ဗုဒ္ဓမှာတမ်း
_____________
သွားတော့မယ် အာနန္ဒာ
တရားနဲ့သာ ဖြေရစ်ကြပေတော့
နေမဖြစ်တဲ့ လမ်းမှာ
ငါဘုရားလည်း မြန်းရမယ်
ဒါ အဆန်းမှ မဟုတ်ဘဲ
ဖြစ်ရင်ပျက်မြဲ
ချစ်ခင်သမျှလည်း
ခွဲရမှာပဲမဟုတ်လား
ငိုပွဲတွေရပ်
မျက်ရည်ဇာတ်သိမ်း
သောကကို ထိန်းပေါ့
ငြိမ်းချမ်းစွာ
ထွက်ခွာမသွားခင်
သက်သာစွာအသာနားဖို့
ငါ ဘုရားကို
ရေကြည် တစ်ခွက်လောက်
ဆက်စမ်းပါ
ပြန်မလာတော့ဘူး အာနန္ဒာ
သံသရာ အလည်ရပ်ခဲ့ပြီမို့
ခန္ဓာနယ်စပ်က
ငါရုန်းထွက်တော့မယ်
အသုံးမဲ့ အဆုံးမဲ့
အရှုံးနဲ့ ရင်းရတဲ့လမ်းမှာ
ငါ သိပ်ပင်ပန်းခဲ့တယ်
အနွမ်းပြေဖို့
အလွမ်းတွေရဲ့ ဟိုဖက်ကမ်း
ငါတန်းတန်းကြီး သွားနှင့်မယ်
မဂ္ဂင်လမ်းကလိုက်ခဲ့ကြ..
ဂရုစိုက်ပါ အာနန္ဒာ
ကုသိနာနဲ့ လုမ္ဗိနီ
မိဂဒါဝုန်နဲ့ မဟာဗောဓိ
ငါ့ အတ်ထုပ်ပတ်တိဟာ
တောတွေနဲ့ အနားကွပ်
ငါဟာ တကယ့်
တောသားအစစ်ပေါ့
သစ်ပင်ရင်းမှာ ငါ့ကိုဖွား
သစ္စာတရားကို တောမှာဖွေ
ငါပိုင်တဲ့နေ့တွေဟာ
သစ်ပင်တွေနဲ့ဝေလို့
ငါ့ရဲ့ နောက်ဆုံးထွက်သက်လေဟာ
သစ်ပင်ရင်းပဲ ဖြစ်သင့်တယ်
သစ်ပင်ကို ချစ်ခင်ဖို့
ငါ တရားတွေဟောခဲ့ပြီးပြီ
တောဆိုတာ
သံသရာရဲ့ ထွက်ပေါက်
တောပျောက်ရင်
နိဗ္ဗာန်ပါပျောက်မယ်
တောမရှိရင် ဘုရားမရှိနိုင်ဘူး
အရိယာတွေ မွေးထုတ်ဖို့
တောအုပ်တွေရှိမှ ဖြစ်မယ်
သတိပဋ္ဌာန်ကို သင်ပြတိုင်း
သစ်ပင်ရင်းကို သွားကြဖို့
ငါ ခဏခဏ တိုက်တွန်းခဲ့ပြီးပြီ
စိတ်ချခြင်းများစွာနဲ့
အခုတော့ ငါ သွားပါရစေတော့
သဘောထားကြီးဖို့
တောသားကြီးတွေဖြစ်အောင်သာ
ကြိုးစားရစ်ပေတော့ ... ...
အရှင်ဇနက(ပုလဲသွေး)
No comments:
Post a Comment