စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Monday, May 7, 2018

အမြဲ​ကောင်းမြတ်​​သော အရာ

" အမြဲကောင်းမြတ်သောအရာ "
-------------------------------------

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတ၀န်ကျောင်း​တွင် သီတင်းသုံးနေတော်မူ၏။

ထိုအခါ နတ်သားတစ်ယောက်သည် ညဥ့်တစ်ညဥ့်၏ သန်းခေါင်ယံအချိန်၌ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို မေးလျှောက်လေ၏။

" မြတ်စွာဘုရား...

လူတို့အတွက်

(၁) အိုမင်းရင့်ရော်သည့်အချိန်တိုင်အောင် တင့်တယ် လှပစေသော အရာသည်ကား အဘယ်ပါနည်းဘုရား။

(၂) အဘယ်အရာသည် မိမိသန္တာန်၌ မြဲမြံခိုင်ခံ့စွာ တည်နေပါလျှင် ကောင်းမြတ်ပါသနည်းဘုရား။

(၃) သုံးဆယ့်တစ်ဘုံ၌ ကျင်လည်ကြရသောသတ္တ၀ါတို့တွင် ရောက်လေရာရာဘ၀တို့၌ ကောင်းမြတ်၍ နှစ်သက်စေတတ်သော ရတနာသည်ကား အဘယ်ပါနည်းဘုရား။

(၄) သူခိုး၊ ဓားပြစသောလူဆိုးတို့ကို မလုယူ၊ မတိုက်ခိုက်နိုင်သော ဥစ္စာသည်ကား အဘယ်ပါနည်းဘုရား " ဟု မေးလျှောက်လေသည်။

မြတ်စွာဘုရားက...

" အိုနတ်သား...

လူတို့အတွက်

(၁) အိုမင်းရင့်ရော်သည့်အချိန်တိုင်အောင် တင့်တယ် လှပစေသောအရာသည်ကား သီလ တန်ဆာ ဖြစ်သည်။

(၂) ဘုရား တရား သံဃာဟူသော ရတနာသုံးပါး ကံ ကံ၏အကျိုးကိုကောင်းစွာယုံကြည်၍ မဂ်ဖိုလ်တရားတို့ကို တကယ်ယုံကြည်မှုသဒ္ဓါတရားသည် မိမိသန္တာန်၌ မြဲမြံခိုင်ခံ့စွာ တည်တံ့ပါလျှင်အကောင်းဆုံးဖြစ်သည်။

(၃) အရာရာ၌ ကောင်းစွာခွဲခြမ်းပြီး သိစွမ်းနိုင်သော ပညာသည် သုံးဆယ့်တစ်ဘုံဝယ် ကျင်လည်ကြရသော သတ္တ၀ါတို့တွင် ရောက်လေရာရာဘ၀တို့၌ ကျင်လည်ရသမျှကာလပတ်လုံး ကောင်းမြတ်၍  နှစ်သက်စေတတ်သောရတနာဖြစ်သည်။

(၄) သူခိုး၊ ဓါးပြစသောလူဆိုးတို့က မတိုက်ခိုက် မလုယူနိုင်သော ဥစ္စာသည်ကား သဒ္ဓါအရင်းခံ၍ ပင်ကိုယ်ဉာဏ်ဖြင့် နေ့စဉ်မှန်မှန် ပြုလုပ်သော ကောင်းမှုကုသိုလ်ပင်ဖြစ်သည် " ဟု ဟောတော်မူသည်။

သဂါထာဝဂ္ဂသံယုတ်၊ ဒေ၀တာသံယုတ်၊
ဧရာဝဂ်၊ ဧရာသုတ်။
#thuriya
_/|\_  _/|\_  _/|\_

No comments:

Post a Comment