" တရားခံဘယ်သူလဲ ? "
--------------------
၁။မိမိရဲ့ဘဝကို
အားငယ်အောင်ဘယ်သူလုပ်တာလဲ?
၂။မိမိရဲ့ဘဝကို
ပူလောင်အောင်ဘယ်သူလုပ်တာလဲ?
၃။မိမိရဲ့ဘဝကို
စိတ်ဓာတ်ကျအောင်ဘယ်သူလုပ်တာလဲ?
၎။မိမိရဲ့ဘဝကို
အောက်တန်းကျအောင်ဘယ်သူလုပ်တာလဲ?
၅။မိမိရဲ့ဘဝကို
ဂုဏ်ငယ်အောင်ဘယ်သူလုပ်တာလဲ?
၆။မိမိရဲ့ဘဝကို
ပျက်ဆီးအောင်ဘယ်သူလုပ်တာလဲ?
၇။မိမိရဲ့ဘဝကို
ကျရှုံးအောင်ဘယ်သူလုပ်တာလဲ?
၈။မိမိရဲ့ဘဝကို
မကျေနပ်အောင်ဘယ်သူလုပ်တာလဲ?
၉။မိမိရဲ့ဘဝကို
ယုံကြည်ချက်ကင်းမဲ့သွားအောင်ဘယ်သူလုပ်တာလဲ?
၁၀။မိမိရဲ့ဘဝကို
တန်ဖိုးမရှိအောင်ဘယ်သူလုပ်တာလဲ?
ဒီမေးခွန်းတွေရဲ့
အဓိကတရားခံက " မိမိကိုယ်ကိုယ်မိမိပါပဲ "
စဉ်းစားကြည့်လေ
ဗုဒ္ဓမြတ်စွာက ဇာတကပါဠိတော်မှာ ဒီလိုဟောထားပါတယ်
"အတ္တနာ ကုရုတေ လက္ခိံ၊ အလက္ခိံ ကုရုတေ ဇနာ
နဟိ လက္ခိံ အလက္ခိံ စ ၊ အညော အညဿ ကာရကော ။
အဓိပ္ပါယ်ကတော့
" မိမိကိုယ်ကိုယ်မိမိကျက်သရေရှိအောင် နာမည်ကောင်းအောင်
ကိုယ်ကိုယ်တိုင်ကပြုလုပ်ပါတယ်
မိမိကိုယ်ကိုယ်မိမိကျက်သရေမရှိအောင် နာမည်ဆိုးအောင်
ကိုယ်ကိုယ်တိုင်ကပဲပြုလုပ်ပါတယ်
တခြားဘယ်သူကမှပြုလုပ်ပေးတာမဟုတ်ပါဘူး " တဲ့
မှန်ပါတယ်
တကယ်တော့ ဦးဇင်းတို့ဟာ
သူတစ်ပါးရဲ့အပြုအမှု အပြောအဆိုတွေကို
ကိုယ်ရဲ့အာရုံကလိုက်ပြီးခံစားတယ် မျှယူတယ် လက်ခံတယ်
တကယ်ဆိုရင်
သူတစ်ပါးကပေးတဲ့
အကုသိုလ်ဖြစ်စေတဲ့ အပြုအမှု အပြောအဆိုတွေကို
ကိုယ်ရဲ့အာရုံက
လိုက်ပြီးမခံစားဘူး
မယူဘူး လက်မခံဘူးဆိုရင်
ကို်ယ်မှာပူစရာအကြောင်းအကုသိုလ်မရှိဘူးလေ
ဒါမှတကယ်ငြိမ်းချမ်းသွားတာ
ဒါပေမယ့် ဦးဇင်းတို့ပုထုဇဉ်တွေဟာ
သူတစ်ပါးရဲ့အပြုအမှု အပြောအဆို အနေအထိုင်တွေကို
လိုက်ပြီးခံစားတတ်တယ်
မျှယူတယ် လက်ခံတယ် လိုက်စားတယ်
အဲဒီသူတစ်ပါးဆီကရတဲ့အကုသိုလ်ကို
ကိုယ်ကလက်ခံထားတော့
ပူလောင်တယ် မငြိမ်းချမ်းတော့ဘူး
တစ်ခါတလေ
ကိုယ့်ကိုမုန်းနေတဲ့သူတစ်ယောက်နဲ့တွေ့တဲ့အခါ
သူကကိုယ့်ကို မလိုမုန်းတီးတဲ့အကြည့်နဲ့ကြည့်နေတယ်ဆိုပါစို့
အဲဒီအမုန်းနဲ့ကြည့်တဲ့အကြည့်ကို
ကိုယ့်အာရုံကလက်ခံလိုက်ပြီ စိတ်ဝင်စားနေပြီဆိုရင်တော့
သွားပြီ "ငါ့ကိုအဲလိုဘာလို့ကြည့်တာလဲ "စသည်
ပြဿနာကစတတ်တော့ပါပဲ
အကယ်၍
အဲဒီအမုန်းနဲ့ကြည့်တဲ့အကြည့်ကို
ကိုယ့်ဘက်က
လက်မခံဘူး စိတ်မဝင်စားဘူး အာရုံမထားဘူးဆိုရင်
အေးအေးဆေးဆေးပဲလေ
သူဘယ်လောက်ကိုယ့်ကိုယ့်မုန်းမုန်း
ကိုယ့်ကို
သူ့ရဲ့အပြုအမှုတွေကအကုသိုလ်ဖြစ်အောင်ဘယ်လောက်ပြောပြော
ကိုယ့်ဘက်က မယူဘူး လက်မခံဘူးဆိုရင်
သူဘာတတ်နိုင်မှာလဲ
သူတစ်ပါးရဲ့အပြု အမူ အပြောအဆိုတွေကို
ကိုယ်ကလိုက်ပြီးခံစားနေလို့သာ
ကိုယ်ကပူလောင်တာ မငြိမ်းချမ်းတာပါ
တစ်ချို့ဆိုရင်
ကိုယ့်နဲ့မဆိုင်တဲ့အရာကိုတောင်
ကိုယ်ကဝင်ပြီးအကုသိုလ်ယူတဲ့သူတောင်ရှိသေးတယ်မဟုတ်လား
တကယ်ဆိုရင်
သူပေးတဲ့အကုသိုလ်အပူက
ကိုယ်ယူမှဖြစ်တာပါ
မယူရင်ဘာမှမဖြစ်ဘူးလေ
အဲလိုမဟုတ်ပဲ
သူတစ်ပါးအပေါ်
စိတ်အာရုံကျက်စားမှုတွေများရင်များသလောက်
ကိုယ်အပေါ် တန်ပြန်သက်ရောက်မှုက
ပြန်ပြီးပူလောင်မှာပဲ......။
ဒါကြောင့်
ဦးဇင်းတို့ဟာ ကိုယ့်ဘဝကို
ပူလောင်အောင် အားငယ်အောင်စတဲ့
ရှေ့ကရေးခဲ့တဲ့အချက်တွေအားလုံးရဲ့
" တရားခံ "ဟာ " ကိုယ်ရဲ့စိတ်အာရုံ "ပါပဲ....။
" မိမိစိတ်က ပူလောင်မှုကို လိုက်ခံစားရင် ပူလောင်မှာပဲ "
"မိမိစိတ်က အေးချမ်းမှုကို လိုက်ခံစားရင် အေးချမ်းမှာပဲ"
ဓမ္မမိတ်ဆွေတွေအားလုံး
ငြိမ်းချမ်းသောဘဝကိုပိုင်ဆိုင်ရရှိနိုင်ကြပါစေ....
မျိုးဆက်သစ်အရှင်(ဖိုလေးလုံး)
No comments:
Post a Comment