သူတော်ကောင်းဆိုတဲ့ ပုဂ္ဂိုလ်ဟာ ကိုယ်ဘာလုပ်လုပ် နတ်တွေကို အမျှဝေဖို့ မမေ့ဘူး။
သူရဲ့ အမျှဝေတာကို အကြောင်းပြုပြီး သူ့ပတ်ဝန်းကျင်က နတ်တွေဟာ ကုသိုလ်ရဲ့အဖို့ဘာဂတွေ ရပြီး ဘုန်းတန်ခိုးတွေ တိုးတက်ကြတော့ အဲဒီ နတ်တွေကလည်း သူ့ကို စောင့်ရှောက်ကြတယ်။
ကိုယ်မမြင်ရလို့ မယုံဘူး မပြောနဲ့။ မြတ်စွာဘုရား ကိုယ်တိုင်က ဘယ်လို ပြောထားတုန်းဆိုတော့ …
"ယသ္မိံ ပဒေသေ ကပ္ပေတိ၊
ဝါသံ ပဏ္ဍိတဇာတိယော။"(ဝိ၊၃၊၃၂၄)
စဉ်းစားဉာဏ်ရှိတဲ့ ပညာရှိပုဂ္ဂိုလ်ဟာ အရပ်တစ်ခုခုမှာ နေတယ်ဆိုရင် ကုသိုလ်ကောင်းမှု တစ်ခုလုပ်ပြီး အဲဒီကုသိုလ်ကောင်းမှုရဲ့ အဖို့ဘာဂကို ပတ်ဝန်းကျင်မှာရှိတဲ့ နတ်တွေကို အမျှဝေပါတဲ့။
အမျှဝေလိုက်လို့ရှိရင် နတ်တွေက ကိုယ့်ကို စောင့်ရှောက်လိမ့်မယ်။
ကိုယ်က အမျှအတန်းပေးဝေတော့ သူတို့မှာ ဘုန်းတန်ခိုးတွေ တက်တယ်။
ဘုန်းတန်ခိုးတွေတက်တော့ ကိုယ့်အပေါ်မှာ အကြင်နာတရားတွေ ထားလာတယ်။
"ဒေဝတာနုကမ္ပိတော ပေါသော၊
သဒါ ဘဒွာနိ ပဿတိ။"(ဝိ၊၃၊၃၂၄)
နတ်တွေရဲ့ အစောင့်အရှောက်ရတဲ့ ပုဂ္ဂိုလ်ဟာ အကောင်းချည်းပဲ တွေ့တယ်။ တိုးတက်ဖို့ အခွင့်အလမ်းတွေ အများကြီး ကြုံလာတယ်။
ဘာလုပ်လုပ် အဆင်ပြေလာတယ်။ အန္တရာယ်တွေ ကင်းလာတယ်။
"မာတာပုတ်တံ ဩရသံ"(ဝိ၊၃၊၃၂၄)
မိခင်က သားသမီးအပေါ်မှာ စောင့်ရှောက်သလို နတ်တွေက ကိုယ့်အပေါ်မှာ အကြင်နာတွေ မေတ္တာတွေ ပိုပြီးတော့ ကိုယ့်ကို စောင့်ရှောက် လာတယ်။
ဒါကြောင့်မို့ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ ကိုယ်မမြင်ရတဲ့ နတ်တွေကို ကုသိုလ်ကောင်းမှု လုပ်တိုင်း အမျှဝေရမယ်။
ဘုရားဆွမ်းတော်တင်၊ ဆီမီး၊ ပန်း၊ ရေချမ်း လှူဒါန်းပြီးရင် ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ အိမ်စောင့်နတ်တို့ဘာတို့ကို ဖိတ်ခေါ်ပြီး အမျှအတန်း ပေးဝေရမယ်။
အဲဒီလို သူတော်ကောင်း ပုဂ္ဂိုလ်တွေဟာ ကောင်းတဲ့အလုပ်တွေ လုပ်ပြီးတိုင်း အမျှအတန်း ပေးဝေကြတယ်။
အဲဒီအမျှအတန်းပေးဝေမှုကြောင့် နတ်တွေကိုလည်း အကျိုးပြုရာ ရောက်တယ်။
‘‘ယသ္မိံ ပဒေသေ ကပ္ပေတိ, ဝါသံ ပဏ္ဍိတဇာတိယော၊
သီလဝန္တေတ္ထ ဘောဇေတွာ, သညတေ ဗြဟ္မစာရယော [ဗြဟ္မစာရိနော (သျာ။)]။
‘‘ယာ တတ္ထ ဒေဝတာ အာသုံ, တာသံ ဒက္ခိဏမာဒိသေ၊
တာ ပူဇိတာ ပူဇယန္တိ, မာနိတာ မာနယန္တိ နံ။
‘‘တတော နံ အနုကမ္ပန္တိ, မာတာ ပုတ္တံဝ ဩရသံ၊
ဒေဝတာနုကမ္ပိတော ပေါသော, သဒါ ဘဒြာနိ ပဿတိ"။
(ဝိ၊၃၊၃၂၄)(ဒီ၊၂၊၇၅)
ပါမောက္ခချုပ် ဆရာတော်ဘုရားကြီး
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
No comments:
Post a Comment