စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Wednesday, December 23, 2020

ခန္ဓာကိုယ်ကို restart ချခြင်း

ခန္ဓာကိုယ်ကိုRestartချခြင်း

ဖတ်ကြည့်ပါ စာရှည်ပေမဲ့ သင်တန်ဖိုးရှိတဲ့ အသိတခုရပါလိမ့်မယ် တကယ်ပါ.

လူအများကိုင်နေကြတဲ့ဖုန်းတွေ လေးလာတယ် error တွေတက်လာတယ်. Appalication တခုခုကို ဝင်ရင် အကြာကြီး အဝိုင်းလည်နေမယ် Momery တွေပြည့်နေမယ် စတာတွေဖြစ်လာပြီဆိုရင် လူတိုင်း ဖုန်းကို Restart ချတတ်ကြပါတယ်

ဖုန်း Restart ချပြီး ပြန်ဖွင့်လိုက်တဲ့အခါ Software တွေ Appalication တွေဖွင့်ရတာ ပေါ့သွားမယ် Facebook တွေဘာတွေထဲ ဝင်လိုက်ရင် အရမ်းသွက်လာတတ်ပါတယ်

ဒါဟာ ဘာလို့လဲဆိုတော့ ဖုန်းထဲမှာရ်ှနေတဲ့ မလိုအပ်ပဲ run နေတဲ့ မမြင်ရတဲ့ function တွေ stress တွေဟာ ပျောက်သွား လျော့သွားလို့ပါပဲ

ဒီလိုပါပဲ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ကြီးဟာလဲ ဖုန်းတလုံးနဲ့ အလားသဏ္ဍန်တူပါတယ်

မွေးကထဲကနေ လက်ရှိအသက်အရွယ်အထိ မနားကြရပါဘူး စာတွေကျက်ကြရတယ် အလုပ်တွေလုပ်ကြရတယ် ပိုက်ဆံတွေရှာရ ဖွေရ စုရ ဆောင်းရပါတယ် ချစ်သူထားရ အိမ်ထောင်ပြုရ သားသမီးမွေးရ နဲ့ 

ကျင်လည်ရတဲ့ဘဝတလျောက်မှာ လိုသူတွေလဲတွေ့သလို မလိုသူတွေလဲတွေ့ခဲ့ရ အတိုက်အခိုက်တွေ မနာလိုမှုတွေ ပြိုင်ဆိုင်မှုတွေ နိမ့်ကျမှုတွေ စတဲ့ မလိုအပ်ပဲ လည်ပါတ်နေရတဲ့ function တွေ stress တွေဟာ အများကြီးပါ

အဲခါကျရင် ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ ဖုန်းတလုံးလိုပဲ လေးပြီး ဟန်းလာပါတော့တယ်
-ရောဂါတွေဖြစ်လာမယ်
-ဒေါသတွေဖြစ်လာမယ်
-ရုပ်တွေကျလာမယ်
-အိပ်မပျော်တာတွေဖြစ်လာမယ်
-အသက်တွေ တိုလာပါတော့တယ်

အဲခါကျရင် ကျွန်တော်တို့ရဲ့ ခန္ဓာကြီးကို ဖုန်းတလုံးလို Restart ချပေးဖို့ လိုလာပါပြီ

အဲတော့ ခန္ဓာကိုယ်ကို ဘယ်လို restart ချမလဲ ဆိုတော့
လွယ်ပါတယ် ကျွန်တော်ပြောပြ ပါမယ်

-မနက်စောစောထပါ (အရမ်းအစောကြီး မလိုပါဘူး ဒီလို အေးတဲ့ရာသီဆို 5:30 နောက်ကျဆုံး ၆ နာရီလောက်ထရင် ရပါပြီ ဒီထက်ပို စောထနိုင်ရင်တော့ အကောင်းဆုံးပေါ့)

နေ့တိုင်းမလိုပါဘူး တရက်လောက် restart ချပေးရင် ခန္ဓာကိုယ်က သိသာပါတယ်

စောစောထပြီး ရေဖန်ခွက် တခွက် အဝသောက်ပါ မျက်နာသစ်
အပေါ့အပါးသွားပြီး မနက်ခင်း ရောင်ခြည်ဦးကို ခံပါ လေကို ရူရိုက်ပါ ၁၅ မိနစ်လောက်

နံနက်ခင်း ထွက်လာတဲ့ ရောင်နီဦးဟာ အရမ်းလှပလို့ စိတ်အမောကို တကယ်ပြေစေပါတယ်

လူတွေအားလုံး မနိုးကြသေးတဲ့အတွက် လောကဓာတ်တခုလုံး တိတ်ဆိတ်ပြီး သင့်စိတ်အညစ်ကြေး တွေ ပျောက်သွားပါလိမ့်မယ်

ပြီးရင် ဘုရားစင်ရှေ့သွားပါ

ဘုရားမျက်နာတော်ကိုသေချာ ကြည့်အားရုံပြုပြီး မိမိနှစ်သက်ရာ ဂါထာတခုခုနဲ့ ဘုရားရှိခိုးပါ

ပြီးရင် အနဲဆုံး ၁၀ မိနစ်လောက် ငြိမ်ငြိမ်သက်သက် တရားထိုင်ပါ

တရားမထိုင်ဖူးလို့ ဘယ်လိုထိုင်ရမလဲ မသိရင် လွယ်လွယ်လေးပါ စိတ်ကို ပျံ့မသွားအောင် တနေရာမှာ စုစည်းလိုက်တာဟာ တရားထိုင်တာပါပဲ

တင်ပလင်ခွေထိုင် ခါးကိုစန့်ထား ပါစပ်ကိုပိတ်ပြီး နှခေါင်းနဲ့ အသက်အဝရူပါ နှခေါင်းထိပ်ကို လေတိုးဝင်သွားတာကို မျက်လုံးမှိတ်ပြီး မြင်အောင်ကြည့်ပါ ၅ စက္ကန့်လောက်အောင့်ထား ပြီးရင် နှခေါင်းကနေပဲ လေကို ပြန်ထုတ်ပါ ထွက်သွားတဲ့လေ နှာခေါင်းထိပ်တိုးသွားတာ သိလာပါလိမ့်မယ် မြင်အောင်ကြည့်ပါ

ဒါလေးပါပဲ လွယ်လွယ်လေးပါ

၁၀ မိနစ်ဆိုတဲ့ တိုတိုလေး အတွင်းမှာ ကိုယ့်စိတ်ကလေးဟာ အေးချမ်း အပြစ်ကင်းပြီးကိုယ့်နှာသီးထိပ်မှာ ပဲ ရှိနေပါလိမ့်မယ်

စစချင်းရက်မှာ စိတ်ကနာသီးထိပ်မှာ မနေပဲ နေရာအနှံ့လျောက်သွားနေပါလိမ့်မယ် ရအောင် ပြန်ခေါ် ပြန်ထားပါ

၃ ရက်လောက်ဆိုရင် သင့်စိတ်ကို ထိမ်းချုပ်နိုင်ပါပြီ

တရားထိုင်ပြီးတဲ့ အချိန်မှာ သင့်ခန္ဓာကိုယ်ဟာ ပေါ့ပါး နေတာ လန်းဆန်းနေတာ သင်ချက်ခြင်း ခံစားရပါတယ်

ပြီးရင် ၃၁ ဘုံကြင်လည်ကုန်သော လူနတ်ဗြန္မာ သတ္တဝါ အားလုံး ကျန်းမာချမ်းသာ ကြပါစေလို့ စိတ်နှစ်ပြီး မေတ္တာပို့ပါ

အဲတာဆို သင် restart ချပြီးပါပြီ
Stress နဲတဲ့သူဆိုရင် restart တခါချရင် ၃ ရက်လောက်ထိခံပါတယ်
Stress များတဲ့ လူကတော့ တပါတ်လောက် ဆက်တိုက် restart ချကြည့်ပါ အရမ်းကို သိသာလာပါလိမ့်မယ်

-အခုလို အသက်ရူလမ်းကြောင်းရောဂါတွေ ကာကွယ်ပါလိမ့်မယ်
-အဆုတ်အားကောင်းလာမယ်
-ညဘက် အရမ်းအိပ်လို့ကောင်းပါလိမ့်မယ်
-အရွယ်တင်လာပါလိမ့်မယ်
-ဆီချို သွေးတိုး နှလုံး မီးယပ်ရောဂါတွေ ပျောက်မယ်
-လောဘ ဒေါသ မောဟတွေ နဲလာမယ်
-မှတ်ညာဏ်တွေပြန်ကောင်းလာမယ်
-အာရုံစူးစိုက်နိုင်စွမ်းတွေတက်လာမယ်

ကျွန်တော့်ရဲ့ ကိုယ်တွေ့နည်းလေးပါ ယုံကြည်သူများ လိုက်ပါလုပ်ဆောင်၍ ခံစားနိုင်ကြပါစေ

သင်ဆရာ မြင်ဆရာများကို ဂါရဝပြုလျက်

#ချစ်တဲ့kkh💞(ပုဂံမြေ)
Credit Ko Ko Hlaing

ကုသိုလ်ရအောင်စားကြမယ်

#ကုသိုလ်ရအောင်_စားကြမယ်

စားခြင်း (၄) မျိုး
~~~~~~~~~~~~~
၁။ ဒါနနှင့်စားခြင်း
၂။ သီလနှင့်စားခြင်း
၃။ သမထနှင့်စားခြင်း
၄။ ဝိပဿနာနှင့်စားခြင်း
နောက်ဘဝတွေအတွက် ပါရမီအထုံတွေ ပါသွားနိုင်ဖို့ နေ့စဉ်စားသောက်တိုင်း ကုသိုလ်ရအောင် စားကြရမှာပါ။

၁။ ဒါနနှင့်စားပါ။
~~~~~~~~~~~~~~~
မိမိစားမည့်ထမင်းကို မစားခင် အရင်ဆုံး မြတ်စွာဘုရားအား ဆက်ကပ်လိုက်ပါ။
“အရှင်ဘုရား ဤဆွမ်းဘောဇဉ် အချိုပွဲများကို ကပ်လှူပူဇော်ပါ၏။ ဘုရားတပည့်တော်ကို သနားချီးမြှောက်သောအားဖြင့် ဘုန်းပေး သုံးဆောင်တော်မူပါဘုရား”လို့ ဆိုပြီး မြတ်စွာဘုရားကို ဦးစွာ ကပ်လိုက်ပါ။ စိတ်ထဲကလည်း မြတ်စွာဘုရား တကယ် ကြွလာပြီး ဘုန်းပေးနေတယ်လို့ အာရုံပြုထားပါ။ 
ဘုန်းပေးနေတုန်းမှာ နမောတဿ၊ သရဏဂုံ၊ ဒိဝါတပတိ၊ အဋ္ဌာနမေတံ၊ ဟေတုပစ္စယော၊ ဘုရားဂုဏ်တော်၊ မေတ္တာသုတ် (၇)မျိုးရအောင် ရွတ်ဆိုနေလိုက်ပါ။ 
ပြီးမှ “မြတ်စွာဘုရား ဘုန်းပေးပြီးပြီဖြစ်တဲ့အတွက် ဘုရားတပည့်တော်ကို ဆေးအဖြစ် ပြန်စွန့်တော်မူပါဘုရား”လို့ဆိုပြီး စွန့်ပြီး စားလိုက်ပါ။ ဒါဆို ကိုယ့်အတွက် ဆွမ်းဒါန ဖြစ်သွားပါတယ်။ ဒီနေရာမှာ (၇)မျိုး မရွတ်နိုင်ရင်လည်း ကိုယ်နိုင်သလောက် ရွတ်နေလိုက်လို့ လည်းရပါတယ်။ တစ်ခု သတိထားရမှာက မွန်းတည့်ဆယ့်နှစ်နာရီနောက်ပိုင်းမှာတော့ ဘုရားကိုကပ်လို့ မရတော့ပါဘူး။ ကပ်ချင်ရင် ဆယ့်နှစ်နာရီ ရှေ့ပိုင်းပဲ ကပ်ရမှာပါ။

၂။ သီလနှင့်စားခြင်း
~~~~~~~~~~~~~~~
ထမင်းစားခါနီးမှာ “ဒီစားဖွယ် ဘောဇဉ်တွေကို မြူးထူး ပျော်ပါးဖို့၊ အသားအရေလှပတင့်တယ်ဖို့ စားတာမဟုတ်ပါ။ ကိုယ်ကာယ အရှည်တည်တံ့ဖို့၊ မဂ်ဖိုလ်အကျင့်ကို ကျင့်နိုင်ဖို့၊ ဝိပဿနာတရားကို ကျင့်နိုင်ဖို့စားတာ” လို့ ဆင်ခြင်လိုက်ရင် ပစ္စယသန္နိဿိတသီလ ဖြစ်သွားပါတယ်။ ဒါဆို သီလနဲ့ စားလိုက်တာပါ။ သီလကုသိုလ်တွေ ရသွားတာပါ။ ရိပ်သာတွေမှာ ဆွမ်းစားခါနီး“ဤသည့်စားဖွယ် အမယ်မယ်ကို ….”စသဖြင့် ရွတ်ဆိုပြီးစားကြတာမျိုးပေါ့။ 
လိုရင်းကတော့ ဆင်ခြင်ပြီးစားရင် သီလနဲ့စားတာပါ။ ဆင်ခြင်လိုက်တာလည်း ဘာမှမခက်ပါဘူး။ မိနစ်ပိုင်းလေးပဲ ရှိပါတယ်။


၃။ သမထနှင့်စားခြင်း
~~~~~~~~~~~~~~~~

ရိပ်သာတွေမှာ ဆွမ်းစားခါနီး ဆွမ်းအလှူရှင်တွေ၊ ဝေယျာ၀စ္စကုသိုလ်ရှင်တွေကို မေတ္တာပို့ပြီးမှ စားကြပါတယ်။ 
မေတ္တာပွား တာဟာ သမထထဲမှာပါတဲ့အတွက် သမထနဲ့စားလိုက်တာပါ။ အိမ်မှာကျတော့ ထမင်းဝိုင်းကိုကြည့်ပြီး “ဒီထမင်း ဟင်းတွေ ရှာပေးတဲ့အဖေ ကိုယ်ဆင်းရဲကင်းပါစေ။ စိတ်ဆင်းရဲကင်းပါစေ။ အစစအဆင်ပြေပါစေ။ ဒီထမင်းတွေချက်ပေးတဲ့ အမေ ကိုယ်ဆင်းရဲကင်းပါစေ။ စိတ်ဆင်းရဲကင်းပါစေ။ အစစအဆင်ပြေပါစေ။”လို့ မေတ္တာပို့ပြီး စားလိုက်ရင် မေတ္တာကုသိုလ်တွေ ဖြစ်သွားတာပါပဲ။ မေတ္တာပွားစားတာဟာ သမထနဲ့စားလိုက်တာပါ။ 
ဒီထမင်းဟင်းဖြစ်ဖို့ ကိုယ့်ကို ကျေးဇူးပြုသူများအားလုံးကို ရည်မှန်းပြီး မေတ္တာပို့ပြီးမှ စားလည်း သမထနဲ့စားလိုက်တာပါပဲ။

၄။ ဝိပဿနာနှင့်စားခြင်း
~~~~~~~~~~~~~~~~~~

ဒီစားနည်းကတော့ မြတ်စွာဘုရား သဘောအကျဆုံးစားနည်းပါပဲ။ ထမင်းစားပွဲထိုင်လိုက်တာနဲ့ ဟင်းခွက်ကို ကြည့်တော့ “ကြည့်တယ်”။ မြင်တော့ “မြင်တယ်”။ ခပ်တော့“ခပ်တယ်”။ ယူတော့“ယူတယ်”။ ပါးစပ်ဟတော့ “ဟတယ်”။ ခွံ့တော့ “ခွံ့တယ်”။ ဝါးတော့“ဝါးတယ်”။ မျိုတော့“မျိုတယ်”။ စသည်ဖြင့် လိုက်မှတ်တာပါ။ အဲဒီလို အမှတ်နဲ့စားတာဟာ ဝိပဿနာနဲ့စားတာပါပဲ။

ဒီနည်းလေးတွေကတော့ ဆရာတော် ရဝေနွယ်(အင်းမ)ရေးသားသောစာသားထဲမှ ဖတ်မိသမျှ ပြန်လည်ကူးယူဝေမျှပါသည်။

ဒါဆိုရင်တော့ စားတဲ့အချိန်တိုင်း ကုသိုလ်လေးမျိုး ယူတတ်သွားပါပြီ။ 
စာဖတ်သူများလည်း မိမိတို့သန်ရာ နည်းကို ကျင့်သုံးလျှက် စားရင်း သောက်ရင်း အာဟာရပစ္စည်း ငါပဋ္ဌာန်းတို့ ပွားရင်း #ရသာတဏှာ လည်း ငြိမ်းသတ်ရင်းဖြင့် ကုသိုလ်ယူနိုင်ကြစေဖို့ ရည်ရွယ်ရေးသားလိုက်ရပါတော့သည်။

ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု
🙏🙏🙏
စောသဇင်(မန္တလေး)
Credit...

ဘယ်မှာငါဟုရှိအံ့နည်း

ဘယ်မှာ ငါဟု ရှိအံ့နည်း
***********-***********

လောကဇာတ်ခုံl ဤလူ့ဘုံ၌l မျိုးစုံက-ကြ
မာန်မာနနှင့်lငါကရာဇာlငါဟာသူဌေး
ငါ' ပဂေးဟုlငါသွေတက်ကြွlလူ့ဗာလတို့
များလှာဖြာဖြာ. . . .

အဝိဇ္ဇာနှင့်l တဏှာဘီလူးl အမှောင်ပူး၍
ကျူးကျူးကျော်ကျော်l ဂုဏ်ကိုဖော်လျက်
မော်မော်မောက်မောက်l ငါတစ်ယောက်သာ
မိုးအောက်တစ်လွှားl ရွှေကိုယ်လားဟု
ထင်မှားမလွဲlသို့စဉ်စွဲလည်း. . . . .

ဇာတ်ပွဲပြီးကl ပြည်ဖုံးချသော်lသုဘရာဇာ
မြေအောက်မှာပင်lဘာသာလူမျိုး
ချိန်မထိုးပဲl ပုပ်သိုးခန္ဓာl မြှုပ်ရရှာသည်. . .
ဘယ်မှာငါဟု ရှိအံ့နည်း။

Credit.. original writer..

Monday, December 14, 2020

ဖို့သုံးဖို့

လူတိုင်းလူတိုင်းဟာ ၊
ဖို့ သုံး ဖို့ နဲ့  ဆက်ဆံနေပါသတဲ့။  

၁။ မြေကျွေး ဖို့  

မွေးဖွားလာတဲ့ အချိန်က စပြီး၊
အိပ်မယ် စားမယ် ၊ ကာမဂုဏ်ခံစားမယ်။
ဆိုတာလောက်သာသိပြီး ၊ 
ကျန်တာနားမလည်တဲ့သူဟာ ၊
မြေကျွေးဖို့အတွက် ၊
စားသောက်နေတဲ့သူ နဲ့ တူပါသတဲ့။

အဲဒါကြောင့် မြေကျွေးဖို့လောက်သာ၊
အသက်မရှင်ဖို့လိုအပ်ပါလိမ့်မယ်။

၂။ ထိုက်သူစံဖို့ 

သူကတော့ စီးပွားရေး ၊ကြီးပွားရေးကို၊
နားလည်တယ် ၊ သဘောပေါက်တယ်။
စီးပွား ဥစ္စာရှာမှ ပြည့်ပြည့်စုံစုံ ၊
နေရမယ်ဆိုတာကို နားလည်တဲ့သူပါ။

အဲဒါကြောင့် နေ့နေ့ ညည ၊
ပစ္စည်းဥစ္စာတွေကိုပဲ ၊
မရ မက ရှာဖွေပြီး အချိန်ကို ၊
ကုန်ဆုံးစေတဲ့သူဖြစ်တယ်ပေါ့။

သူကတော့ မြေကျွေးဖို့ ၊
အသက်ရှင်တဲ့သူထက် ၊
အများကြီးသာတယ်လို့ပြောရမယ်ပေါ့နော်။

ဒါပေမယ့် သူသေဆုံးတဲ့အချိန်မှာ သူ့အတွက်၊
ဘာမှ ယူမသွားနိုင်ဘဲ လက်ဗလာချည်းသာ၊
ပြန်သွားရရှာတယ်။

သူရှာဖွေထားတဲ့ ပစ္စည်းဥစ္စာတွေဟာလည်း၊
သူ့အတွက် သံသရာရိက္ခာအဖြစ်၊ 
ထုတ်မယူနိုင်ဘဲ ကျန်ရစ်သူတွေ၊
နောက်လူတွေသာ ရရှိသွားတာဖြစ်တယ်ပေါ့။

၃။ကိုယ်ပိုင်ရဖို့ 

သူကတော့ ပစ္စည်းဥစ္စာတွေရရှိအောင်လည်း၊
ကြိုးစားရှာဖွေတယ် ၊
သူ့အတွက် ဒါန ၊သီလ ၊ဘာဝနာ တွေကိုလည်း၊
မမေ့မလျော့ပြုလုပ်တဲ့သူဖြစ်တယ်။

အဲဒါကြောင့် 

သူကတော့ ကိုယ်ပိုင်ရဖို့ အတွက်၊
လုပ်သင့်လုပ်ထိုက်တာတွေကို၊
လုပ်ကိုင်နိုင်သူဖြစ်တယ်ပေါ့နော်။

ငါက မြေကျွေးဖို့ ပဲ အသက်ရှင်နေတာလား။
နောက်လူစံဖို့ အတွက်လုပ်နေတဲ့သူလား။
ကိုယ်ပိုင်ရဖို့ အတွက် ၊
လုပ်ဆောင်နိုင်တဲ့သူလား ဆိုတာကို၊
မေးကြည့်ဖို့ကောင်းတယ်ပေါ့နော်။

ဖို့ သုံး ဖုိ့ အကြောင်းကို၊
ကောင်းစွာသိရှိပြီး ကိုယ်ပိုင်ရဖို့ဆိုတဲ့၊
ဒါန ၊သီလ ၊ဘာဝနာ ရိက်ခာတှကေို၊
ထုတ်ယူနိုင်မယ်ဆိုရင်၊

သင်ဟာ လူဖြစ်ကျိုးနပ်ပြီး၊
သာသနာတော်မြတ်ကြီးနဲ့၊
တွေ့ရကျိုးနပ်တဲ့သူ ဖြစ်လာပါလိမ့်မယ်။

✍️ အရှင်ဝါသဝ (ဓာတုမယ) ✍️
၁၁၊၁၂၊၂၀၊ သောကြာနေ့။
Credit  Venerable Vasava Buddhist

Saturday, December 12, 2020

အမုန်းများရင် အပြုံးရှားမယ်

အမုန်းများရင် အပြုံးရှားမယ်
••••••••••••••••••••••••••••

ကိုယ့်မကြိုက်တဲ့သူ ကိုယ်မုန်းတဲ့သူ ဒုက္ခရောက်တာကို ကြည့်ပြီး

ဝမ်းမြောက်ဝမ်းသာ ဖြစ်တာဟာ သူတော်ကောင်းစိတ် မဟုတ်ဘူး။

ကိုယ့်သန္တာန်မှာ အမုန်းတရားနဲ့ 
အာဃာတထား အဂတိလိုက်သွားတာပဲ။ 

"ဒေါသဂတိ"ဆိုတာ မုန်းတဲ့သူ မကြိုက်တဲ့သူ တွေအပေါ် သာသာထိုးထိုး ဒုက္ခတိုးစေတာ မျိုးပဲဖြစ်တယ်။

မကြိုက်လို့ မလိုလို့ မုန်းလို့ ရှုံးစေချင်တဲ့
စိတ်ဟာလည်း ကိုယ့်ကိုယ်ကိုယ် ဒုက္ခ
ဖြစ်စေတာပါပဲ။

ဒေါသတရားက ရောဂါများစေတယ်။ အမုန်းရောဂါဟာ နှလုံးရောဂါကို 
ဖြစ်စေတယ်ဆိုတာ အသေအချာပဲ။

သူ့ကို မကြိုက်တာနဲ့ 
ကိုယ့်ကို မခိုက်စေနဲ့။

အမုန်းတရားတွေကြား 
အပြုံးအားတွေ မရှားကြပါစေနဲ့။

ဆရာတော် မနာပဒါယီ အရှင်ဝိစိတ္တ
#Credit -

Wednesday, December 9, 2020

ခုခံစွမ်းအား

——————
ခုခံစွမ်းအား 
——————————

ဒီကနေ့ ဘဒ္ဒကမ္ဘာလို့ ခေါ်တဲ့ ဟောဒီကမ္ဘာကြီးမှာ ဘုရားငါးဆူ ပွင့်တယ်။ ကမ္ဘာထဲမှာ အထူးခြားဆုံး , အကောင်းဆုံးဖြစ်လို့ 'ဘဒ္ဒကမ္ဘာ' လို့ ခေါ်တယ်။

ပထမဆုံး ပွင့်တဲ့ဘုရားက 'ကကုသန္ဓဘုရား'
ဒုတိယ ပွင့်တာက 'ကောဏဂမနဘုရား'
တတိယပွင့်တာက 'ကဿ  ပဘုရား'
စတုတ္ထပွင့်ပြီးတော့ ဒီကနေ့ထိ သာသနာတော် အထင်အရှား ရှိနေတာက 'ဂေါတမဘုရား'
နောင် ပွင့်လတ္တံ့က  'အရိမေတ္တေယျဘုရား' ။

အဲဒီ ဘုရားငါးဆူ ပွင့်ပြီးတော့မှသာလျှင် ဟောဒီကမ္ဘာကြီးဟာ မီးလောင်ပြီးတော့ ဖြစ်စေ၊ ရေမြှုပ်လို့ ဖြစ်စေ ၊ လေတိုက်လို့ ဖြစ်စေ ပျောက်ကွယ်သွားဦးမယ် ။ ကြည့်စရာတစ်ခုမှ မရှိအောင် မြူမှုန်လောက်ထိအောင် မကျန်အောင် အကုန်လုံး လွင့်ပျံပျက်စီးပြီး မီးလောင်ကျွမ်းသွားဦးမှာပဲ ။

ဘဒ္ဒကမ္ဘာမှာ အဦးဆုံးပွင့်တော်မူတဲ့ 'ကကုသန္ဓမြတ်စွာဘုရား'က ဟောခဲ့တယ်၊ မိမိရဲ့ တပည့်ရဟန်းတွေကို - ပတ်ဝန်းကျင်ရဲ့ အခြေအနေအလိုက် ခုခံအားတွေ တိုးတက်လာအောင် စိတ်ပိုင်းဆိုင်ရာ ခုခံအားတွေကို ( ဘယ်လိုမြှင့်တင်ရမလဲ ) ဆိုတာကို ဟောတာ။
----------------------------------

ဟောရခြင်းအကြောင်းက မြတ်စွာဘုရားကို လာလာပြီး အနောင့်အယှက်ပေးတဲ့ မာရ်နတ်ဆိုတာ ရှိတယ်။  အချို့လူတွေက 'မာရ်နတ် ဆိုတာ ကိလေသာ' လို့ ယူကြတယ်၊ 

မာရ်နတ်ဆိုတဲ့ နေရာမှာ မာရ်(၅)ပါးရှိတယ်၊  
တချို့ကိစ္စတွေမှာ 'ကိလေသာ' လို့ ခေါ်တယ် ။ တချို့ကိစ္စတွေမှာ 'ခန္ဓာ' လို့ ခေါ်တယ် ၊ ဘာလို့တုန်းဆ်ုရင် ခန္ဓာရှိတဲ့သူတွေ သေရတာ၊  မာရ ဆိုတာ  'သတ်တတ်တယ်' ဆိုတဲ့ အဓိပါယ်ပဲ ။ ခန္ဓာ ရှိရင် ခန္ဓာ သတ်လို့ သေရတယ် ပေါ့ ၊ သေခြင်းတရားကို 'မစ္စုမာရ' ၊ ကံတရားကို 'အဘိသင်္ခါရမာရ' နောက်ဆုံး အဲဒီ သဘာဝတရားတွေက အလွတ်ဖြစ်တဲ့ နတ်ဆိုး,နတ်မိုက်ကို 'ဒေဝပုတ္တမာရ' ။

အဲဒီ မာရ -၅မျိုး ရှိတဲ့အထဲမယ် ကကုသန္ဓ မြတ်စွာဘုရား လက်ထက်က 'ဒုဿီ ဆိုတဲ့ မာရ်နတ်ကြီး ရှိတယ်။  လူတွေရဲ့ သက်တမ်း ၄၀၀၀၀ တမ်းရှည်တယ် ၊ 
အဲဒီ 'ဒုဿီ  ဆိုတဲ့ မာရ်နတ်က  ဘုရား သတင်းသုံးတဲ့ ပတ်ဝန်းကျင်မှာ ရှိတဲ့ လူတွေကို ဝင်ပူးပြီး ထိုလူတွေရဲ့ စိတ်ကို ပြောင်းအောင် လုပ်တယ် ၊ မကောင်းဖြစ်အောင် ၊ အဆိုးဖြစ်အောင် လုပ်တယ်။

လူတွေကို ဝင်ပူးပြီး အကျင့်ကောင်း အနေထိုင်ကောင်းတဲ့ ဘုရားတပည့် ရဟန်းတွေကို ဆဲခိုင်းတယ်။  ဘယ်သူကမှ ရဟန်းတွေကို ရိုသေလေးစားမှု မပြုဘူး ။ ယူတ်ယုတ်မာမာ ဆဲကြရေးကြ လှောင်ကြတယ်။ 

ဒီလို အခြေအနေမျိုး ကြုံတဲ့အခါ  ရဟန်းတွေရဲ့ စိတ်ဓါတ် ခုခံအား တိုးတက်ဖို့အတွက် မြတ်စွာဘုရားက ဘာတရား ဟောသလဲ?
-----------------------------------------

'ချစ်သား ရဟန်းတို့ ဒီကနေ့ကစပြီး နေ့ရောညရော မေတ္တာ ဘာဝနာ ပွားကြ' မေတ္တာပွားခိုင်းတယ် ။သတ္တဝါတွေ အားလုံး အပေါ်မှာ ကျန်းမာကြပါစေ, အဆင်ပြေကြပါစေ 'ဆိုတဲ့ မေတ္တာ ဘာဝနာ ပွားပါတဲ့ ။

အဆင်မပြေတဲ့ ပုဂ္ဂိုလ်တွေကို ကြည့်ပြီး ( ဂရုဏာ ) ပွားပါ
အဆင်ပြေနေတဲ့ ပုဂ္ဂိုလ်တွေကို ကြည့်ပြီး ( မုဒိတာ ) ပွားပါ တဲ့ ။
အားလုံးသတ္တဝါတွေ ကံအလိုက် ဖြစ်ကြရတာပဲ လို့ ( ကံ, ကံရဲ့ အကျိုးတရား) ကို ဆင်ခြင်ပေးပါ' လို့ မြတ်စွာဘုရားက 
မေတ္တာ ဂရုဏာ မုဒိတာ ဥပေက္ခာ လို့ ဆိုတဲ့  - "ဗြဟ္မဝိဟာရတရား -၄ ပါး" ပွားစေတယ် ။ 

တခြားကမ္မဋ္ဌာန်းကို မပွားစေဘဲ ဒီကမ္ဘဋ္ဌာန်းကို ပွားစေတယ်။
ဘာဖြစ်လို့တုန်းဆိုရင် မေတ္တာကမ္မဋ္ဌာန်းရဲ့ အကျိုးသက်ရောက်မှုက ကျန်တဲ့ ပုဂ္ဂိုလ်တွေရဲ့ ဆဲရေး တိုင်းထွာမှုကို ခံနိုင်တယ်။

တဖက်က မေတ္တာထားတဲ့ ပုဂ္ဂိုလ်ကို တန်ပြန်ပြီးတော့ မေတ္တာထားလာတတ်တယ် ။ ရဟန်းတွေရဲ့ စိတ်ဓါတ်ခွန်အားတွေလည်း မြင့်တက်လာတယ်။ မေတ္တာတရားနဲ့ ခုခံခြင်းအားဖြင့် မိမိရဲ့ စိတ်စွမ်းအားတွေ တက်လာတဲ့အပြင် တခြားပုဂ္ဂိုလ်ရဲ့ စိတ်ကိုလည်း ပြောင်းလဲသွားစေနိုင်တယ် ။

ပြောင်းလဲသွားနိုင်တဲ့အတွက်ကြောင့် ရန်သူအဖြစ်ကနေ မိတ်ဆွေအဖြစ် ပြောင်းလဲရောက်ရှိသွားနိုင်တယ် ။

မာရ်နတ်ကြီးက စမ်းသပ်ပြီးတော့ ဆဲခိုင်းတာ ။ ဆဲခိုင်းလည်း ရဟန်းတွေက  … အပြုံး မပျက်ဘူး တဲ့ ။

အဲဒီနည်းနဲ့ မအောင်တော့ နောက်တစ်နည်း လုပ်ကြည့်မယ် ဆိုပြီး နောက်တစ်နည်းကို ပြောင်းတယ် ။

-----------------------------
ခုခံစွမ်းအား ( ၂ )
------------------------------

မာရ်နတ်က သူ့စိတ်ထဲမှာ ထင်တယ် 

ဆဲရင်တော့ ကိုယ်တော်တွေ စိတ်ဆိုးမှာပဲ၊  စိတ်ဆိုးရင်တော့ ပဋိပက္ခတွေ ဖြစ်လာမှာပဲ၊ ပဋိပက္ခတွေ ဖြစ်လာလို့ရှိရင် လူမြင်မကောင်းအောင် ဝုန်းဝုန်းဒိုင်းဒိုင်း ပြသနာတွေ တက်လာမှာပဲ လို့ အဲ့လို ထင်ပြီး လုပ်တာ၊ သို့သော် မြတ်စွာဘုရားက မေတ္တာ ဘာဝနာ ပွားခိုင်းထားတဲ့အတွက်ကြောင့် သူထင်သလို အခြေအနေဆိုးတွေ ဖြစ်မလာဘူး တဲ့ ။

ဒါနဲ့ နည်းတစ်ခုကို ပြောင်းတယ် ၊ ဘယ်လို ပြောင်းသွားလဲ ဆိုတော့ …

လူတွေကို … ရဟန်းသံဃာတွေကို ရိုသေအောင်၊ ပစ္စည်းလေးပါး တွေ လှု ဒါန်းအောင် လုပ်တယ်၊ လုပ်သည့်အတွက် ဘုရားကျောင်းကန်တွေမှာ စည်ကားလို့ ဘုန်းကြီး၊ရဟန်းဆို သိပ်ရိုသေကြတယ်၊ လှု ကြတယ်၊ တန်းကြတယ်၊ လေးစားကြတယ်၊ မြတ်နိုးကြတယ်၊ ဒီလိုအခြေအနေမျိုး ဖြစ်လာတာ၊ ဒါလည်း အန္တရာယ်တစ်ခုပဲ နော်။

ကကုသန်မြတ်စွာဘုရားက ဒီအခြေအနေကို  ခုခံဖို့ 'ကမ္မဋ္ဌာန်း-၄ ရပ် ဟောတယ်၊

၁) ဒကာ၊ ဒကာမတွေ သိပ်ပြီးတော့ ရိုသေလေးစား လှု ဒါန်းလာတဲ့ အခါ ရဟန်းသံဃာတွေမှာ ဘာဖြစ်လာနိုင်တုန်းဆို ( လောဘ) တွေ ဖြစ်လာနိုင်တယ်၊ အတွယ်အတာတွေ ဖြစ်လာနိုင်တယ်၊ မူလအခြေအနေကနေ ယိုယွင်းပျက်စီးပြီး သွားနိုင်တယ်၊ ရဟန်းဘဝက လျှော့ကျသွားနိုင်တယ်၊  ဒါကြောင့်မို့ ခုခံအားတွေကို ဘာနဲ့ တိုးမြှင့်ခိုင်းတုန်းဆိုရင် -

"ချစ်သားရဟန်းတို့ ၊ မင်းတို့ ဒီနေ့ကစပြီးတော့ ကိုယ့်ခန္ဓာကိုယ်ပေါ်မှာ အသုဘကမ္မဋ္ဌာန်းကို ပွားကြ" တဲ့ ။ အသုဘကမ္မဋ္ဌာန်း ပွားတယ် ဆိုတာ 

ကိုယ့်ခန္ဓာကိုယ်ကိုကြည့် ၊ သူများခန္ဓာကိုယ်ကိုရောကြည့်၊ ခန္ဓာကိုယ်ထဲမှာ (၃၂)မျိုးသော အရာတွေကို တစ်ခုစီ၊ တစ်ခုစီ ခွဲကြည့် လိုက်ရင် နှစ်သက်စရာ၊ သဘောကျစရာဆိုတာ ဘာတစ်ခုမှ မရှိဘူး၊ "ဆံပင် ၊ မွေးညှင်း၊ ခြေသည်း၊ လက်သည်း၊ သွား၊ အရေ" စတဲ့ တစ်ခုစီရဲ့ ရွံစဖွယ် စက်ဆုပ်ဖွယ်တွေကိုသာ တွေ့ရမယ် ဆိုတဲ့ သဘောတရားကို  ဆင်ခြင်ဖို့ ။

နောက်တစ်ခု …ဆင်ခြင်ဖို့ရာ 
(၉)ပေါက်ဒွါရ အမာ ဝက" ထွက်သမျှ မွှေးကြိုင်တဲ့အရာ ဘာတစ်ခုမှ မရှိဘူး။
မျက်လုံးက ထွက်တဲ့ မျက်ချေး
နားက ထွက်တဲ့ နဖာချေး
နှာခေါင်းက ထွက်တဲ့ နှပ်ချေး … 
ဘယ်ကထွက်တဲ့ဟာပဲ ဖြစ်ဖြစ်
မွှေးတာ ကြိုင်တာ သန့်တာ ပြန့်တာ တစ်ခုမှ မရှိဘူး။

လူတွေဟာ ကိုယ့်ပါးစပ်က ထွက်တဲ့ တံထွေး ဘယ်တော့မှ သိမ်းမထားဘူး၊ ကိုယ့်ဟာကိုယ် ပြန်ကိုင်ရမှာ ရွံတယ်၊ ပါးစပ်ထဲ နေရင်သာ မတတ်နိုင်လို့ ဟုတ်ရဲ့လား ? ကိုယ့်ခန္ဓာကိုယ်က ထွက်တဲ့ ဟာတွေကို အားလုံးရွံကြတယ်။ ဒါ သဘာဝပဲ ။

သို့သော် လူတွေက သိပ်ပြီး အသိအမှတ် မပြုဘူး၊ ထွက်သွားတာပဲ ရွံစရာလို့ ထင်တယ်၊ ခန္ဓာကိုယ်ထဲ ရှိနေရင် ရွံစရာလို့ မထင်ဘူး။ 

မထင်တဲ့အတွက်ကြောင့် ကြည့်လေ …
လက်သည်းလေးတွေ ညှပ်လိုက်မယ်ဆ်ိုရင် အမယ် လက်သည်း အိမ်ပေါ် မကျစေနဲ့ လို့ ပြောကြတယ်၊  ဒါဖြင့် လက်ထဲက လက်သည်းကျတော့ ဘာဖြစ်လို့ အိမ်ပေါ်မှာ ထားရတုန်း၊ ထားရုံတင် မကဘူး အရောင်လေးတွေ ဆိုးလိုက်ကြသေးတယ်၊  အရောင်တင် မကဘူး ၊ ဒီဇိုင်းလေးတွေ အမျိုးမျိုး လုပ်ကြတယ်။

ဆံပင်ဆိုလည်း ကြည့်လေ …
ဆံပင်ချည်တွေ ထမင်းခွက်ထဲ ပါလာရင် ရွံလိုက်ကြတာ
ထွီထွမ် နဲ့ ၊ သို့သော် ဒီဆံပင်လေးကို သပြီးတော့ အဖြူရောင်တောင် အမည်းကလေး ဆိုးလိုက်ကြသေးတယ် ဟုတ်လား။

ခန္ဓာကိုယ်ကြီးနဲ့ ရှိနေတဲ့အချိန်မှာ လှတယ်လို့ ထင်ပြီးတော့ အမျိုးစုံ လုပ်ကြပေမယ့် ခန္ဓာကိုယ်ကနေ ကျွတ်ထွက်သွားလိုက်တာနဲ့ တပြိုင်နက် မလှဘူး ဆိုတဲ့ သရုပ်ဟာ ပိုပေါ်သွားတယ်နော်။

နှာခေါင်းထဲမှာ ရှိနေတဲ့ နှပ်ချေးကတော့ ကောင်းနေသယောင်ယောင် ရှိတယ်နော်၊ အပြင်ဘက်လည်း ထွက်ရော ဘယ်သူမှ လက်မခံဘူး၊ အဲဒီတော့ အပြင်ဘက်ထွက်တဲ့  နှပ်ချေးနဲ့ နှာခေါင်းထဲမှာ ရှိတဲ့ နှပ်ချေး အတူတူပဲ၊ မတူဘူးလား ?

အေး အဲဒီလို ခန္ဓာကိုယ်ရဲ့ မတင့်တယ် ရွံစဖွယ်တွေကို 
မိမိခန္ဓာကိုယ်မှာ ကြည့် ၊ သူတပါး ခန္ဓာကိုယ်မှာလည်း ကြည့်ပြီး တော့ ပွားများအားထုတ်ထားတဲ့ ဘာဝနာ 'ပသုဘာနုပဿ     နာ' လို့ ခေါ်တယ် တဲ့ ။

မတင့်တယ်တာကို အထပ်ထပ်ကြည့်ပါ လို့ မြတ်စွာဘုရား ဟောတာ။ အထပ်ထပ်ကြည့်ပြီး ပွားလို့ရှိရင်  တွယ်တာမှုဆိုတာတွေ မလာအောင်လို့ ။

---------------------------
ခုခံစွမ်းအား ( ၃ )
----------------------------

#တွယ်တာမှု ဆိုတာတွေ မလာအောင်လို့ … မြတ်စွာဘုရားက
ဘာဝနာ 'အသုဘာနုပဿ     နာ' မတင့်တယ်တာကို အထပ်ထပ်ကြည့်ပါ လို့ ဟောတယ် ။ ဒါတင်လား …လို့ဆို မပြီးသေးဘူး။

နောက်ထပ် ပွားများရမယ့်တရားက …

(၂) အာဟာရပေဋိကူလ- သညာ 
အစားအစာနဲ့ ပတ်သက်လာရင် စက်ဆုပ်ရွံရှာဖွယ် ဆိုတာကို အမြဲတမ်း နှလုံးသွင်းဖို့ မြတ်စွာဘုရားက ညွှန်ပြတယ်။ ခန္ဓာကိုယ်ထဲမှာ ဒါမျိုးတွေ ရှိနေတယ် ဆိုတာကို သတိထားပါ တဲ့ ။

နောက်တစ်ခုက 
(၃) သဗ္ဗလောကေ အနဘိရတိသညာ  …
လောကကြီးတစ်ခုလုံးဟာ ပျော်စရာ မကောင်းဘူး၊ ကျေနပ်စရာ မကောင်းဘူး ၊ ဘာဖြစ်လို့တုန်းဆိုရင် လောကကြီးဟာ ပြသနာတွေနဲ့ ပြည့်နေတာပဲ ။ 

ကိုယ့်ဘဝနဲ့ ကိုယ့်ကိုယ်ပဲ ပြန်ကြည့်လိုက် …
လူရယ်လို့ ဖြစ်လာပြီးနောက် တစ်နေ့တစ်ခြား အိုလာတာ 
အိုလာပြီးနောက်  ရောဂါ ဖြစ်မယ် ၊
ရောဂါဖြစ်တယ် သေတယ် ၊
ဒီပြသနာက ဘယ်သူမှ ရှောင်လွဲလို့ မရဘူး ဒါကြောင့်မို့
လောကကြီးကို ခြုံကြည့်လိုက်မယ်ဆိုရင် ကျေနပ်စရာတစ်ခုမှ မရှိဘူး။ ပျော်စရာ တစ်ခုမှ မရှိဘူးဆိုတဲ့ ဒီအနေအထားကို ဆင်ခြင် စဉ်းစားကြည့်ပါ လို့ ဒီလို ဆိုတယ် ။

ဟော နောက်တစ်ခုက …
(၄) အနိစ္စသညာ  …သင်္ခါရတရားတွေရဲ့ မမြဲတဲ့သဘောကို အမြဲတမ်း ဆင်ခြင်စဉ်းစားကြည့်ပါ ။ ဟုတ်တာ ပေါ့ ၊ သင်္ခါရတရား ဆိုတာ … 

တစ်ခု ဖြစ်လာပြီးနောက် တစ်ခုပျက်တယ် ၊ 
အကြောင်းရှိလို့ အကျိုးတရား ဖြစ်ပေါ်နေတယ် ၊
အကြောင်း ပျက်သွားတာနဲ့ တပြိုင်နက် အကျိုးတရားလည်း 
ချက်ချင်း ပျက်သွားမယ် ၊ ဖြစ်ပေါ်လာပြီးနောက်မှာ 
လုံးဝ ချုပ်ငြိမ်း သွားတယ် ဆိုတဲ့  
ဒီသဘောတရားတွေဟာ အထင်အရှား 
ရှိပြီးတော့ နေတယ် ၊ 
ဒါကြောင့်မို့လို့ ဒါတွေကို ဆင်ခြင်စဉ်းစားပြီးတော့ 
ကြည့်ပါလို့ ဆိုလိုတယ် ။

နောက်ဆုံးမှာ …
မရဏသညာ  … သေခြင်းသဘောတရားကို ဆင်ခြင်စဉ်းစားပြီး ကြည့်ရမယ် ။

ဒီကမ္မဋ္ဌာန်း-၄ မျိုး  ကိုယ့်သန္တာန်မှာ ပွားများအားထုတ်လိုက်မယ် ဆိုရင် ခုနပြောခဲ့တဲ့ ပစ္စည်းတွယ်တာမှု ၊ လူတွယ်တာမှု ဆိုတဲ့ တွယ်တာမှုတွေအားလုံးကို ဖြေရှင်းနိုင်မှာ ဖြစ်တယ် ။

အဲဒါတွေနဲ့ မငြိတွယ်တဲ့အတွက်ကြောင့် စိတ်ဓါတ်ခွန်အားတွေ တက်ကြွပြီး လောကမှာ ပျော်စရာလို့ ထင်လာတဲ့ အတွေးတွေ မတွေးမိအောင် မြတ်စွာဘုရားက ဒီကမ္မဋ္ဌာန်းတွေကို ရှုခိုင်းတာ၊  ဒါဟာ စိတ်ဓါတ်ရဲ့ ခုခံအားတစ်မျိုးပဲ ၊ ( ဒါတွေနဲ့ ခုခံပါ ) လို့ ဒီလို ဟောတာ ။

-------------------------------------

ဒါကြောင့်မို့ ဘုန်းကြီးတို့ နေ့စဉ်နဲ့အမျှ လောကမှာ နေ့စဉ်နဲ့အမျှ ကြုံတွေ့ကြရတဲ့အခါ …
အဆိုးတွေနဲ့ ကိုယ့်ကို မလိုမုန်းထားတဲ့ ပုဂ္ဂိုလ်တွေနဲ့ တွေ့ကြုံရတဲ့အခါ ၊ ပတ်ဝန်းကျင်အဆိုးနဲ့ ကြုံတဲ့အခါ 'မေတ္တာဘာဝနာ' များများပွားဖို့ လိုအပ်တယ် ၊ 

အကောင်းတွေနဲ့ချည်း ကြုံတဲ့အခါ သင်္ခါရသဘောတရားတွေနဲ့ မမြဲတဲ့ သဘောတွေ၊ ခန္ဓာကိုယ်ကြီးရဲ့ မတင့်တယ်တဲ့သဘော ၊ သေခြင်းတရားတွေ … ဒါတွေကို ဆင်ခြင် စဉ်းစားဖို့ အင်မတန်မှ အရေးကြီးတယ် ။

အဲဒီလို ဆင်ခြင်စဉ်းစားပြီး လေ့ကျင့်ပေးခြင်းသည် ခုခံအားကို မြှင့်တင်ပေးခြင်းပဲ ဖြစ်တယ်။
------------------------------------

ဒီနည်းစနစ်နဲ့ မြှင့်တင်ပေးခြင်းဖြင့် ထိုပုဂ္ဂိုလ်မှာ …
ဆေးနဲ့ ဖြေရှင်းလို့ ဆေးစွဲသွားတာမျိုး
အခြေအနေတစ်ခု လွဲမှားသွားတာမျိုး
လုပ်မိပြီးနောက် လုပ်မိလေခြင်းလို့ နောင်တဖြစ်စရာလည်း
တစ်ခုမှ မရှိနိုင်ဘူး တဲ့။

ဒါကြောင့်မို့ ဒီနည်းလမ်းတွေနဲ့ ( ခုခံကာကွယ်ဖို့ ) ဆိုပြီး  ကကုသန္ဓမြတ်စွာဘုရားက တပည့်ရဟန်းတွေကို ဟောကြားဆုံးမခဲ့တာ ဖြစ်တယ် ။ 

အဲဒီလို ဆုံးမဟောကြားထားတဲ့အတိုင်း လိုက်နာကြလို့ … ဒုဿီ မာရ်နတ်ကြီးရဲ့ လုပ်ရပ်တွေ တစ်ခုမှ မအောင်မြင်ဘူး ။

မအောင်မြင်တော့ ဘာလုပ်သလဲ ဆိုရင် 
မြတ်စွာဘုရားနဲ့ အဂ္ဂသဝက (ရှင်ဝိဒုရ ၊ ရှင်သဉ္ဇီဝ ) -၂ပါး 
ဆွမ်းခံကြွချိန် အရပ်ထဲက ကလေးတွေကို ဝင်ပူးပြီးတော့ ခဲနဲ့ ပေါက်ခိုင်းတာ ခဲတစ်လုံးက ရှင်ဝိဒုရ ခေါင်းကို ထိမှန်လိုက်တာ ခေါင်းကွဲပြီး သွေးဖြိုင်၂ကျသွားတယ် ။ 

(( ရှင်ဝိဒုရ ခဲမှန်လို့ ခေါင်းကွဲပြီးတဲ့အခါ ))
မြတ်စွာဘုရားက ပြန်လှည့်ကြည့်ပြီး ဘာမိန့်သလဲ ဆိုရင် 
"ဟေး …ဒုဿီ မာရ်နတ် မင်းရဲ့လုပ်ရပ်တွေဟာ လွန်ကုန်ပြီ ၊
အကုသိုလ်တွေ မင်းမှာ အများကြီး ဖြစ်သွားပြီလို့
ဒီစကားတစ်ခွန်း ပြောလိုက်တာနဲ့  သူ့လုပ်ရပ်ကြောင့် ဒုသီမာရ်နတ်ကြီးဟာ ချက်ချင်း မြေမြိုပြီး အဝီစိငရဲ ရောက်သွားတယ်။
-------------------------------------

ဒီစကားတွေကို ဘယ်သူက ပြန်ပြောသလဲဆိုရင် ရှင်မောဂ္ဂလာန် ကိုယ်တိုင် ပြောခဲ့တာ၊  သူက ဒုဿီမာရ်နတ် ဖြစ်ခဲ့တယ်၊ ဒီလိုလုပ်လို့ သူ ငရဲခံရတယ် ဆိုတဲ့ အကြောင်းကို မာရတဇ္ဇနိယသုတ်ကို ဘုန်းကြီးက အကျဉ်းချုပ် ဟောကြားနာဖြစ်တယ် ။

ဒါကြောင့် တရားချစ်ခင်သူတော်စင် ပရိတ်သတ်တို့ မိမိတို့ရဲ့ စိတ်ဓါတ်နဲ့ဆိုင်ရာ ခုခံစွမ်းအားတွေ မြင့်တက်လာအောင်၊ ဒီကနေ့ ခေတ်လို 
အကြမ်းဖက်မှုတွေ ပေါတဲ့ လောကကြီးမှာ မေတ္တာဘာဝနာ များများပွားဖို့ လိုအပ်ပါတယ် တဲ့ ။

တရားချစ်ခင်သူတော်စင်ပရိတ်သတ်တို့ မြတ်စွာဘုရားဟောကြားဆုံးမတဲ့အတိုင်း ဒီဘာဝနာတရားများကို အချိန်အခါ အားလျော်စွာ အားထုတ်ပြီး မိမိတို့ဘဝခရီးမှာ စိတ်ဓါတ် ပျက်စီးမှု မရှိအောင် ၊ စိတ်ဓါတ်ခွန်အားတွေ တက်လာအောင် ကျင့်ကြံကြိုးကုတ်အားထုတ်နိုင်ကြပါစေကုန်သတည်း ။

(ဒေါက်တာအရှင် နန္ဒမာလာဘိဝံသ)

Credit....

ကိုယ်ကိုကိုယ်သတိထားရမယ်

" ကိုယ့်ကိုယ်ကိုယ် သတိထားရမယ် ” 
~~~~~~~~~~~~~~~~~~~~~~~~~

* ကိလေသာဆိုတာ ပယ်ရမယ့်တရား၊ 
မကောင်းတဲ့တရားပါ။  

ပူပန်စေတတ်၊ နှိပ်စက်တတ်ပါတယ်။  

စိတ်နှလုံးအေးချမ်းမှု မရဘဲနဲ့ စိတ်ထဲမှာ ပူလောင် ပင်ပန်းပြီး ဆင်းရဲနေရတာဟာ ကိလေသာကြောင့်ပါ။  

လူတိုင်းလိုလို တစ်နေ့တစ်နေ့ ညည်းတွားနေကြ၊ ပြောဆိုနေကြပါတယ်။  

" စိတ်ညစ်လိုက်တာ၊ စိတ်ဆင်းရဲလိုက်တာ၊ စိတ်ပင်ပန်းလိုက်တာ ” လို့ ပြောနေကြပါတယ်။ 

ဘယ်သူ့ကြောင့် ပင်ပန်းလဲ၊  ဘယ်သူ့ကြောင့်  စိတ်ညစ်နေသလဲဆိုရင် ကိလေသာကြောင့်ပါ။  

ကိလေသာတွေ ရှိနေတယ်ဆိုရင် စိတ်ညစ်စရာတွေ၊ 
စိတ်ဆင်းရဲစရာတွေ၊ စိတ်ပင်ပန်းတာတွေ မလွဲမသွေ ရှိနေပါလိမ့်မယ်။ 

* ပယ်ရမယ့်တရားတွေကို ပယ်ရမယ့်တရားပါပဲ လို့ မသိဘဲနဲ့ 
ကိလေသာနောက်ကိုသာ တကောက်ကောက်လိုက်နေတယ်၊ 
ကိသေသာဘက်ကိုသာ တိုးဝင်နေတယ်ဆိုတာဟာ တရားနဲ့ဝေးသူတွေပါ။ 

တရားမမြင်တဲ့ ပုထုဇဉ်တွေဟာ ပယ်ရမှာကို မပယ်ဘဲ တွယ်နေပါတယ်။  

ကျောခိုင်းသွားရမယ့် ကိလေသာတွေကို ကျောမခိုင်းနိုင်ဘဲ ကိလေသာဆီကိုပဲ တည့်တည့်တိုးဝင်နေကြပါတယ်။ 

* တရားသိမြင်တဲ့ သူတွေကတော့ ကိလေသာတွေကို ကျောခိုင်းသွားပါတယ်။  

အရိယာတွေဟာ ကိလေသာကို ပယ်စွန့်သွားကြပါတယ်။  

သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာဆိုတဲ့ သူတော်စင်၊ သူတော်ကောင်းတွေဟာ 
ပယ်သင့်တာကို ပယ်ပြီးကြပါပြီ။ 

* မြတ်စွာဘုရားရှင် ဟောဖော်ပြတဲ့ 
ပူလောင်တဲ့ ကိလေသာဆယ်မျိုး ရှိပါတယ်။  

အဘိဓမ္မာဒေသနာတော်မှာ ကြည့်လိုက်ရင် ကိလေသာဆယ်ပါးလို့ ဘုရားဟောပါတယ်။ 

* ဒါပေမဲ့လို့ ဒီဆယ်မျိုးလုံး အသေးစိတ် မမှတ်ပါနဲ့ဦး။  

အခြေခံ မူလပဓာနဖြစ်တဲ့  ကိလေသာ သုံးမျိုး....လောဘရယ်၊  ဒေါသရယ်၊  မောဟရယ်ကိုသာ ကြည့်လိုက်ပါ။  

လောဘဆိုတာ လိုချင်နေတာပါ၊  ဒေါသက စိတ်ဆိုးတာပါ၊ 
မောဟဆိုတာက အမှန် မသိတာပါ။ 

ဒီလို ဘာသာပြန်လိုက်ရင် 
လောဘနဲ့ လိုချင်တယ်၊ ဒေါသနဲ့ စိတ်ဆိုးတယ်၊ 
မောဟနဲ့ အမှန်ကို မသိဘူးလို့ ပြောရမှာပါ။ 

* တစ်နေ့တစ်နေ့ လူသားတွေမှာ လိုချင်မှုတွေ များလှပါတယ်။  

မနက်မိုးလင်း အိပ်ရာကထတဲ့ အချိန်ကစပြီးတော့  တစ်နေ့တာ ဖြတ်သန်းလာတဲ့ ကာလကိုကြည့်ရင် ...

" ဟိုဟာလေးလည်း လိုချင်တယ်၊ 
ဒီဟာလေးလည်း လိုချင်တယ်၊ စားစရာလည်း လိုချင်တယ်၊ ဝတ်စရာလည်း လိုချင်တယ်၊ နေစရာလည်း လိုချင်တယ်၊ အသုံးအဆောင်လည်း လိုချင်တယ်၊ 

တကယ်လိုအပ်တာတွေလည်း လိုချင်တယ်၊ အမှန်တကယ် မလိုအပ်တာတွေလည်း လိုချင်တယ် ” လို့ ဖြစ်နေတာပါ။ 

လိုချင်နေတယ် ဆိုတာက လောဘ ကိလေသာပါ။   
လိုချင်လောဘ မရှိတဲ့နေ့ ဆိုတာ မရှိပါဘူး။  

ဖြစ်တဲ့အကြိမ်ကလည်း တစ်ခါတလေ ဖြစ်တာ မဟုတ်ပါဘူး။ နေ့စဉ် နေ့တိုင်းမှာ အကြိမ်များစွာ ထပ်ကာထပ်ကာ 
ဖြစ်နေတာပါ။ 

* လိုချင်မှုလောဘဘက်က ကြည့်လိုက်လို့ရှိရင် ကိုယ့်မှာ ပယ်ရမယ့်ကိလေသာဟာ အပြည့်အဝကို ရှိနေပါတယ်။  

ပယ်ရမယ့် ကိလေသာ အပေါ်မှာ ဘာမျှ မပယ်နိုင်သေးဘဲ မရှိသင့်တဲ့ ကိလေသာတွေ အပြည့်ရှိနေတယ်ဆိုတာ ထင်ထင်ရှားရှား တွေ့ရမှာပါ။ 

* နောက်တစ်မျိုးကျတော့ ဒေါသဆိုတဲ့ ကိလေသာပါ။  

စိတ်ဆိုးတာ၊ အလိုမကျ, စိတ်တိုင်းမကျတာ၊ မကျေနပ်နိုင်အောင် ဖြစ်နေကြတာဟာ ဒေါသကြောင့်ပါ။  

ဒေါသတွေကလည်း အဆင်မပြေမှုနဲ့ တွေဆုံတိုင်း မကြာခဏ ဖြစ်တတ်ကြလို့ ဒေါသ ရှိနေမှန်း သိသာပါတယ်။ 

* နောက်တစ်မျိုးက မောဟကိလေသာပါ။  

အမှန်ကိုမသိတဲ့ မောဟ၊ အမှန်တရားကို မမြင်နိုင်တဲ့ မောဟတွေလည်း နည်းနည်းမျှကို မလျှော့သေးတာ သေချာပါတယ်။   

ဒါကြောင့်  တရားနဲ့ဝေးသူတွေဟာ လောဘတွေကြီး၊ 
ဒေါသတွေလည်းကြီး၊ မောဟတွေလည်း ကြီးနေကြပါတယ်။    

မထားရဘူး၊ မရှိသင့်ဘူးဆိုတဲ့ ကိလေသာတွေ အပြည့်အဝ ရှိနေကြပါတယ်။ 

* တရားမသိသူရဲ့ နေ့စဉ်ဘဝဟာ  လောဘနဲ့ ဆိုးနေကြ၊ 
ဒေါသနဲ့ ဆိုးနေကြ၊ မောဟနဲ့ ဆိုးနေကြ တာကို ဆိုးသွမ်းသောင်းကြမ်းနေတဲ့ လောဘ,ဒေါသ,မောဟ 
ကိလေသာတွေရှိနေတယ်လို့ ကိုယ့်ကိုယ်ကိုယ် ဆိုးမှန်းသိရင် 
တော်ပါတယ်။  

ကိလေသာတွေကို ပယ်ရမယ်လို့ သိတယ်ဆိုရင်ပဲ အများကြီး တော်သွားပါတယ်။ 

* ဉာဏ်အမြင်ကျယ်တဲ့ ကလျာဏပုထုဇဉ်ဟာ 
ပယ်ရမှာကို ပယ်ရကောင်းမှန်း သိပါတယ်။  

အန္ဓပုထုဇဉ်၊ ဉာဏ်မယှဉ်တဲ့ ပုထုဇဉ်၊ 
ဉာဏ်မရှိတဲ့ ပုထုဇဉ်ကျတော့  
ပယ်ရမယ်ဆိုတာတောင်မျှ မသိပါဘူး။  

ငါဒီစိတ်မျိုးတွေ ဖြစ်နေတယ်။   

လောဘတွေ ဖြစ်နေတယ်၊  
ဒေါသတွေ ဖြစ်နေတယ်၊  
မောဟတွေ ဖြစ်နေတယ်၊  
ဒါတွေကို ပယ်ရမယ်လို့ မသိတဲ့သူတွေ အများကြီးရှိပါတယ်။ 

* ကိုယ့်ထက်တောင် ဆိုးတဲ့သူတွေ 
အများကြီး ရှိပါသေးတယ်။   

ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် သတိထားရပါမယ်။    

ငါတို့လို တရားနဲ့ ဝေးနေသူတွေဟာ တယ်ဆိုး ပါလား၊
တယ်အပြစ်များပါလား၊ ကိလေသာဘက် ကို အမြဲတမ်းကို 
တိုးဝင်နေကြပါလားလို့ သတိထားရပါမယ်။

❄ဓမ္မဒူတ ဒေါက်တာအရှင်ပညိဿရ ❄

  { နီးလျှက်နဲ့ဝေး- တရားစာအုပ် မှ }
 🙏🙏🙏🙏🙏🙏🙏🙏🙏

Credit… သူရိယ စန္ဒာ …

ခန္ဓာရှိသူတိုင်း လောကဓံနဲ့ ကြုံတွေ့ကြရမယ်

"သမုဒ္ဒရာထဲ လှိုင်းဒဏ်လေဒဏ်တွေ ရှိသလို"
"ခန္ဓာရှိသူတိုင်း လောကဓံနဲ့တွေ့ကြရမှာပါပဲ"
"ဘာပဲဖြစ်ဖြစ်ခဏလေးပါ" 
"မကြာခင်ပျောက်ကွယ်သွားမှာပါ"
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

'လောကဓံ'ဆိုတဲ့အရာဝတ္ထုက
အဆင်ပြေတဲ့အခါ ရှိသလို
အဆင်မပြေတဲ့အခါလည်း ရှိတယ်..
ကောင်းတဲ့အခါ ရှိသလို
မကောင်းတဲ့အခါလည်း ရှိတယ်..

ချမ်းသာတဲ့နေ့ ရှိရင်
ဆင်းရဲတဲ့နေ့ ရှိရမယ်..
ပျော်စရာနေ့ ရှိသလို
ပျင်းစရာနေ့ ရှိရမယ်..
ရယ်ရမယ့်ရက်တွေ ရှိသလို
ငိုရမယ့်ရက်လည်း ရှိရမယ်..
အစစအရာရာ အဆင်ပြေသလို
အစစအရာရာ အဆင်မပြေတာလည်း ရှိရမယ်..

ဒီလိုလောကဓံတွေနဲ့ ရင်ဆိုင်လာရသမျှ
သတိရှိရမယ် အသိဝင်ရမယ်..
'ဘာပဲဖြစ်ဖြစ် ခဏတော့ဖြစ်မှာပါ'
'မကြာခင် ပျောက်ကွယ်သွားမှာပါ' ဟု
ရှေ့စိတ်ကို နောင်စိတ်နဲ့ ပြန်လိုက်
'မရှိဘူး မရှိဘူး'ဆိုတာ သိသွားမယ်..
ဧည့်သည်စိတ်ကို အိမ်ရှင်မလုပ်မိပါစေနဲ့..

သမုဒ္ဒရာထဲ လှိုင်းဒဏ်လေဒဏ်တွေရှိသလို
ခန္ဓာရှိသူတိုင်း လောကဓံနဲ့ တွေ့ကြရမှာပါ..
ဘုရားအစရှိသော အရိယာကြီးတွေတောင်
တွေ့ကြရသေးတယ် မဟုတ်လား?
သို့သော် အရိယာသူတော်ကောင်းတွေကတော့
ပြုံးပြုံးလေးနဲ့ ရင်ဆိုင်ကြသလို
သင်သည်လည်း
အရိယာဓာတ်သတ္တိတွေကိန်းအောင် ကြိုးစားထားပါလေ..

           🙏  မြောက်ဦးဆရာတော်ကြီး 🙏

🌺အမှောင်ပျောက်၍ အလင်းရောက်ပါစေ။🌺
Credit....

ကံကုသိုလ်နှင့် ဉာဏ်ကုသိုလ်

"ကံကုသိုလ်" နှင့် "ဥာဏ်ကုသိုလ်"
========***=======

ခြေတစ်လှမ်း ကုဋေတစ်သန်း
တန်တယ်ဆိုတာ ဘယ်ကမလဲ။

နေ့တိုင်း လျှောက်နေကြတာ..
ကုဋေသန်းပေါင်းတွေ မနည်းတော့ဘူး။

တရားနှလုံးမသွင်း သတိလက်လွတ်ဖြစ်တိုင်း
ကုဋေတစ်သန်းမကတန်တဲ့ ဉာဏ်ကုသိုလ်တွေ
ဆုံးရှုံးသွားပြီ။

ငွေလေး တစ်ထောင် တစ်သောင်းပါတဲ့
ပိုက်ဆံအိတ်ကျပျောက်တော့ ငိုလိုက်ကြတာ၊
နှမြောလိုက်ကြတာ၊ ရှာလိုက်ရတာအမော။

ကုဋေသိန်းပေါင်းများစွာ တန်တဲ့
ကုသိုလ်ပျောက်ဆုံးကုန်တာတော့...
ငိုရမှန်း နှမြောရမှန်း မသိကြပါလား။

သတိပဋ္ဌာန်တရား အားထုတ်တာဟာ
"ဉာဏ်ကုသိုလ်"အလုပ် လုပ်တာပဲ။

"ကံကုသိုလ်"က သုံးဆယ့်တစ်ဘုံ
ချမ်းသာပဲ ပေးနိုင်တယ်။

"ဉာဏ်ကုသိုလ်"ကြီးကတော့ 
မနှိုင်းဆနိုင်တဲ့....
အကျိုးထူး နိဗ္ဗာန်ချမ်းသာကြီး ရစေတယ်။

(ရွှေဥမင် ဆရာတော်ဘုကြီး၏ ဆုံးမဩဝါဒ)

Thursday, December 3, 2020

အတုမြင်အတတ်သင်

#အတုမြင်_အတတ်သင်#

   ရှေးအခါက ဗာရာဏသီပြည်မှာ သာမမင်းဟာ မင်းလုပ် အုပ်ချုပ်တယ်။  အဲဒီအခါ ဘုရားလောင်းက အမတ်မျိုးမှာ ဖြစ်ပြီး အရွယ်ရောက်တဲ့အခါ သာမမင်းအား အကျိုးအကြောင်းကို သွန်သင် ပြသပေးသူ ဖြစ်လာတယ်။  သာမမင်းမှာ ပဏ္ဍဝ ဆိုတဲ့ 
မင်္ဂလာမြင်း ရှိတယ်။  အဲဒီမြင်းရဲ့ မြင်းထိန်းက ဂိရိဒတ္တ မည်တယ်။
အဲဒီမြင်းထိန်း ဂိရိဒတ္တက ခြေခွင်နေတယ်။  ပဏ္ဍဝမြင်းက ပါးချပ်ကြိုးကို ကိုင်ဆွဲပြီး ရှေ့က ရှေ့က သွားနေတဲ့ အဲဒီ မြင်းထိန်းကို ကြည့်ပြီး " ဒီမြင်းထိန်းက ငါ့ကို သင်ပြပေးနေတယ် ” လို့ 
မှတ်ထင်ကာ အဲဒီမြင်းထိန်းကို အတုလိုက်လုပ်ရင်း ခြေခွင်သွားတယ်။  အဲဒီမြင်းမှာ ခြေခွင်နေတာကို မင်းအား ပြောပြကြတယ်။  မင်းက ဆေးဆရာတွေကို စေလွှတ်တယ်။ 
အဲဒီဆေးဆရာတွေက သွားပြီး မြင်းရဲ့ကိုယ်မှာ ရောဂါကို မတွေ့ကြလို့ " အကျွန်ုပ်တို့ဟာ ဒီမြင်းမှာ ရောဂါကို မတွေ့ကြပါ ” လို့ 
မင်းအား ပြောပြကြပါတယ်။ မင်းက ဘုရားလောင်းအမတ်ကို " မိတ်ဆွေ… သွားပါ၊ အဲဒီမြင်း ခြေခွင်ရာမှာ အကြောင်းကို စူးစမ်းကြည့်ပါ ” လို့ ပြောကာ စေလွှတ်လိုက်ပါတယ်။ 

   ဘုရားလောင်းအမတ်က သွားပြီး ခြေခွင်နေတဲ့ မြင်းထိန်းနဲ့ ရောနှောလို့ အဲဒီမြင်းမှာ ခြေခွင်နေတာကို သိကာ မင်းအား အဲဒီအကြောင်းကို ပြောပြပါတယ်။  " ရောနှောခြင်း အပြစ်ကြောင့် 
ဒီလိုဖြစ်ရပါတယ် ” လို့ ပြောပါတယ်။  အဲဒီအခါ ဘုရားလောင်းအမတ်ကို မင်းက " မိတ်ဆွေ… အခု ဘာကို လုပ်ထိုက်ပါသလဲ ” 
လို့ မေးပါတယ်။  ဘုရားလောင်းက မင်းကို ခြေမခွင်တဲ့ မြင်းထိန်းကို ရရင် အရင်က အတိုင်းပဲ ကောင်းသွားပါလိမ့်မယ် ” လို့ ပြောပါတယ်။  မင်းက ဘုရားလောင်း ပြောတဲ့အတိုင်း လုပ်လိုက်ပါတယ်။  မြင်က ပကတိအတိုင်း ပြန်ဖြစ်သွားပါတယ်။ 
ခြေမခွင်တော့ဘဲ ကောင်းသွားပါတယ်။  မင်းက " တိရိစ္ဆာန်တွေရဲ့ အလိုသဘောကိုတောင် သိပါပေတယ် ” လို့ ကျေနပ် သဘောကျကာ ဘုရားလောင်းအမတ်အား များစွာသော အခြွေအရံကို 
ပေးပါတယ်။  
@ ပညာရှိအမတ်က- ဘုရားအလောင်း ဖြစ်ပြီး၊  မင်းက အရှင်အာနန္ဒာအလောင်း ဖြစ်ပါတယ်။  မြင်းထိန်း ဂိရိဒတ္တက အရှင်ဒေဝဒတ်အလောင်း ဖြစ်ပါတယ်။
                                             ( ဇာတ်၊ ဋ္ဌ၊ ဒု၊ ၈၉ ) 

    " အတုမြင် အတတ်သင် ” ဆိုတဲ့ သဘောဟာ တိရိစ္ဆာန်တွေမှာလည်း ရှိနေပါတယ်။   လူ့လောကမှာတော့ လူငယ်တွေမှာ ပိုပြီး
ရှိတတ်ပါတယ်။  အတုယူသင့်တာကိုတော့ အတုယူရပါတယ်။  အတုမယူသင့်တာကိုတော့ အတုမယူရပါ။  ရှေ့ဆောင်ပုဂ္ဂိုလ်တွေရဲ့ ဟန်ပန်အမူအရာ၊  အပြောအဆို၊  စိတ်နေစိတ်ထားတွေ 
နောက်ကို  နောက်လိုက်ပုဂ္ဂိုလ်တွေက လိုက်ပြီး လုပ်တတ်ကြပါတယ်။  ရှေ့ဆောင်ပုဂ္ဂိုလ်တွေက ကောင်းတဲ့ အတုတွေကိုသာ ယူကာ လိုက်လုပ်ကြဖို့ လိုအပ်လှပါတယ်။  

    ထန်းရည်းခါး သောက်, အရက်သောက်, ဆေးလိပ်သောက်, ဖိုးရှူ, ဘိန်းရှူ, မူးရစ်ဆေးမျိုးစုံ သုံး, ဖဲရိုက်, လောင်းကစား လုပ်, တံငါ လုပ်, မုဆိုး လုပ်, နွားသတ်, ဝက်သတ်, ကြက်သတ်, ခိုးဝှက်, လုယက်, လိမ်ညာပြော, အိမ်ထောင်ရေး ပွေ, အပြောကြမ်း, အဆုံးအမကြမ်း, ( အရိုက် ကြမ်း ), ဆဲဆို, ဟိန်ဟောက်, မာန်မဲ, ကုန်းတိုက်, အတင်းပြော, သူတစ်ပါးအပေါ် မကောင်းကြံ, ကလိမ်ကကျစ် လုပ်, သူတစ်ပါးအား ချောက်တွန်းတတ်တဲ့ မိဘတွေရဲ့  အစ်ကို၊ မောင်နှမတွေရဲ့ အပြုဆိုး, အပြောဆိုး, 
အကြံဆိုးတွေကို  သားသမီးဖြစ်သူတွေ ညီတွေ, ညီမတွေက အတုလိုက်ကာ လိုက်လုပ်တတ်ကြပါတယ်။   လူငယ်တွေက လူကြီးတွေရဲ့ အပြုအမူ, အပြောအဆို, အကြံအတွေးကို အတုခိုးတတ်ကြပါတယ်။   လူတွေဟာ အထူးသဖြင့် လူငယ်တွေဟာ 
လောကမှာ ထင်ပေါ် ကြော်ကြား စိတ်ဝင်စားခံရသူတွေရဲ့ အပြုအမူ, အပြောအဆိုတွေကိုလည်း အတုယူတတ်ကြပါသေးတယ်။ အတုခိုးတတ်ကြပါသေးတယ်။ 

    မိဘတွေရဲ့ အတုကို သားသမီးတွေက လိုက်တတ်ကြသလို ဆရာသမားတွေရဲ့ အတုကိုလည်း တပည့်တွေက လိုက်တတ်ကြပါတယ်။   ဒါကြောင့် ဆရာသမားတွေရဲ့ ပြုမူပုံ, ပြောဆိုပုံ, တွေးကြံပုံတွေဟာ တပည့်တွေမှာပါ ကူးစက်သွားတတ်ကြပါတယ်။ 
မိဘတွေထံကပဲ ဖြစ်ဖြစ်, ဆရာသမားတွေထံကပဲ ဖြစ်ဖြစ်, အစ်ကို၊ အစ်မ စသူတွေထံကပဲ ဖြစ်ဖြစ်, ထင်ပေါ် ကြော်ကြား လူသိများပြီး စိတ်ဝင်စားခံရသူတွေထံကပဲ ဖြစ်ဖြစ် ဘယ်သူ့ထံကမဆို ကောင်းတဲ့ အပြုအမူ, အပြောအဆို, အကြံအတွေးတွေကိုသာ 
သားသမီးဖြစ်သူတွေ၊ တပည့်ဖြစ်သူတွေဟာ အတုယူပြီး လိုက်ကြရပါတယ်။  ဘယ်သူ့ထံကဖြစ်ဖြစ် မကောင်းတဲ့ အပြုအမူ, အပြောအဆို, အကြံအတွေးတွေကိုတော့ အတု မယူရပါ။  အတု မခိုးရပါ။ 

  မိဘ, ဆရာသမား, အစ်ကို, အစ်မ စသူတွေ, ထင်ပေါ် ကြော်ကြား သူတွေဟာ ခြေခွင်နေတဲ့ မြင်းထိန်းသမားလို မဖြစ်သင့်ကြပါ။ 
ခြေမခွင်တဲ့ မြင်းထိန်းလို ဖြစ်သင့်ကြပါတယ်။   မိဘ, ဆရာသမား, အစ်ကို, အစ်မ စသူတွေ, ထင်ပေါ် ကြော်ကြားသူတွေက ခြေခွင်တဲ့ မြင်းထိးန်လို ဖြစ်နေကြစေဦးတော့…
ကိုယ်က ခြေလိုက်မခွင်မိအောင် သတိဆောင်ကြရပါမယ်။ 

#လင်္ကာ_ဆောင်ပုဒ် ။ 

၁။ မြင်းထိန်းခွင်တာ, ကြည့်သွားရာ, မြင်းပါ ခွင်သွားသည်။ 

၂။ ရှေ့ဆောင်ပြုမူ, နောက်လိုက်သူ, တုယူတတ်ပါသည်။ 

၃။ ရှေ့ဆောင်သူများ, သတိထား, ပြောကြားပြုမူရပါသည်။ 

၄။ နောက်လိုက်တွေကား, အတုမှား, ရှောင်ရှားကြရမည်။ 

* သာမဏေကျော် ဆရာတော် ဦးဓမ္မိကာလင်္ကာရာဘိဝံသ * 

   { လူငယ်တို့ ဖတ်ဖွယ် ဇာတ်အသွယ်သွယ်- စာအုပ်မှ }
    🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
  
🙏 မိတ်ဆွေ များအားလုံး 🌸 
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။   

Credit… သူရိယ စန္ဒာ …

Thursday, October 22, 2020

ဂါရဝေါစ နိဝါတောစ

ဂါရဝေါစ နိဝါတောစ
━━━━━━━━━

ဂါရဝေါစ နိဝါတောစ ဒီမင်္ဂလာ ၂- ပါး ရဲ့ 
မကျဉ်းမကျယ် ရှင်းလင်းချက်များ
ဖြစ်ပါတယ်။ 

ကမ္ဘာပေါ်က လူတိုင်းလူတိုင်း 
လက်ကိုင်ထားသင့်တဲ့ 
မင်္ဂလာသုတ်မှာပါတဲ့
မင်္ဂလာနှစ်ပါးဘဲဖြစ်ပါတယ်။

❝ ဂါရဝေါစ ❞
ရိုသေထိုက်သူကို ရိုသေခြင်း။

ဂါရ၀ ၁၀- မျိုး

၁။ ဘုရား၌ ရိုသေလေးစားခြင်း

မိမိကိုးကွယ်တဲ့ ဘာသာမှာ 
အထွတ်မြတ်ဆုံးဖြစ်တဲ့ ဘုရားကို 
ရိုသေလေးစား ဖို့လိုပါတယ်။

၂။ တရား၌ ရိုသေလေးစားခြင်း

ဘုရားရဲ့အဆုံးအမဖြစ်တဲ့ တရားတော်ကို
ရိုသေလေးစားဖို့ လိုပါတယ်။

၃။ သံဃာ၌ ရိုသေလေးစားခြင်း

မြတ်စွာဘုရားရဲ့တရားတော်တွေ 
ပြန့်ပွားအောင် 
သာသနာ့၀န် ထမ်းဆောင်နေကြသော 
သံဃာတော်များကိုလည်း 
ရိုသေလေးစားဖို့ လိုပါတယ်။

၄။ သိက္ခာ၌ ရိုသေလေးစားခြင်း

မိမိတို့နဲ့သက်ဆိုင်ရာ ကျင့်၀တ်သိက္ခာများ 
(ရဟန်းဆိုလျှင် ရဟန်းဝိနည်း၊
လူဆိုလျှင် လူ့ကျင့်၀တ် သီလ)ကို 
ရိုသေလေးစားဖို့ လိုပါတယ်။

၅။ သမာဓိ၌ ရိုသေလေးစားခြင်း

မိမိ ကိုယ် နှုတ် စိတ် ကို 
ထိန်းသိမ်းထားခြင်းလို့ခေါ်တဲ့ 
သမာဓိကိုလည်း ရိုသေလေးစားပြီး 
ဣနြေ္ဒဖောက်ပြားခြင်း မရှိရပါဘူး။ 

ဣနြေ္ဒဖောက်ပြားရင် 
လူလည်း လူ့အလျောက်၊ 
ရဟန်းလည်း ရဟန်းအလျောက် 
သီလသိက္ခာ ယိုယွင်းပျက်စီးတတ်လို့ 
သူတပါး ကြည်ညိုခြင်း
ရိုသေလေးစားခြင်းတို့ကို မခံယူနိုင်ပါဘူး။ 

ဒါကြောင့် သမာဓိ၌ ရိုသေလေးစားဖို့ 
လိုပါတယ်။

၆။ အပ္ပမာဒ၌ ရိုသေလေးစားခြင်း

မိမိရဲ့ သန္တာန်မှာ 
သတိကင်းလွတ်မယ်ဆိုရင် 
အကုသိုလ်တွေ ၀င်ရောက်
ဖြစ်ပေါ်နိုင်တာကြောင့် 
မမေ့မလျော့သော သတိမှာလည်း
ရိုသေလေးစားဖို့ လိုပါတယ်။

၇။ ပဋိသန္ဓာရ၌ ရိုသေလေးစားခြင်း

တဦးနှင့်တဦး မေတ္တာမပျက်စေရန် 
အဆက်အစပ်ပြုခြင်း၊
ပြေပြစ်ချောမောအောင်ပြုခြင်း။

(ပဋိသန္ဓာရ) ဟာ
လောကကျင့်၀တ် တပါးမို့ 
ပဋိသန္ဓာရကို ရိုသေလေးစားဖို့ 
လိုပါတယ်။

ပဋိသန္ဓာရမှာ
(က) ပစ္စည်းဖြင့် စေ့စပ်ပြေပြစ်အောင် 
ပြလုပ်တဲ့ ပစ္စယပဋိသန္ဓာရ၊

(ခ) သွန်သင်ဆုံးမ နည်းပေးလမ်းပြ
ပြုလုပ်တဲ့ ဓမ္မပဋိသန္ဓာရ ဆိုပြီး 
နှစ်မျိုးရှိပါတယ်။

ပဋိသန္ဓာရဟာ ဒါနတမျိုး ဖြစ်တာကြောင့်
ကောင်းကျိုးခပ်သ်ိမ်းကို
ပြီးမြောက်စေပါတယ်။ 

ဒါကြောင့်မို့ ပဋိသန္ဓာရကို
ရိုသေလေးစားရပါမယ်။

၈။ ဟိရီ၌ ရိုသေလေးစားခြင်း

ပညာရှိသူတော်ကောင်းတွေ 
ကဲ့ရဲ့ ရှုံ့ချ စက်ဆုတ်တဲ့ 
မကောင်းမှုတွေကို ပြုလုပ်ရမှာ 
ရှက်ခြင်းဆိုတဲ့ ဟိရီကို 
ရိုသေလေးစားဖို့ လိုပါတယ်။ 

ဟိရီကို ရိုသေလေးစားခြင်းဖြင့် 
မကောင်းမှုတွေ ပြုလုပ်ခြင်းက
လွတ်ကင်းနိုင်မှာ ဖြစ်ပါတယ်။

၉။ သြတ္တပ္ပ၌ ရိုသေလေးစားခြင်း

ယခုဘ၀မှာ ခံယူရမယ့် ဘေးဒုက္ခ၊ 
သေပြီးနောက် ခံယူရမယ့် 
အပါယ်ဘေးဒုက္ခ တို့ကို 
ဆင်ခြင်ကြောက်ရွံ့ခြင်းဟာ 
သြတ္တပ္ပ ဖြစ်ပါတယ်။ 

သြတ္တပ္ပကိုလည်း ရိုသေလေးစားပြီး
မိမိသန္တာန်မှာ တည်စေရပါမယ်။ 

ဟိရီ သြတ္တပ္ပ ချို့ငဲ့ ကင်းမဲ့သူဟာ 
တိရစ္ဆာန်နဲ့ မခြားပါဘူး။ 

ဒါကြောင့် ဟိရီနဲ့ သြတ္တပ္ပကို
ရိုသေလေးစားဖို့ လိုပါတယ်။

၁၀။ အချင်းချင်း၌ ရိုသေလေးစားခြင်း

အတူတကွ နေဖော်နေဖက်ခြင်း၊ 
မိဘနှင့် သားသမီး၊ ဆရာနှင့် တပည့်၊ 
ညီအကို မောင်နှမချင်း၊ 
အလုပ် လုပ်ဖော်ကိုင်ဖက်၊
စာသင်ဖက်၊ ခရီးသွားဖက်၊
ရဟန်းနှင့် ဒကာ၊ နိုင်ငံအချင်းချင်း
စသဖြင့် တဦးကိုတဦး
ရိုသေလေးစားဖို့ လိုပါတယ်။ 

ဒီလိုမျိုး အချင်းချင်း 
ရိုသေလေးစားမှု ရှိမယ်ဆိုရင်
မတရားမှု ယုတ်မာမှုတွေ အားလုံး
ပပျောက်နိုင်တယ်လို့ 
ဆရာတော်က ရေးသားထားပါတယ်။

❝ နိဝါတောစ ❞
မိမိကိုယ်ကို နှိမ့်ချခြင်း။

ခေါင်းဆောင် ဖြစ်လိုလျှင် 
နိဝါတ ရှိရမယ်လို့ ဆိုပါတယ်။

မိမိစိတ်ကို မာန်မာနမထားဘဲ
ထောင်လွှားမှု မရှိခြင်းဟာ
ရှေ့ဆောင်ကောင်း၊ ခေါင်းဆောင်ကောင်း၊
လူကြီးလူကောင်း တယောက်ဖြစ်ခြင်းရဲ့ 
အကြောင်းရင်း တပါးဖြစ်ပါတယ်။

လူတချို့ဟာ ပညာဂုဏ်၊ ဥစ္စာဂုဏ်
စည်းစိမ်ဂုဏ်၊ ကောင်းမှုဂုဏ်တွေကြောင့် 
ပလွှားမာန်ထောင်တတ်တယ်။

တချို့ကတော့ 
အနည်းငယ်မျှလောက်သော ဂုဏ်ကို 
အများအပြားမှတ်ယူပြီး
ထောင်လွှားတတ်တယ်။

ဘယ်လိုပဲဖြစ်ဖြစ် ထောင်လွှားမာန်မာနကို 
လုံး၀မထားသင့်ပါဘူး။

မာန်မာန မထားဘဲ 
စိတ်ကို နှိမ့်ချရမယ်ဆိုလို့ 
ယုတ်ညံ့သေးသိမ်တဲ့စိတ်
အောက်တန်းစားအခြေအနေကို 
ရောက်တဲ့စိတ်မျိုး ဖြစ်ရမယ်လို့ 
ဆိုလိုတာ မဟုတ်ပါ။ 

မာနနဲ့ယှဉ်ပြီး ၀င့်ဝါပလွှား 
မော်ကြွား မာန်ထောင်တဲ့ 
စိတ်မျိုးကို ပယ်ရှားပြီး 
မြင့်မြတ်တဲ့ သဘောထားနည်းနဲ့ 
မိမိရဲ့စိတ်ကို နှိမ့်ချထားရမယ်လို့ 
ဆိုလိုတာ ဖြစ်ပါတယ်။

မာနယှဉ်ပြီး မာန်တက်တဲ့သူဟာ 
ဥစ္စာ၊ ပညာ၊ ကောင်းမှု၊
မိတ်ကောင်းဆွေကောင်း တို့မှ 
ဆုတ်ယုတ်ပြီး ဒုက္ခတွေ့ရ တတ်ပါတယ်။ 

ဒါကြောင့် မာနကို မြင့်မြတ်သောစိတ်၊ 
အမြော်အမြင်ကြီးသော စိတ်တွေနဲ့ 
ပယ်ရှားပြီး ရိုသေလေးစား ထိုက်သူတို့ကို 
ရိုသေလေးစားသောအားဖြင့် 
ကောင်းကျိုးချမ်းသာ မင်္ဂလာဖြစ်နိုင်ပါ 
တယ်။

မေဓာဝီ, အရှင်ပဏ္ဍိတမထေရ် ၏
(မင်္ဂလသုတ် လက်စွဲ)မှ
Nay Lin

သစ္စာလေးပါး

သစ္စာလေးပါး
*******
သစ္စာလေးပါးသည် ပါဠိဘာသာအားဖြင့် အရိယသစ္စာ ဟု ခေါ်သည်။ 

ဗုဒ္ဓဘာသာ၏ အနှစ်သာရဖြစ်သော သဘောတရားတစ်ခု ဖြစ်သည်။ အကျဉ်းအားဖြင့် ဆိုလျှင် - 
ဒုက္ခသစ္စာ - ဒုက္ခဟူသော ဆင်းရဲခြင်းတရားသည် အမှန်တကယ်ရှိသည်။

သမုဒယသစ္စာ - သမုဒယသည် 'ဒုက္ခ'ကိုဖြစ်စေသော အကြောင်းအရင်း အမှန်ဖြစ်သည်။

နိရောဓသစ္စာ - ဒုက္ခ၏ ငြိမ်းအေးရာ နိဗ္ဗာန်သည် အမှန်တကယ်ရှိသည်။
မဂ္ဂသစ္စာ - နိဗ္ဗာန်ကိုရရှိရန် နည်းလမ်းသည် မဂ္ဂင်ရှစ်ပါး အမှန်ပင်ဖြစ်သည်။

မကောင်းမှုမပြုရခြင်းဟာ ချမ်းသာတယ်

မကောင်းမှု မပြုရခြင်းဟာ ချမ်းသာတယ်
________________________________

ပါပါနံ- မကောင်းမှုတို့ကို။
အကရဏံ- မပြု လုပ်ရခြင်းသည်။
သုခံ- ချမ်းသာ၏။

အဓိပ်ပာယျက 
“မကောင်းမှု မလုပ်ရခြင်းဟာ ချမ်းသာတယ်””တဲ့။

မကောင်းမှုဆိုတာ ကိုယ်ဖြင့်လုပ်တဲ့ ကာယကံ မကောင်းမှု၊ 
နှုတ်ဖြင့်ပြောတဲ့ ဝစီကံ မကောင်းမှု၊ 
စိတ်ဖြင့်ကြံတဲ့ မနောကံ မကောင်းမှုလို့ သုံးမျိုးရှိတယ်။ 
ဘယ်မကောင်းမှုမှ မချမ်းသာစေဘူး။ 
လုပ်ရင်တော့ဆင်းရဲမှာချည်းပဲ။ 
မကောင်းမှုမှန်ရင်တော့ မလုပ်မှကို ချမ်းသာမယ်။
တချို့က မကောင်းတာ လုပ်တယ်ဆိုရင် 
ကြမ်းတမ်းတဲ့ ကာယကံမှု၊ ဝစီကံမှုလောက်ကိုပဲ မြင်မိကြတာ။ 
တကယ်က မကောင်းမှုဆိုတာ စိတ်ထဲမှာ အဖြစ်အများဆုံးပဲ။ 
စိတ်ထဲမဆန့်မှ နှုတ်ပေါ်၊ လက်ပေါ် ရောက်လာတာ။
ဒါကြောင့် မကောင်းတဲ့ အတွေးတွေ ဖြစ်နေပြီဆိုရင် 
မကောင်းမှု ပြုရာရောက်ပြီလို့ နားလည်ကြရမှာ။ 
မကောင်းမှု ပြုနေပြီဆိုရင် မချမ်းသာနိုင်တော့ဘူး။ 
အဲဒီတော့ ချမ်းသာချင်ရင် စိတ်ထဲမှာတောင် မကောင်းတာ မဖြစ်မှ ရမှာ။မကောင်းမှုက စိတ်ထဲဖြစ်တာတောင် ဆင်းရဲစေတယ်ဆိုရင် 
ပြောတဲ့အဆင့်၊ လုပ်တဲ့အဆင့် ရောက်သွားပြီဆိုရင်တော့ 
ပိုပြီး ဆင်းရဲရလိမ့်မယ်။ မကောင်းမှု လုပ်မိရင် ဆင်းရဲတယ်။ 
ပင်ပန်းတယ်ဆိုတာကို သိပြီးတော့ မကောင်းမှု မလုပ်ရင် ချမ်းသာတယ်။ သက်သာတယ်ဆိုတာကို နားလည်ရမယ်။

ခန္ဓာရဲ့ သဘာဝတွေကို ဖြစ်တိုင်း သိနေအောင် 
ကြိုးစားခြင်းလို့ဆိုတဲ့ သတိပဋ္ဌာန်ဘာဝနာအလုပ်ကို 
လုပ်နေတဲ့အချိန်မှာ ကာယကံ, ဝစီကံ, မနောကံ ကံ(၃)ပါးမှာ 
ဘာမကောင်းမှုမှ မဖြစ်ဘူး။ 
မကောင်းမှုဆိုတဲ့ အပြစ်အနာအဆာ ကင်းပြီး အလွန်သန့်ရှင်းတယ်။
ဒါကြောင့်လည်း ဘာဝနာ ပွားနေတဲ့အချိန်မှာ ချမ်းသာကြတာပဲ။ 
ပူလောင်အောင် ရှို့မြိုက်မယ့်၊ ဆင်းရဲအောင် နှိပ်စက်မယ့် 
အကုသိုလ်မကောင်းမှုတွေ မရှိလို့ အဲဒီအချိန်မှာ ချမ်းသာနေတာ။

ဒါကြောင့် မကောင်းမှု မပြုရခြင်းဟာ ချမ်းသာတယ်ဆိုတာကို 
လက်တွေ့ နားလည်အောင် သတိပဋ္ဌာန်ဘာဝနာကို ပွားများကြည့်ရမယ်။

သစ္စာရွှေစည်ဆရာတော်

သုခ(၁၂)ပါး တရားတော်စာအုပ်မှ

နကုလပိတာ နကုလမာတာ

နကုလပိတာ နကုလမာတာ
💠💠💠💠💠💠💠💠💠💠💠💠💠💠

 ကြာပန်းသည် 
 ရေကိုမှီ၍ဖြစ်သကဲ့သို့ 
 အချစ်သည် 
 ရှေးက အတူနေခဲ့ဖူးခြင်း၊ 
 ပစ္စုပ္ပန်၌ အကျိုးဆောင်ပေးခြင်း ဟူသော 
 အကြောင်းနှစ်ပါးကြောင့် ဖြစ်ပေါ်လာ၏။ 
 ပုဗ်ဗဝေ သန်နိဝါသနေ၊ 
 ပစ်စုပ်ပန်န ဟိတနေ ဝါ။
 ဧဝံ တံ ဇာယတေ ပေမံ၊
 ဥပ္ပလံဝ ယထောဒကေ။
 ဘုရားရှင် လက်ထက်က နကုလပိတာနှင့် နကုလမာတာ ဟူသည့် အလွန်ရင်းနှီး ချစ်ခင်ကြသော ဇနီးမောင်နှံရှိခဲ့ဖူးသည်။ နကုလပိတာနှင့် နကုလမာတာ ဟူသော အမည်များ သည် အမည်ရင်းများမဟုတ်ကြ။ နကုလ၏ အဖေနှင့်အမေဟု အဓိပ္ပာယ်ရသည်။ သူတို့ဇနီးမောင်နှံအား ဘုရားရှင်က ဝိဿာသက အရာ၌ ဧတဒဂ်ထားတော်မူသည်။ တစ်ဦး နှင့်တစ်ဦး ယုံကြည်ရင်းနှီး အကျွမ်းဝင်မှု ရှိရာတွင် အသာဆုံး အမြတ်ဆုံး ဇနီးမောင်နှံဟု  ဖော်ပြလေ့ရှိကြသည်။ မြန်မာဘာသာပြန်နှင့် နိဿယများတွင် (သတ္ထုဝိဿာသိကဘာဝံ စသော အဋ္ဌကထာအဖွင့် တို့ကိုမှီး၍) ဘုရားရှင်နှင့် ရင်းနှီးကျွမ်းဝင်သော စကားကို ဆိုလေ့ရှိသူတို့တွင် အသာဆုံး အမြတ်ဆုံး ဇနီးမောင်နှံဟု ဖော်ပြကြပါသည်။
 နကုလိပိတာတို့ဇနီးမောင်နှံသည် ဘဂ္ဂတိုင်း သုသုမာရဂိရိမြို့ မှဖြစ်သည်။ မြတ်စွာဘုရားရှင်သည် သုသုမာရဂိရိမြို့ တောင်ဘက်ရှိ ဘေသလကတောအုပ်တွင် အဋ္ဌမ မြောက် ဝါဆိုရန်အတွက် ကြွလာသောအခါ မြို့သူမြို့သားတို့က ကြိုဆို ဖူးမြော်ကြ၏။ ထိုဇနီးမောင်နှံတို့သည် ဘုရားရှင်အား ဖူးမြင်ရသောအခါ သားအရင်းသဖွယ် ချစ်ခင် ရင်းနှီးသည့်စိတ် ဖြစ်ပေါ်လာ၍ ဘုရားရှင်၏ခြေတော်ရင်း၌ ဦးခိုက်ကာ သား-ဘာကြောင့်များ မိဘနှစ်ပါးအား ဤမျှလောက် ကြာအောင် ပစ်ထားရပါသနည်းဟု တရင်းတနှီးပြောဆိုသည်။ ထိုဇနီး မောင်နှံတို့သည် ဘဝပေါင်းငါးရာ မိဘတော်စပ်ခဲ့ဖူး၍ဘထွေး၊ဘကြီး ဦးရီး၊ မိထွေး၊ မိကြီး၊ အရီးစသဖြင့် ဘဝပေါင်းငါးရာစီ ဆွေမျိုးရင်းချာ တော်စပ်ခဲ့ကြဖူးသောကြောင့် သား ဟူသောအမှတ်ဖြင့် လေးမြတ်ချစ်ခင်သောစိတ် ဖြစ်ကြောင်း ဟောကြားတော်မူ၏။ တရားအဆုံးတွင် နကုလပိတာနှင့် နကုလမာတာတို့သည် သောတာပန်ဖြစ်ကြသည်ဟု အင်္ဂုတ္တရနိကာယ် အဋ္ဌကထာတွင် ဖော်ပြထား၏။

 အခါတစ်ပါးက နံနက်ဆွမ်းခံချိန်တွင် ဘုရားရှင်သည် နကုလ ပိတာသူကြွယ် အိမ်သို့ ကြွရောက်တော်မူ၏။ထိုအခါ ဇနီးမောင်နှံတို့က မိမိတို့သည် ငယ်ရွယ်စဉ်ကပင်  ထိမ်းမြား လက်ထပ်ခဲ့ကြပြီး တစ်ပါးသူတို့အား ကိုယ်ဖြင့် မဆိုထားဘိ စိတ်ဖြင့်ပင် မလွန်ကျူးခဲ့ကြဖူးဘဲ တစ်ဦးအပေါ်တစ်ဦး သစ္စာရှိကြောင်း၊ ယခုဘဝတွင်သာမက နောင်ဘဝများတွင်ပါ ပြန်လည် ဆုံဆည်းကြလိုကြောင်း လျှောက်ထားကြသည်။ နကုလပိတာတို့ ဇနီးမောင်နှံ၏ အာသီသကို ဗုဒ္ဓက ကဲ့ရဲ့ဝေဖန်ခြင်းမပြုဘဲ သမာဇီဝီခေါ် အတူတကွ မျှတစွာ နေထိုင်ရနိုင်မည့် အကျင့်လေးမျိုးကို ဟောကြားတော်မူခဲ့သည်။
(၁) သမ္မသဒ္ဓါ- တူမျှသော ယုံကြည်ခြင်း
(၂) သမသီလာ-တူမျှသောအကျင့်သီလ
(၃) သမစာဂ-တုမျှသောစွန့်ကြဲ ပေးကမ်းမှု
(၄) သမပညာ-တူမျှသော အသိပညာ။
 ဤသို့သော အချက်လေးချက် တူမျှအောင် အားထုတ်ပါက ယခု မျက်မှောက်ဘဝတွင် သာမက တမလွန်ဘဝ၌ပင် အတူတကွ ဆုံဆည်းကြရမည်ဟု ဟောကြားတော်မူ၏။
 ဗုဒ္ဓဝါဒ၏  အဓိကပန်းတိုင်သည် သတ္တဝါတို့အား သံသရာဝဋ် ဆင်းရဲမှ ကယ်ထုတ်ရန်ဖြစ်သည့် အားလျော်စွာ ဘဝကို တောင့်တခြင်းအား ဗုဒ္ဓမြတ်စွာက ချီးမွမ်းပြော ဆိုလေ့မရှိသည့်တိုင် နကုလပိတာတို့ ဇနီးမောင်နှံ၏ ရာသက်ပန်ရိုးမြေကျ ပေါင်းသင်းလိုရုံမက နောင်ဘဝများတွင် ပြန်လည်ဆုံဆည်းလိုသည့်  ဆန္ဒအား ပစ်ပယ်ငြင်းဆန်ခြင်းမပြုခဲ့ပါ။ လူ့ဘောင်ဘဝထဲတွင် အေးချမ်း  သာယာစွာ နေထိုင်နိုင်မည့်အကျင့်များ၊တမလွန်ဘဝ ကောင်းစားမည့် အကျင့်များကိုလည်း နာကြားသူတို့ ၏စရိုက်နှင့်အာသယအလိုက်ဟော ကြားတော်မူလေ့ရှိပါသည်။ 
 ဒီဃနိကာယ် သိင်္ဂလောဝါဒသုတ်၌လည်း လင်ကျင့်ဝတ်၊မယား ကျင့်ဝတ်တို့ကို ဟောကြားဖူးပါ သည်။ 
 မထီမဲ့ကင်း၊ အပ်နှင်းဥစ္စာ
 မိစ္ဆာမမှား၊ ဝတ်စားဆင်ယင်
 မြတ်နိုးကြင်
 ငါးအင်လင်ကျင့်ရာ။
 
 အိမ်တွင်းမှုလုပ်၊ 
 သိမ်းထုပ်သေချာ၊
 မိစ္ဆာကြဉ်ရှောင်၊ 
 လျော်အောင်ဖြန့်ချိ
 ပျင်းရိမမူ၊ ဝတ်ငါးဆူ
 အိမ်သူကျင့်အပ်စွာ။

 ထို့အတူပင်  နကုလမာတာ အားလည်း မယားကောင်းတို့၏ အကျင့် (၈)မျိုးကို ဟောကြားထားဖူးပါသည်။
(၁)ခင်ပွန်းသည်၏ ရှေးဦးစွာ နိုးထ ၍ နောက်ကျမှ အိပ်ခြင်း၊ အလိုက် သိစွာနာခံခြင်း၊ နှစ်သက်ဖွယ် အမူအကျင့်ရှိ၍ ချိုသာစွာပြောဆိုခြင်း၊
(၂) မိမိ၏ခင်ပွန်း လေးစားသော မိဘ၊ ရဟန်း၊ ပုဏ္ဏားတို့အား အရို အသေ အလေးအမြတ်ပြုခြင်း၊
(၃) အိမ်တွင်းမှု ကိစ္စများတွင် ကျွမ်းကျင်လိမ္မာခြင်း၊
(၄)အလုပ်သမားအစေခံတို့ အလုပ်လုပ်သည် မလုပ်သည်၊ ကျန်းမာ ရေးကောင်းသည် မကောင်းသည် ကို သိနားလည်ခြင်း၊ စားသောက် ဖွယ်ရာတို့ကိုခွဲဝေပေးခြင်း၊
(၅)ခင်ပွန်းသည်၏ငွေကြေး၊ပစ္စည်း ဥစ္စာတို့အား မခိုးမဝှက်မပျက်စီးစေဘဲ လုံခြုံအောင် ထိန်းသိမ်းခြင်း၊
(၆) ဘုရား၊ တရား၊ သံဃာတို့ကို ကိုးကွယ်ဆည်းကပ်ခြင်း၊
(၇) ငါးပါးသီလကို လုံခြုံအောင် စောင့်စည်းခြင်း၊
(၈) ဝန်တိုမှုကင်း၍ စွန့်ကြဲပေးကမ်း တတ်ခြင်း၊
 ဤသို့သော မယားကောင်းတို့ ၏အကျင့်(၈)ပါးတို့နှင့် ပြည့်စုံပါက  သေလွန်လျှင် မနောမယိကာ ခေါ် မိမိ စိတ်အလိုကျ ဖြစ်စေနိုင်သော နိမ္မာနရတိနတ်သမီးအဖြစ် ရောက် စေနိုင်သည်ဟု ဟောကြားတော်မူ ခဲ့သည်။

 နကုလပိတာတို့ ဇနီးမောင်နှံ သည် မိမိတို့အချင်းချင်းသော်လည်းကောင်း၊ ဘုရားရှင်အပေါ်၌သော်လည်းကောင်း ဂေဟဿိတ ပေမခေါ် မိသားစုအချစ်သံယောဇဉ် ကြီးမားလှသော်လည်း သံသရာ ဝဋ်ဆင်းရဲမှ လွတ်မြောက်ရေးကို လျစ်လျူရှုထားသူများ မဟုတ်ကြပါ။တစ်ခါက နကုလပိတာသည် ကိလေသာမှ မငြိမ်းအေးနိုင်ကြရသည့်  အကြောင်းရင်းအား ဘုရားရှင်ထံ မေးလျှောက်ခဲ့ဖူးသည်။
 နှစ်သက်မြတ်နိုးဖွယ်ကောင်းသော အဆင်း၊အသံ၊ အနံ့၊အရသာ၊ အတွေ့အထိ၊ အတွေးအကြံဟူသော အာရုံ (၆) ပါးတို့အား နှစ်သက်, စွဲလမ်း, ငြိတွယ်သည် ရှိသော် (အဘိ နန္ဒတိ၊ အဘိဝဒတိ၊ အဇ္ဈောသာယ တိဋ္ဌတိ) ထို အာရုံအား မှီကာ စွဲလမ်း ငြိတွယ်သော စိတ်(တံနိဿိတံ ဝိညာဏံဟောတိ တဒုပါဒါနံ) ဖြစ်သည်။ စွဲလမ်းမှု ဥပါဒါန်ရှိသော ရဟန်းအား ကိလေသာမှငြိမ်းအေးမှု သည်မဖြစ်။ (သဥပါဒါနံ ဘိက္ခုနော ပရိနိဗ္ဗာယတိ)။
 အာရုံခြောက်ပါးတို့အပေါ်တွင် စွဲလမ်းမှု ဥပါဒါန်ရှိက ငြိမ်းအေးမှု မရှိနိုင်ဟု ဗုဒ္ဓက ပြန်လည်ဖြေကြားခဲ့သည်။ ဤတွင် ဥပါဒါန် ဟူသော အဓိပ္ပာယ်သည် စွဲလမ်းငြိတွယ်မှုဟု ရသည့်နည်းအတူ တိုက်ရိုက်အားဖြင့် လောင်စာဟုလည်း အဓိပ္ပာယ်ရသည်။ လောင်စာ ရှိနေသ၍ မီး မငြိမ်းဟုလည်း တင်စားဟောကြားခဲ့ခြင်းဖြစ်သည်။
 ဤတရားတော်မျိုးသည် ကိလေသာထူသော ပုဂ္ဂိုလ်များ နားလည်သက်ဝင်နိုင်သည့် တရား ဒေသနာမျိုး မဟုတ်ပါ။

 တစ်ခါကလည်း နကုလပိတာ သည် ဘုရားရှင်ထံချဉ်းကပ်၍ ဤသို့ လျှောက်ထား၏။
 “အရှင်ဘုရား၊ တပည့်တော်သည် အိုမင်း၍ ဘဝ၏နောက်ဆုံး အရွယ်သို့ ရောက်နေပါပြီ၊ နာကျင် နှိပ်စက်သောကိုယ် ရှိသည် ဖြစ်၍ မကျန်းမမာ ရှိပါ၏။ ဘုရားရှင်နှင့် တကွ ကြည်ညိုဖွယ်ကောင်းသည့် ရဟန်းတော်တို့အား အမြဲတစေမဖူး မြင်နိုင်တော့ပါ။ တပည့်တော်အား အဓွန့်ရှည်ကြာစွာ အကျိုးရှိစေနိုင်မည့် တရားတော်များအား ဟော ကြားဆုံးမတော်မူပါ”
 “သူကြွယ်၊ မှန်ပေ၏။ဤကိုယ် သည် နာကျင် နှိပ်စက်သည်သာတည်း။ ဤကိုယ်သည် (ကွဲလွယ်သော)ဥခွံကဲ့သို့ ဝန်လေးလှသည်။ ဤကိုယ်ကို ဆောင်ထားပါလျက် တစ်ခဏမျှပင် ဖြစ်စေ ကျန်းမာသည် ဟုဝန်ခံသူသည် မိုက်မဲသူသာဖြစ်၏။ သူကြွယ်၊ ထို့ကြောင့် နာကျင်သောကိုယ်ရှိသော ငါ့အား နာကျင် ခြင်းကင်းသောစိတ် ရှိသည် ဖြစ်လတံ္တ့။ (အာတုရာကာယဿ မေ သတော စိတံ္တ အနာတုရံ ဘဝိဿတိ) ဟု ကျင့်အပ်၏။
 ကိုယ်သာ နာ၍ စိတ်မနာစေနှင့်ဟူသော အဆုံးအမ၏ အနက်အဓိပ္ပာယ်အား အရှင်သာရိပုတ္တရာ မထေရ်မြတ်က အကျယ်ဆက်လက် ဟောကြားတော်မူခဲ့ပါသည်။ ခန္ဓာ ငါးပါးအား ငါ့ဟာ, ငါဟူ၍ တဏှာ, မာနတို့ဖြင့် တပ်ငြိစွဲလမ်းနေပါက ထိုခန္ဓာငါးပါးတို့ ဖောက်ပြန်ပြောင်းလဲသောအခါတွင် စိုးရိမ်ပူပန်ခြင်း၊ စိတ်ဆင်းရဲခြင်းတို့ ဖြစ်ကြရသည်။  ကိုယ်ဆင်းရဲသာမက စိတ်ဆင်းရဲပါ ဖြစ်ရသဖြင့် မြားတစ်စင်း စူးဝင်ပြီးသူအား နောက်ထပ် မြားတစ်စင်း ထပ်မံစူးဝင်သည်နှင့်တူသည်။ ခန္ဓာငါးပါးအား ငါ့ဟာ, ငါဟူ၍ တပ်ငြိ စွဲလမ်းခြင်းမရှိပါက ထိုခန္ဓာငါးပါးတို့ ဖောက်ပြန်ပျက်စီးသောအခါ စိုးရိမ်ပူပန်ခြင်း၊ စိတ်ဆင်းရဲခြင်း မဖြစ် တော့။ နာကျင်သောကိုယ် ရှိသော်လည်း စိတ်နာကျင်ခြင်း မရှိတော့။ ကိုယ်ဆင်းရဲခြင်းဟူသော မြား တစ်စင်းစူးဝင်သော်လည်း နောက်ထပ် မြားတစ်စင်း အစူးဝင် မခံရတော့။ ကိုယ်သာ နာ၍ စိတ်မနာစေနှင့်ဟူသော အဆုံးအမသည် ခန္ဓာငါးပါးအား ငါ့ဟာ, ငါဟူ၍ စွဲလမ်းတပ်မက် ခြင်း မဖြစ်စေရန် အဆုံးအမဖြစ်လေသည်။

 အထက်ပါ သုတ္တန်ဒေသနာအရ နကုလပိတာသည် ဘဝ၏ နောက်ဆုံးအချိန်၌ သေခြင်းတရား ကို ရဲဝံ့စွာ ရင်ဆိုင်ရန် ပြင်ဆင်နေ ကြောင်းသိနိုင်ပါ၏။ ဇနီးသည်     နကုလမာတာသည် လင်သားအပေါ် အလွန်အချစ်ကြီးသည် မှန်သော်လည်း မိမိကိုယ်တိုင် ဘာသာတရား အသိတို့ဖြင့် ဖြေဆည်နိုင်ရုံသာမက မိမိ၏ ခင်ပွန်းအားလည်း အသေ ဖြောင့်စေနိုင်ရန် အားပေးစကား ပြောကြားတတ်သည်။ 
 တစ်ခါက နကုလပိတာသည် အသည်းအသန် နာမကျန်းဖြစ်နေသောအခါ -
 “သူကြွယ်၊ သင်သည် ငဲ့ကွက်ခြင်းရှိသည်ဖြစ်၍ မသေပါလင့်၊ ငဲ့ကွက်ခြင်းရှိသည် ဖြစ်၍ သေခြင်းသည် ဆင်းရဲ၏။ဘုရားရှင်ကလည်း ငဲ့ကွက်ခြင်းရှိသည်ဖြစ်၍ သေခြင်းကို ကဲ့ရဲ့ တော်မူ၏” ဟူ၍ လင်သား စိတ်အေးစေမည့် အချက် (၆)ချက် ကို ပြောကြား၏။
(၁) ငါသေလျှင် အိမ်ရှင်မ နကုလ မာတာသည် သားသမီးများကို ကျွေးမွေး စောင့်ရှောက် နိုင်မည် မဟုတ်။ အိမ်ထောင်မှုကို ထိန်းသိမ်းနိုင်မည် မဟုတ်ဟူ၍ မမှတ်ပါလင့်။ ကျွန်မသည် ဗိုင်းငင်ခြင်း၊ သိုးမွေး ချည်ခင်တို့ကို ဖြီးသင်ခြင်းတို့၌ ကျွမ်းကျင် လိမ္မာ၏။ ကျွန်မသည် သားသမီးတို့ကို ကျွေးမွေး စောင့်ရှောက်နိုင်ပါသည်။အိမ်ထောင်မှုကို ထိန်းသိမ်းနိုင်၏။
(၂) ငါသေလျှင် အိမ်ရှင်မ နကုလမာတာသည် အခြားအိမ်ထောင်ပြု လိမ့်မည်ဟု မမှတ်ပါလင့်။ ကျွန်မတို့သည် လွန်ခဲ့သည့် ၁၆-နှစ်က စ၍ လူတို့၏ဗြဟ္မစရိယအကျင့်ကို ကျင့် သုံးခဲ့ကြသည်ကို သင်လည်းသိသည် ကျွန်မလည်း သိသည်ဖြစ်၏။
(၃) ငါသေလျှင် အိမ်ရှင်မ နကုလမာတာသည် မြတ်စွာဘုရားနှင့် ရဟန်းသံဃာတို့အား ဖူးမြော်လို စိတ် ဖြစ်လိမ့်မည်မဟုတ်ဟု မမှတ်ပါလင့်။ မြတ်စွာဘုရားနှင့် ရဟန်း သံဃာတို့အား ပို၍ပင် ဖူးမြော်လိုပါလိမ့်မည်။
(၄) ငါသေလျှင် အိမ်ရှင်မ နကုလမာတာသည် အကျင့်သီလတို့ကို ဖြည့်ကျင့်ဆည်းပူး လိမ့်မည် မဟုတ်ဟု မမှတ်ပါလင့်။ကျွန်မသည် အကျင့်သီလတို့ကို ဖြည့်ကျင့်ဆည်းပူးလေ့ ရှိသော ဥပါသိကာမတို့တွင် တစ်ဦး အပါအဝင်ဖြစ်ပါသည်။ ဤအချက်အား သံသယရှိပါက မြတ်စွာဘုရားရှင်အား မေးလျှောက်နိုင်ပါသည်။ 
(၅) အိမ်ရှင်မ နကုလမာတာသည် မိမိ၏အတွင်းစိတ် ငြိမ်းအေးမှု (အဇ္ဈတံ္တ စေတော သမထဿ သာ) ရရှိသူ မဟုတ်သေးဟု မမှတ်ပါလင့်။ ကျွန်မသည် မိမိ၏အတွင်းစိတ်    ငြိမ်းအေးမှုရရှိကြသော ဥပါသိကာမတို့တွင် တစ်ဦးအပါအဝင်ဖြစ်ပါသည်။ ဤအချက်အား သံသယ ရှိပါက မြတ်စွာဘုရားရှင်အား မေးလျှောက်နိုင်ပါသည်။
(၆) အိမ်ရှင်မ နကုလမာတာသည် ဤ သာသနာ၌ သက်ဝင်ရာ၊ ထောက်တည်ရာ၊ သက်သာရာရရှိ သည် (ဩဂါဓပ္ပတ္တာ ပတိဂါဓပ္ပတ္တာ အဿာသပ္ပတ္တာ) မဟုတ်သေးဟု  မမှတ်ပါလင့်။ ကျွန်မသည် ဤ  သာသနာ၌ သက်ဝင်ရာ ထောက်တည်ရာ သက်သာရာရရှိ ကြသော ဥပါသိကာမတို့တွင် တစ်ဦး အပါအဝင် ဖြစ်ပါသည်။ ဤအချက် အား သံသယရှိပါက မြတ်စွာ ဘုရားအား မေးလျှောက်နိုင်ပါသည်။
  ဤသို့ နကုလမာတာ၏ အားပေးဆုံးမစကားကို ကြားရသောအခါ နကုလပိတာ၏ ရောဂါဝေဒနာသည် ခဏချင်း သက်သာလာ၏။ 
 ရောဂါပျောက်ကင်းပြီး မကြာမီတွင် နကုလပိတာသည် တောင်ဝှေး ဖြင့် ထောက်ကာ ဘုရားရှင်ထံသို့ သွားရောက်၏။ ဘုရားရှင်က  နကုလမာတာ၏ သီလ, သမာဓိ, ပညာ အဆင့်အတန်းတို့ကို ထောက်ခံပြောဆိုကာ ချီးမွမ်းစကား မိန့်ကြားတော်မူ၏။
 “သူကြွယ်၊ သင့်အား ချစ်ခင် ကြင်နာ၍ သင်၏ အကျိုးစီးပွားကို လိုလားကာ အားပေး ဆုံးမတတ်သော ဇနီးသည် နကုလမာတာကို  ရရှိထားခြင်းသည် အရတော်လှပေ၏။”
 သံယောဇဉ်တို့ကို ပယ်သတ်၍ ကိလေသာတို့ကို ငြိမ်းအေးစေမည့် ဗုဒ္ဓ၏ အဆုံးအမလမ်းစဉ်သည် အိမ်ရာထူထောင် လူတို့ဘောင်နှင့် ဖြောင့်ဖြောင့်ဆန့်ကျင်နေ သော်လည်း အိမ်ထောင်သည်ဘဝဖြင့် နိဗ္ဗာန်ရောက်ကြောင်းအကျင့်တို့ကို(အတိုင်းအတာ တစ်ခုအထိ) ကျင့်ကြံပွားများနိုင်ကြောင်း နကုလပိတာနှင့်နကုလမာတာတို့၏ စံပြအိမ်ထောင် ရေးက သာဓကပြုနေပါသည်။
(Great Disciples of the Buddha) စာအုပ်ပါ ကောက်ကြောင်းအား မှီး ၍ နကုလပိတာနှင့် နကုလမာတာတို့အား ဟောကြားခဲ့သည့် သုတ္တန် ဒေသနာများအား စုစည်း တင်ပြထားခြင်း ဖြစ်ပါသည်။)
၁။ ဇာတ်တော်အမှတ်-၂၃၇၊ ဒုက နိပါတ်၊ဥပါနဟဝဂ်၊သာကေတဇာတ်
၂။ အံ-၁-၂၅၇၊ အင်္ဂုတ္တရနိကာယ်၊ ဧကတနိပါတ်၊ ဧတဒဂ္ဂဝဂ်၊နကုလ ပိတာသုတ်-အဖွင့်အဋ္ဌကထာ၊
၃။ သံ-၃-၁၊ ခန္ဓဝဂ္ဂသံယုတ္တပါဠိ တော်၊ခန္ဓသံယုတ်၊ နကုလပိတုဝဂ်၊ နကုလပိတုသုတ်-အဖွင့်အဋ္ဌကထာ
၄။ အံ-၄-၅၅၊ အင်္ဂုတ္တရနိကာယ်၊ စတုကနိပါတ်၊ ပုညာဘိသန္နဝဂ်၊      ပဌမသမဇီဝိသုတ်
၅။ အံ-၈-၄၈၊ အင်္ဂုတ္တရနိကာယ်၊ အဋ္ဌကနိပါတ်၊ ဥပေါသထဝဂ်၊      နကုလမာတာသုတ်
၆။ သံ-၄-၁၃၁၊ သဠာယတနဝဂ္ဂ သံယုတ်ပါဠိတော်၊ သဠာယတန    သံယုတ်၊ ဂဟပတိဝဂ်၊ နကုလပိတု သုတ်၊
၇။ သံ-၄-၂၅၄၊ သဠာယတနဝဂ္ဂ သံယုတ်ပါဠိတော်၊ဝေဒနာသံယုတ်၊ သဂါထာဝဂ်၊ သလ္လသုတ်၊
၈။ အံ-၆-၁၆၊ အင်္ဂုတ္တရနိကာယ်၊ ဆက္ကနိပါတ်၊ သာရဏီယဝဂ်၊     နကုလပိတုသုတ်၊
၉။ Nyanaponika Thera & Hellmuth Hecker. Great Disciples of the Buddha Their lives, their works, their legacy
ဧရာ(မန္တလေး)

အပ္ပမာဒဓမ္မရသမဂ္ဂဇင်း
#Credit #မူရင်းစာရေးသူ ✍👸

သူမကောင်းလည်း ကိုယ်ကောင်းပါ

"သူမကောင်းလည်း ကိုယ်ကောင်းပါ "
═════════════════
❖ မြတ်စွာဘုရားက . . . လောကမှာတဲ့ ....

❖ တစ်ချို့လူတွေက . . .
ကိုယ့်အပေါ်မှာ ပတ်ဝန်းကျင်က ကောင်းလို့ 
ကိုယ်ကကောင်းနေတာ ။
ဆိုလိုတာက သူများတွေက တော်နေလို့ ကောင်းနေတဲ့ 
သူတော်ကောင်း ဖြစ်နေရတာ။

❖ တစ်ချို့ကျတော့ . . .
ကိုယ့်ပတ်ဝန်းကျင်က သိပ်ကောင်းတယ်လေ။ 
ပတ်ဝန်းကျင်က ကိုယ့့်အလိုအတိုင်းပြည့်နေတော့ 
သဘောကောင်းလိုက်တာ။ 
ပတ်ဝန်းကျင်အဆိုးနဲ့ တွေ့ရတဲ့အခါမှာ . . 
သဘောကောင်းသလား၊ မကောင်းဘူးလား? 
ဆိုတာကို ဆုံးဖြတ်ကြည့်ရမယ်။ 

❖ တစ်ချို့ကျတော့လည်း . . . 
တစ်စုံတစ်ခုရပြီးတော့ ဦးစားပေးခံနေရလို့ 
သဘောကောင်းနေတာလည်းရှိသေးတယ်။ 
ဦးစားပေးခံရလို့ သဘောကောင်းနေတာမျိုးဟာလည်း 
ရှိတတ်ပါတယ်။

❖ အဲဒီလိုပုဂ္ဂိုလ်မျိုးဟာ တကယ်သဘောကောင်းတာမျိုး 
မဟုတ်ပါဘူး။ 
ပတ်ဝန်းကျင်ကောင်းနေတာကြောင့့်ဆိုရင် 
တကယ်ယဉ်ကျေးတဲ့ ပုဂ္ဂိုလ်မျိုး မဟုတ်ဘူး။ 
" နိဝါတ" ဘယ်တော့မှ စိတ်မဆိုးတဲ့ပုဂ္ဂိုလ်မျိုး မဟုတ်ဘူး။ 
" ဥပသန ္တ" စိတ်နှလုံးငြိမ်းအေးတဲ့ ပုဂ္ဂိုလ်မျိုး မဟုတ်ဘူး။ 
❖ ငါဟာ တကယ်သဘောကောင်းတဲ့သူလား ?
ပတ်ဝန်းကျင်ကောင်းလို့ ကောင်းတာ၊ စိတ်မဆိုးတတ်တာလား ?
စိတ်ဆိုးစရာမရှိလို့ စိတ်မဆိုးတာလား ?
စိတ်ဆိုးစရာတွေ့ရင် စိတ်ဆိုးမှာပါလား ?

❖ ပတ်ဝန်းကျင်ကောင်းလို့ ငါကောင်းနေတာပါလား။
တကယ့်ကို ပတ်ဝန်းကျင်ကမကောင်းတဲ့ကြားမှာ 
ငါကောင်းအောင်နေနိုင်ရဲ့လား ?
ကိုယ့့်ကို ထော်လော်ကန့်လန့်လုပ်နေတဲ့ သူတွေရဲ့ကြားမှာ 
ကိုယ့့်စိတ်ကို ဘယ်လောက်ထိန်းနိုင်သလဲ ဆိုတာကို စဉ်းစားကြည့်ပါ။

......................................................................

မြတ်စွာဘုရားက လောကမှာတဲ့ ...

ပတ်ဝန်းကျင်က ကောင်းလို့ ကိုယ်က ကောင်းနေတာ ။ 
ဆိုလိုတာက သူများတွေက တော်နေလို့ 
ကိုယ်က ကောင်းနေတဲ့ သူတော်ကောင်း ဖြစ်နေရတာ ။

တစ်ချို့က တစ်စုံတစ်ခုရပြီး ဦးစားပေးခံနေရလို့ 
သဘောကောင်းနေတာ ။
အဲလို ပုဂ္ဂိုလ်မျိုးဟာ တကယ်သဘောကောင်းတာ မဟုတ်ပါဘူး။
ပတ်ဝန်းကျင်ကောင်းနဲ့ တွေ့နေလို့ ယဉ်ကျေးတဲ့ပုဂ္ဂိုလ် ဖြစ်နေတာ။

" နိဝါတ " - ဘယ်တော့မှ စိတ်မဆိုးတဲ့ ပုဂ္ဂိုလ်မျိုး မဟုတ်ဘူးတဲ့ ။
"ဥပသန္တ " - စိတ်နှလုံးအေးတဲ့ ပုဂ္ဂိုလ်မျိုး မဟုတ်ဘူး ။

ကိုယ့်ကိုယ်ကို ပြန်ပြီး စဉ်းစားကြည့်ပါ ။
- ငါဟာ တကယ်သဘောကောင်းတဲ့သူလား ?
- ပတ်ဝန်းကျင်ကောင်းလို့ စိတ်မဆိုးတတ်တာလား ?
- စိတ်ဆိုးစရာ မရှိလို့ စိတ်မဆိုးတာလား ?
- စိတ်ဆိုးစရာတွေ့ရင် စိတ်ဆိုးမှာလား ?
- ကိုယ့်စိတ်ကို ဘယ်လောက်ထိန်းနိုင်သလဲ ? ဆိုတာ 
စဉ်းစားကြည့်ပါ။

------------------------------------

ဒါကြောင့်မို့ မြတ်စွာဘုရားက ဒီသုတ္တန်ရဲ့ အစ ရှေ့ပိုင်းမှာ
သာဝတ္ထိပြည်မှာတဲ့ . . . .။

" ဝေဒေဟိကာ " ဆိုတဲ့ အိမ်ရှင်သူဌေးမကြီး တစ်ယောက် ရှိတယ်။ အဲဒီသူဋ္ဌေးမကြီးမှာ " ကာဠီ " ဆိုတဲ့ အိမ်စေ တစ်ယောက်ရှိတယ် ။

ကာဠီဟာ အရမ်းတော်တယ် ။ အိမ်ရှင်သူဌေးမကြီး ဘာမှ ပြန်ကြည့်စရာမလိုအောင် အိမ်မှုကိစ္စတွေအားလုံး အကုန်ဖြည့်ဆည်းလုပ်ကိုင်ပေးတယ်။

အဲဒီအခါ အိမ်ရှင်မကြီးဟာ နှလုံးအေးချမ်းတဲ့အတွက် ဒေါသထွက်တာ မရှိဘူး ။ ဒါကြောင့် ပတ်ဝန်းကျင်က အိမ်ရှင်သူဌေးမကြီးဟာ အလွန်စိတ်ကောင်းရှိတယ် ဆိုပြီး ချီးကျူးစကား ပြောဆိုကြတယ်။

အဲဒါကို ကာဠီဆိုတဲ့ ကျွန်မက စဉ်းစားတယ် ။
ငါတော်လို့ ငါကောင်းလို့ ငါလုပ်ပေးနေလို့ သူဌေးမကြီးက
ကောင်းနေတာလား ?
ငါမလုပ်ပဲထားရင် ငါ့အပေါ် သူကောင်းနိုင်ပါ့မလား ဆိုပြီး 
သူဌေးမကြီးရဲ့စိတ်ကို စမ်းသပ်တယ် ။

------------------------------------------------

နောက်တနေ့မနက်ကစပြီး ကာဠီဟာ အိပ်ယာမထဘူး။
သူဌေးမကြီးက နေမကောင်းလို့ အိပ်နေတာလား မေးတော့ 
မထချင်လို့  လို့ ပြန်ဖြေတယ် ။

သူဌေးမကြီး ဒေါသအနည်းငယ်ဖြစ်လာတဲ့အတွက် လေသံမာလာတယ်။ အဲဒီတစ်နေ့တော့ ဒီတိုင်း ထားလိုက်တယ် ။

နောက်တစ်နေ့ကျပြန်တော့လဲ မထပြန်ဘူး။ အိမ်ရှင်သူဌေးမဟာ ဒေါသစိတ်ကနေ ကိုယ်ထိလက်ရောက် ဖြစ်လာပြီး ကာဠီကို ရိုက်နှက်တော့တယ် ။

ကာဠီရဲ့ခေါင်းကို ရိုက်မိပြီး သွေးထွက်လာတယ် ။
ဒီအခါ ကာဠီက အိမ်နီးချင်း ပတ်ဝန်းကျင်ကို လှည့်ပြီး . . .
" ဒီမှာ ကြည့်ကြပါဦး  , အရမ်းသဘောကောင်းပြီး စိတ်ထား ကောင်းတဲ့ , အရပ်က ချီးမွမ်းကြတဲ့ သူဌေးမကြီးရဲ့ ရက်စက်ပုံကို ကြည့်ပါ " ဆိုပြီး အော်တယ် ။

ကာဠီက ခေါင်းအကွဲခံပြီး စမ်းသပ်ခံတယ် ။

အဲဒီနေ့ကစပြီး သဘောကောင်းတဲ့ အိမ်ရှင်မဟာ ဆိုးတဲ့ အိမ်ရှင်မ ဖြစ်သွားတော့တယ် ။
---------------------------------------

ဒီနေရာမှာ အဋ္ဌာကထာဆရာကြီးက ရေးထားတာ မှတ်သားစရာ ကောင်းတယ် ။

၁ - " ဂုဏာ နာမ သဏိကံ အာဂစ်ဆန်တိ "
     ဂုဏ်ဆိုတာ ဖြည်းဖြည်းချင်း တက်လာတယ်။

၂ - " ဒေါသော ခဏေနေဝ ပတ္တယတိ"
     မကောင်းသတင်းကျတော့ ချက်ချင်း ပြန့်တယ် တဲ့ ။

ဂုဏ်တစ်ခုရဖို့ ဆိုတာ အချိန်အများကြီး လိုတယ် ။ 
လူတစ်ယောက် ဂုဏ်တက်လာဖို့ " ဝုန်း "  "ဒိုင်း " ဆိုပြီး 
တက်မလာဘူး ။

သို့သော် အပြစ်ကျတော့ မကောင်းသတင်းက ချက်ချင်းထွက်တယ်။
အဲဒီအချိန်ကစပြီးတော့ ဝေဒေဟိကာ သူဌေးမကြီးဟာ ဆိုးလိုက်တာ ဆိုးလိုက်တာ လို့ ဖြစ်လာတော့တာပဲ ။

ဒါကြောင့် မြတ်စွာဘုရားက ဘယ်လိုဟောသလဲ ဆိုရင်  -
သူများတော်နေလို့ , ကောင်းနေတဲ့အကောင်းမျိုး မဖြစ်စေနဲ့တဲ့ ။
ပင်ကိုယ်က ကောင်းအောင်ကျင့်ပါ . . .လို့ ဒီလို ဟောတယ် ။

ပင်ကိုယ်က ကောင်းနေလို့ရှိရင် ဒီလို ရိုက်နှက်သည်အထိ 
ဘယ်ဖြစ်မလဲ ။
-----------------------------------

အဲဒီနောက်မှာ မြတ်စွာဘုရားက  - 
လောကမှာ လူတွေဟာ အချင်းချင်း ဆက်ဆံကြတဲ့အခါ
- မဟုတ်မမှန် ပြောတာတွေလည်း ရှိချင်ရှိမယ် ။
- ရိုင်းရိုင်းပြပြ ပြောတာတွေလည်း ကြုံရမယ် ။
- ကျိုးကြောင်းဆီလျော်မှု မရှိတာတွေလည်း ပြောတာတွေ ကြုံရမယ်။
- အဲလိုကြုံလာခဲ့လို့ရှိရင် မြတ်စွာဘုရားက အဲဒီစကားမုန်တိုင်းတွေကို 
   ဘာနဲ့ ခံယူမလဲတဲ့ ။
-  " မတ်ေတာ " နဲ့ ခံယူပါ တဲ့။
- အဲဒီနေရာမှာ မေတ္တာနှလုံး အစဉ်သုံးလို့ ပြောတာနော် ။

 "ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ"
( မေတ္တာနှလုံးအစဉ်သုံး ၊ စာ- ၁၈- ၂၄ ) မှ ကောက်နုတ်ပူဇော်ပါ၏

   

★ _/\\_ သဗ်ဗဒါနံ ဓမ်မဒါနံ ဇိနာတိ၊ _/\\_ ★

❖ မေတ္တာဖြင့် ဓမ္မဒါန မျှဝေပူဇော်ပါသည်။
crd

သေခါနီးလူကိုအားပေးစကားပြောကြားနည်း

🙏#သေခါနီးလူကို 
#အားပေးစကားပြောနည်း(၄)နည်း

လူတွေဟာ အနေတတ်ဖို့ လိုသလို အသေတတ်ဖို့ လိုသေးတယ်တဲ့။

ဒါကြောင့်"မြတ်စွာဘုရား"က ဒီ"သုတ္တန်"မှာ"အနေတတ်ဖို့ လိုသလို အသေတတ်ဖို့ လိုသေးတယ်တဲ့။

အေး•••••••
နေမကောင်း ထိုင်မသာဖြစ်ပြီးတော့
ရောဂါ ဝေဒနာဖြစ်နေတဲ့
ပညာရှိတဲ့ ပုဂ္ဂိုလ် တစ်ယောက်ကို
ပညာရှိတဲ့ မိတ်ဆွေ တစ်ယောက်က
အားပေးစကား ပြောသင့်တယ်။

အကျိုးရှိလို့ ပြောတာ
အားပေးစကား ပြောရမှာ။

မြန်မာပြည်မှာ တချို့သေငယ်ဇောနဲ့ မျောနေတဲ့ လူ တစ်ယောက်ကို အားပေးစကားမပြောပဲနဲ့။

"ဘဏ်စာအုပ်
ဘယ်နားထားခဲ့လဲလို့ မေးတယ်။

လက်ကောက်တို့ စိန် နားကပ်တို့ 
ဘယ်နားမှာ ထားတုန်းလို့ မေးရင်
သေတဲ့လူ အသေဖြောင့်ပါ့မလား?

ဘုန်းကြီးတွေလည်း
ပျံလွန်တော်မူခါနီးရင် ကျောင်းကို
ဘယ်သူ့အပ်ခဲ့မှာတုန်းက လာသေးတာ။

အဲဒါ အားပေးစကားဖြစ်ပါ့မလား
မတူဘူး တွန်းလွှတ်တာနဲ့တူနေတယ်
အဲ့ဒါမျိုး မဖြစ်သင့်ဘူး"တဲ့။

တကယ်က"အားပေးစကား"ပဲပြောရမယ်။

ဒါဖြင့်...အားပေးစကားပြောရမယ်ဆိုရင်
ဘယ်လို အားပေးစကားပြောရမလဲ?
ဆိုတော့...

အချက် (၄)ချက်နဲ့ပြောရမယ်။
လူ ဥပသကာကို 
ဒီ အချက် (၄)ချက်နဲ့ ပြောရမယ်။

(၁)မင်းမှာ ဘုရားအပေါ်မှာ
နှစ်နှစ်ကာကာ အသိဥာဏ်နဲ့
ဘုရားအပေါ်မှာ ယုံကြည်တဲ့
သဒ္ဓါတရားတွေရှိနေတယ်
ဘာမှ ကြောက်စရာမလိုဘူး။

စိတ်အေး လက်အေး နေနိုင်တယ်
မကောင်းတဲ့ဘဝ ဘယ်တော့မှမရောက်ဘူး။
အဲဒါတွေကကယ်သွားလိမ့် မယ်
ဒါလေးကို အားကိုး။

ဘယ်လိုအားပေးတာလဲဆိုတော့...
"မြေအိုးကိုခွဲ၍
ရွှေအိုးကြီးကို ရယူသလိုပဲ"တဲ့။

၂။ နောက်တစ်ချက်က...
"ဘာမှအားမငယ်နဲ့
မင်းမှာ ဓမ္မအပေါ်မှာ ယုံကြည်တဲ့
အသိဥာဏ်သက်၀င်တဲ့
သဒ္ဓါတရား"တွေရှိတယ်။

ဓမ္မကို နှစ်နှစ်ကာကာ ယုံကြည်တယ်
မြတ်စွာဘုရား ဟောတဲ့ တရားသည် ဘယ်တော့မှ လွဲမှားတာ မရှိဘူး။

ကုသိုလ်ကောင်းမှုလုပ်တဲ့ ပုဂ္ဂိုလ်ဟာ
အားငယ်စရာ ဘာတစ်ခုမှ မရှိဘူး။

ကုသိုလ်တွေက ကြိုနေကြမှာ
ဘယ်ဘုံကို သွားသွား ကိုယ်လုပ်ထားတဲ့ ကုသိုလ်တွေ ကိုယ့်ရင်ထဲ နှလုံးထဲမှာ စိတ်ဓာတ်ထဲမှာ ဖြူစင်ပြီးတော့
ကုသိုလ်တွေက ကိုယ့်ကို ကြိုနေကြမှာ။

ကောင်းတာတွေ လုပ်တဲ့
အချိန်ကစပြီးတော့
နှလုံး သွင်းလိုက်မယ် ဆိုရင်
စိတ်ဟာ ကြည်နူးဖွယ် ဖြစ်တယ်။

၃။နောက်တစ်ခု အားပေးစကားက...

ဘာမှ မပူနဲ့
စိတ်ထဲမှာ အားတင်းထား
မင်းမှာ ကိုယ်ကျင့်တရားတွေရှိနေတယ်
ငါးပါးသီလဘယ်တော့မှ
မဖောက်ဖျက်ဘူး လုံခြုံတယ်။

ဟိုတုန်းက မလုံခြုံတောင်
ခုဆောက်တည် လိုက်ရင် လုံခြုံသွားပြီ။

ဟိုတုန်းက မလုံခဲ့လို့ 
ခု အိပ်ယာထဲ လှဲနေချိန်မှာ
ငါးပါးသီလ ဖောက်ဖျက်တာ ရှိသေးလား?

ကိုယ်မှ သေငယ်ဇောနဲ့ မျောနေတာ
ခြင်လေးတွေ ဘာတွေ သတ်ဦးမလား?

စိတ်ဟာ မကောင်းတာတွေနဲ့
ဘယ်လိုပဲ လုပ်ခဲ့လုပ်ခဲ့
ကောင်းတာတွေ လုပ်တဲ့ အချိန်ကစပြီး
ဆာက် တည် လိုက်မယ်ဆိုရင်
စိတ်ဟာကြည်နူးဖွယ်ဖြစ်တယ်။

ကိုယ့်သီလ လေးကို အာရုံပြု
တစ်ချိန်တစ်ခါတုန်းက"ငါးပါးသီလ"လေး
ချိုး ဖောက်ခဲ့ ပေမယ့်လို့
ဒီအချိန်မှာမချိုးဖောက်ဘူးလို့
နှလုံး သွင်းလိုက်မယ်"ဆိုရင်
နှလုံးသွင်းလိုက်တာနဲ့
ချက်ချင်း ကုသိုလ်က ဖြစ်လာတာ။

၄။ဘာဆက်ပြောရမလဲဆိုတော့...

လူတွေဆိုတာ
အတွယ်အတာလေးတွေ ရှိတတ်တယ်။

ဥပမာ မယ်….မိဘတွေ ဆို ရင်
သားသမီးတွေ အပေါ်မှာ တွယ်တာတယ်။

အိမ်ထောင်ဦးစီးတွေဆိုရင်
သား မယားတွေ အပေါ်မှာ တွယ်တာတယ်။

အဲဒီအခါ ကျရင်ပြောတဲ့
မိဘတွေ အပေါ်မှာ တွယ်တာသလား
မတွယ်တာဘူးလား ဆိုတဲ့
စိတ်ရှိသလား၊မရှိဘူးလားမေးတဲ့။

ရှိနေသေးတယ်ဆိုရင်
အဲဒီ တွယ်တာတဲ့စိတ်ကို မထားပါနဲ့တဲ့။

"သတ်တဝါ"ဆိုတာ-
ကိုယ့်ကံနဲ့ ကိုယ့် လာတာ။
တွယ်တာပြီးတော့ မနေပါနဲ့တဲ့။

တွယ်တာနေလဲ သေမှာပဲ။
မတွယ်တာနေလဲ သေမှာပဲတဲ့။

သေမှာ အတူတူတော့
တွယ်မနေပါနဲ့လို ပြောရမယ်•••••။။။
-------------------------
🙏ကျေးဇူးတော်ရှင် ပါမောက္ခချုပ်
ဆရာတော်ဒေါက်တာ နန္ဒမာလာဘိဝံသ
Admin {ပဋ္ဌာန်းပူဇော်ကြသူများ}

Credit to original uploader. 

Sunday, October 18, 2020

လောကဓံတွေရင်ဆိုင်ရတဲ့အခါ

လောကဓံတွေရင်ဆိုင်ရတဲ့အခါ
<><><><><><><><>
တစ်ခါတုန်းက မြတ်စွာဘုရားရှင်ဟာ ဝေရဉ္ဇဆိုတဲ့ပုဏ္ဏားကြီးရဲ့ ပင့်ဖိတ်မှု့ အရ ဝေရဉ္ဇာပြည်မှာ ဝါဆိုဖြစ်ပါတယ်။

တိုက်တိုက်ဆိုင်ဆိုင်ပါပဲ၊ မြတ်စွာဘုရား ဝါဆိုတဲ့ 
နှစ်မှာပဲ ဝေရဉ္ဇာပြည်ဟာ ဒုဗ္ဘိက္ခန္တရကပ် ဆိုက်ရောက်ပါတော့တယ်။ လူတွေငတ်မွတ်ပြီဆိုတော့ ရဟန်းတွေလည်း ဆွမ်းခံလို့မရတော့ပါဘူး။

အဆိုးထဲက အကောင်းတစ်ခု ဝင်လာတာကတော့ဥတ္တရာပထတိုင်းက မြင်းကုန်သည်တွေ မြင်းငါးရာနဲ့
ဝေရဉ္ဇာပြည်မှာ တစ်ဝါတွင်းလုံးလာပြီး 
စတည်းချတာပါပဲ။

ရဟန်းတော်တွေဟာ ဝေရဉ္ဇာပြည်ထဲမှာ ဆွမ်းခံဖို့ အခက်အခဲတွေ့တော့ မြင်းကုန်သည်တွေဆီသွားပြီး ဆွမ်းခံပါတယ်။ မြင်းကုန်တွေလည်း သဒ္ဓါတရား
မညံ့ပါဘူး။ ဒါပေမယ့် မုယောဆန်ကြမ်းကြမ်းကိုပဲလောင်းနိုင်ရှာပါတယ်။

မြတ်စွာဘုရား အပါအဝင် ရဟန်းတော်တွေ အားလုံးဟာ မုရောဆန်ကြမ်းကြမ်းကိုပဲ နေ့စဉ် ဘုဉ်းပေးနေရပါတယ်။ မြတ်စွာဘုရား မုရောဆန်ကြမ်းကို ဘုဉ်းပေးနေရတော့ အရှင်မဟာမောဂ္ဂလန်က မကြည့်ရက်တော့ပါဘူး။ ဒါကြောင့် မြတ်စွာဘုရားဆီ ဝင်လျှောက်ရပါတယ်။

မြတ်စွာဘုရား...ဝေရဉ္ဇာပြည်ဟာ ဒုဗ္ဘိက္ခန္တရကပ်ဆိုက်
ပြီး ရဟန်းတော်တွေ ဆွမ်းအခက်အခဲတွေ့ နေရပါတယ်ဘုရား၊ မြေကြီးရဲ့  အောက်ပြင်မှာ ပြားသကာလို
ချို မြိန်တဲ့ မြေဆီမြေနှစ်တွေ ရှိနေပါတယ်ဘုရား၊ မြေကြီးကို ဘုရားတပည့်တော် ပြောင်းပြန်လှန်လိုက်ပါ့မယ်ဘုရား။

ချစ်သားမောဂ္ဂလာန် ဒါဆိုမြေကြီးအောက်မှာတည်နေတဲ့ သတ္တဝါတွေကို ဘယ်လိုလုပ်မလဲ၊ ဘုရားတပည့်တော် လက်တစ်ဖက်ကို မြေကြီးဟန် 
ဖန်ဆင်းပြီး အဲဒီဖန်ဆင်းထားတဲ့ မြေကြီးပေါ်မှာ နေစေပါ့မယ် ဘုရား။

ချစ်သားမောဂ္ဂလာန်...သင်ဒါတွေကို မနှစ်သက်နဲ့၊
ဖောက်ပြန်ခြင်းဆိုတဲ့ လောကဓံတရားကို သတ္တဝါတိုင်းကြုံ ရမှာပဲ၊ဒါဆို မြောက်ကျွန်းကို ဆွမ်းခံကြရင်ကောဘုရား၊ ချစ်သား မောဂ္ဂလာန်... 
သင် ဒါလည်းမနှစ်သက်ပါနဲ့။

အရှင်မောဂ္ဂလာန်က ဘယ်လောက်ပဲလျှောက်လျှောက် မြတ်စွာဘုရားရှင်က လက်မခံခဲ့ပါဘူး။
လောကဓံဆိုးကို ရှောင်လွှဲခွင့်ရနိုင်ပေမယ့် မရှောင်လွှဲဘဲ တစ်ဝါတွင်းလုံး မုယောဆန်ကြမ်းကိုပဲ သည်းခံဘုဉ်းပေးခဲ့ပါတယ်။

ဆက်လက်၍ မြတ်စွာဘုရားရှင်က...

၁။ လာဘ    = လာဘ်ရခြင်း။
၂။ အလာဘ = လာဘ်မရခြင်း။
၃။ ယသ      = အခြွေအရံ ရှိခြင်း။
၄။ အယသ   = အခြွေအရံ မရှိခြင်း။
၅။ နိန္ဒာ       = ကဲ့ရဲ့ ခံရခြင်း။
၆။ ပသံသာ   = ချီးမွှမ်းခံရခြင်း။
၇။ သုခ        = ချမ်းသာခြင်း။
၈။ ဒုက္ခ        = ဆင်းရဲခြင်း ဆိုတဲ့...

လောကဓံတရား ရှစ်ပါးကို လောကတိုင်းမှာနေတဲ့သတ္တဝါတိုင်း တစ်လှည့်စီ ကြုံ ရမယ်။ 
ကြုံ ရတဲ့အခါမှာ အဆိုးလောကဓံနဲ့ကြုံ တဲ့အခါရော၊ အကောင်းလောကဓံနဲ့ ကြုံ တဲ့အခါရော စိတ်တုန်လှုပ်မသွားဖို့၊
ကိုယ်တော်တိုင်ကြုံ ခဲ့ရတဲ့ လောကဓံတရားတွေကိုစိတ်တုန်လှုပ်မသွားအောင် နေနိုင်တာဟာ မင်္ဂလာဖြစ်ပါတယ်  ချစ်သားလို့ ဥပမာ သာဓကတွေ ပြပြီးဟောတော်မူလေ၏။

တန်ခိုးတော်အနန္တနဲ့ ပြည့်စုံတော်မူတဲ့ 
မြတ်စွာဘုရားတောင် လောကဓံတရားနဲ့  ကြုံ ရသေးတာဆိုတော့ သာမန်လူသားတွေ လောကဓံတရားနဲ့ကြုံ ရတာ ဘာမှမပြောပလောက်ပါဘူး။

ဒီနေရာမှာ ပုထုဇဉ်တွေဆိုတော့လည်း 
အဆိုးလောကဓံကို ဘယ်သူမှမကြုံ ချင်ကြပါဘူး။ 
ဒီတော့ကြုံ လာရင် စိတ်ညစ်မယ်။ ပုထုဇဉ်ပဲ ညစ်ပေါ့။ တစ်နေရာမှာ သေချ ာထိုင်တဲ့ပြီး၊  ဒါမှမဟုတ် 
ခုတင်ပေါ်သေချ ာလှဲတဲ့ပြီး အချိန်လေးလည်း သီးသန့်ယူပြီးအားရပါးရကျေနပ်အောင် စိတ်ကိုညစ်ပြစ်လိုက်ပါ။
ကိုယ့်စိတ်တိုင်းကျ စိတ်ညစ်ပြီးရင်တော့ ကိုယ်လုပ်စရာဆက်လုပ်ဖို့ပါပဲ။ 
စိတ်ညစ်စရာလည်းညစ်၊ တစ်နေ့တာ 
ကိုယ်လုပ်စရာ ရာရှိတာလည်း လုပ်ပေါ့။

အဓိကကတော့ စိတ်ညစ်စရာ ရှိပေမယ့် တစ်နေ့တာကိုယ်လုပ်ရမယ့်၊ ဒါန၊ သီလ၊ ဘာဝနာ ဆိုတဲ့...
ကုသိုလ်တရား၊ အလုပ်လေးတွေ ပျက်မသွားဖို့ဘဲအရေးကြီးပါတယ်။ စိတ်ညစ်တဲ့အခါ အကောင်းဆုံးကုသိုလ်တရားနဲ့ အာရုံပြောင်းလိုက်တာပါပဲ။

ဘဝမှာ ဘယ်လောက်ပဲ အဆိုးလောကဓံတွေနဲ့ပဲ ကြုံ ရ ကြုံ ရ၊ ဘယ်လောက်ပဲအကောင်းလောကဓံ
တွေနဲ့ပဲ ကြုံ ရ ကြုံ ရ၊ တစ်ချိန်ချိန်ကျရင် 
" ဒါလည်း ပြီးသွားမှာပါ " လေ။

(ပါရာဇိကပါဠိတော်၊ ဝေရဉ္ဇကဏ္ဍ)
   
# ပါမောက္ခချုပ်ဆရာတော်
   ဒေါက်တာနန္ဒမာလာဘိဝံသ။

Credit. ..

Tuesday, October 13, 2020

အပ်လှူဖူး၍ထက်မြတ်သောပညာဉာဏ်ကိုရခဲ့သူ

အပ်လှူ ဖူး၍ ထက်မြတ်သောဥာဏ်ပညာရခဲ့သူ
📍📍📍📍📍📍📍📍📍📍📍📍📍📍
📍ပထမ သုစိဒါယကထေရ်သည် 
    ကမ္ဘာပေါင်း သုံးသောင်းအထက်၌
    သုမေဓာမြတ်စွာဘုရား ပွင့်တော်မူသောအခါ
    အမျိုးကောင်းသားဖြစ်နေ၏။

📍သူသည် မြတ်စွာဘုရားအား သင်္ကန်းချုပ်ရန်
    အပ်ငါးချောင်း လှူ ခဲ့ဖူး၏။

📍ထိုကုသိုလ်ကြောင့် လူ့ပြည် နတ်ပြည်တို့တွင်
    ဖြစ်လေရာ ဘဝတို့၌ ထက်မြတ်သော
    ဥာဏ်ပညာနှင့်ပြည့်စုံသော အကျိုးကို
    ခံစားခဲ့ရလေသည်။

📍ထိုလှူ အပ်ခဲ့ဖူးသော ကုသိုလ်ကြောင့်
🌹သိမ်မွေ့သော အနက်အဓိပ္ပာယ်ကို 
     သိမြင်နိုင်သောပညာ
🌹ထက်မြတ်သောပညာ
🌹ချမ်းသာလွယ်ကူစွာသိနိုင်သောပညာ
     တို့နှင့် ပြည့်စုံခဲ့ရလေသည်။

📍ယခုနောက်ဆုံးဘဝ ရောက်သောအခါ
    ဂေါတမမြတ်စွာဘုရား သာသနာတော်၌
    ရဟန်းပြုလေသည်။

📍ထက်သော ပညာရှိသည်၏ အဖြစ်ကြောင့်
    သင်တုန်းဓားဖြင့် ခေါင်းရိတ်ပေးသည်၏ အဆုံး၌
🌹အရဟတ္တဖိုလ်ကိုရလျက် ရဟန္တာအဖြစ်သို့
    ရောက်တော်မူလေသည်။

📍ထိုအကြောင်းတို့ကို သူရဟန္တာဖြစ်သောအခါ
    တပည့်ပရိသတ်တို့အား ပြန်လေဟောပြသည်မှာ

📍အိုတပည့်အပေါင်းတို့ 
    ထိုအပ်လှူ ဖူးသော ကုသိုလ်ကြောင့်
    သုစိဒါယကအမည်ရသော ငါသည်
    ဒွိပဒါဓိပတိအမည်ရှိသော
🌹ရတနာ ခုနှစ်ပါးနှင့်ပြည့်စုံကုန်သော
    အားကြီးစွာသော စကြာမင်းဘဝကို
    လေးကြိမ်ရဖူးခဲ့ပြီ။

📍ယခုဘဝ၌လည်း ငါသည်
🌹တစ်ထောင့်ငါးရာ ကိလေသာကို
    ပယ်ဖျောက်ကုန်ခန်းလောင်ကျွန်းစေအပ်ပြီ။
🌹အလုံးစုံသော ဘဝတို့ကို
    အမြစ်အရင်းမကျန် ပယ်နုတ်ပြီးကုန်လေပြီ။
    မြတ်စွာဘုရား သာသနာတော်၌
🌹အဆုံးဘဝဖြစ်သော ရဟန္တာအဖြစ်ကို
    ရခဲ့လေပြီဟု ဟောတော်မူခဲ့ပါလေသည်။
    
🌹ဇီဝက(YG.rtnma) (11-10-2020)

         🌹ထေရ အပဒါန်ဝတ္ထုတော်စာအုပ်မှ
                   ကိုယ်တိုင် ရေးပြီးပူဇော်ပါသည်။
                    🙏🙏🙏
Credit. ...

ဖြစ်လေရာဘဝမှာ အမျိုးမြတ်ခြင်းကိုဖြစ်သေတဲ့ ကုသိုလ် (၅) မျိုး

🌹 ဖြစ်လေရာဘဝမှာ အမျိုးမြတ်ခြင်းကို
         ဖြစ်ပေါ်စေတဲ့ ကုသိုလ်ကံတရား (၅) မျိုး 🌹

ဖြစ်ရာဘဝတွေမှာ မြင့်မြတ်တဲ့အမျိုးတွေမှာဖြစ်စေတတ်တဲ့ ကုသိုလ်ဆိုတာ ငါးမျိုးရှိတယ်၊

နံပါတ်တစ်က
🔸 တရားပွဲကျင်းပခြင်း။
လူတွေ တရားနာဖို့ရာ 
တရားပွဲ ကျင်းပပေးတယ်၊
တရားအလှူ ပေးလှူတယ်၊
စဉ်းစားကြည့်ရမှာကတရားပွဲကျင်းပတာနဲ့ ဘာလို့ အမျိုးမြတ်ရတာလဲဆိုရင် 
တရားဟာ လူတွေရဲ့ စိတ်ဓာတ် 
ကုသိုလ်စိတ်ဓာတ်ကို မြင့်မားစေပြီး 
အသိဉာဏ်ကို မြင့်မားစေတာ ဖြစ်ခြင်းကြောင့် အမျိုးမြတ်တဲ့ဘဝမှာ ဖြစ်ရတယ်။

နံပါတ်နှစ်က ဘာလဲဆိုရင်
🔸 ဓမ္မမဏ္ဍပ်မှာ နေရာထိုင်ခင်း လှူဒါန်းခြင်း။

နောက် နှစ်ပါတ်သုံးက
🔸 ယပ်တောင်လှူဒါန်းခြင်း။

နောက် နံပါတ်လေးက
🔸 ဓမ္မကထိကပုဂ္ဂိုလ်တို့အား 
      ဓမ္မပူဇာ လှူဒါန်းခြင်း။

နောက် နံပါတ်ငါးက ကျတော့
🔸 ရဟန်းတော်တွေ လပြည့်လကွယ်မှာ ဥပုသ်ပြုတဲ့အခါ ဥပုသ်ဆောင်သိမ်ကျောင်းမှာ မှီရာတံခါးပျဉ်တို့ ထိုင်စရာနေရာတို့ လှူဒါန်းခြင်းတဲ့...

အဲ့ဒီငါးမျိုးကို ဒီနေရာမှာ ဟောထားတယ်။
အဲ့ဒီငါးမျိုးဟာ အမျိုးမြတ်ခြင်းကို
ဖြစ်စေတတ်တဲ့ ကုသိုလ်တွေလို့ 
မြတ်စွာဘုရားက ဒီလို ဟောကြားထားတယ်။

နောက်တစ်နေရာမှာတော့
ဘာကိုဟောထားတာလဲဆိုရင်
လက်အုပ်ချီပြီး ရတနာမြတ်သုံးပါးကို
ရှိခိုးပူဇော်ခြင်း ..
ရိုသေလေးစားခြင်း..
ကိုယ်ထက် အသက်ကြီးတဲ့ပုဂ္ဂိုလ်တွေအပေါ်ရိုသေလေးစားခြင်းတဲ့
အဲ့ဒီကုသိုလ်တွေဟာလဲ
အမျိုးမြတ်ခြင်းကိုဖြစ်စေပြီး
တစ်ဖက်သားရဲ့ရိုသေလေးစားမှုကိုပါ
ရရှိတယ်လို့ ဒီလိုဟောကြားထားပါတယ်။

                      ပါချုပ်ဆရာတော်ကြီး
🙏🙏🙏ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ🙏🙏🙏 
[ဘဒ္ဒိယမထေမြတ်၏ အမှတ်တရစကားများတရားတော်မှ ပူဇော်ပါသည်။]

Credit. .

Sunday, October 4, 2020

ဂုံမင်းနှင့်ငါး မစားကြရင် ကပ်ဆေးတဲ့အထဲ ပါလိမ့်မယ်

"ဂုံမင်းနှင့်ငါး မစားကြရင်ဖြင့် ကပ်ဆေးတဲ့ထဲ  ပါကြလိမ့်မည်"
**********************&************************
(ရှေးအတိတ် တဘောင်)

•ယနေ့လူသားတို့သည်
 (၁) သူ့အသက်ကို သတ်ခြင်း၌ ပျော်ပိုက်ခြင်း  မတရားမှု ကံများကျူးလွန်နေ၏။

•(၂) မပေးသည်ကို ခိုးယူခြင်း လုယူခြင်း 
 ဝိသမလောဘဖြင့် မမှန်မကန်ရောင်းဝယ်  ဖောက်ကားခြင်း မတရားမှု ကံများကျူးလွန်နေ၏။

•(၃) ယောက်ျားမိန်းမ အလိုရမ္မက်များ   
 ကြီးစိုးလာသည်နှင့်အမျှ ကာမဂုဏ်၌ မှားယွင်းစွာ ကျင့်ခြင်း, အိမ်ထောင် ရေး ဖောက်ပြန်ခြင်း မတရားမှု ကံများကျူးလွန်နေ၏။

•(၄) မဟုတ်မမှန်သော ပြောဆိုခြင်းများဖြင့် မတရားမှု ကံများကျူးလွန်နေ၏။

•(၅) ယစ်မူးစေသော သေရည်သေရက် ကို  ယောက်ျားမိန်းမ မဟူ လွန်ကြူးမက်မောစွာ သောက်သုံးခြင်းဖြင့် ကုသိုလ် တရားတို့  မေ့လျော့ကာအမှားအယွင်းများစွာပြုခြင်း မတရားမှု ကံများကျူးလွန်နေ၏။

"လူတို့ 'ငါးပါးသီလ'စောင့်ထိန်းခြင်းကင်းကာ 
 လောဘ ဒေါသ မောဟများ 
 အားကြီးလာသည်နှင့်အမျှ 
 ကပ်ဘေးများ ကြုံကြရသည်။

"ကပ်(၃)ပါး "

•၁။ ရာသီဥတုဖေါက်ပြန်ခြင်း နှင့် 
 သဘာဝဘေး ဒါဏ် များ ကြောင့် 
 အစာရေစာ၊ ရှားပါးငတ်မွတ်ခေါင်းပါး၍ လူ၊သတ္တဝါများ
 အစုလိုက်အပြံုံလိုက် သေကြေပျက်စီးရခြင်း။

•၂။ အနာရောဂါ မျိုးစုံဖြစ်ပွား၍ 
 လူ၊ သတ္တဝါများ အစုလိုက်အပြုံလိုက်
 သေကြေပျက်စီးရခြင်း။

•၃။ စစ်မက်ဘေးဒါဏ်ကြောင့်လူ၊ သတ္တဝါများ အစုလိုက်အပြုံလိုက် သေ ကြေပျက်စီးရခြင်း။

•"လူတို့ တရားမဲ့သောအခါ ထိုကပ်ဆိုးဘေးဆိုးများ မလွှဲမရှောင်သာ ကြုံလာရ တတ်ပါသည်။

■"ဂုံမင်းနှင့် ငါးမစားကြရင်ဖြင့် 
 ကပ်ဆေးတဲ့ထဲ ပါကြလိမ့်မည်"

"ဂုံမင်း = သရဏဂုံ(၃)ပါး" 
 ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးအား ကိုးကွယ်ဆည်းကပ်ခြင်း မြဲကြပါ။

■ငါး = ငါးပါးသီလ ခါးဝတ်ကဲ့သို့  
 မြဲမြံစွာစောင့်ထိန်းကြပါ။

■ပရိတ်, ပဋ္ဌာန်းများ ရွတ်ပွားကြပါ။

"အနေတတ် အသေတတ်ရန် 
 ထိုထို အို နာ သေဘေး    
 သံသရာဒုက္ခတို့မှ လွတ်မြောက်ရန် 
 ဝိပဿနာတရားများ ခန္ဓာဥာဏ်ရောက် 
 ကျင့်ကြံအားထုတ်ကြပါ။

■မပျက်စီးနိုင်သော တည်မြဲခြင်းမည်သည် မရှိချေ။

Credit to Original writer.

 #ဓမ္မဒါနကုသိုလ်

Friday, October 2, 2020

အလှူအကြောင်း

မြတ်စွာဘုရား... 
🌺 1 - ခွန်အားဗလ ကောင်းချင်ရင် ဘာကိုလှူရပါမလဲဘုရား။ 
🌺 2 _ ဘယ်ပစ္စည်းကိုလှူရင် ရွှေရုပ်ကလေးလို လှပါမလဲဘုရား။
🌺 3 - ဘဝသံသရာမှာ ကိုယ်ရောစိတ်ရော ချမ်းသာချင်ရင်ဘာကိုလှူရပါမလဲဘုရား။
🌺 4 - ဘဝသံသရာမှာ မျက်စိမမှုန်ချင်ဘူးဘုရား၊ 
နတ်မျက်စိလိုမြင်ချင်ပါတယ်ဘုရား၊ ဘာကိုလှူရပါမလဲဘုရား။
🌺 5 - ထိုအကျိုး ၄ မျိုးလုံးရအောင် လှူဖွယ်တစ်ခု.
ဘာလှူရပါမလဲဘုရား။  

သိလိုရင်းနဲ့မေးမြန်းလာသော အိုနတ်သား _ 
🌿1. ဆွမ်း ခဲဖွယ် /စားသောက်စရာလှူရင်
 အားဗလကောင်းတယ်။ (ဥပမာ _ ဝိသာခါ)

🌿2. အဝတ်သင်္ကန်း ပေးလှူသောပုဂ္ဂိုလ်သည် ရွှေရုပ်တမျှချောမောလှပရပါတယ်။ 
(ဥပမာ - ဥမ္မာဒန္တီ.အရှင်မဟာကစ္စည်း)

🌿3. ယာဉ်ကိုပေးလှူဒါန်းသောပုဂ္ဂိုလ်သည် ကိုယ်ချမ်းသာ.စိတ်ချမ်းသာ ဖြစ်ရပါတယ်။(ဥပမာ ယဉ်ငါးမျိုးနဲ့ ပြည့်စုံသော
 စဏ္ဍပဇ္ဇောတမင်း)

(ဘုန်းတော်ကြီးတွေနဲ့သင့်မြတ်တဲ့ယာဉ်ဟာ ထီး. ဖိနပ်
.တောင်ဝှေး)

🌿4. ဆီမီးလှူဒါန်းသောပုဂ္ဂိုလ်သည်မျိုးလုံးရချင်ရင် မျက်လုံးက်ိုလှူသည်ဖြစ်၏။ (ဥပမာ _ နတ်မျက်စိ ရာထူး ဧတဒဂ်ရ
အရှင်အနုရုဒ္ဒါ)
🌿5. ထိုအကျိုး ၄ မျိုးလုံး ရသော ပုဂ္ဂိုလ်ကတော့
အကြင်ပုဂ္ဂိုလ်သည် ကျောင်းအိပ်ရာ
 နေရာကိုပေးလှူ၏ ထိုပုဂ္ဂိူလ်သည် အထက်ပါ အကျိုးလေးမျိုးလုံး
ရလေ၏
(ဥပမာ ဘုရားအလောင်း မဟာသုဒဿနစကြာမင်း)

_ သိန်းပေါင်းထောင်သောင်းရှိတဲ့ ကျောင်းကြီးတွေ 
မလှူနိုင်ပါဘူးဆိုရင်၊ ၄တိုင်ရှိတဲ့ ကုတင်တစ်လုံးဆန့်တဲ့ 
ကမ္မဌာန်းကျောင်းလှူပါ။

နိဗ္ဗာန်မြန်မြန်ရောက်အောင် ဘာလှူရမလဲလို့ မေးစေချင်တာ 
မမေးလို့ မြတ်စွာဘုရားက ဖြေပေးရတယ်။ 

🌿6. အကြင်ပုဂ္ဂိုလ်သည် နိဗ္ဗာန်ရောက်ကြောင်း တရားကောင်းကို ဆုံးမဟောကြား၏၊ ထိုဆိုဆုံးမသော ဓမ္မကထိကပုဂ္ဂိုလ်သည်ကား မသေဆေးအလှူ. နိဗ္ဗာန်အလှူကို ပေးလှူသည်မည်၏။ 
-- တရားမဟောတတ်ရင် ဟောတတ်တဲ့ ဓမ္မကထိကပင့်. တရားပွဲကျင်းပလိုက်။ 
-- တရားဟောဓမ္မကထိကတွေကလည်း ပင့်မရဘူးဘုရား၊ စျေးကိုင်နေတယ်ဆိုရင် ၊ 
တရားစာရွက်စာတမ်း / စာအုပ်တွေ ဓမ္မဒါနပြုပါ။ 
-- တရားဆ်ိုတာ နိဗ္ဗာန်မှာ လမ်းဆုံးတာ။

💦🙏 အေးး နိဗ္ဗာန်လည်း ရောက်သွားပြီမို့ တရားလေးအဆုံးသတ်ကြအုံးစို့။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

#ကျေးဇူးတော်ရှင်ဗန်းမော်ဆရာတော်ဘုရားကြီး ချီးမြှင့်သော
 ကိံဒဒ သုတ် တရားတော်မှ ထုတ်နုတ်ပူဇော်ပါသည်။

မိဖုရားဖွားစောပြောသောစကားကြီး ( ၇) မျိုး

မိဖုရားစောပြောသော စကားကြီး ၇ မျိုး
✿ ✿ ✿ ✿ ✿ ✿ ✿ ✿ ✿ ✿ ✿ ✿ 
 
(၁) ပြည်ဝမ်းကို မဖောက်ရာ

(၂) ပြည်ဦးကင်းကို မနှိမ်ရာ 

(၃) ပြည်တံခွန်ကို မလှဲရာ 

(၄) ပြည်မျက်စိကို မထုတ်ရာ 

(၅) ပြည်စွယ်ကို မချိုးရာ 

(၆) ပြည်မျက်နှာကို မဖျက်ရာ 

(၇) ပြည်ခြေ ပြည်လက်ကို မဖြတ်ရာ 

မိဖုရားစော (ရာဇ၀င်မှာတော့ မိဖုရား ဖွားစောလို့ နာမည်ကြီးပါတယ်) က နရသီဟပတေ့မင်း (ခေါ်) တရုတ်ပြေးမင်းကို မင်းတို့အုပ်ချုပ်ရာ၌ စောင့်ထိန်းရမည့် စည်းကမ်းများနှင့် ပတ်သက်၍ ပြောပြခဲ့သည့် စကားများ၏ အဓိပ္ပာယ်မှာ- 
 
(၁) ပြည်ဝမ်းကို မဖောက်ရာ ဆိုသည်မှာ ပြည်ကြီးဝမ်းနှင့် တူသော သူဌေးသူကြွယ်တို့ကို အပြစ်မရှိဘဲလျက် အပြစ်ရှာတော်မူ၍ 
ဥစ္စာရွှေငွေတို့ကို ဖျက်ဆီး သိမ်းယူခြင်း၊ သူဌေးသူကြွယ်တို့ သေသောအခါ အမွေခံသော သားသမီးရှိလျက် အမွေမခံရ။ ပျစ်ပျစ်ကုန်အောင် သိမ်းယူတော်မူခြင်းသည်လည်း ပြည်ဝမ်းကို ဖောက်သည် မည်ပါသည်။

(၂) ပြည်ဦးကင်း မနှိမ်ရာ ဆိုသည်မှာ 
ပြည်ဦးကင်းနှင့် တူသော မှူးကြီးမတ်ခိုင်တို့ကို အမျက်တော်ရှိလျှင် မထောက်မချင့်၊ မဆင်မခြင် ကွပ်ညှပ်တော်မူသည်ကား ပြည်ဦးကင်းကို နှိမ်သည် မည်ပါသည်။

(၃) ပြည်တံခွန်ကို မလှဲရာ ဆိုသည်မှာ ပြည်၏တံခွန်နှင့်တူသော ရသေ့ ရဟန်း ပညာရှိတို့ကို အမျက်တော်ရှိလျှင် မစုံမစမ်း မထောက်မရှု မျက်တော်မူခြင်း သည်ကား ပြည်တံခွန်ကို လှဲသည် မည်ပါသည်။

(၄) ပြည်မျက်စိကို မထုတ်ရာ ဆိုသည်မှာ 
ပြည်၏ မျက်စိနှင့် တူသော ပိဋကတ်ဗေဒင် တတ်သော ပညာရှိ ပုရောဟိတ်တို့ကို အမျက်တော်ရှိလျှင် ဆီးတားပိတ်ဆို့တော် မမူ၊ ရွပ်ရွပ်ချွံချွံ မျက်တော်မူခြင်းသည်ကား ပြည်မျက်စိကို ထုတ်သည် မည်ပါသည်။

(၅) ပြည်စွယ်ကို မချိုးရာ ဆိုရာသည်မှာ ပြည်ကြီးအစွယ်နှင့် တူသော မင်းညီမင်းသားတို့ကို အမျက်တော်ရှိလျှင် ရှေ့ကို ထောက်ရှုသော်မမူ၊ မျက်တော်မူခြင်းသည်ကား ပြည်စွယ်ကို ချိုးသည် မည်ပါသည်။

(၆) ပြည်မျက်နှာကို မဖျက်ရာ ဆိုသည်မှာ
ပြည်၏ မျက်နှာနှင့် တူသော မိဘ လင်သားတို့၏ ကြေးမုံသဖွယ် ဖြစ်သော သူ၏ သားသမီးတို့ကို အနိုင်အထက် ယူတော်မူခြင်းသည်ကား ပြည်၏ မျက်နှာကို ဖျက်သည် မည်ပါသည်။

(၇) ပြည်ခြေ ပြည်လက်ကို မဖြတ်ရာ ဆိုသည်မှာ၊ ပြည်၏ ခြေလက်ဖြစ်သော သူရဲသူခက်တို့ကို အမျက်တော်ရှိလျှင် သံသရာ ပစ္စုပ္ပန်နှစ်ပါးကို ထောက်ရှုတော်မမူ၊ သတ်ဖြတ်ခြင်းသည်ကား ပြည်ခြေ ပြည်လက်တို့ကို ဖြတ်သည် မည်ပါသည်။

ကျမ်းကိုး - ဆရာလွန်းရေးသားသော မှန်နန်းရာဇ၀င်တော်သစ်မှ

#copy

နရသီဟပတေ့မှာ ပုဂံမင်းဆက်များတွင် နောက်ဆုံးမင်းအဖြစ် ထင်ရှားသည်။ ထိုမင်းလက်ထက်တွင် ပုဂံပြည်သို့ ကုဗလိုင်ခန်၏ မွန်ဂိုတပ်များ ကျူးကျော်ဝင်ရောက်သဖြင့် နှစ်ပေါင်း (၂၅ဝ) ဝန်းကျင် သက်တမ်းရှိခဲ့သော ပုဂံအင်ပါယာ ပြိုကွဲခဲ့သည်။

Narathihapate was the last king of the Pagan Empire who reigned from 1256 to 1287. The king is known in Burmese history as the "Taruk-Pyay Min" for his flight from Pagan to Lower Burma in 1285 during the first Mongol invasion of the kingdom.

မိဖုရားစောပြောသော စကားကြီး ၇ မျိုး
✿ ✿ ✿ ✿ ✿ ✿ ✿ ✿ ✿ ✿ ✿ ✿ 
 
(၁) ပြည်ဝမ်းကို မဖောက်ရာ

(၂) ပြည်ဦးကင်းကို မနှိမ်ရာ 

(၃) ပြည်တံခွန်ကို မလှဲရာ 

(၄) ပြည်မျက်စိကို မထုတ်ရာ 

(၅) ပြည်စွယ်ကို မချိုးရာ 

(၆) ပြည်မျက်နှာကို မဖျက်ရာ 

(၇) ပြည်ခြေ ပြည်လက်ကို မဖြတ်ရာ 

မိဖုရားစော (ရာဇဝင်မှာတော့ မိဖုရား ဖွားစောလို့ နာမည်ကြီးပါတယ်) က နရသီဟပတေ့မင်း (ခေါ်) တရုတ်ပြေးမင်းကို မင်းတို့အုပ်ချုပ်ရာ၌ စောင့်ထိန်းရမည့် စည်းကမ်းများနှင့် ပတ်သက်၍ ပြောပြခဲ့သည့် စကားများ၏ အဓိပ္ပာယ်မှာ- 
 
(၁) ပြည်ဝမ်းကို မဖောက်ရာ ဆိုသည်မှာ ပြည်ကြီးဝမ်းနှင့် တူသော သူဌေးသူကြွယ်တို့ကို အပြစ်မရှိဘဲလျက် အပြစ်ရှာတော်မူ၍ 
ဥစ္စာရွှေငွေတို့ကို ဖျက်ဆီး သိမ်းယူခြင်း၊ သူဌေးသူကြွယ်တို့ သေသောအခါ အမွေခံသော သားသမီးရှိလျက် အမွေမခံရ။ ပျစ်ပျစ်ကုန်အောင် သိမ်းယူတော်မူခြင်းသည်လည်း ပြည်ဝမ်းကို ဖောက်သည် မည်ပါသည်။

(၂) ပြည်ဦးကင်း မနှိမ်ရာ ဆိုသည်မှာ 
ပြည်ဦးကင်းနှင့် တူသော မှူးကြီးမတ်ခိုင်တို့ကို အမျက်တော်ရှိလျှင် မထောက်မချင့်၊ မဆင်မခြင် ကွပ်ညှပ်တော်မူသည်ကား ပြည်ဦးကင်းကို နှိမ်သည် မည်ပါသည်။

(၃) ပြည်တံခွန်ကို မလှဲရာ ဆိုသည်မှာ ပြည်၏တံခွန်နှင့်တူသော ရသေ့ ရဟန်း ပညာရှိတို့ကို အမျက်တော်ရှိလျှင် မစုံမစမ်း မထောက်မရှု မျက်တော်မူခြင်း သည်ကား ပြည်တံခွန်ကို လှဲသည် မည်ပါသည်။

(၄) ပြည်မျက်စိကို မထုတ်ရာ ဆိုသည်မှာ 
ပြည်၏ မျက်စိနှင့် တူသော ပိဋကတ်ဗေဒင် တတ်သော ပညာရှိ ပုရောဟိတ်တို့ကို အမျက်တော်ရှိလျှင် ဆီးတားပိတ်ဆို့တော် မမူ၊ ရွပ်ရွပ်ချွံချွံ မျက်တော်မူခြင်းသည်ကား ပြည်မျက်စိကို ထုတ်သည် မည်ပါသည်။

(၅) ပြည်စွယ်ကို မချိုးရာ ဆိုရာသည်မှာ ပြည်ကြီးအစွယ်နှင့် တူသော မင်းညီမင်းသားတို့ကို အမျက်တော်ရှိလျှင် ရှေ့ကို ထောက်ရှုသော်မမူ၊ မျက်တော်မူခြင်းသည်ကား ပြည်စွယ်ကို ချိုးသည် မည်ပါသည်။

(၆) ပြည်မျက်နှာကို မဖျက်ရာ ဆိုသည်မှာ
ပြည်၏ မျက်နှာနှင့် တူသော မိဘ လင်သားတို့၏ ကြေးမုံသဖွယ် ဖြစ်သော သူ၏ သားသမီးတို့ကို အနိုင်အထက် ယူတော်မူခြင်းသည်ကား ပြည်၏ မျက်နှာကို ဖျက်သည် မည်ပါသည်။

(၇) ပြည်ခြေ ပြည်လက်ကို မဖြတ်ရာ ဆိုသည်မှာ၊ ပြည်၏ ခြေလက်ဖြစ်သော သူရဲသူခက်တို့ကို အမျက်တော်ရှိလျှင် သံသရာ ပစ္စုပ္ပန်နှစ်ပါးကို ထောက်ရှုတော်မမူ၊ သတ်ဖြတ်ခြင်းသည်ကား ပြည်ခြေ ပြည်လက်တို့ကို ဖြတ်သည် မည်ပါသည်။

ကျမ်းကိုး - ဆရာလွန်းရေးသားသော မှန်နန်းရာဇဝင်တော်သစ်မှ

#copy

နရသီဟပတေ့မှာ ပုဂံမင်းဆက်များတွင် နောက်ဆုံးမင်းအဖြစ် ထင်ရှားသည်။ ထိုမင်းလက်ထက်တွင် ပုဂံပြည်သို့ ကုဗလိုင်ခန်၏ မွန်ဂိုတပ်များ ကျူးကျော်ဝင်ရောက်သဖြင့် နှစ်ပေါင်း (၂၅ဝ) ဝန်းကျင် သက်တမ်းရှိခဲ့သော ပုဂံအင်ပါယာ ပြိုကွဲခဲ့သည်။

Narathihapate was the last king of the Pagan Empire who reigned from 1256 to 1287. The king is known in Burmese history as the "Taruk-Pyay Min" for his flight from Pagan to Lower Burma in 1285 during the first Mongol invasion of the kingdom.

Credit. ..