲ့ ရဟန်းတော်အား လှူဒါန်းတဲ့ သင်္ကန်းကို ဝါဆိုသင်္ကန်းဟု ခေါ်ဆို၏။ 

ဝါဆိုသင်္ကန်းဖြစ်ပေါ်ပုံ

ဒီအကြောင်းနဲ့ ပါတ်သတ်ပြီး ပါတိမောက် နိဿဂ္ဂိပါစိတ် ပတ္တဝဂ် အစ္စေကစီဝရသိက္ခာပုဒ်မှာလာတဲ့ အစ္စေကစီဝရ = အဆောတလျင် လှူအပ်သောသင်္ကန်း အကြောင်းမှာ -
အမတ်စစ်သူကြီးတစ်ဦးက ငါသည် စစ်တိုက်ထွက်ဖို့ရာ အချိန်နီးနေ၍ အမှုကိစ္စများဖြင့် အလုပ်ရှုပ် နေသည့်အတွက် စစ်မြေပြင်အရပ်တွင် မိမိ၏ အသက်သည် သေမည် ရှင်မည်ကို အတိအကျမသိရေးသည့်အတွက် စစ်တိုက်ထွက်ခါနီးအချိန်တွင် ကုသိုလ်ရလို၍ လည်းကောင်း၊ရရှိသည့်ကုသိုလ်၏ အစွမ်းသတ္တိ အာနုဘော် ကြောင့် စစ်မြေပြင်အရပ်တွင် အန္တရာယ်ကင်း စေလို၍လည်းကောင်း ရဟန်းတော်တို့၏ အထံသို့ အရှင်ဘုရားတို့ ကြွလာတော်မူကြပါကုန်၊ တပည့်တော်သည် အရှင်ဘုရားတို့အား ဝါဆိုသင်္ကန်းကို လှူဒါန်းပါအံ့ " ဟု လျှောက်ထားပေးရန် အခိုင်းအစေ တမန်ကို လွှတ်လိုက်၏။ 

မြတ်စွာဘုရားသည် ဝါမှထကုန်သော(ဝါဆိုပြီးသော) ရဟန်းတော်တို့အား ဝါဆိုသင်္ကန်းကို အလှူခံ၍ သုံးစွဲရန် ခွင့်ပြုတော်မမူအပ်သေး၍ ရဟန်းတော်တို့က ဝါဆိုသင်္ကန်း အလှူခံယူမှု အပေါ် ယုံမှားတွေးတောမှု ဖြစ်ကာ အလှူခံရနိုး သံသယကုက္ကုစ္စဖြစ်ကြကုန်၏။ 

ထို့ကြောင့် အမတ်စစ်သူကြီးက ဝါဆိုသင်္ကန်းအလှူခံရန် ပင့်ဖိတ်ပါသော်လည်း ရဟန်းတော်တို့သည် လာရောက်၍ အလှူမခံ ကြကုန်။ ရဟန်းတော်တို့ မလာရောက်ကြသောအခါ
 အမတ်စစ်သူကြီးက အရှင်မြတ်တို့သည် ဝါဆိုသင်္ကန်းကို လာရောက်အလှူခံရန် တမန်စေလွှတ်အပ်ပါလျက် အဘယ့်ကြောင့် မကြွလာကုန် ဘိသနည်း။ငါသည်ကား စစ်မြေပြင်အရပ်သို့ သွားရအံ့။အသက်ရှင်ခြင်းကို သိနိုင်ခဲ၏။ သေခြင်းကိုလည်း သိနိုင်ခဲ၏ ဟု ရဟန်းတော်တို့ အပေါ်၌ ကဲ့ရဲ့ရှုတ်ချ အပြစ်ပြ၍ ပြောဆို၏။ 

ထိုသတင်းကို မြတ်စွာဘုရားကြားသိတော်မူသဖြင့်- "ရဟန်းတော် တို့သည် အဆောတလျင်လှူအပ်သော သင်္ကန်းကို ခံယူ၍ ထားခြင်းငှာ ဘုရားခွင့်ပြုတော်မူပြီ " ဟုရဟန်းတော်တို့အတွက် သင်္ကန်းကို အလှူခံယူ၍ အသုံးပြုဖို့ရန် ခွင့်ပြုတော်မူသည်။ 

ထိုနောက် အစ္စေကစီဝရ ဆိုသည်မှာ အဆောတလျင် ရှောင်တခင် လှူအပ်သော သင်္ကန်းဖြစ်ပေါ်လာပေသည်။  

၄င်းအစ္စေကစီဝရကို- 

(၁) မိမိ၏အသက်ကို စိတ်မချရသည့် စစ်မြေပြင်အရပ်သို့ စစ်ထွက်မည့်ပုဂ္ဂိုလ်၊ 

(၂) အရပ်တစ်ပါးသို့ ခရီးထွက်မည့်ပုဂ္ဂိုလ်၊ 

(၃) ဖျားနာနေသည့် ဂိလာန မကျန်းမာ လူနာပုဂ္ဂိုလ်၊ 

(၄) မွေးဖွားခါနီး ကိုယ်ဝန်ဆောင်ပုဂ္ဂိုလ်၊ 

(၅) မူလအရင်က သဒ်ဓါတရားမရှိဘဲ အသဈသဒ်ဓါတရား ဖြစ်ပေါ်လာသောပုဂ္ဂိုလ်၊ 

(၆) သာသနာတော်ကို ယခုမှ ကြည်ညိုလာသူတို့ ဖြစ်ကြသည်။ 

၄င်းပုဂ္ဂိုလ်တို့က ရဟန်းတော်တို့၏ အထံသို့ တမန်စေလွှတ်၍ လည်းကောင်း၊ တမန်ကို မစေလွှတ်ဘဲ မိမိကိုယ်တိုင် သွား၍လည်းကောင်း၊ " အရှင်ဘုရားတို့ ကြွတော်မူလာကြပါကုန်၊ တပည့်တော်သည် အရှင်ဘုရားတို့အား ဝါဆိုသင်္ကန်းကို လှူဒါန်းပါအံ့ " ဟု အဆောတလျင် ရှောင်တခင် လှူဒါန်းအပ်သော သင်္ကန်းကို အစ္စေကစီဝရ ဟု ခေါ်သည်။ 

၄င်းသင်္ကန်းကို - 

ဝဿဝါသိက = ဝါဆိုသင်္ကန်းဟူ၍လည်းကောင်း၊ ဝါကျွတ်သင်္ကန်းဟူ၍လည်းကောင်း၊ 
အစ္စေကစီဝရ = အဆောတလျင် ရှောင်တခင်လှူအပ်သော သင်္ကန်းဟူ၍ လည်းကောင်း အမည်အမျိုးမျိုးခေါ်နိုင်သည်။ 

ဤသည်ကို ထောက်ဆကြည့်မည်ဆိုပါလျှင် ဝါဆိုသင်္ကန်းသည် သီးခြားသင်္ကန်းမျိုးမဟုတ်။ သင်္ကန်း(၉)ထည်တွင် တစ်ထည်အပါအဝင်ဖြစ်သည်။ 

ဝါဆိုသင်္ကန်းကို 
ဘယ်အချိန်မှာ လှူဒါန်းရမလဲ ?

ထိုဝါဆိုသင်္ကန်းအား ရှေ့ကပြခဲ့သော ပုဂ္ဂိုလ်(၆)ဦးတို့က ``ဝဿာဝါသိကံ ဒဿာမိ- ဝါဆိုသင်္ကန်းပါဘုရားဟု အမည်တပ် လှူဒါန်းလာခဲ့သော် ဝါမကျွတ်သေးသော်လည်း အလှူခံနိုင်ခွင့်ရှိသည်။ 

ယင်းပုဂ္ဂိုလ်များသည် အချိန်မရွေး ရှိနိုင်သဖြင့် ဝါဆိုသင်္ကန်းကို အချိန်မရွေး လှူဒါန်းနိုင်၍ ရဟန်းတော်တို့က အချိန်မရွေးအလှူ ခံနိုင်ခွင့်ရှိသည်ကို မှတ်သားကြရပါမည်။ 

ရဟန်းတော်တို့ မှတ်သားရန်

ရဟန်းတော်တို့နှင့် ပါတ်သတ်၍ သင်္ကန်းနှင့်စပ်၍ ဝိနည်းကံ အရ-
ကထိန်ကာလ သင်္ကန်းလှူရိုးလှူစဉ်ဖြစ်သော သီတင်းကျွတ် လပြည့်ကျော်သို့ မရောက်သေးခင် အရေးတကြီး လှူအပ်သောကြောင့် အစ္စေကသင်္ကန်းဟု ခေါ်ဆိုရာ ကထိန် မဖြစ်ပါက တန်ဆောင်မုန်းလပြည့်ထိ(၁)လ၊ကထိန်ဖြစ်က တပေါင်းတိုင်(၅)လသည် သင်္ကန်းအလှူခံခွင့်ရှိရာကာလ ဖြစ်၏။ကထိန်မဖြစ်က(၁၁)လ၊ကထိန်ဖြစ်က(၇)လ သည် သင်္ကန်းအလှူခံခွင့် မရှိ။ 

ထိုအကာလသင်္ကန်းချိန်တွင် -
သင်္ကန်းလှူဒါန်းသူရှိခဲ့သော် (၁၀)ရက်မျှသာ သိမ်းဆည်းထားခွင့်ရှိ၏။ရက်ပိုထားလိုသော် အဓိဋ္ဌာန်၊ဝိကပ္ပနာ၊ ပစ္စုဒ္ဓိုရ်ပြုခြင်းစသည့် ဝိနည်းတော်နှင့် အညီ အပ်စပ်အောင် ဆောင်ရွက်ကြရ၏။ 

ကုသိုလ်ရှင်တစ်ဦး(သို့မဟုတ်)အများက သင်္ကန်းလှူရာတွင် ဝါဆိုသင်္ကန်းပါဘုရား-ဟု လျှောက်ထား လှူဒါန်းလာပါက လှူဒါန်းချိန်သည် ဝါတွင်းဖြစ်လျှင် ကျောင်းရှိ ဝါဆိုသံဃာအား ခွဲဝေ လှူဒါန်းရပါမည်။ရှေးယခင်က သင်္ကန်း လှူဒါန်းကြရာတွင် သံဃာကိုသာ ရည်မှန်းပြီး လှူဒါန်းလေ့ရှိသောကြောင့် သံဃာများအား ခွဲဝေပေးရခြင်း ဖြစ်၏။ 

ဝါကျွတ်သော် - ဝါကျိုးဝါပြတ်သွားသော ရဟန်းတော်သည် ဝါဆိုသင်္ကန်း၊ကထိန်သင်္ကန်းတို့ကို အလှူခံခွင့် မရှိတော့၊အလှူခံပြီးသော်လည်း သံဃာအား ပြန်အပ်ရ၏။ပြန်မအပ်ပါက ဘဏ္ဍာစားထိုက်၏။ပြန်မပေးမချင်း ကြေးယူထားသလိုမျိုး ဖြစ်နေတော့သည်။ 

တပေါင်းလပြည့်ကျော်တစ်ရက်မှ သီတင်းကျွတ်လပြည့်တိုင် (၇)လသော အကာလသင်္ကန်းချိန်၌ ဝါဆိုသင်္ကန်းပါဘုရားဟု လှူဒါန်းလာသော် ``ယခင်နှစ် ဝါဆိုသံဃာကို လှူဒါန်းမှာလား၊ဒီနှစ် ဝါကပ်မည့်သံဃာကို လှူဒါန်မှာလားဟု အလှူရှင်ကို မေးမြန်းရပါမည်။ 

အလှူရှင်က ယခင်နှစ် ဝါ၌ ဝါဆိုပြီး သံဃာအား လှူဒါန်းပါသည်ဟု လျှောက်ထားပါက အရင်နှစ်ဝါဆိုသံဃာများကိုသာ ခွဲဝေပေးရ၏။ဝါဆိုသံဃာ ကျောင်းပြောင်းသွားလျှင် ထိုရဟန်းနှင့် ရင်းနှီးကျွမ်းဝင်သော ရဟန်းတော်အား ထိုသင်္ကန်းကို ပေးလှူရပါမည်။ယခင်နှစ်ဝါဆိုသံဃာသည် တစ်ပါးတည်း ကျန်ရှိနေပြီး၊အခြားသံဃာများ ပျံလွန်တော်မူသွားလျှင်လည်း ထိုအသက်မသေ ကျန်နေသော ရဟန်းတစ်ပါးတည်းသာ ရပိုင်ခွင့်ရှိပါသည်။ ဝါဆိုသံဃာများအားလုံး ပျံလွန်ခဲ့သော် သံဃိက= သံဃာပိုင်ဥစ္စာဖြစ်၍ ကျောင်း၌လက်ရှိ မျက်မှောက် သံဃာများ ခွဲဝေယူကြရပါသည်။ 

( ဤနေရာတွင် မိုးရေခံသင်္ကန်းကို ယခုကာလဝတ်ရုံခြင်း မရှိသလောက်ရှားပါးသွား၍ လည်းကောင်း၊ ဝါဆိုသင်္ကန်းသည် မိုးရေခံသင်္ကန်း တစ်မျိုးတည်းမဟုတ်သည့် အတွက်ကြောင့်လည်းကောင်း မိုးရေခံသင်္ကန်း အလှူခံရမည့်ကာလ စသည်တို့အား မဖော်ပြတော့ပေ။) 

ဝါဆိုသင်္ကန်း လှူဒါန်းရသည့် အကျိုးကျေးဇူး

ဒီနေရာမှာ သင်္ကန်းဟုမည်သော (၉)မျိုးလုံးကို ဝါဆိုသင်္ကန်းမည်ဟု ဆိုသောကြောင့် ဘယ်သင်္ကန်းကိုလှူလှူ အကျိုး(၈) မျိုးကို ရရှိနိုင်ပေသည်။
၁။ ခန္ဓာကိုယ်သည် ရွှေအဆင်းရှိခြင်း၊
၂။ မြူမှုန်အညစ်ကြေး ကင်းခြင်း၊
၃။ ပြိုးပြိုးပြက်ပြက် အရောင်ထွက်ခြင်း၊
၄။ ဘုန်းတန်ခိုးကြီးမားသူ ဖြစ်ခြင်း၊
၅။ ခန္ဓာကိုယ် ပြေပြစ်နူးညံ့ခြင်း၊
၆။ ဖြူသော အဆင်းရှိသော အဝတ်ပုဆိုးတို့ကို ရရှိခြင်း၊
၇။ ဝါသော အဆင်းရှိသော အဝတ်ပုဆိုးတို့ကို ရရှိခြင်း၊
၈။ နီသော အဆင်းရှိသော အဝတ် ပုဆိုးတို့ကို ရရှိခြင်း။ 
(အပ၊၁။၃၅၉။) (အပ၊မြန်၊၁။၃၆၇။) 

ကျေးဇူးတော်ရှင်
🙏ဖားအောက်တောရဆရာတော် 
🙏မဟာဂန္ဓာရုံဆရာတော်၏ ပါတိမောက်ဘာသာဋီကာ၊
🙏ထီးချိုင့်တည်တောဆရာတော်ကြီး၊အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)
Ashin Nanissara (Dhamma Nyaka) မှ မျှဝေပူဇော်သည်။
🙏
Credit. Mya Panhtwar

No comments:

Post a Comment