စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Tuesday, June 2, 2020

ဘာကြောင့် ” ဗုဒ္ဓ ” လို့ ခေါ်ရပါသလဲ

."ဘာကြောင့် “ဗုဒ္ဓ” လို့ ခေါ်ရပါသလဲ"
🙏🙏🙏🙏🙏🙏🙏🙏🙏🙏

“ဗုဒ္ဓ” ဆိုတဲ့ ဘွဲ့ထူး ဂုဏ်ထူးနှင့် ချီးကျူးခေါ်ဝေါ် ပူဇော်ထိုက်တဲ့ 
အင်္ဂါရပ်တွေ ရှင်တော်မြတ်ဘုရားမှာ မြောက်မြားစွာ ရှိပါတယ်။
ဒီထဲက တစ်ခုကို ထုတ်ပြရရင်
“ရုပ်နာမ်ဓမ္မ သင်္ခါရတရားတွေဟာ ဒုက္ခအစစ်ဖြစ်တယ်၊
ဒီဒုက္ခတွေဟာ တဏှာလောဘကြောင့် ဖြစ်ရတာ၊ ဒီဒုက္ခတွေအားလုံး ကုန်ဆုံးရာဟာ နိဗ္ဗာန်ဖြစ်တယ်၊ မဂ္ဂင်ရှစ်ပါးဟာ ဒီနိဗ္ဗာန်ကို
မြင်နိုင်သိနိုင် ရောက်နိုင်ဖို့ရာ လမ်းကောင်း လမ်းမှန် အကျင့်ကောင်း အကျင့်မှန်ဖြစ်တယ်” လို့ သစ္စာလေးပါးကို ကိုယ်တော်တိုင်
လည်း သိတော်မူတယ်။ ဟောဖော်ညွှန်ပြပြီး အခြားသူတွေကို
လည်း သိစေတော်မူတယ်။ ဒါကြောင့် ရှင်တော်မြတ်ဘုရားကို
ဗုဒ္ဓလို့ ချီးကျူးခေါ်ဝေါ် ပူဇော်ရပါတယ်။

ဒီနေရာမှာ “သစ္စာလေးပါးကို ကိုယ်တိုင်သိပြီး အခြားသူတွေကို
သိစေလို့ ရှင်တော်မြတ်ဘုရားကို “ဗုဒ္ဓ” လို့ခေါ်ရင်၊အချို့ပုဂ္ဂိုလ်မြတ်
တွေဟာ ရှင်တော်ဘုရားဆီကတစ်ဆင့် သစ္စာလေးပါးကို ကိုယ်တိုင်
သိပြီး အခြားသူတွေကိုလည်း သိစေကြတာရှိပါတယ်။
သူတို့ ကိုလည်း ဗုဒ္ဓလို့ ခေါ်နိုင်ပါသလား”လို့ မေးစရာရှိပါတယ်။
သစ္စာလေးပါးကို ရှင်တော်ဘုရားသိမှု၊ သိစေမှုနှင့် အခြားသူတွေသိမှု၊ သိစေမှုဟာ သာမန်ကြည့်ရင် တူသလိုလို
မြင်ကောင်းမြင်နိုင်ပါတယ်။ ဒါပေမဲ့ ရှင်တော်ဘုရားသိမှု၊ သိစေမှု
ဟာ အခြားသူတွေနှင့် မနှိုင်းယှဉ်လောက်အောင် ကွာခြားလှပါ
တယ်။

ရှင်တော်မြတ်ဘုရားဟာ အရဟတ္တ မဂ်ဉာဏ်တော်ကိုရ
(ဘုရားအဖြစ်သို့ ရောက်)တော်မူတာနှင့်အတူ လောကကြီးမှာ
ရှင်တော်ဘုရားမှတစ်ပါး ဘယ်သူမှ မရနိုင်တဲ့ ဉာဏ်တော်တွေကို
ရတော်မူခဲ့ပါတယ်။

ဒါတွေက
၁။ သတ္တဝါတွေရဲ့ သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာဆိုတဲ့ ဣနြေ္ဒ
ရင့်မှု မရင့်မှုကို သိတော်မူတဲ့ ဣန္ဒိယပရောပရိယတ္တိဉာဏ်တော်။

၂။ ဒီပုဂ္ဂိုလ်ဟာ ဒီလိုနှလုံးသွင်း (အာသယ) ရှိတယ်၊ ဒီပုဂ္ဂိုလ်ဟာ
ဒီလိုကိလေသာဓာတ် (အနုသယ) ကိန်းအောင်းတယ်စသည်ဖြင့်
သိတော်မူတဲ့ အာသယာနုသယဉာဏ်တော်။

၃။ ရေမီးအစုံ တန်ခိုးပြာဋိဟာကို ပြုလုပ်စီရင်နိုင်စွမ်းတဲ့ ယမကပါဋိဟာရိယ ဉာဏ်တော်။

၄။ ပဋိသန္ဓေနေမှု အိုမှု နာမှု သေမှုစတဲ့ ဒုက္ခအဖုံဖုံ ခံစားနေကြရတဲ့
သတ္တဝါတွေအပေါ် ကြီးစွာသော သနားကရုဏာနှင့်အတူဖြစ်တော်မူ
တဲ့ မဟာကရုဏာသမာပတ္တိ ဉာဏ်တော်။

၅။ သိစရာမှန်သမျှ အရာအားလုံးကို သိတော်မူနိုင်တဲ့ သဗ္ဗညုတ
ဉာဏ်တော်။

၆။ ဘယ်လိုပုဂ္ဂိုလ် ဘယ်လိုတရားကမှ ရှင်တော်ဘုရား မသိ
မမြင်အောင် တားဆီးပိတ်ပင်မှု မပြုနိုင်တဲ့ အနာဝရဏဉာဏ်တော်တွေ ဖြစ်ပါတယ်။

ဒီဉာဏ်တော်တွေဟာ ရှင်တော်မြတ်ဘုရားမှတစ်ပါး ဘယ်လူ 
ဘယ်နတ် ဘယ်ဗြဟ္မာ ဘယ်သတ္တဝါမှ ရနိုင်တဲ့ ဉာဏ်တော်တွေ 
မဟုတ်ပါဘူး။ စကြာဝဠာအတွင်းမှာ ရှင်တော်ဘုရား တစ်ပါး
တည်းသာ ရရှိပိုင်ဆိုင်တော်မူတဲ့ ဉာဏ်တော်တွေ ဖြစ်ပါတယ်။

၁။ အရာဌာန ဟုတ်မဟုတ်၊ အကြောင်း ဟုတ်မဟုတ်ကို သိတော်
မူတဲ့ ဌာနာဌာနကောသလ္လ ဉာဏ်တော်။

၂။ သတ္တဝါတွေရဲ့ ကံအကျိုးပေးကိစ္စမှာ မူလအကြောင်းတရား၊
အထောက်အပံ့ အကြောင်းတရားတွေနှင့်တကွ သိတော်မူတဲ့
ဝိပါက ဉာဏ်တော်။ ။

၃။ လူ့ဘဝ နတ်ဘဝစတဲ့ ဘဝတွေကို ရစေနိုင်တဲ့ အကျင့်အမျိုးမျိုး၊
နိဗ္ဗာန်ကို ရစေ မြင်စေနိုင်တဲ့ အကျင့်အမျိုးမျိုးကို သိတော်မူတဲ့
သဗ္ဗတ္ထဂါမိနီပဋိပဒါ ဉာဏ်တော်။

၄။ သက်ရှိတွေရဲ့ ခန္ဓာ၊ အာယတန၊ ဓာတ်စတဲ့ သဘောတွေနှင့်
သက်မဲ့တွေရဲ့ ထူးခြားတဲ့ ကွဲလွဲချက်အမျိုးမျိုးကို သိတော်မူနိုင်တဲ့
အနေကဓာတု နာနာဓာတု ဉာဏ်တော်။

၅။ သတ္တဝါတွေရဲ့ သဘောထားအမျိုးမျိုး၊ နှလုံးသွင်းအမျိုးမျိုးကို
သိတော်မူနိုင်တဲ့ နာနာဓိမုတ္တိက ဉာဏ်တော်။

၆။ သတ္တဝါတွေရဲ့ ဣနြေရင့် မရင့်ကို သိတော်မူတဲ့ ဣန္ဒိယပရော
ပရိယတ္တ ဉာဏ်တော်။

၇။ ဈာန် ဝိမောက္ခ သမာဓိ သမာပတ်တွေရဲ့ ညစ်နွမ်းကြောင်း၊
ဆုတ်ယုတ်ကြောင်း၊ ဖြူစင်ကြောင်း၊ တိုးတက်ကြောင်း၊ထမြောက်ပြီးစီးကြောင်းတွေကို သိတော်မူတဲ့ ဈာနဝိမောက္ခ သမာဓိသမာပတ္တိ
ဉာဏ်တော်။

၈။ ရှေးရှေးကဖြစ်ဖူးခဲ့တဲ့ဘဝ နေရာဒေသ အမျိုးအနွယ်စသည်ကို
သိတော်မူတဲ့ ပုဗ္ဗေနိဝါသာနုဿတိ ဉာဏ်တော်။

၉။ သတ္တဝါတွေ စုတေဆဲ ပဋိသန္ဓေနေဆဲကို သိတော်မူတဲ့ စုတူပပါတ ဉာဏ်တော်။

၁၀။ ကိလေသာတရားတွေကို အကြွင်းအကျန်မရှိအောင် ပယ်ရှား
ဖျက်ဆီးနိုင်တဲ့ အာသဝက္ခယ ဉာဏ်တော်စတဲ့ ဉာဏ်တော်တွေကိုလည်း ရရှိတော်မူခဲ့ပါတယ်။

ဒါတင် မကပါဘူး။ အရှင် သာရိပုတ္တရာ၊ အရှင် မဟာမောဂ္ဂလာန်၊
အရှင်အနုရုဒ္ဓါ မထေရ်မြတ်ကြီးများလို ပါရမီကြီးမားတဲ့ ပုဂ္ဂိုလ်ထူး
တွေ ရရှိတော်မူကြတဲ့ ဉာဏ်တော်တွေ ရှိပါသေးတယ်။

အချို့ပုဂ္ဂိုလ်မြတ်တွေ တစ်မျိုး၊ အချို့နှစ်မျိုး၊ အချို့ သုံးမျိုးစသည်
ဖြင့် ပါရမီအားလျော်စွာ ရရှိတော်မူကြပါတယ်။ ဒီဉာဏ်တော်တွေအားလုံးကိုလည်း အချို့-အရဟတ္တမဂ်ကိုမရမီ၊ အချို့-အရဟတ္တမဂ်ဉာဏ်နှင့်အတူ ရှင်တော်ဘုရား ရရှိတော်မူခဲ့ပါတယ်။ ဒါကြောင့် 
ရှင်တော်မြတ်ဘုရားကို “ဉာဏသာမီ = ဉာဏ်တော်များရဲ့ အရှင်သခင်လို့ချီးကျူး ခေါ်ဝေါ်ကြတာ ဖြစ်ပါတယ်။

ဒီဉာဏ်တော်တွေက
၁။ မြေလျှိုးမိုးပျံ ရုပ်သွင်အမျိုးမျိုး ဖန်ဆင်းနိုင်တဲ့ဣဒ္ဓိဝိဓဉာဏ်။

၂။ အဝေး အနီး၊ အတိုး အကျယ် အသံအားလုံးကိုကြားနိုင်တဲ့
ဒိဗ္ဗသောတ ဉာဏ်။

၃။ သူတစ်ပါးစိတ်ကို သိနိုင်တဲ့ ပရစိတ္တဝိဇာနန ဉာဏ်။

၄။ ရှေးရှေးကဖြစ်ခဲ့ဖူးတဲ့ဘဝ၊ နေရာဒေသ၊ အမျိုးအနွယ်စသည်ကိုသိနိုင်တဲ့ ပုဗ္ဗေနိဝါသာနုဿတိ ဉာဏ်။

၅။ အနီး အဝေး၊ အကြီး အသေး အဆင်းအားလုံးကိုမြင်နိုင်တဲ့
ဒိဗ္ဗစက္ခုဉာဏ်။

၆။ ကိလေသာ အာသဝေါတရားအားလုံးကို အပြီးတိုင် ပယ်ဖျက်
နိုင်တဲ့ အာသဝက္ခယ ဉာဏ်။
[ဒီဉာဏ်တော် ခြောက်မျိုးလုံး ရရှိသူကို ဆဠာဘိည=
အဘိဉာဉ် ခြောက်ပါးရရှိသူ (အထူးစွမ်းအားထက်တဲ့ ဉာဏ်ခြောက်
မျိုးရှိသူ) လို့ ခေါ်ပါတယ် ။

၁။ ရှေးရှေးကဖြစ်ခဲ့ဖူးတဲ့ဘဝ၊ နေရာဒေသ၊ အမျိုးအနွယ်စသည်ကို
သိနိုင်တဲ့ ပုဗ္ဗေနိဝါသာနုဿတိ ဉာဏ်။

၂။ အနီး အဝေး၊ အကြီး အသေး အဆင်းအားလုံးကိုမြင်နိုင်တဲ့
ဒိဗ္ဗစက္ခု ဉာဏ်။

၃။ ကိလေသာ အာသဝေါတရားအားလုံးကို အပြီးတိုင် ပယ်ဖျက်
နိုင်တဲ့ အာသဝက္ခယ ဉာဏ်။
[ ဒီဉာဏ်တော် သုံးမျိုး ရရှိသူ ကို တေဝိဇ္ဇ = ဝိဇ္ဇာသုံးပါးရရှိသူ
(စွမ်းအားထက်တဲ့ ဉာဏ်သုံးမျိုးရှိသူ) လို့ခေါ်ပါတယ် ။

၁။ သင်ယူစရာမလိုဘဲ အနက်အဓိပ္ပါယ်၊ အကျိုးတရားကို သိနား
လည်တဲ့ အတ္ထပဋိသမ္ဘိဒါ ဉာဏ်။

၂။ သင်ယူစရာမလိုဘဲ ပါဠိဘာသာ၊ အကြောင်းတရားကို သိနား
လည်တဲ့ ဓမ္မပဋိသမ္ဘိဒါ ဉာဏ်။

၃။ သင်ယူစရာမလိုဘဲ ဘာသာစကားတည်ဆောက်မှု၊ သဒ္ဒါစည်း
မျဉ်းကို သိနားလည်တဲ့ နိရုတ္တိပဋိသမ္ဘိဒါ ဉာဏ်။

၄။ သင်ယူစရာမလိုဘဲ အထက်ကပြခဲ့တဲ့ အကြောင်းအရာတွေကို
အကျယ်ဝေဖန်နိုင်တဲ့ ပဋိဘာနပဋိသမ္ဘိဒါ ဉာဏ်။

ဒီဉာဏ်တော် လေးမျိုး ရရှိသူ ကို ပဋိသမ္ဘိဒါပတ္တ=ပဋိသမ္ဘိဒါသို့ 
ရောက်သူ (ဆိုင်ရာတရားတွေကို အမှန်အတိုင်းဉာဏ်ဖြင့်ထိုး
ဖောက်သ်တဲ့ ပညာရှင်အဖြစ်သို့ ရောက်သူ) လို့ ခေါ်ပါတယ် ။

သတ္တဝါတွေကို ဟောပြောညွှန်ပြတော်မူတဲ့အခါ ဒီဉာဏ်တော်တွေကို ရှင်တော်မြတ်ဘုရား အသုံးပြုတော်မူပါတယ်။ သတ္တဝါတွေရဲ့
ဓလေ့စရိုက်စတဲ့ အခြေအနေကို ကြည့်တော်မူပြီး ခြောက်သင့်သူကိုခြောက် မြှောက်သင့်သူကို ချီးမြှာက်ပြောဆို သွန်သင်ဆုံးမ
တော်မူပါတယ်။ ဒါကြောင့် ရှင်တော်မြတ်ဘုရားနှင့်တွေ့ပြီး အဆုံး
အမကို ခံယူရတဲ့ သတ္တဝါတွေဟာ ကြီးမားတဲ့အကုသိုလ်ကံ ရှိနေသူမဟုတ်ရင် သစ္စာလေးပါးကို သိမြင်သွားကြပါတော့တယ်။

ဒီလို ဉာဏ်တော်ပေါင်းများစွာနှင့်အတူ သစ္စာလေးပါးကို
ကိုယ်တော်တိုင်သိတော်မူမှု၊ ဉာဏ်တော်များကိုအသုံးပြုပြီး သတ္တဝါ
တွေရဲ့ ပါရမီစရိုက်အားလျော်စွာ ဟောပြောဆုံးမ သစ္စာလေးပါးကို
သိစေတော်မူမှုမှာ ဘယ်နတ် ဘယ်လူ ဘယ်ဗြဟ္မာ ဘယ်သတ္တဝါ
နှင့်မှ မနှိုင်းသာ မယှဉ်သာအောင် ကွာခြားလှပါတယ်။ ဒါကြောင့်
ရှင်တော်မြတ်ဘုရားကို “ဗုဒ္ဓ”လို့ ခေါ်ဝေါ်ခြင်း ဖြစ်ပါတယ်။

အရှင်နန္ဒသေနာလင်္ကာရ
သာမဏေကျော်၊ဓမ္မာစရိယ၊မဟာဓမ္မာစရိယ၊M.A ၏
ဘာသာရေးအနှစ်သာရများ(၁)မှ

မူရင်းရေးသားသူကို  credit. ပေးပါသည်
ပြန်လည်ကူးယူမျှဝေပါသည်
🙏🙏🙏🙏🙏🙏🙏🙏🙏🙏

No comments:

Post a Comment