စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Saturday, March 31, 2018

ရှင်​ဥပါလိ၏သံသရာအမှား

ရှင်ဥပါလိ၏ သံသရာအမှားတစ်ခု
🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷

ရှင်ဥပါလိဟာ သံသရာခရီးမှာ အမှားတစ်ခုလုပ်ခဲ့သည့် အတွက်ကြောင့် နိမ့်ကျတဲ့ဘ၀ ရောက်သွားရှာတာ ဖြစ်ပါတယ်။ သူ့မှာ အင်မတန် ထူးချွန်တဲ့ အသိဉာဏ်တွေ ရှိပါတယ်။ ဘဝ
ကံက နိမ့်ကျပေမယ့် အသိဉာဏ်က မနိမ့်ကျပါ။

လောကလူတွေက ဘ၀နိမ့်ကျသလို အသိဉာဏ် ပါ နိမ့်ကျတတ်ပါတယ်။ အရေးကြီးတာက အသိဉာဏ်မနိမ့်ကျဖို့ အရေးကြီးပါတယ်။ဘ၀ဆိုတာအခြေအနေပေးသလို နေကြရတာ
ဆိုတော့ နိမ့်ကျတဲ့ ဘ၀လည်း နိမ့်ကျမှာပါပဲ။

         လောကလူတွေက ပိုက်ဆံမရှိရင် နိမ့်ကျတယ်လို့ သတ်မှတ်ကြပါတယ်။ မျိုးရိုးမကောင်း
ရင်လည်း နိမ့်ကျတယ်လို့ သတ်မှတ်ကြပါတယ်။ တကယ်တော့ “ပိုက်ဆံတို့၊ မျိုးရိုးတို့ဆိုတာ လူ့ရဲ့
တန်ဖိုး အစစ်မဟုတ်ပါ၊ လူ့ရဲ့တန်ဖိုး ဆိုတာ အသိဉာဏ်ပါပဲ”

         သူက တရားဓမ္မ ကျင့်လိုက်တဲ့အခါကျတော့ အသိဉာဏ်နဲ့ ကြိုးစားလိုက်တဲ့အခါ ရှင်ဥပါလိဟာ သာသနာတော်မှာ ပထမသင်္ဂါယနာတင်တဲ့အခါမှာ ၀ိနည်းကျမ်းကို ဦးဆောင်တင်နိုင်တဲ့ပုဂ္ဂိုလ်၊ သူ့တပည့် သားမြေးတွေနဲ့ ထွန်းကားပြီးတော့ အင်မတန် အလေးပေးရတဲ့ပုဂ္ဂိုလ် ဖြစ်ခဲ့ပါတယ်။
ဒါက မင်းသားတွေကို ဆံပင်၊မုတ်ဆိတ်ကို ပြုပြင်ပေးရတဲ့ အောက်တန်းစား ဆတ္တာသည်ဘ၀က တက်သွားတာပါ။

         သူ ဘာဖြစ်လို့ ဒီလို-အောက်တန်းစားဖြစ်သလဲ ဆိုရင် တစ်ခါတုန်းက သူမင်းသားဘ၀မှာ ပစ္စေကဗုဒ္ဓ တစ်ပါးကို အောက်တန်းစားပုဂ္ဂိုလ်လို့ စော်ကားမော်ကား
ပြောခဲ့ဖူးပါတယ်။

ပစ္စေကဗုဒ္ဓဆိုတာ သင်္ကန်းဝတ်ထားတာက ပံ့သကူသင်္ကန်းဆိုတော့ တောက်တောက် ပြောင်ပြောင် မဟုတ်ပါ။
လူတကာ မလိုချင်တဲ့ အ၀တ်တွေကို ဖြစ်သလို စပ်ချုပ်ထားတဲ့ ပံ့သကူ သင်္ကန်းဝတ်ထားတာကို သူ့စိတ်ထဲမှာ သူတောင်းစားလို့ ထင်တယ်။ အဲဒီလို သူတောင်းစားကြီးပဲ ဆိုပြီးတော့ အထင်အမြင်
သေးသွားတယ်။ ဒါမျိုး သိပ်ကြောက်ဖို့ ကောင်းပါတယ်။ ဒီတော့ မြင်မြင်သမျှပေါ်မှာ အထင်သေး
အမြင်သေးပြီး စော်စော်ကားကား မပြုမိအောင်၊ ဘယ်သူ့ကိုမှ စော်ကားမှု မပြုမိအောင် သတိထား
ကြ ရပါမယ်။ စော်ကားတာမျိုး မပြုသင့်ပါ။

         အဲဒီတော့ တကယ့်သူတော်ကောင်းကို စော်ကားမိတော့ သူ့စိတ်ထားအတိုင်းပဲ ဘ၀တွေမှာ နိမ့်ကျတဲ့ ဘ၀ချည်းပဲဖြစ်ရပါတယ်။ နောက်ဆုံး ရဟန္တာဖြစ်မယ့် ဘ၀မှာတောင် သူက အောက်တန်းစားမှာ သွားဖြစ်ပါတယ်။

         ဘ၀မှာ လူ့အသိုင်းအ၀ိုင်းဆိုတာ စိတ်ထားချင်း မတူညီကြပါ။ ဒါကြောင့်မို့လို့ ကိုယ်ဟာ အဆင့်မြင့်တဲ့ ဘ၀၊ လူအထင်သေးမခံရတဲ့ ဘ၀မျိုး ဖြစ်ဖို့ဆိုရင် ကိုယ့်ရဲ့စိတ်ထား၊ နှလုံးသားက
လည်း အင်မတန် အရေးကြီးပါတယ်။ သံသရာခရီးမှာ လွဲလွဲမှားမှား အမှားတစ်ခု လုပ်မိလို့ရှိရင် သံသရာမှာ ခံရတတ်ပါတယ်ဆိုတာ နားလည်သဘောပေါက်ကြပြီး ဘယ်သူ့ကိုမှ စော်ကားမှု မပြုမိအောင် သတိထားကြ ရပါမယ်။

       ဒါကြောင့်မို့ တရားချစ်ခင် ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်းတို့ကလည်း  ရှင်ဥပါလိကကို
နမူနာယူပြီး သံသရာခရီးမှာ လွဲလွဲမှားမှား အမှားတစ်ခု လုပ်မိလို့ရှိရင် သံသရာမှာ ခံရတတ်ပါတယ်ဆိုတာ နားလည်သဘောပေါက်ကြပြီး ဘယ်သူ့ကိုမှ စော်ကားမှု မပြုမိအောင် သတိထားနိုင်
ကြကာ ဒီဘ၀မှာ ကြိုးစားအားထုတ်ရင် တကယ့်ကို အငြိမ်းဓာတ်ဖြစ်တဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်မှာ ဖြစ်တယ်လို့ ကိုယ်စီကိုယ်ငှ သဘောကျပြီးတော့ ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေ
ကုန်သတည်း။ ။

{၁၃၇၂-ခုနှစ်၊ ပြာသိုလပြည့်ကျော် (၄)ရက်နေ့၊ (၂၃-၁-၂၀၁၁) အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၊
ထေရ၀ါဒပသာရဏီ သိမ်တော်ကြီးအတွင်း ဒေါက်တာ အရှင်နန္ဒမာလာ
ဘိဝံသ  ဟောကြားအပ်သော“အခွင့်ကောင်းကို ရအောင်ယူ” တရားတော်မှ ကောက်နုတ်ရေးသား ပူဇော်ပါသည်။}

မေတ္တာဖြင့် ပြန်လည်ကူးယူရေးသား မျှဝေ
ဓမ္မဒါနပြုပါသည်။
မှားယွင်းမှုများရှိသော် အစဉ်သနားသော
အားဖြင့် သည်းခံခွင့်လွှတ်ပေးရန် ဦးခိုက်
လျှောက်ထားပါသည်
ဆရာတော်အရှင်သူမြတ်များ ဘုရား...

                        သုတဘဏ်

                     ဓမ္မစာပေများ တစ်ဆင့်မျှဝေခြင်းဖြင့် ကုသိုလ်ပွားများနိုင် ကြပါစေ .....

No comments:

Post a Comment