စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Saturday, March 31, 2018

ကုသိုလ်​ဖြစ်​​အောင်​ ​တွေးမယ်

***** ကုသိုလ်ဖြစ်အောင်တွေးမယ် *****

တစ်ခါတုန်းက သီဟိုဠ်ကျွနိးမှာ မဟာဂါမလို့
အမည်ရှိတဲ့ ရွာကြီးတစ်ရွာကို စားရတဲ့

တိဿအမတ်ဆိုတာ ရှိခဲ့ဘူးပါတယ်။
အဲဒီအမတ်ကို ဘုရင်ကိုယ်တိုင်ကလည်း

ကြည်ညိုမြတ်နိုးတော်မူတယ်လို့ ဆိုပါတယ်။
တစ်နေ့တော့ အဲဒီတိဿအမတ်ကို

သူကိုးကွယ်ဆည်းကပ်နေကျ ဆရာဘုန်ကြီးက
* ဒက္ခိဏဝိဘင်္ဂသုတ် * ကို ဟောလိုက်ပါတယ်။

ဒက္ခိဏဝိဘင်္ဂသုတ် ဆိုတာ အလှူခံ
တစိကျိပ်လေးယောက် အကြောင်းကို အကျယ်

ဝေဖန်ပြထားတဲ့ သုတ်ပါ။ တိဿအမတ်ဟာ
အဲဒီသုတ်ကို နာကြားပြီးတဲ့ နေ့ကစပြီး

သူရဲ့စားဦးကို မလှူပဲ ထမင်းမစားတော့ပါဘူး။
ပြီးတော့ စားဦးကိုလှူပြီးမှ ထမင်းစားမယ်ဆိုပြီး

သန္နိဌာန်ချခဲ့ပါတယ်။ ချခဲ့တဲ့အတိုင်းလဲ
စားဦးကိုလှူပြီးမှ ထမင်းစားလေ့ ရှိပါတယ်။

ဒီလိုနဲ့တစ်နေ့မှာ ဇနပုဒ်က ရောက်လာတဲ့
ဧည့်သည်တွေနဲ့ တိုင်းရေပြည်ရေးကိစ္စတွေ

တိုင်ပင်ဆွေးနွေးရင်း မွန်းတည့်လွန်မှ
ထမင်းစားဖို့ အခွင့်ရပါတယ်။

မွန်းတည့်လွန်သွားပြီ ဆိုတော့ စားဦးကို ရဟန်း
သံဃာတွေ လှူဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။

ဒီတော့ စားဦးကို ဘယ်သူ့လှူရမလဲလို့
စဉ်းစားပါတယ်။

အနားမှာရှိတဲ့ တပည့်တစ်ယောက်က သင်္ချိုင်းမှာ
နေတဲ့ ပရိဗိုဇ်ကို လှူဖို့ အကြံပေးပါတယ်။

တိဿအမတ်ကလည်း သဘောတူစွာနဲ့ပဲ
သူရဲ့တပည့်တွေကို သင်္ချိုင်းမှာနေတဲ့ ပရိဗိုဇ်ဆီကို

စားဦးကိုလှူဖို့ လွှတ်လိုက်ပါတယ်။ တကယ်တော့
ပရိဗိုဇ်ဆိုတာ အဝတ်ဖြူဝတ်ထားပေမယ့်

အကျင့်သီလလဲ ထူးထူးခြားခြား မရှိလှပါဘူး။
ထူးခြားတာဆိုလို့ အဝတ်ဖြူဝတ်ထားတာ

တစ်ခုပဲရှိတာပါ။ တိဿအမတ်ရဲ့ တပည့်တွေ
ပရိဗိုဇ်ဆီသွားတဲ့အချိန်မှာ ပရိဗိုဇ်က

ဘာလုပ်နေသလဲဆိုတော့ ရေကန်ဘောင်မှာ
ငါးမျှားနေပါသတဲ့။

ပရိဗိုဇ်က ခပ်လှမ်းလှမ်းက လူတွေလာနေပြီဆိုတာ
သိလိုက်တာနဲ့ တစ်ပြိုင်နက် ငါးမျှားတံကို

ရေထဲပစ်ချ ခြေထောက်နဲ့နင်းထားပြီး သူမဟုတ်
သလိုလို တရားကျင့်နေသလိုလိုနဲ့ ဣနြေ္ဒရရ

တည်တည်ငြိမ်ငြိမ်လေး နေနေလိုက်ပါတယ်။
ဒါပေမယ့် တိဿအမတ်ရဲ့ တပည့်တွေက

ပရိဗိုဇ်ရဲ့ အပြုအမူကို မြင်ဖြစ်အောင်
မြင်သွားပါတယ်။

ဒါကြောင့် ဒီလောက်ယုတ်မာတဲ့ ပရိဗိုဇ် စားဦးနဲ့
မတန်ဘူးဆိုပြီး တိဿအမတ်ဆီ စားဦးကို

ပြန်ယူခဲ့ကြပါတယ်။ တိဿအမတ်ဆီရောက်တော့
တပည့်တွေက တိဿအမတ်ကို အကြောင်းစုံ

ပြောပြပါတယ်။ ဒီတော့ တိဿအမတ်က
ဘာပြန်ပြောသလဲ ဆိုတော့ -

အမောင်တို့ ပရိဗိုဇ်ဟာ ယုတ်မာတဲ့အကျင့်ရှိတယ်
ဆိုပေမယ့် သင်တို့ကို မြင်တော့ မကောင်းမှုကို

လူမြင်မှာ ရှက်တတ်တဲ့ စိတ်ကလေးနဲ့ ငါးမျှားတံကို
ရေထဲမှာနှစ်ပြီး ဝှက်ထားရှာတယ်။

အဲဒီမကောင်းမှုကို လူမြင်မှာ ရှက်တတ်တဲ့
စိတ်ကလေးသည်ပင် ပရိဗိုဇ်အတွက် စားဦးကို

အလှူခံထိုက်ပါတယ်။ ငါ့အနေနဲ့လည်း အဲဒီ
မကောင်းမှုကို လူမြင်မှာ ရှက်တတ်တဲ့ စိတ်ကလေးကိုပဲ

ကြည်ညိုလို့ ရပါပြီ။ ကဲ ပြန်လှူလိုက်ကြပါလို့
ပြောပြီး ပရိဗိုဇ်ကို ပြန်လှူခိုင်းလိုက်ပါတယ်။

စာမှာတော့ ဒုတိယနေ့မှာလဲ ဆက်ပြီး လှူခိုင်းတယ်လို့
ဆိုပါတယ်။

ဒီဝတ္တုလေးဖတ်ပြီးတော့ တိဿအမတ်နေရာမှာ
ငါသာဆိုရင် ဆိုတဲ့အတွေးက  မသိမသာ

ဝင်လာပါတယ်။ အေးကွာ မင်းတို့ပြောတာ မှန်တယ်
ဒီလောက်ယုတ်မာတဲ့ ပရိဗိုဇ် စားဦးနဲ့မတန်ဘူး။

အဆိပ်ပင် ရေလောင်းတာနဲ့ အတူတူပဲ။ ငါတို့
စားတာမှ ဗိုက်ဝဦးမယ် အဲဒီလို ခပ်ညံ့ညံ့စိတ်နဲ့များ

တွေးမိမလားမသိပါဘူး။ ဘာပဲပြောပြော တိဿ
အမတ်ကတော့ ဒါနကုသိုလ် ဖြစ်သွားတာပါပဲ။

ဆရာကြီး ဦးရွှေအောင် စကားနဲ့ပြောရရင် ဒါနကို
ပါရမီမြောက်အောင် ပြုကျင့်လိုက်တာပါ။

အဠသာလိနီအဋ္ဌကထာမှာ ကုသိုလ်ဖြစ်ရခြင်းနဲ့
အကုသိုလ်ဖြစ်ရခြင်း အကြောင်းတွေကို

ဒီလိုပြထားပါတယ် -

ကုသလံ ယောနိသောမန သိကာရ ပဒဋ္ဌာနံ
အကုသလံ အယောနိသောမန သိကာရ ပဒဋ္ဌာနံ။

အဓိပ္ပါယ်ကတော့ ကုသိုလ်ဖြစ်ရခြင်းရဲ့ အကြောင်းက
ယောနိသောမနသိကာရ ရှိလို့ပါတဲ့။

အကုသိုလ်ဖြစ်ရခြင်း အကြောင်းက အယောနိသော
မနသိကာရ ရှိလို့ပါပဲတဲ့။

ဆိုလိုချက်ကတော့ ယောနိသော မနသိကာရ ရရှိရင်
ကုသိုလ်ဖြစ်မယ်။

အယောနိသော မနသိကာရ ရရှိရင် အကုသိုလ်
ဖြစ်မယ် ဒါပါပဲ။

ဒါကြောင့် မဟာစည်ဆရာတော်ဘုရားကြီးက
ယောနိသော မနသိကာရကို ကုသိုလ်ဖြစ်အောင်

တွေးခြင်းလို့ ဘာသာပြန်ဆို ထားခဲ့ပါတယ်။

တခြားဆရာတော်ကြီး တစ်ပါးကတော့ ယောနိသော
မနသိကာရကို အကောင်းမြင်ဝါဒ ရှိခြင်းလို့

ပြန်ပေးပါတယ်။ အများနားလည်နိုင်မယ့်
စကားလုံးတွေနဲ့ ပြန်ပေးထားကြတာ ဆိုတော့

သက်ရောက်မှု အဓိပ္ပါယ်တွေကတော့ အတူတူပါပဲ။
မကောင်းမှုကို လူမြင်မှာ ရှက်တတ်တဲ့ စိတ်ကလေးကို

ငါ့အနေနဲ့ ကြည်ညိုလို့ရပါပြီလို့ တိဿအမတ်
ပြောလိုက်တဲ့ စကားရဲ့ မြစ်ဖျားခံရာဟာ

ယောနိသော မနသိကာရပါပဲ။ ယောနိသော မနသိကာရ
ရရှိတော့ ကုသိုလ်ဖြစ်သွားတာ အဘိဓမ္မာသဘောအရ

သိပ်ပြီးဆန်းကြယ်လှတယ်တော့ မဟုတ်ပါဘူး။
ဆန်းတာက အားကျဖို့ကောင်းတာက တိဿအမတ်ရဲ့

သန္တန်မှာ ယောနိသောမန သိကာရ ရှိနေတာပါ။
တကယ်တော့ တိမ်တိုက်မည်မျှမဲမဲ အဖြူရောင်

ငွေအနားသတ်က ရှိစမြဲ ဆိုတဲ့ နိုင်ငံခြားစကားပုံ
အတိုင်း ဘယ်လောက်ပင်ဆိုးနေသူ ဖြစ်ပါစေ

ငွေရောင်အနားသတ်လို့ ခေါ်ရမယ့် ကောင်းကွက်
ကလေး တစ်ကွက်ကတော့ ရှိစမြဲပါ။

ဒါကို ကိုယ်က ယောနိသောမနသိကာရ အခြေခံပြီး
မြင်တတ်ဖို့ပါ။

ဘာဘဲပြောပြော ဘဝဆိုတာ ရှိနေရင် သံသရာခရီး
ဆိုတာလဲ ရှိနေဦးမှာပါပဲ။

အဲဒီသံသရာဆိုတဲ့ ခရီးတစ်ခုကို လျှောက်နေရ
သရွေ့တော့ အာရုံမျိုးစုံနဲ့ နေ့စဉ်တွေ့နေကြရမှာပါ။

ကိုယ်နှစ်သက်တဲ့ အာရုံပဲတွေ့တွေ့ မနှစ်သက်တဲ့ အာရုံပဲ
တွေ့တွေ့ တွေ့လာတဲ့ အာရုံအပေါ် ကိုယ်က

ကုသိုလ်ဖြစ်အောင် တွေးတတ်ဖို့ပါပဲ။တစ်နည်းအားဖြင့်
ပြောရရင် တွေ့လာတဲ့ အာရုံအပေါ် မိတ်ဖွဲ့တတ်ဖို့ပါ။

မိတ်ဖွဲ့တတ်ဖို့ ဆိုတာကလဲ သိပ်ပြီးခက်ခဲလှတယ်လို့
မဆိုနိုင်ပါဘူး။

ဘာဖြစ်လို့လဲဆိုတော့ ယောနိသောမနသိကာရ
ရှိနေရင် တစ်လောကလုံးရဲ့ အလိုကို

မိတ်ဖွဲ့ပြီးသား ဖြစ်နေမှာ ဖြစ်လို့ပါပဲလေ။

** ရဝေနွယ် ( အင်းမ ) **
Copy ယူ ထပ်​ဆင့်​ကုသိုလ်​ပြုပါသည်​။

No comments:

Post a Comment