စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Sunday, June 28, 2020

ကိလေသာက အရှက်ခွဲမလို့ ေစာင့်နေတာ

*“ကိလေသာက အရှက်ခွဲမလို့ စောင့်နေတာ”*

* ကိလေသာကို အထင်သေးလို့မရဘူး။ ရန်သူကို အထင်မသေးပါနဲ့။ ရန်သူကိုအထင်သေးရင်တော့ရှုံးမှာပဲ။

* ငါတို့က စခန်းပွဲဘယ်နှစ်ခါဝင်ပြီးပြီ။ တရားဘယ်နှစ်ခွေနာပြီးပြီ။ ကိလေသာလောက်ကတော့ နိုင်ပါတယ်ဆိုပြီး လျှော့တွက်လို့ ရပါ့မလား။ လျှော့တွက်ရင် မဟာအမှားပဲ။ အဲဒါဆိုရင်တော့ ကိလေသာက နိုင်တော့မယ်။ ပစ္ဆိမဘဝဒါနောက်ဆုံးဘဝ၊ ပဋိသမ္ဘိဒါလေးပါးနဲ့ ရဟန္တာဖြစ်မဲ့ပုဂ္ဂိုလ်ကိုတောင် လှည့်စားပစ်တာ။ သူတော်ကောင်းအလုပ်ကို ကျကျနနမလုပ်
နိုင်ဘူး။

* ကိလေသာတွေက အခွင့်အရေးမရသေးလို့ ငြိမ်နေတာ။ ကိလေသာတွေက ကျားလိုပဲ။ ကျားက ချုံထဲမှာ ငြိမ်နေတာ။ သားကောင် သူ့နားမရောက်သေးလို့ ငြိမ်နေတာ။ သမင်တွေ ဒရယ်တွေ သူ့နားဖြတ်သွားပြီဆို ထအုပ်လိုက်တာပဲ၊ မလွတ်တော့ဘူး။

* အဲဒီလိုပဲ။ လောဘတွေ ဒေါသတွေ မောဟတွေက အခွင့်အရေးမရသေးလို့ သူတော်ကောင်းကြီးကျနေတာ။ လောဘဟာ ကိုယ်လိုချင်သလောက် မရသေးလို့။ ဘာအဝတ်ပဲ ဝတ်ထားဝတ်ထား။ လူတိုင်းတော့ မဆိုလိုဘူးပေါ့ဗျာ။

* ပုထုဇဉ်တွေကတော့ လိုသလောက်မရသေးလို့ မိမိရဲ့ သီလသမာဓိ ပညာမပျက်စီးအောင် တည်တံ့အောင် ခဏထိန်း ထားတာ။ လိုသလောက်သာရလို့ကတော့ အဲဒီလောဘဟာ ချက်ချင်းကို မိမိရဲ့ သီလသမာဓိပညာကို ဖျက်ဆီးပစ်တယ်။ လောကအလယ်မှာ အရှက်မကွဲ ကွဲအောင် ခွဲဖြစ်တယ်။

* သက်ရှိဖြစ်စေ သက်မဲ့ဖြစ်စေ ကိုယ်လိုချင်သလောက်မရသေးလို့ သီလ သမာဓိ ပညာကို ဆက်ကျင့်နိုင်တာ။ 
ကိုယ်လိုချင်သလောက်သာရလို့ကတော့ချက်ချင်းထွက်ပစ်မှာ။ သီလ သမာဓိ ပညာ နောက်မှ ဆက်ကျင့်မယ်ဟေ့။ ဒီလို ဖြစ်သွားတာ။

* လိုချင်သလောက်မရနိုင်ဘူး။ သူ့အဆင့်အတန်းနဲ့သူ သူ့အရည်အချင်းနဲ့သူပဲရမှာပေါ့။ ကိုယ့်မှာ ဘာအရည်အချင်းမှမရှိဘဲ လျှောက်လိုချင်နေလို့ရပါ့မလား။ မရ လို့လည်း သီလ သမာဓိ ပညာကိုထိန်းတာ။ လူပဲဖြစ်ဖြစ် ရဟန်းပဲဖြစ်ဖြစ်။သီလရှင်ပဲဖြစ်ဖြစ်. အတူတူပဲ။ ဒေါသ
ကလည်း ဒီအတိုင်းပဲ။

* စိတ်ဆိုးလောက်အောင် မတွေ့သေးလို့ငြိမ်နေတာ။ 
စိတ်ဆိုးစရာကြုံလာပြီဆို မျက်စိမျက်နှာပျက်ပြီးတော့ တစ်ခါတည်း ဘီလူးဖြစ်သွားတာ။ သီလ သမာဓိ ပညာ
ကို ဖျက်ဆီးပစ်လိုက်တာ။ လောကအလယ်မှာ အရှက်ကွဲအောင် ခွဲပစ်လိုက်တာ။

* လောဘကလည်း အရှက်ခွဲဖို့စောင့်နေတယ်။ ဝိပဿ     နာယောဂီဆိုတာကိုယ့်ရန်သူကိုမြင်ရမယ်။ ရန်သူဆိုတာ ဘေးကပရောဂတွေ၊ နတ်တွေ၊ ဒါကိုပြောတာမဟုတ်ဘူး။

* မိမိရင်ထဲက လောဘ ဒေါသကချောင်းနေတာ။ ကျားများသားကောင်ကို ငြိမ်ပြီးချောင်းသလို ကြောင်များ ကြွက်ကို ငြိမ်ပြီးချောင်းသလို၊ ရင်ထဲက လောဘ ဒေါသကလည်း ငြိမ်နေတာ အလကားငြိမ်နေတာမဟုတ်ဘူး။ လောကအလယ်မှာ အရှက်ကွဲအောင်-

* အသက်ဘယ်လောက်ပဲ ကြီးကြီး၊ ဆံပင်တွေပဲဖြူဖြူ၊ အရှက်ခွဲဖို့စောင့်နေတာ။  ဝတ်ထားတာကတော့ သူတော်ကောင်းအဝတ်ကြီး ဒေါသကလည်း အရှက်ခွဲ၊ လောဘကလည်း အရှက်ခွဲ မောဟကလည်း အရှက်ခွဲ။ အသက်အရွယ်ကိုလည်း မထောက်ဘူး။ မိမိရဲ့သိက္ခာကိုလည်း မထောက်ဘူး။

* လောဘဖြစ်စရာရှိ ဖြစ်တော့တာပဲ။ ဖြစ်မှာပဲ။ သူကလောဘရဲ့အကြောင်းကို လေ့လာမထားလို့ အထိုက် အလျောက် သူတော်ကောင်းအလုပ်ကလေး လုပ်နေလို့ရှိရင် တကယ့်သူတော်ကောင်းအစစ်ကြီးလို့ ကိုယ့်ကိုယ်ကို ထင်တယ်။

* ကိုယ့်ကိုယ်ကို အရမ်းအထင်ကြီးလို့မရဘူး။ အရမ်း အထင်ကြီးရင် မှားတာပဲ။ ကိုယ်က သာမန်လူပဲရှိသေး
တယ်။

* လောဘဖြစ်စရာ ကျကျနနမတွေ့သေးလို့ ကိုယ်လိုချင်သလောက်မရသေးလို့ သူတော်ကောင်းအလုပ်ကို လုပ်တာ။ ကိုယ်လိုချင်သလောက်ရရင် သူတော်ကောင်းအလုပ်ကို ဖျက်ပစ်တာ။

* ဒေါသကလည်း ဒီအတိုင်းပဲ။ စိတ်ဆိုးခွင့်မကြုံသေးလို့ သူတော်ကောင်းအလုပ်ကို လုပ်တာ။ စိတ်ဆိုးခွင့်ကြုံလာရင် စိတ်ဆိုးတာပဲ။

* မောဟကလဲ ဒီအတိုင်းပဲ။ တွေဝေလောက်တဲ့အခြေအနေ မပေးသေးလို့ တွေဝေလောက်တဲ့အခြေအနေပေးရင် တွေဝေတာပဲ။ သူတော်ကောင်းအလုပ်က စ,လုံးရေစ,ပဲရှိသေးတယ်။

* မိမိကိုယ်မိမိ အထင်သေးလို့လည်းမရဘူး။ ဆက်ကြိုးစားရမယ်။ ဘယ်လောက်ပဲ မကောင်းတဲ့စိတ်တွေပေါ်ပေါ် နိုင်အောင်မှတ်ပစ်ရမယ်။ စိတ်ရှည်ရှည်ထားရမယ်။
 မိမိကိုယ်မိမိ အထင်လည်းမသေးနဲ့။ အခုပြောတာ အထင်မကြီးဖို့။

* အဲဒီလို မဇ္ဈိမပဋိပဒါလည်း မျှယူရမယ်။ အထင်သေးရင်လည်း မှားတယ်။ အထင်ကြီးရင်လည်း မှားတာပဲ။ ကိလေသာကို ပေါ့ပေါ့ဆဆ လေးတွက်ပြီး သတိပဋ္ဌာန်
ကို ပေါ့ပေါ့ဆဆလုပ်ရင်လည်းအမှားပဲ။

* ရဟန္တာဖြစ်မယ့် ပုဂ္ဂိုလ်ကိုတောင် အရှက်ခွဲပစ်တာ။ 
တော်ကြာဝတ် တော်ကြာထွက် သူ့ကို ဘယ်သူမှ မလေးစားတော့ဘူး။ 

* ‘သြော်-မင်းရဲ့ခေါင်းကတော့ ဓားသွေးကျောက်ဖြစ်နေပြီ’ ဘယ်သူမှ မလေးစားဘူး။ သူ့ဇနီးကလည်း မလေးစားဘူး။ သူ့ဇနီးရဲ့အမေ၊ သူ့ယောက္ခမက စိတ်ပူလို့ သူ့သမီးကိုလာပြောတယ်။

* ‘နင့်ယောက်ျားတော့ ရဟန်းဝတ်ဖို့သွားပြန်ပြီ။ ဒီတစ်ခါတော့ ပြန်မလာတော့ဘူးနဲ့တူတယ်’

* ‘ပူမနေပါနဲ့အမေရယ် မကြာဘူးပြန်လာမှာပါ’တဲ့။ သမီးက အမေကို ပြန်ပြောတာကြည့်စမ်း -

* ဓာတ်သိဖြစ်နေတော့ သူရဟန်း ဝတ်တာကို ဘယ်သူမှ အထင်မကြီးဘူး။ တစ်ခါတည်း ရယ်စရာကိုဖြစ်နေတာ။ အဲဒီလို ရဟန္တာဖြစ်မဲ့ပုဂ္ဂိုလ်ကိုတောင်မှပဲ အရှက်ကွဲအောင် ကိလေသာတွေက နှိပ်စက်တယ်။ မိမိလည်းပဲ သတိမထားရင် အရှက်ကွဲဖို့ မကျိန်းသေဘူးလား။

* ‘ကျိန်းသေပါတယ်ဘုရား’

* အဲဒါကို သိစေချင်ပါတယ် သူတော်ကောင်းတို့။ ငါတို့ စိတ်ကောင်းစိတ်မြတ်နဲ့ လုပ်နေတာပဲဆိုပြီး မပေါ့ပါနဲ့။ 
ဟောတဲ့သူရော နာတဲ့သူရော ဦးပဉ္ဇင်းတို့လည်း အတူတူပဲ။ ပေါ့တာနဲ့ အရှက်ကွဲမှာပဲ။ လောဘကလည်း အရှက်ခွဲဖို့စောင့်နေတယ်။ ကိုယ့်နောက်မှာ ရန်သူကြီးသုံးယောက် အမြဲတမ်းရှီနေတယ်၊

* အဲဒါကို မြတ်စွာဘုရားက သတိပေးထားတာမမေ့ကြနဲ့။ မင်းတို့ကို မသေခင်မှာ အရှက်ခွဲမယ့် ကိလေသာတွေ
ရှိတယ်။ သေရင်လည်း မင်းတို့ကို အပါယ်ဆွဲချမယ့် ကိလေသာတွေ ရှိတယ်။ ဒါကို မမေ့ကြနဲ့။ ဉာဏ်ပညာနဲ့ 
အဲဒီထိယူလို့ရှိရင် မြတ်စွာဘုရားကို ကျေးဇူးဆပ်လို့ 
ကုန်ပါဦးမလား။

‘မကုန်ပါဘူးဘုရား’

* ‘အပ်ပမာဒနေသမ်ပာဒထေ’အဓိပ္ပယ်ကို 
ကျကျနနသိလေလေ မြတ်စွာဘုရားကို ကျေးဇူးတင်လေ။ နက်နက်နဲနဲမသိတဲ့သူကတော့ သြော်
‘အပ္ပမာဒ’မမေ့ကြနဲ့။ ဒီလောက်ပဲထင်တာ။ ဘယ်ဟုတ်မလဲ။ မမေ့ကြနဲ့ဆိုတာ ပေါ့ပေါ့လျှံလျှံလေး ပေးထားတာ မဟုတ်ဘူး။

မြစိမ်းတောင်ဆရာတော်ဘုရားကြီး

Credit...

No comments:

Post a Comment