စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Friday, May 11, 2018

သံသရာ နှင့်​ နိဗ္ဗာန်

🚩❝ သံသရာ နှင့် နိဗ္ဗာန် ❞
▬▬▬▬▬▬▬▬▬▬ 
► နိဗ္ဗာန်ဟု ••• ဆိုရာဝယ်

သံသရာ.....သံသရာဆိုသည်ကား တစ်ယောက်တစ်ယောက်သော သတ္တ၀ါဟု ခေါ်ဆိုအပ်သော ခန္ဓာ၊ အာယတန၊ ဓာတ် တို့၏ အနမတဂ္ဂသံသရာကာလမှာ ဘ၀အဆက်ဆက်၊ ကမ္ဘာအဆက်ဆက်အားဖြင့် မပြတ်မလပ် ဆက်လက်ဖြစ်ပွားနေသော အစဉ်သည် သံသရာမည်၏။

သံသရာကို ထပ်မံ ပိုင်းဖြတ်လိုက်ရင် ထိုသံသရာသည် အောက်သံသရာ အလယ်သံသရာ အထက်သံသရာ ဟူသောသုံးကြောင်းသုံးသွယ်ရှိ၏၊

ထိုတွင် အောက်သံသရာဆိုသည်ကား..
အပယ်လေးဘုံ နယ်ပယ်ကြီးသည် အောက်သံသရာမည်၏။

အလယ်သံသရာဆိုသည်ကား....လူ့ပြည်၊ နတ်ပြည်ခြောက်ထပ်သည် အလယ်သံသရာမည်၏။

အထက်သံသရာဆိုသည်ကား... ဗြဟ္မာပြည် နှစ်ဆယ်သည် အထက်သံသရာမည်၏။

သံသရာကို သိရှိလေ့လာဖိုလိုသလို သံသရာဝဋ် ၃ ပါးတို့ကိုလည်း သိရှိလေ့လာဖို့ လိုပါတယ်။ ဒီနေရာမှာ အနည်းငယ် တင်ပြပါမည်။

► သံသရာဝဋ်သုံးပါး

(၁) ကိလေသ၀ဋ်

(၂) ကမ္မ၀ဋ်

(၃) ၀ိပါက၀ဋ်

သံသရာတိုင်းတွင် သူနှင့် ဆက်နွယ်သော ၀ဋ်၃ပါးတို့သည် ရှိကြ၏။

အောက်သံသရာဝဋ် ၃ ပါး, အလယ်သံသရာဝဋ် ၃ပါး , အထက်သံသရာဝဋ် ၃ပါး

► အောက်သံသရာ၏ဆိုင်ရာ ၀ဋ် ၃-ပါး

၁။ ကိလေသ၀ဋ်ဆိုသည်ကားအတ္တဒိဋ္ဌိကြီးကို
ဆိုသည်။

၂။ ကမ္မ၀ဋ်ဆိုသည်ကား အကုသိုလ်ကံဟောင်း
ကံသစ်အနန္တကို ဆိုသည်။

၃။ ၀ိပါက၀ဋ်ဆိုသည်ကား ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသုရကာယ် ဟုဆိုအပ်သော အပါယ်လေးဘုံသားတို့၏ ခန္ဓာကိုယ်တွေကို ဆိုလိုသည်။

အဘယ်ကြောင့် အတ္တဒိဋ္ဌိကို
အပါယ်သံသရာ၏ဆိုင်ရာ ကိလေသဝဋ်ဟူ၍
ဆိုသနည်းဟူမူကားထိုအတ္တဒိဋ္ဌိ ရှိနေသော
သူသည် လူ့ဘုံ လူ့ဘ၀မှာ ဖြစ်နေသော်လည်း အပါယ်ဘုံသို့ တလဲလဲသာ ကျရောက်ရ၏၊ ထိုအတူ နတ်ဘုံ၊ နတ်ဘ၀၊ ဗြဟ္မာဘုံ ဗြဟ္မာဘ၀မှာဖြစ်နေသော်လည်း အပါယ်ဘုံသို့တလဲလဲသာ ကျရောက်ရ၏၊ ထို့ကြောင့် အတ္တဒိဋ္ဌိကို အပါယ်သံသရာ၏
ဆိုင်ရာ ကိလေသ၀ဋ် ဆိုသတည်း။

အဘယ်ကြောင့် အကုသိုလ် ကံဟောင်း ကံသစ်အနန္တကိုအပါယ်သံသရာ၏ဆိုင်ရာ ကမ္မ၀ဋ်ဟူ၍ဆိုသနည်းဟူမူကား-
တစ်ယောက်သောသတ္တ၀ါ၏ သန္တာန်မှာ ရှေးရှေးသော ဘ၀အနန္တတို့၌လည်းကောင်းç ယခုဘ၀၌လည်းကောင်း အမိုက် အမှားဖြစ်ပွါး
ခဲ့၍ အတ္တဒိဋ္ဌိ၏ သိမ်းပိုက်ချက်ဖြင့် အတ္တဒိဋ္ဌိ၏ လက်ဆုပ် ထဲတွင်ယနေ့ထက်တိုင်ပါရှိ၍
နေကြကုန်သော အပါယ်လားကြောင်း အကုသိုလ်ကံဟောင်း အနန္တတို့သည်လည်း ရှိကုန်၏၊

နောင် အတ္တဒိဋ္ဌိ ရှိနေသမျှကာလပတ်လုံး ထိုအတ္တဒိဋ္ဌိမှ ဖြစ်ပွါးလတ္တံ့ကုန်သော အပါယ်လားကြောင်း အကုသိုလ်ကံသစ်ပေါင်း အနန္တသည် ကမ္မ၀ဋ်ဆိုသတည်း။

► အလယ်သံသရာ၏ဆိုင်ရာဝဋ် ၃-ပါး

၁။ ကိလေသ၀ဋ်ဆိုသည်ကား ကာမတဏှာကြီး
ကိုဆိုသည်။

၂။ ကမ္မ၀ဋ်ဆိုသည်ကား လူ့ချမ်းသာ နတ်ချမ်း
သာကတောင့်တ၍ ပြုအပ်သော ဒါနမှု သီလမှု
ဘာဝနာမှုတို့ကို ဆိုသည်။

၃။ ၀ိပါက၀ဋ်ဆိုသည်ကား  လူ့ဘုံသား နတ်ပြည်ခြောက်ထပ် နတ်ဘုံသားတို့၏ ခန္ဓာတို့ကိုဆိုသည်။

အဘယ်ကြောင့် ကာမတဏှာကြီးကို ကိလေသ၀ဋ်ဟူ၍ဆိုသနည်းဟူမူကား-
ထိုကာမတဏှာနုသယကြီးရှိနေသောသူသည် အထက်ဘ၀ဂ်ဘုံမှာဖြစ်နေသော်လည်း အောက်လူ့ဘုံနတ်ဘုံသို့ တလဲလဲ ကျရောက်
ရ၏၊

ထို့ကြောင့် ကာမတဏှာနုသယကြီးကို အလယ
သံသရာ၏ဆိုင်ရာ ကိလေသ၀ဋ် ဆိုသတည်း။
ကာမတဏှာကြီး ဆိုသည်ကား-
မျက်စိအရသာ အကောင်းကြိုက်။နားအရသာ
အကောင်းကြိုက်။ နှာခေါင်းအရသာအကောင်း
ကြိုက်။ လျှာအရသာ အကောင်းကြိုက်။
ကိုယ်အင်္ဂါ အရသာ အကောင်းကြိုက်။
ဤအကောင်းကြိုက်မှုကြီးငါးပါးကို ကာမတဏှာ-ဟုဆိုသည်။ကာမဂုဏ်ငါးပါးတို့၌ သာယာသော မက်မောမှုကြီးငါးပါးတို့ပေတည်း။

❝ အထက်သံသရာ၏ ဆိုင်ရာဝဋ် ၃-ပါး ❞

၁။ ကိလေသ၀ဋ်ဆိုသည်ကား- ဘ၀တဏှာကြီးကိုဆိုသည်။

၂။ကမ္မ၀ဋ်ဆိုသည်ကား- မဟဂ္ဂုတ်ကုသိုလ် ကိုးပါးကို ဆိုသည်။

၃။ ၀ိပါက၀ဋ်ဆိုသည်ကား- ရူပဗြဟ္မာ အရူပဗြဟ္မာတို့၏ခန္ဓာကိုယ်ကိုဆိုသည်။

❝ ဘ၀တဏှာဆိုသည်ကား ❞

ဗြဟ္မာတို့၏သန္တာန်၌ရှိသော ဈာန်အဘိညာဏ် သမာပတ်ဟုဆိုအပ်သော ကမ္မဘ၀၌ သာယာသောတဏှာတစ်ပါး၊ ထိုကမ္မဘ၀၏အကျိုး တန်ခိုးဣဒ္ဓိပါဒ်တို့၌ သာယာသောတဏှာတစ်ပါး၊ ဤတဏှာနှစ်ပါးကို အထက်သံသရာ၏ ဆိုင်ရာတဏှာတစ်ပါး၊ ဤတဏှာနှစ်ပါးကို အထက်သံသရာ၏ ဆိုင်ရာ ကိလေသ၀ဋ်ဆို၏။

ကမ္မ၀ဋ်ဆိုသည်ကား ပထမဈာန်ကုသိုလ် ဒုတိယဈာန်ကုသိုလ်အစရှိသော ရူပကုသိုလ်ငါးပါး၊ အရူပကုသိုလ်လေးပါး၊ ဤဟဂ္ဂုတ်ကုသိုလ်ကိုးပါးကို ကမ္မ၀ဋ်ဆို၏။

ထိုမှတဖန် သံသရာဝဋ်ဒုက္ခဆိုသည်ကိုလည်း လေ့လာ၊ နားလည်ထားဖို့ လိုပြန်ပါသေးတယ်။

► သံသရာဝဋ်ဒုက္ခဆိုသည်ကား-

၁။ ဇာတိဒုက္ခ။
၂။ ဇရာဒုက္ခ။
၃။ မရဏဒုက္ခ။
၎။ သောကဒုက္ခ။
၅။ ပရိဒေ၀ဒုက္ခ။
၆။ ဒုက္ခ-ဒုက္ခ။
၇။ ဒေါမနဿ    ဒုက္ခ။
၈။ ဥပါယာသဒုက္ခ။
၉။ အပိယသမ္ပယောဂဒုက္ခ။
၁၀။ ပိယ၀ိပ္ပယောဂဒုက္ခ။
၁၁။ ဣစ္ဆာဝိဃာတဒုက္ခ။
ထိုဒုက္ခ၏ အကျယ်ကိုမူကား ။ ။ ဒုက္ခသစ္စာ မူလနိဒ္ဒေသတို့၌ကြည့်လေ။

ထိုသံသရာဝဋ်ဒုက္ခသည်လည်းအောက်သံသရာ
၏ဆိုင်ရာ သံသာရ၀ဋ်ဒုက္ခတစ်မျိုး။ အလယ်
သံသရာ၏ဆိုင်ရာ သံသာရ၀ဋ်ဒုက္ခတစ်မျိုး။

အထက်သံသရာ၏ဆိုင်ရာ သံသာရ၀ဋ်ဒုက္ခတစ်မျိုးဟူ၍ထိုက်သည်အား
လျော်စွာ သုံးမျိုးစီရှိကြ၏။ ဒီနေရာမှာ စာဖတ်သူများ အမြင်ရှုပ်မည်စိုးရိမ်သောကြောင့် ဇယားလေးတစ်ခုဆွဲပေးပါမယ်။

ဒါဆိုရင်တော့ အနည်းငယ် ပိုမိုရှင်းလင်းသွားမည်ဟု ယုံကြည်မိပါသောကြောင့် စာမျက်နှာထက်တွင် ပုံအား သီးခြားတင်ပေးပါမည်။

► ဗုဒ္ဓဘာသာမှာ

➊• ပထမ နိဗ္ဗာန်
➋• ဒုတိယ နိဗ္ဗာန်
➌• တတိယ နိဗ္ဗာန် ဟူ၍ ၃မျိုးရှိပါတယ်။

ပထမနိဗ္ဗာန် ဆိုသည်ကား အပါယ်သံသရာ၏ ဆိုင်ရာဝဋ်ဒုက္ခတို့၏ နောင်ဖြစ်ပေါ်ရန် အကြွင်းအကျန်မရှိ ချုပ်ငြိမ်း ခြင်းကို ပထမနိဗ္ဗာန်ဆို၏။

ဒုတိယနိဗ္ဗာန်ဆိုသည်ကား လူ့ဘ၀၊ နတ်ဘ၀ အဆက်ဆက်ဟု ဆိုအပ်သော အလယ်သံသရာ ၏ ဆိုင်ရာ ၀ဋ်ဒုက္ခတို့၏ နောင်ဖြစ်ပေါ်ရန် အကြွင်းအကျန် မရှိ ချုပ်ငြိမ်းခြင်းကို ဒုတိယနိဗ္ဗာန်ဆို၏။ တတိယနိဗ္ဗာန်ဆိုသည်ကား ရူပ၊ အရူပ ဗြဟ္မာဘ၀အဆက်ဆက်ဟု ဆိုအပ်သော အထက်သံသရာ၏ ဆိုင်ရာ ၀ဋ်ဒုက္ခတို့၏ နောင်ဖြစ်ပေါ်ရန် အကြွင်းအကျန် မရှိ ချုပ်ငြိမ်းခြင်းကို တတိယနိဗ္ဗာန်ဆို၏။

❝ ပထမနိဗ္ဗာန် ❞

အတ္တဒိဋ္ဌိနှင့်တကွသော တဏှာကို အကြွင်းမဲ့ ပယ်သတ်အပ်သည်ရှိသော် အလုံးစုံသော
ဒုစ္စရိုက်နှင့်တကွ အပါယ်ဘ၀တွေကို
ပယ်သတ်ခြင်းကိစ္စ ပြီးစီးလေ၏၊ ထိုဒိဋ္ဌိသမ္ပယုတ်တဏှာကို ပယ်သတ်
သည်ကအစပြု၍ ထိုပုဂ္ဂိုလ်သည် ဒုစ္စရိုတ်ဘေး၊ အပါယ်ဘေးတို့မှကျွတ်လွတ်လေ၏၊

ဤဘေးကြီးနှစ်ပါးမှ ကျွတ်လွတ်
ငြိမ်းအေးမှု ကြီးကိုပင် ဗုဒ္ဓဘာသာသာသနာတော်၌
သဥပါဒိသေသ အသင်္ခတ ပထမ
မဟာနိဗ္ဗာန်ကြီးဟူ၍ ဆိုအပ်ပေသည်၊ ဤပထမနိဗ္ဗာန်ကြီးသည်
ပထမအရိယာ သောတာပန်ပုဂ္ဂိုလ်၊
ဒုတိယအရိယာ သကဒါဂါမ် ပုဂ္ဂိုလ်
ခံစားအပ်သော နိဗ္ဗာန်ကြီးပေတည်း။
မိမိခန္ဓာ၌ အနတ္တဥာဏ်အမြင် ပေါက်ရောက်၍ အတ္တဒိဋ္ဌိအကြွင်းအကျန်မရှိ
ချုပ်ငြိမ်းပြီးသောသူသည် ခပ်သိမ်းသောဒိဋ္ဌိ
အမှောက်အမှားတို့မှလည်း ကျွတ်လွတ်ကြလေ၏၊

ခပ်သိမ်းသောအပါယ်လားကြောင်း
မကောင်းမှုကံဟောင်း၊ မကောင်းမှု ကံသစ်
တို့မှလည်း ကျွတ်လွတ်ကြလေ၏၊ နောင်အပါယ်သံသရာ၌ ဖြစ်လတ္တံ
သော အပါယ်ခန္ဓာ၊ အပါယ်ဘ၀အနန္တတို့
မှလည်း အတ္တဒိဋ္ဌိ ကျွတ်လွတ်သည်နှင့် တစ်ပြိုင်နက်
အကြွင်းအကျန်မရှိ ကျွတ်လွတ် ကြလေ၏၊

ထိုသူများ၏ ခန္ဓာအစဉ်မှာ
အပါယ်ဘုံ အပါယ်ဘ၀၊ အောက်ဘုံ
အောက်ဘ၀သို့ လျောကျမြဲဓမ္မတာ လမ်းကြီးသည်လည်း ပျောက်ကွယ်လေ၏၊ မိမိအလိုရှိရာ သုဂတိဘုံဘဝ
မြင့်သည် ထက်မြင့်ရာ ဘ၀အဆက်ဆက်သို့
ဆန်တက်ခြင်းဟူသော ဓမ္မတာ လမ်းသစ်ကြီးတစ်ခုသည်သာ တည်ရှိလေ၏။

လူ့ဘုံလူ့ဘ၀တွင်လည်း သီလသိက္ခာ အလိမ္မာယုတ်ညံ့သော လူ့ဘ၀ စည်းစိမ်
ချမ်းသာ ကိုယ်အင်္ဂါယုတ်ညံ့သော လူ့ဘ၀တို့မှလည်း ကျွတ်လွတ်လေ၏၊
သီလသိက္ခာ အလိမ္မာကြီးမြတ်သော လူ့ဘ၀၊
စည်းစိမ်ချမ်းသာ ကိုယ်အင်္ဂါ မြင့်မြတ်သော လူ့ဘ၀၌သာ ဖြစ်ရလေ၏၊

နတ်ဘုံနတ်ဘ၀တို့၌လည်း ထိုအတူပင်တည်း။
ထိုပထမနိဗ္ဗာန်၌တည်သော သူသည် ပုထုဇ္ဇန်အဖြစ်မှ ကျွတ်လွတ်၍ အရိယာ အဖြစ်၌တည်လေ၏၊ လောကီဘုံသားအဖြစ်မှ
ကျွတ်လွတ်၍ လောကုတ္တရာဘုံသားအဖြစ်၌ တည်လေ၏၊

ပထမနိဗ္ဗာန်ဘုံသားအဖြစ်၌ တည်လေ၏၊
ထိုသူသည် လူ့ဘုံ နတ်ဘုံ၊ဗြဟ္မာဘုံတို့၌
ဘ၀များစွာ၊ ကမ္ဘာများစွာသံသရာ၌ ကျင်လည်ရ ငြားသော်လည်း သံသရာအလျဉ်၌
မြုပ်သောသွားခြင်း၊ မျောသော သွားခြင်းဟူ၍
မရှိလေပြီ၊ အတ္တဒိဋ္ဌိရှိနေကြသောသူတို့၏
သံသရာ၌ ကျင်လည်ခြင်းသည်
မြစ်ရေအယဉ်၌ ကျရောက် ခြောက်သွေ့သော သစ်တုံးကဲ့သို့ မြုပ်သော ကျင်လည်ခြင်း၊ မျောသော ကျင်လည်ခြင်း ဖြစ်လေ၏၊

အတ္တဒိဋ္ဌိအကြွင်းအကျန်မရှိ၊ ကျွတ်လွတ်ကြကုန်သော သူတို့၏ ကျင်လည်ခြင်းမှာမူကား၊ မြုပ်သော ကျင်လည်ခြင်း၊ မျောသောကျင်လည်ခြင်းလည်း
မဟုတ်၊မြစ်ရိုးမြစ်စဉ် တစ်လျှောက်၌ သင်္ဘောကြီးငယ်တို့သည် အလိုရှိရာ
မြစ်စဉ်တစ်လျှောက်သွားလာ၍နေကြဘိသကဲ့သို့ မိမိတို့အလိုရှိရာသုဂတိ ဘုံဘ၀တစ်လျှောက်သို့ သွားလာ၍ သာနေကြကုန်၏၊

ဖြစ်လေရာဘုံဘ၀၌လည်း လောကီချမ်းသာ လောကုတ္တရာ ချမ်းသာနှစ်ပါးကို
အစုံခံစားရလေ၏၊ လူဖြစ်သော ဘ၀၌ လူချမ်းသာ၊ နိဗ္ဗာန်ချမ်းသာဟုဆိုအပ်သော ချမ်းသာနှစ်ပါးကို စွယ်စုံခံစားရလေ၏၊ ထိုတွင်လူ့ချမ်းသာကိုခံစားမှုကား၊ ထင်ရှား သိသာပြီ၊ နိဗ္ဗာန်ချမ်းသာကို အဘယ့်သို့ ခံစားသနည်းဟူမူကား။

နိဗ္ဗာန်ချမ်းသာ ခံစားပုံ
ဒုစ္စရိုတ်မှုကို ပြုကျင့်၍နေသော သူများကို မြင်ရကြားရသည်ရှိသော် ဤသူများသည်
ဒုစ္စရိုက်အမှုကို ပြုကြပေ၏၊ အပါယ်သို့
ကျရှာကြရလိမ့်မည်၊ ငါ့မှာဤကဲ့သို့သော ဒုစ္စရိုက်မှ ဘ၀အဆက်ဆက်လွတ်ငြိမ်းပေပြီဟု ၀မ်းမြောက်ခြင်းကြီးစွာ ဖြစ်ရလေ၏၊ ခွေး ၀က်
ကြက်ငှက် အစရှိသော အပါယ်ဘုံသားသတ္တ၀ါ
များကို တွေ့မြင်ရာ၌ ဤသတ္တ၀ါများသည်
ဆင်းရဲတွင်းကြီး နက်နဲလေစွ၊ ငါ့မှာ-ဤကဲ့သို့ သောအပါယ်ဆင်းရဲဒုက္ခမှ လွတ်ငြိမ်းပေပြီ-ဟု ၀မ်းမြောက်ခြင်းကြီးစွာ ဖြစ်ရလေ၏။
ဤကား နိဗ္ဗာန်ချမ်းသာကို ခံစားရပုံတည်း။

ဤ၌ လောကီချမ်းသာမှာ မျက်မြင်ဒိဋ္ဌဖြစ်ကြ၍ အလွန်ကြီး ကျယ်ကောင်းမြတ်သည်ဟု
ထင်ကြတတ်၏၊ နိဗ္ဗာန်ချမ်းသာမှာ လွတ်ငြိမ်းမှုဖြစ်၍အထည်ဝတ္ထုကိုမမြင်ရသော
ကြောင့် ကြီးမြတ် သည်ဟု မထင်တတ်ကြ၊
ထိုသို့ကား မဟုတ်၊ လောကီချမ်းသာတို့ထက် လွတ်ငြိမ်းမှုဟူသောနိဗ္ဗာန်ချမ်းသာသည် ကြီးကျယ်မြင့်မြတ်၏၊

လေးကျွန်းလုံးကို အစိုးရသော
စကြာမန္ဓာတ်မင်းတို့၏ စည်းစိမ် ချမ်းသာထက် ငရဲဘ၀မှအစဉ်ထာဝရ
လွတ်ငြိမ်းမှုသည် အဆ သိန်းသန်းကုဋေ မရေတွက်နိုင်အောင်ကြီးမြတ်၏၊
ထို့အတူ နတ်မင်းကြီး သိကြားမင်းကြီး ဗြဟ္မာမင်းကြီးတို့၏ လောကီစည်းစိမ်ချမ်းသာ
ထက် အဆသိန်းသန်းကုဋေမရေတွက်
နိုင်အောင်ကြီးမြတ်၏၊

မြတ်စွာဘုရား သာသနာတော်ကြီးကို တွေ့ကြုံလိုသည်ဟုလွန်မင်းစွာ တောင့်တကြရာ၌ လောကီချမ်းသာအတွက်နှင့်
တောင့်တကြရသည်မဟုတ်၊ ဤလွတ်ငြိမ်း မှုဟူသော နိဗ္ဗာန်ချမ်းသာ အတွက်နှင့်သာ တောင့်တကြရကုန်၏။
ဤကား-ပထမနိဗ္ဗာန်ဘုံသူ၊ ပထမနိဗ္ဗာန်ဘုံသားတို့၏
ပထမ နိဗ္ဗာန်ချမ်းသာကို ခံစားရပုံတည်း။
ပထမနိဗ္ဗာန်ပြီး၏။

【လယ်တီဆရာတော်ဘုရားကြီး
`` ပထမ မဟာနိဗ္ဗာန်မှကောက်နှုတ်ချက်´´】

❝ အပ္ပမာဒေန သမ္မာဒေထ ❞
☘ရွှင်လန်း☘ချမ်းမြေ့☘ပါစေ☘

No comments:

Post a Comment