စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Wednesday, January 13, 2021

ကောင်းမှုဟာ လူ့ဘဝရဲ့ အနှစ်သာရ

ကောင်းမှုဟာလူ့ဘဝရဲ့အနှစ်သာရ..
ဘယ်သူနဲ့နေနေ ကုသိုလ်ရအောင်နေပါ။

လူ့ဘဝရဲ့အနှစ်သာရက ကောင်းမှုတရား..
ဒီဘဝကို ရောက်လာကြတာဟာ အမေက မွေးဖွားလို့ရောက်လာတယ်ဆိုတာကစကားအနေနဲ့ ပြောတာ..။

အမေက မွေးဖွားပေးနိုင်လောက်အောင် အမေ့ဆီ ရောက်လာတာက ကောင်းမှုကုသိုလ် ကံတရားက ပို့လိုက်တာ။

အဖေတို့ အမေတို့နဲ့ လာပြီးတော့ ဘဝရေစက်
ဆုံတာဟာကိုယ့်မှာ ကောင်းမှုကုသိုလ်ကံပါလာလို့။

ယခုလို စာသင်တိုက်ကြီးတွေမှာ ဆရာနဲ့ တပည့်
ဆုံတွေ့ကြရတာဟာလည်း ကောင်းမှုကုသိုလ်ကံ
ကြောင့်ပဲ။

ကောင်းမှုကုသိုလ်ကံ အရှိန်အဝါကြောင့်လူဖြစ်လာတာဆိုတော့ နေတုန်းလည်း ကောင်းမှုကုသိုလ်တရားနဲ့ နေနိုင်အောင်၊ အပြန်ကျတော့လည်း ကောင်းမှုကုသိုလ်ကံတရားအပြည့်အဝနဲ့ ပြန်နိုင်အောင် ကြိုးစားကြရမှာ။

လာတုန်းကလည်း ကောင်းမှုကုသိုလ်ကံတရားနဲ့ လာတယ်။ နေတော့လည်း ကောင်းမှုကုသိုလ်ကံတရားနဲ့ပဲ နေနိုင်တယ်။ အပြန်ကျတော့လည်း 
ကောင်းမှုကုသိုလ်ကံ တရားနဲ့ပဲပြန်နိုင်တယ်။
ဒါဆိုရင် လူ့ဘဝ လူဖြစ်ကျိုး နပ်ပြီပေါ့။

လူမမာဟာ ဆေးထိန်းလေးနဲ့ နေရသလိုကိလေသာထူပြောတဲ့ ပုထုဇဉ်တွေဟာလည်း ကုသိုလ်တရားအထိန်းလေးနဲ့ နေရတာ။

ကုသိုလ်တရားအထိန်းလေး လျော့သွားတာနဲ့ကိလေသာရောဂါတွေ သည်းပြီးတော့ကိုယ့်ဟာကိုယ်တစ်ယောက်တည်း နေတော့လည်း 
မချိမဆန့် ပူလို့လောင်လို့၊အများနဲ့ နေတော့လည်း ဟိုဟာ မကျေနပ် ဒီဟာမကျေနပ်တရှူးရှူး တရှဲရှဲ အကုသိုလ်တွေ ပွားပြီးတော့ နေတယ်။

ကုသိုလ်ဆေးထိန်း လျော့နေလို့ ကိလေသာရောဂါတွေသည်းနေတာကိုး။ ကိလေသာရောဂါ သက်သာအောင်ကောင်းမှုကုသိုလ်ဆေးလေး အမြဲမှီဝဲနေရတာ ကောင်းမှုကုသိုလ်ဆေးကို အမြဲမှီဝဲပေးနိုင်မှ တော်ကာကျတာတရားဟာ ဆေးပဲ။

ကောင်းမှုကုသိုလ်တရားဟာ လူ့ဘဝရဲ့ အနှစ်သာရဖြစ်တာကြောင့် တစ်ယောက်တည်း နေတော့လည်း သတိလက်ကိုင်ပြုပြီးတော့ ကုသိုလ်တရားနဲ့ နေနိုင်အောင်အမြဲကြိုးစား။ 

အများနဲ့နေတော့လည်း ခန္တီ-မေတ္တာ လက်ကိုင်ပြုပြီးတော့ ကုသိုလ်ရအောင် အမြဲကြိုးစား။

ဘယ်သူနဲ့နေနေ ကုသိုလ်ရအောင်နေ။သာသနာတွင်းမှာ ကုသိုလ်မရနိုင်တဲ့ နေရာလို့မရှိဘူး။
သတိဉာဏ်ရှိရင်ရှိသလောက် နေရာတိုင်းမှာကုသိုလ်ထုပ်တွေဟာ အရံသင့် ကောက်ယူရုံပဲ။

(တိပိဋက ယောဆရာတော်ဘုရားကြီး သြဝါဒ)

 Crdး ဦးဓမ္မသာရ(ဆေးသဲ့တောင်)

No comments:

Post a Comment