စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Friday, June 19, 2020

ကြည်ညိုဖွယ်ရာ ဗုဒ္ဓတနေ့တာ

❝ ကြည်ညိုဖွယ်ရာ ဗုဒ္ဓတစ်နေ့တာ ❞
=======================

ဗုဒ္ဓဟာ သုမေဓာရှင်ရသေ့ဘဝမှာ 
အဘိဉာဏ် ခြောက်ပါးကို ရပြီးသား 
တိဟိတ်အာဇာနည် 
ယောကျ်ားတစ်ယောက် ဖြစ်ပါတယ်။

ဒီပင်္ကရာမြတ်စွာဘုရားကိုလည်း 
ဖူးတွေ့ရပြီး ဖြစ်လို့ 
လေးမဂ်,လေးဖိုလ်ကို အရယူပြီး 
နိဗ္ဗာန်ကို ချက်ချင်း ကူးသွားနိုင်စွမ်း ရှိပါတယ်။ 

ဒါပေမယ့် မကူးခဲ့ပါဘူး။
ငါ သံသရာဝဲသြဃထဲက ကူးမြောက်သလို 
ဝေနေယျသတ္တဝါတွေကိုလည်း 
ကူးမြောက်စေမယ်။

ငါ (၃၁)ဘုံ ဝဋ်ဆင်းရဲက 
လွတ်မြောက်သလို
ဝေနေယျသတ္တဝါတွေကိုလည်း 
လွတ်မြောက်စေမယ် ။

ငါ သစ္စာလေးပါး သိသလို 
ဝေနေယျသတ္တဝါတွေ ကိုလည်း 
သိစေမယ်ဆိုတဲ့ မေတ္တာစေတနာနဲ့ 

အပါယ်လေးပါးအကျခံပြီး 
လေးသချေၤနဲ့ ကမ္ဘာတစ်သိန်း 
ဘုရားဖြစ်အောင် ပါရမီ ဖြည့်ခဲ့ရတယ်။

မိမိဘာသာ နိဗ္ဗာန်ကူးလို့ ရရဲ့သားနဲ့ 
မကူးဘဲ ဝေနေယျသတ္တဝါတွေအတွက် 
အပင်ပန်း အဆင်းရဲခံပြီး ဘုရားဖြစ်အောင် 
ပါရမီ ဖြည့်ခဲ့တဲ့ မေတ္တာ, ကရုဏာကို 
လေးစားတဲ့အနေနဲ့ ဝိပဿနာတရားကို 
ပွားများအားထုတ်သင့်ကြပါတယ်နော်။

ဘုရားဖြစ်တော်မူပြန်တော့လည်း 
ဘုရားရှင်ဟာ အားချိန်, နားချိန်တောင် 
မထားဘဲ မဂ်ဖိုလ် ရအောင် 
တရားများကို ဟောကြားပြသတော်မူတယ်။

ဘုရားရှင်ရဲ့ 
တစ်နေ့တာအလုပ်ကလေးကို 
ကြည်ညိုကြည့်ရအောင်...

နံနက်(၄)နာရီလောက် ရှိတာနဲ့ 
ဗုဒ္ဓဟာ ကရုဏာသမာပတ် ဝင်စားပြီး 
စင်္ကြာဝဋ္ဌာတိုက်တစ်သောင်းက 
ကျွတ်ထိုက်တဲ့ ဝေနေယျ သတ္တဝါများကို 
ရှာဖွေကြည့်ရှုတော်မူပါတယ်။

ကျွတ်ထိုက်သူကို တွေ့ရင် 
ယူဇနာ ဘယ်လောက်ဝေးဝေး 
အရောက်သွားပြီး ချေချွတ်တော်မူတယ်။
အဝေးမှာရှိတဲ့ သတ္တဝါတွေ ချေချွတ်ပြီးတာနဲ့ 
မိုးလင်းသွားပါပြီ။

မိုးလင်းတာနဲ့ သံဃာများစွာ ခြံရံပြီး 
ဆွမ်းခံကြွတော်မူတယ်။ 
ဆွမ်းခံရင်းနဲ့ ကျွတ်ထိုက်သူ တွေ့ရင် 
တရားဟောရင်း ချေချွတ်တာပဲ။

ဆွမ်းခံက ပြန်ရောက်လို့
ခြေဆေးတဲ့ အချိန်မှာတောင် 
ဒုလ္လဘတရား ငါးပါးကို 
ဟောကြားလိုက်ပါသေးတယ်။

ဆွမ်းစားပြီးလို့(၁၂)နာရီထိုးလောက် ရှိတာနဲ့ 
ရဟန်းအပါး ငါးရာကျော်တို့က 
ကမ္မဋ္ဌာန်းတရားနဲ့ ပတ်သက်တဲ့
ပုစ္ဆာပြသနာတွေ မေးကြတယ်။

ဒါနဲ့ပဲ ည(၇)နာရီ ရောက်သွားတယ်။

ဒီအချိန်မှာ တရားနာ ရောက်လာတဲ့ 
ဒကာ, ဒကာမတွေက ကျောင်းထဲမှာ
ပြည့်လျှံနေပါပြီ။

ဒါကြောင့် ဘုရားရှင်ဟာ အနားယူချိန် မရဘဲ 
မဂ်ဖိုလ်ရကြောင်း တရားများကို 
ဆက်ပြီး ဟောကြားတော်မူရပါတယ်။

လူပရိတ်သတ်တွေ 
တရားဟောပြီးတဲ့အချိန်မှာ 
ည(၁၁)နာရီကျော်လောက် ရှိပါပြီ။

ပလ္လင်ပေါ်က ဆင်းပြီး ကျိန်းစက်ရာ 
ဂန္ဓီကုဋီတိုက်ထဲ ရောက်တာနဲ့ 
သိကြားမင်းနဲ့ တကွ နတ်ပရိတ်သတ်က 
တရားနာဖို့ စောင့်နေပါပြီ။

နတ်တွေကို တရားဟောပြီးတာနဲ့ 
ည(၁)ချက်ခွဲလောက် ရှိသွားပါပြီ။ 
ဒီအချိန်မှာ ဗြဟ္မာတွေ 
တရားနာလာပြန်ပါတယ်။

ဗြဟ္မာတွေကို 
တရားဟောပြီးတဲ့အချိန်မှာတော့ 
(၃)နာရီ ထိုးခါနီးပါပြီ။

အဲဒီအချိန်ကျမှ ဘုရားရှင်ဟာ 
(၁)နာရီနဲ့ မိနစ်(၂၀)ခန့်လောက်ပဲ 
ကျိန်းစက်အနားယူခွင့် ရပါတယ်။

မနက်(၄)နာရီထိုးတာနဲ့ 
မဟာကရုဏာသမာပတ် ဝင်စားပြီး 
တစ်နေ့တာ ယန္တရားကြီး 
လည်ပတ်ပြန်ပါတယ်။

မြတ်စွာဘုရား 
အဲသလောက် အပင်ပန်းခံတယ် ဆိုတာ...

ဒါနပြုတတ်ရုံ
သီလ ဆောက်တည်တတ်ရုံ
သမထ ပွားတတ်ရုံလောက် အတွက် 
မဟုတ်ပါဘူး ။

ဒီကုသိုလ်တွေက 
သာသနာတွင်းလည်းရှိ, 
သာသနာပလည်း ရှိတဲ့ တရားတွေပါ။ 
အချိန်မရွေး ပြုလုပ်လို့ ရပါတယ်။

ဝိပဿနာဘာဝနာတရားကတော့ 
သာသနာတွင်းမှာသာ ရနိုင်တဲ့တရားပါ။ 
မဂ်ဖိုလ်ကို တိုက်ရိုက်ပေးနိုင်တဲ့တရားပါ။

ဒါကြောင့်လည်း ဘုရားရှင်က 
ရသမျှအချိန်လေးမှာ မနားမနေ 
ချေချွတ်တော် မူတာ ဖြစ်တယ်။ 

မြတ်စွာဘုရားရှင်ရဲ့ မေတ္တာ, စေတနာကို 
လေးစားသောအားဖြင့် 
ဒီဝိပဿနာ ဘာဝနာကို 
ပွားများအားထုတ်သင့်ပါပြီ။

မေတ္တာရှင်(ရွှေပြည်သာ)
မဂ်တားဖိုလ်တား အန္တရာယ်များ(စာ၂၀-၂၃)
Credit •• ဓမ္မနှစ်သက်သူ

📌အမှောင်ပျောက်၍ အလင်းရောက်ပါစေ။📌

No comments:

Post a Comment