စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Wednesday, May 2, 2018

သောတာပန်​ ဖြစ်​ပုံ ​လေးမျိုး

❝ သောတာပန်ဖြစ်ပုံလေးမျိုး ❞
■■■■■■■■■■■■■■■

ဗုဒ္ဓရဲ့တရားတော်တွေကို-

၁။ သောတာနုဂမန = နားယဉ်အောင်
နာကြားထားသော ပုဂ္ဂိုလ်
၂။ ဝစသာပရိစယ = နှုတ်ဖြင့် လေ့ကျင့်ထားသော ပုဂ္ဂိုလ်
၃။ မနသာနုပေက္ခန = စိတ်ဖြင့် ဆင်ခြင်နေသော ပုဂ္ဂိုလ်
၎။ ဒိဋ္ဌိယာသုပ္ပဋိဝေဓ = ရုပ်နာမ်ပဲရှိတယ်။ ငါဆိုတာမရှိပါလားလို့ ပညာဖြင့် ထိုးထွင်း၍ သိထားသောပုဂ္ဂိုလ်
(အဂုင်္တ္တိုရ် ပါဠိတော်၊ သောတာနုဂတသုတ်)

တရားတော်တွေကို နာကြားနေသူ၊
ဖတ်ရှုနေသူတွေဟာ အဆင့်အမြင့်ဆုံး
လေးယောက်မြောက် ပုဂ္ဂိုလ်ထဲမှာ ပါပါတယ်။
ဒီပုဂ္ဂိုလ်လေးဦးလုံးဟာ
သေခါနီးရောဂါပြင်းထန်၍
ဘုရားတရားမေ့သေသွားတောင်
အပါယ်ကိုမကျဘဲ

၁။ နတ်ပြည်ရောက်တာနဲ့ချက်ခြင်း သောတာပန် တည်ပါတယ်။

တဿတတ္ထ သုခိနော ဓမ္မပဒါနိပဒဝန္တိ၊
ဒန္ဓောဘိက္ခဝေသတုပ္ပါဒေါ၊ အထခေါ
သောသတ္တာခိပ္ပမေဝ ဝိသေသဘာဂီဟောတိ။

နတ်ပြည်၌ ပဋိသန္ဓေကိုယ်ဝန်ထဲ နေစရာမလိုသည့်အတွက် ချမ်းသာစွာသွားဖြစ်သော ပုဂ္ဂိုလ်လေးယောက်သည် ညကအိမ်မက်များ မနက်တွင်ပေါ်လာကြသကဲ့သို့ လူ့ဘဝကဆည်းပူးခဲ့သော တရားများ ချက်ခြင်းပြန်ပေါ်လာကြ၏။

ထို့ကြောင့် ဪ ငါသေ၍နတ်ပြည်ရောက်နေပါလားဟူသော အတွေးကပင် နောက်ကျသေး၏။ သောတာပတ္တိမဂ်ကို အလျှင်အမြန်ချက်ခြင်းရ၏။

၂။ ဒုတိယနည်းက အရှင်မဟာမောဂ္ဂလာန်မထေရ်ကဲ့သို့ တန်ခိုးကြီးရဟန္တာမထေရ်တစ်ပါးပါး နတ်ပြည်တက်လာပြီး ဟောကြားတဲ့တရားကို နာရတဲ့အခါ လူ့ဘဝတုန်းက ငါကျင့်ကြံအားထုတ်ခဲ့တဲ့တရားဟာ ဒီတရားမျိုးပဲလို့ သတိရသွားပြီး သောတာပတ္တိမဂ် လျှင်မြန်စွာ ရတတ်ပြန်တယ်။

၃။ ပြောခဲ့ပြီးတဲ့နည်းနှစ်ပါးနဲ့ သောတာပန်မတည်သေးရင် ပဉ္စာလစဏ္ဍ၊ အတ္ထကဗြဟ္မာ သနက်ုမာရဗြဟ္မာ အစရှိတဲ့ ဓမ္မကထိက နတ်သားတစ်ပါးပါး ဟောတဲ့တရားကို နာကြားရတဲ့အခါ လူ့ဘဝကအားထုတ်ခဲ့တဲ့တရားကို ပြန်အမှတ်ရပြီး သောတာပတ္တိမဂ်ကို ရပြန်တယ်။

၎။ ဒီသုံးနည်းနဲ့မှ သာတပန်မတည်သေးရင် လူ့ဘဝက တရားအတူနာဘက် အတူအားထုတ်ဖက် နတ်သား၊ နတ်သမီးချင်းတွေ့ပြီး တရားအကြောင်း ဆွေးနွေးမိရာကနေ သောတာပတ္တိမဂ်ကို ရသွားပြန်တယ်။

လူ့ဘဝက ဝိပဿနာတရားကို တကယ်လိုက်စားတဲ့သူမှန်သမျှ နတ်ပြည်ရောက်ရင် ဒီလေးနည်းထဲက တစ်နည်းနည်းနဲ့ သောတာပန်တည်ရကြောင်း ဗုဒ္ဓက ဟောတော်မူထားတယ်။ ဒါကြောင့် ဝိပဿနာတရားကို ပုံမှန်နာကြားအားထုတ်နေဖို့က မိမိတာဝန်လို့သာ သိထားပါ။

မေတ္တာရှင်(ရွှေပြည်သာ)
လူငယ်များအတွက်ဂမ္ဘီရဝိပဿနာအတွဲ (၃+၄) မှ-

🌺အမှောင်ပျောက်၍ အလင်းရောက်ပါစေ။🌺

No comments:

Post a Comment