စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Friday, January 22, 2021

ကိုယ့်သန္တန်မှာ တရားရှိ, မရှိ သိလိုလျှင်

ကိုယ့်သန္တာန်မှာ တရားရှိ မရှိ၊ သိချင်လျှင်.....
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ဗုဒ္ဓဘာသာဝင် သူတော်စင် အပေါင်းတို့၏ နောက် ဆုံး ပန်းတိုင်သည် မြတ်နိဗ္ဗာန်ပင် ဖြစ်ပါတယ်။

နိဗ္ဗာန် ကို ရရောက် နိုင်ရန် အတွက် တရား ကျင့်ကြံ အားထုတ် ကြရပါတယ်။

တရားအားထုတ်ရာ၌ ကိုယ်ရဲ့ခံစားချက် ကိုယ့်ရဲ့အဆင့်နဲ့ ကြည့်ကာ ကိုယ့်သန္တာန်မှာဖြစ်တဲ့ လောဘ၊ ဒေါသ၊ မာန်မာနတွေ ဣဿာမစ္ဆရိယ တွေကို သိနိုင်ပါတယ်။

ကိုယ့်သန္တာန်မှာ ဒီသဘာဝတရား တွေ ရှိနေသေး တယ် ဆိုရင် နည်းလာသလား ပိုဆိုးလာသလား?။

ကိုယ့်ကိုယ်ကို သိနိုင်ပါတယ်။ တရားကျင့်လို့
ရှိရင် လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာန၊ ဣဿာမစ္ဆရိယ တဖြည်းဖြည်း နည်းလာတယ်၊ လျော့လာတယ်ဆိုရင် တရား ရလာတယ်။

တက်လာတယ်လို့ သတ်မှတ်နိုင်ပါတယ်။

တရားနဲ့ ပတ်သက်လာရင် “အနုရုဒ္ဓသုတ်” ကို လည်း သတိထား ဆင်ခြင်သင့်ပါတယ်။

ရှင် အနုရုဒ္ဓါမထေရ်မြတ်ဟာ သာသနာ့ဘောင် ဝင်ပြီး ဝါတွင်းသုံးလကာလမှာ သမထကျင့်စဉ် တစ်ခုကို ကျင့်ကြံ အားထုတ်လိုက်တာ စျာန် အဘိဉာဏ် တွေ ရသွားပါတယ်။

ဒိဗ္ဗစက္ခု အဘိဉာဏ်မှာ ထူးထူးကဲကဲ အောင်မြင် သွားပါတယ်။

စကြဝဠာတစ်ထောင်ကို တစ်ထိုင်တည်းနဲ့ အာရုံ ပြုလိုက်လို့ရှိရင် အကုန်မြင်နေရပါတယ်။

အဲဒီလို သမထကျင့်စဉ်အောင်လို့ အဘိဉာဏ်ရတဲ့ ပုဂ္ဂိုလ်ဟာ မသိမသာ အကုသိုလ် တရားတွေ ဖြစ်လာပါတယ်။

ရှေ့ဆက်ပြီး တရားကျင့်ပေမယ့် ရဟန္တာမဖြစ်ဘူး၊ မဖြစ်တဲ့အခါ ရှင်သာရိပုတ္တရာဆီ သွားမေး ပါတယ်။

 “အရှင်ဘုရား..တပည့်တော်မှာ စကြာဝဠာ တစ်ထောင် ကို ဒိဗ္ဗစက္ခုနဲ့ ကြည့်နိုင်တယ်။

တပည့်တော် မှာ သတိတွေလည်းကောင်းတယ်၊ သမာဓိ စွမ်းအား တွေ လည်း ကောင်းတယ်။ ဒါပေမယ့် ရဟန္တာ မဖြစ်ဘူးဘုရား၊ ကိလေသာ ကင်းကွာတဲ့သူ မဖြစ်ဘူးဘုရား။ ” 

အဲဒီလို ပြောတော့ ရှင်သာရိပုတ္တရာ မထေရ်မြတ်က... 
“ ငါ့ရှင်..အနုရုဒ္ဓါ စကြာဝဠာတစ်ထောင်ကို ဒိဗ္ဗစက္ခုနဲ့ ကြည့်နိုင်တယ်လို့ထင်နေတာ ကိုက မာန ပဲ ” 

မာန ဆိုတာ အကုသိုလ်၊ ဒီမာနလေး ခံနေသည့် အတွက်ကြောင့် ရဟန္တာ မဖြစ်ဘူး။ နောက်တစ်ခါ ရှင်သာရိပုတ္တရာက ထောက်ပြတယ်။

“ ငါ့မှာ သမာဓိတွေ အားကောင်းတယ်၊ သတိ လည်း ကောင်းတယ်၊ ဝီရိယတွေလည်း ကြိုးစား အားထုတ်တယ် ” 
ဒီလိုတွေးတာက ဥဒ္ဓစ္စ- စိတ်တွေလေလွင့်နေတာ၊ သမာဓိပျက်ပြားတာ၊ အဲဒီ အတွေးတွေ မဖျောက် လို့ ရှိရင် ရဟန္တာ မဖြစ်ဘူး။

“ ငါ.. .ကိလေသာကုန်တဲ့ ရဟန္တာ ဘာဖြစ်လို့ မဖြစ်ရသလဲ ” လို့ ပြောတာက ကုက္ကုစ္စပဲ။

အများသိနေတဲ့ ကုက္ကုစ္စက မလုပ်သင့်တဲ့ အလုပ် ကို လုပ်မိပြီး ပူပင်တာ ကုက္ကုစ္စပဲ။

လုပ်သင့်တာ မလုပ်မိလို့ ပူပင်တာလည်း ကုက္ကုစ္စပဲ။

ယခု ကုက္ကုစ္စဆိုတာ တခြား မဟုတ်ဘူး။“ကိလေသာကုန်တဲ့ရဟန္တာ ဘာလို့ မဖြစ်တာလဲ ” လို့ တွေးတာ...
ဒါလည်း ကုက္ကုစ္စပဲ။

ဒါဖြင့်.. ရှင်သာရိပုတ္တရာက အကြံပေးတယ် “ကိုယ် တော် ဒါတွေ တွေးမနေနဲ့၊နိဗ္ဗာန် တစ်ခုတည်းကို ဦးတည်ပြီးကျင့်ပါ ” 
လို့ အကြံပေးလိုက်တဲ့အခါကျမှ ရှင်အနုရုဒ္ဓါ ရဟန္တာ ဖြစ်သွားပါတယ်။

တရားဆိုတာ အလွန်သိမ်မွေ့ပါတယ်။

ဒါကြောင့်မို့ တရား ချစ်ခင်သူတော်စင် တို့ လက်တွေ့ ကျင့်သုံးရမယ့် တရားဓမ္မ၊သိထားရမယ့် တရားဓမ္မတွေ ကြားနာရလို့၊ဖတ်ရှုရလို့ ကိုယ်ရဲ့ အမူအကျင့်တွေစိတ်နေသဘောထားတွေပြောင်းလဲလာပြီး သူတော်စင် သူတော်မြတ်အဖြစ် ရောက်လာပြီဆိုရင် တရားရလာပြီ၊တရားတက်လာပါပြီ။ 

မာန၊ဣဿာ၊မစ္ဆရိယ အဲဒါမျိုးတွေ ပွားလာရင် ဒါ.. မမှန်ကန်သေးပါ။

တရား ချစ်ခင် ကျင့်ကြံ အားထုတ်နေသော ဓမ္မ မိတ်ဆွေ တို့ကလည်း ဓမ္မမှတ်ကျောက် ကို ကိုယ်စီ ဆောင်ထားပြီး...

ဗုဒ္ဓ မြတ်စွာ နဲ့ပတ်သက်လို့ အကုသိုလ် ဖြစ်ပွားစေတတ်တဲ့ အပြုအမူတွေကို ရှောင်ရှားပြီး...

မှန်ကန်တဲ့ လမ်းကြောင်းက လျှောက်လှမ်းကာ နိဗ္ဗာန်ချမ်းသာကို ကိုယ်စီကိုယ်ငှ မျက်မှောက် ပြုနိုင် ကြပါစေသတည်း။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ

No comments:

Post a Comment