စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Tuesday, May 8, 2018

သားလုပွဲ

#သာသနာကိုချစ်တတ်ပါစေရည်ရွယ်ပါသည်
#သစ္စာရှင်
#မြတ်ဗုဒ္ဓ၏သာသနာpage
သားလုပွဲ
======

"အဝှါဘုရာ့... ကျောင်းအပ်ချိန်တွေ နီးလို့ ကိုရင်ပေါက်စကို လာပြီး လူထွက်ခိုင်းတာဘုရာ့"

ဦးချရင်းမှ အထက်ပါစကားကို လျှောက်ထားလေသူ အရွယ်သင့် ဒကာမတစ်ဦး။

"ဟင်"

ရွာကျောင်းဘုန်းတော်ကြီးကား မနှစ်မြို့ဟန် မေးခွန်းသံပြု၏။

"အဲဒါ ကိုရင်ကလည်း မထွက်ချင်ဘူး ပြောနေတယ်ဘုရာ့"

"ဟ... မထွက်ချင်ရင် နေပါစေလားဟ"

ချက်ချင်းနီးပါး ကန့်ကွက်စကား ဆိုတော်မူ၏။

"မြို့နေဦးဇင်းကိုရင်တွေ ပြန်ရင် တစ်ခါတည်း ထည့်လိုက်ရအောင်"

ဒကာမသည်ကား မနှစ်သက်ဟန်မပြပါ။ သို့သော်လည်း ကိုရင် လူမထွက်လိုခြင်းကိုကား အလိုမကျဖြစ်ဟန် တူ၏။

"အဲလိုလည်း မြို့ကို စာသင်မလိုက်ချင်ဘူးတဲ့ဘုရာ့၊ သင်္ကန်းဝတ်လေးနဲ့ နေရတာကိုပဲ ပျော်တာတဲ့"

ဘေးမှ မည်းမည်းတုန်းတုန်း ဝဝတုတ်တုတ်ကိုရင်ကား မိခင်ရောက်လာခြင်းအပေါ် စိတ်မချမ်းသာဟန် ရှိ၏။

သားတော်မောင်ကို တစ်ချက်ကြည့်ပြီး ဘုန်းတော်ကြီးကို လျှောက်ပြန်သည်။

"တပည့်တော်က မြို့လိုက်စာသင်ပြီး ကြီးခါမှ မပျော်လို့ လူထွက်မှာစိုးတာ၊ အရွယ်ကြီးပြီဆိုရင် ပညာက မတတ်၊ မလုပ်တတ် မကိုင်တတ်"

"အာ... ကောင်မလေးနှယ်၊ အဆိုးဘက်က တွက်ရသလားဟ၊ အကောင်းဘက်က ဆရာတော်ကြီး ဖြစ်မှာကိုလည်း မြင်ယောင်ပြီး ကြည်ညိုစမ်းပါဦး"

ဘုန်းတော်ကြီးကား မျှော်လင့်ချက်များစွာ မထားသော်လည်း ရလိုရငြား မိန့်ရှာသေးသည်။

"ဘာပဲပြောပြော ကိုရင်မထွက်ချင်ဘူးဆိုရင် အတင်းမထွက်ခိုင်းနဲ့"

တစ်ရစ် တင်းတော်မူလိုက်သည်။

ဒကာမကလည်း မတတ်သာဟန်ဖြင့် သားတော်မောင်ကို လှည့်မေး၏။

"ကိုရင် ထွက်မှာမို့လား"

"ထွက်ဘူး"

ကိုရင်ကား မာမာတင်းတင်းပင်။

"မထွက်ရင် မြို့ကို စာသင်လိုက်ရမှာနော်၊ လိုက်မှာလား"

ဤနေရာတွင်ကား ကိုရင်မှာ ခေါင်းကလေး ယို့သွား၏။

"မလိုက်ချင်ဘူး"

"အဲဒီလိုတော့ မဖြစ်ဘူးလေ၊ စာသင်မလိုက်ဘဲ နေရင် ဘုန်းကြီးစာလည်း မတတ်၊ အတန်းကျောင်းလည်း နောက်ကျ ဖြစ်မှာပ"

ဘုန်းတော်ကြီးကား အသာအကဲခတ်နေ၏။ ဒကာမကား သားတော်မောင်နှင့် စီးချင်းထိုးနေ၏။ ပွဲကား တစ်ဖက်သတ်။

"ရွာထဲက ကိုရင့်သူငယ်ချင်းတွေ ကျောင်းအပ်ကြတော့မှာ၊ ကျောင်းတက်မယ်ဆိုလည်း လူထွက်တော့၊ မတက်ချင်ရင်လည်း မြို့တက်စာသင်ရမယ်"

ကိုရင်မည်းတုံးကား ရွေးခိုင်းသောနှစ်ခုစလုံးကိုပင် ဘဝင်မကျချေ။ ဆိတ်ဆိတ်ပင် နေသော်ငြား အလိုမကျမှန်း မိခင်ရိပ်မိစေရန် နှုတ်ခမ်းကို စူထား မဲ့ထား၏။

"ကိုရင် မြို့တက်စာသင်ပြီးရင်လည်း တစ်သက်လုံး ဘုန်းကြီးဝတ်ရမှာနော်၊ ကြီးမှ လူထွက်ရင် ဘာမှ မလုပ်တတ် မကိုင်တတ်နဲ့ ဆင်းရဲမှာ၊ အခု ဆက်ဝတ်ရင် မထွက်ရတော့ဘူး"

ကိုရင်ကား မတုန့်ပြန်တတ်ချေ။ အလိုမကျခြင်းသာရှိပြီး မိခင်ကို ချက်ကျ လက်ကျ တုန့်ပြန်ရန်မူ လုံလောက်သော အသိဉာဏ် မရှိသေး။

ဘုန်းတော်ကြီးကား မနေသာတော့ချေ။

"ဟေ့ ကောင်မလေး၊ နင် စကားပြောပုံ မဟုတ်သေးပါဘူးဟာ၊ နင်လည်း သီလရှင်လူထွက်ပဲဥစ္စာ၊ သာသနာကို ဒီလိုကြီးပြောတာ တော်ပါ့မလား၊ နင်ပြောတာက သာသနာ့အမွေခံလေးတွေ တိုးပွါးပါစေ-ဆိုတဲ့သဘောမျိုး မဟုတ်ဘဲ ငါ့သားသမီးလက်ထက်ကျရင် ဘုန်းကြီးသီလရှင် မဖြစ်စေရဘူးဆိုတဲ့ပုံကြီး ဖြစ်နေတယ်ဟ၊ ဒါကြီးကျတော့ ငါက ဘဝင်မကျဘူး"

လက်နက်ကြီးက မှန်ပါပေသည်။ ဒကာမမှာ အနည်းငယ် ဣနြေ္ဒပျက်သွား၏။

"အဲဒီလိုမဟုတ်ပါဘူးဘုရာ့၊ တပည့်တော်သားက ကိုရင် တကယ်ဝတ်ချင်နေတာ မဟုတ်ဘူးလို့ ထင်လို့ဘုရာ့၊ တကယ်ဝတ်ချင်ရင် ဝတ်စမ်းပါစေ၊ တပည့်တော် ဝမ်းတောင် သာပါသေးတယ်၊ ကြီးတောင့်ကြီးမားကျမှ မပျော်တော့ဘူးဆိုရင် အဲဒီကျမှ တပည့်တော်တို့ စိတ်ဆင်းရဲရမှာဘုရာ့"

ဘုန်းတော်ကြီးက လက်မခံပါ။ မာန်ပါပါဖြင့် မိန့်တော်မူသည်။

"အာ... ယောက်ျားပဲဟာ၊ ကြီးမှ လူထွက်တော့ကော ဘာဖြစ်တုန်း၊ လက်တွေ ခြေတွေ ရှိနေသမျှ ထမင်းမငတ်ပါဘူး၊ အခုဆိုရင် ကိုရင်တစ်ပါးလောက် ဖြစ်လာဖို့ဆိုတာ မလွယ်တော့ဘူးဟ၊ တကယ့်ကို ရှားလာပြီ၊ နင်တို့ သီလရှင်လူထွက်တွေကမှ ဒီစကားပြောတယ်ဆို ကျန်တဲ့လူတွေ ဘာစကား ပြောကြတော့မလဲ၊ ကိုရင်ဖြစ်သည်ဖြစ်စေ၊ ဦးဇင်းဖြစ်သည်ဖြစ်စေ၊ နင်တို့သားပဲ၊ မပျော်လို့လူထွက်သွားလည်း နင်တို့သားပဲ မဟုတ်လား၊ နင့်စကားကို ငါ လက်ခံလို့ကို မရသေးဘူး၊ သာသနာတော်ရောက်ရင် နင်တို့သီလရှင်ဝတ်တုန်းကလို ဖြစ်မယ်ချည်းပဲ ထင်ကြသလား မသိပါဘူး"

ဤတစ်ကြိမ်၌ကား အထိကြီးထိ အနာကြီး နာချေပြီ။ ဒကာမမှာ မျက်လုံးများ ပြာဝေသွားဟန်တူ၏။ မျက်နှာလည်း မည်းသွားပြီး တစ်ခုခုကို ချက်ချင်းတုန့်ပြန်လိုသော်လည်း စကားစ ပျောက်နေဟန် ရှိသည်။ မျက်လုံးတို့မှာ ပုတ်ခတ်ပုတ်ခတ်ဖြစ်လာပြီး မကြာမီ မျက်ရည်များ စီးကျလာတော့သည်။
(လာချေပြီ။ မျက်ရည်ထိုးစစ်။)

စကားပြောရာ၌ ရှိုက်သံတို့သည် နရီကျ စီးချက်ကျ ပါလာကြောင်းကို တွေ့ရှိရ၏။

"တပည့်တော်... တပည့်တော် ဘယ်သူ့ကိုမှ မပုတ်ခတ်ပါဘူးဘုရာ့၊ တပည့်တော် မပျော်လို့ မိုက်လို့ လူထွက်ခဲ့တာပါ၊ တခြားသီလရှင်တွေက တော်ကြပါတယ်ဘုရာ့၊ ဒါပေမယ့် တပည့်တော် လူထွက်လာတော့ တော်တော်ကြီးကို ဆင်းတောင့်ဆင်းရဲ ရုန်းကန်ရပါတယ်ဘုရာ့"

ရှိုက်သံတို့ကား ပို၍ပို၍ ပြင်းထန်လာချေပြီ။ ကိုရင်လည်း မနေတတ်၍ထင့်။ အနားမှ သုတ်ခနဲ ထထွက်သွား၏။ ဘုန်းတော်ကြီးလည်း ငိုင်သွား၏။ ငိုင်ငေးကြည့်နေရင်းမှပင် တံတွေးတစ်ချက်ကို မြိုချတော်မူလိုက်ရသည်။

"အခု ဒီ... ဒီသားကလေးလည်း ဘုန်းဘုန်းပြောသလိုပဲ တပည့်တော်လို အမိုက်မကြီးပေါ့ဘုရား၊ တပည့်တော်အမိုက်မကြီးလို မပျော်နိုင်ဘဲ လူထွက်သွားရင် တပည့်တော်လို ဆင်းရဲရမှာကို ပူလို့ပါဘုရား၊ မိဘမေတ္တာပါဘုရား"

ပင်ပန်းလေစွ။ ပက်လှန်သော စကားလုံးတို့ကပင် ပြင်းလှပြီ။ ရှိုက်သံနဲ့ရောသောအခါ ဘုန်းတော်ကြီးအနေဖြင့် ခုခံရ ခက်ချေလေပြီ။
အသံကို လျှော့လျှက် လေသံပျော့ဖြင့် ဒကာမကို ပြန်ချော့ရသည်။

"အေးပါဟာ၊ ငါလည်း နင့်ကို နာစေချင်လို့ ပြောတာပါ၊ နင့်သားကို လိုချင်လို့ ပြောတာပါ၊ နင် မိုက်ခဲ့တယ်လို့ ပြောတာ မဟုတ်ပါဘူး၊ ဒါပေမယ့် ကလေးရဲ့ ပါရမီကို နင်လည်း မသိဘူး၊ ငါလည်း မသိဘူးလေ၊ ကလေးက ပါရမီသိပ်ကြီးလွန်းရင် သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းခိုရ၊ သားကောင်းတစ်ယောက် ကျောက်ကောင်းတစ်စေ့ ဆိုသလို ဖြစ်မှာပေါ့၊ ဒါကို စဉ်းစားပေးစေချင်တာပါ"

ဒကာမကား အငိုမပျက်ပင်။ ဘုန်းတော်ကြီးရဲ့ စကားကလည်း ဘယ်နားဝင် ညာနားထွက်ဟန် တူ၏။

"ရွာထဲက တပည့်တော်တို့ လူထွက်တယ်၊ ရွာထဲက ဦး.... တို့ လူထွက်တယ်၊ ဘုန်းဘုန်းလိုက်ကြည့်ပါ၊ သူတို့ ဘယ်လိုရှိသလဲလို့၊ နောက်ပြီး အသက်ကြီးမှ မဟုတ်ဘဲ ကိုရင်ကြီးဘဝနဲ့ ထွက်သွားတဲ့ ---- တို့ကိုလည်း ကြည့်ပါဦး၊ ဘွဲ့မရ စာမတတ် လူမလေးစား၊ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘူး၊ တောသွားပြီး လယ်ထွန်တာတောင် သူများလို စည်းစနစ်တကျ မဟုတ်ဘူး၊ လူမလေးစားဘူး၊ အောက်ကျနောက်ကျ နိုင်တယ်၊ တပည့်တော်သားကိုလည်း ဘုန်းဘုန်းပြောသလို ပညာတတ်ပုဂ္ဂိုလ်ကြီး ဖြစ်စေချင်ပါတယ်ဘုရား၊ တပည့်တော်လည်း သာသနာတော်ကို ကြည်ညိုပါတယ်၊ ဒါပေမယ့် မိဘဆိုတော့ သားကို ဟိုမရောက် သည်မရောက် ဖြစ်မှာကို ပူတယ်ဘုရာ့"

ခက်လှသည်။ မိန်းမသားတို့၏ မျက်ရည်ထိုးစစ်သည် အလွန်တရာ ထိရောက်ဟန် လက္ခဏာရှိပါပေသည်။

ဘုန်းတော်ကြီးကား မည်သို့မျှ မပြောဘဲ တိတ်ဆိတ်စွာ ထိုင်နေ၏။ ဒကာမလည်း ဆက်မပြောဘဲ ရှိုက်ရင်း ထိုင်နေသည်။ တိတ်ဆိတ်ခြင်းကား နေမထိ ထိုင်မသာစရာ ကောင်းလှတော့၏။

များမကြာမီ ဘုန်းတော်ကြီးက စကားပြန်စပြီး အဆုံးသတ်တော်မူသည်။

"အေး... အေး... ဘာပဲပြောပြော၊ နင့်သားက ပျော်တယ်ဆိုတာ သိပ်ထူးဆန်းတယ်၊ အဲဒါကို နင်က အတင်းကြီးဆွဲမချွတ်နဲ့၊ နည်းနည်းလောက် နောက်ကျရင် နောက်ကျပစေ၊ သည်အတိုင်းထားဦး၊ တခြားသူငယ်ချင်းတွေ ကျောင်းအပ်ကြလို့ သူထွက်ချင်ပါတယ်ဆိုမှ ထွက်ပစေ၊ နင့်သားဟာ နင်ပြောသလိုဆိုရင် ရေရှည်မနေနိုင်ဘူး၊ ထွက်ကို ထွက်မှာ၊ ငါပြောသလိုဆိုရင်လည်း ထွက်ခိုင်းလို့ ရကိုရမှာမဟုတ်ဘူး၊ သူ့သဘောအတိုင်း ထားရအောင်၊ ကြားလား၊ ဟေ့ကောင်မလေး ငါပြောတာ ကြားလား"

ဒကာမကား ရှိုက်သံဖြင့် တုန့်၏။

"တင်.. တင့်ပါ့ဘုရား"

မကြာမီ မတင်မကျဖြင့်ပင် စီးချင်းထိုးပွဲကြီး အဆုံးသတ်လေ၏။

(ထိုနေရာ၌ ကျွန်ုပ်က ပွဲကြည့်ပရိသတ် ဖြစ်ခဲ့လေ၏။ နောက်တစ်နှစ် ကျွန်ုပ်ရောက်သောအခါ....)

"ဘယ့်နှယ်တုန်းဘုရာ့၊ မနှစ်က မည်းမည်းတုန်းတုန်း ကိုရင်ကော"

"လူထွက်သွားပါပြီကွာ၊ ရွာထဲမှာ စက်ဘီးတစ်စီးနဲ့ တလွှားလွှား ဖြစ်နေပြီးပြီ"

"သြော်..."

===========================

No comments:

Post a Comment