စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Wednesday, January 13, 2021

ပန်းတိုင်အရောက်သွား

#ပန်းတိုင်အရောက်သွား
=================

တရားနဲ့နေသူတို့ရဲ့ အဆုံးသတ်ပန်းတိုင်က 
မဂ်ဥာဏ် ဖိုလ်ဥာဏ် နိဗ္ဗာန်ဖြစ်ပါတယ်။

မဂ်ဥာဏ် ဖိုလ်ဥာဏ် နိဗ္ဗာန်ရတဲ့
အထိ အားထုတ်ရပါတယ်။

ခရီးသွားတစ်ယောက်ဟာ ကိုယ်သွားရမယ့်
လမ်းကို ဖြောင့်ဖြောင့်တန်းတန်း မသွားဘဲနဲ့ 

လမ်းခရီး မြင်တွေ့နေရတာတွေကို
ငေးမောနေရင် ခရီးမတွင်ပါဘူး။ 

လိုရာကို မြန်မြန်ဆန်ဆန် 
မရောက်ပါဘူး။ ခရီးဖင့်ပါတယ်။

အဲဒီလိုပဲ… မဂ်ဥာဏ် ဖိုလ်ဥာဏ်တွေ 
မပေါ်ခင်မှာ နိဗ္ဗာန်ကို မတွေ့မြင်ခင်မှာ 

ဘယ်လိုအာရုံတွေပဲလာလာ 
ဘယ်လောက်ပဲ ချမ်းသာချမ်းသာ 

မိန်းမော ယစ်မူးမသွားအောင်
သတိထားရပါမယ်။ ဆက်ပြီး မရှုမှတ်ရင် 
မသိမသာလေး  လမ်းလွဲသွားတတ်ပါတယ်။

ပန်းတိုင်ကိုမေ့ပြီး လမ်းမှာတင်
ရပ်နေတတ်ပါတယ်။

တရားကြောင့် ရရှိလာတဲ့ 
နှစ်သက်ရွှင်လန်းတဲ့ "ပီတိ" 

ချမ်းသာတဲ့ သုခတွေကို ခံစားနေရတဲ့
အချိန်ဟာ အင်မတန် အရေးကြီးတဲ့အချိန်ပါ။

ဆက်လက်ရှုမှတ်ရင် အသိဥာဏ်တွေ 
ပေါက်ပေါက်ရောက်ရောက်ဖြစ်မယ့် အချိန်

မရှုမှတ်နိူင်ရင် နောက်ကိုပြန်လန်ကျမယ့်
အချိန်မို့ အထူးသတိထားပြီး အရှုခံ ရုပ်
နာမ်တွေကို ဆက်ပြီး ရှုမှတ်ပါ။

#အဆင့်ဆင့်ဥာဏ်ဝင်
••••••••••••••••••••

ရုပ်နာမ်ကို ရှုမှတ်ရာမှာ ရုပ်နာမ်ရဲ့သဘော
လက္ခဏာတွေကိုသိလာ ရုပ်နာမ်ရဲ့ဖြစ်ပျက်
ခြင်းတို့ကို မြင်လာတဲ့အခါ ရှုကွက်တွေဟာ 
ပိုမိုထင်ရှားလာပါပြီ။

အလွန်လျှင်မြန်တဲ့ ရုပ်နာမ်သဘောတွေကို
ကြည့်ရင်း ရှုရင်းမှပဲ "အဆက်မပြတ်အောင်
ပျက်ပြီးရင်း ပျက်ရင်း ဖြစ်နေတယ်" လို့သာ
နားလည်လာပါတယ်။

"ပစ္စုပ္ပန် ရုပ်နာမ်တွေဟာ အပျက်တရား
တွေပဲ၊ တဖွဲဖွဲနဲ့သာ ပျက်နေတယ်"လို့ သိပြီးတဲ့နောက်မှာ …

"ရှေးတုန်းကလည်း အပျက်တွေပဲ။ နောင်ကို
လည်း ပျက်ရဦးမှာပဲ။ ယခုလည်း ပျက်နေ
တာပဲ "လို့ သိမြင် ကြောက်ရွံလာပါတယ်။

ကြောက်စရာလို့သာ ရှုမြင်လာပါတယ်။
အပြစ်မြင်တော့ မပျော်ရွှင်ဘဲ ငြီးငွေ့လာ
ပါတယ်။

ငြီးငွေ့တဲ့အလျောက် လွတ်မြောက်ချင်တဲ့
စိတ်တွေ ဖြစ်လာပါတော့တယ်။ ပေါ်လာပါ 
တော့တယ်။

လွတ်မြောက်လိုစိတ်နဲ့ ဆက်လက်ရှုမှတ်တဲ့
အခါမှာတော့  နောက်ဆုံးအဆင့်မှာ မဂ်ဥာဏ်
ဖိုလ်ဥာဏ်များ ဖြစ်ပေါ်ဖို့သာ ရှိပါတော့တယ်။

နိဗ္ဗာန်လမ်းဟာ 
ဖြောင့်တန်းနေ ရှင်းလင်းနေပါပြီ။ နိဗ္ဗာန်ကို
မျက်မှောက်ပြုဖို့ အဆင့်သင့် ဖြစ်နေပါပြီ။

မဂ္ဂင်တရားတွေ ပြည့်စုံတာနဲ့ မဂ်စိတ်
ပေါ်လာရင် မဂ္ဂင်ယာဉ်ပျံကို စီးနင်းပြီး
နိဗ္ဗာန်ရွှေပြည်ကို ဝင်ရောက်သွားတော့မှာပါ။

#မဂ်စိတ်ဖြစ်လာ
•••••••••••••••

တစ်လှမ်းပြီး တစ်လှမ်း မှန်မှန်သွားနေ
ရသူမှာ တစ်ချိန်ချိန်မှာတော့ လိုရာကို
ရောက်သလို…

မလျှော့သော ဇွဲလုံ့လနဲ့ အားထုတ်ခဲ့သူဟာ 
ရှုမှတ်အားထုတ်လို့ မဂ္ဂင် ၈ပါး မြတ်တရား
များ ပြည့်စုံလာတဲ့အချိန်မှာတော့…

ပူပန်မှု နှိပ်စက်မှုတွေကို ဖောက်ခွဲနိူင်
အိုခြင်း သေခြင်းတွေကို ဖျက်ဆီးနိူင်တဲ့ 
မဂ်စိတ် ဖြစ်ပေါ်လာပါတယ်။

မဂ်စိတ်ဖြစ်လာတယ်ဆိုရင်ပဲ ဒုက္ခသစ္စာကို
သိမြင်သွားပါတယ်။ သမုဒယ သစ္စာကို 
ပယ်ခွာလိုက်ပါတယ်။ 

နိရောဓသစ္စာကို မျက်မှောက်ပြုပါတယ်။ 
မဂ္ဂသစ္စာကို မိမိသန္တာန်မှာ ဖြစ်ပါစေတယ်။

ပြုသင့်ပြုထိုက်တဲ့ ကိစ္စတွေအားလုံး ပြီးစီး
သွားပါတယ်။ ပုထုဇဉ်ဘဝကနေ သောတာပန်
ဆိုတဲ့ အရိယာဘဝကို ရောက်ရှိသွားပါတယ်။

အဆင့်ဆင့် ဆက်လက် အားထုတ်လို့ 
လေးမဂ်လေးဖိုလ် ရပြီးတဲ့အခါမှာတော့ 

အာသဝေါတရားတွေ အားလုံးကင်းကွာပြီး
ရဟန္တာအဖြစ်ကို ရောက်ပါတော့တယ်။

အဲဒီအခါကျမှတော့ လိုချင်တဲ့တရား
ရချင်တဲ့ တရားတွေ ရပါပြီ။ မဂ်ဥာဏ်
ဖိုလ်ဥာဏ်တွေနဲ့  အလုံးစုံပြည့်စုံပါပြီ။ 

နိဗ္ဗာန်ချမ်းသာကိုလည်း
မျက်မှောက်ပြုနိူင်ပါပြီ။

ကိလေသာတွေ တိုက်ဖျက်နိူင်လို့ 
အောင်ပွဲခံနိူင်သူ အစဉ်အမြဲ တရားနဲ့
နေသူ တစ်ယောက်ဖြစ်သွားပါပြီ။

#ဒီဘဝမှာမရရင်တောင်
••••••••••••••••••••••

ဘယ်လိုပင် ကြိုးစားအားထုတ်ပေမယ့်
ဒီဘဝမှာ တရားမရရင်တောင် တရားနဲ့
နေသူအတွက် အရှုံးမထွက်နိူင်ပါဘူး။ 

ကိုယ့်တရား အားကိုးရှိတာမို့ လောကဓံ
အရိုက်အပုတ် အထုအထောင်းတို့ကို
ခံနိူင်ရည် ရှိသွားပါတော့တယ်။

အာရုံငါးပါး ကာမဂုဏ်တရားတို့ကို အစွဲ
အလမ်း ပြင်းထန်စွာ မဖြစ်တော့တာမို့

စွဲလမ်းမူတွေကို ပယ်ခွာနိူင်သလောက်
အပူသောကများ ငြိမ်းအေးသွားပါတယ်။

အကုသိုလ် ဒုစရိုက်များမဖြစ်ပွားအောင်
စောင့်စည်းနိူင် ပိတ်ဆို့နိူင် ကာကွယ်နိူင်တဲ့
အတွက် အကုသိုလ်ဖြစ်မှုများ နည်းပါးသွား
ပါတယ်။

ဒီဘဝကနေ နောင်ဘဝ ပြောင်းတဲ့အခါမှာ 
သံသရာ ရေစုန်မမျောတော့ဘဲ အထက်တန်း
ကျတဲ့ သုဂတိဘဝကို သေချာပေါက် ရနိူင်ပါ
တယ်။

တရားနဲ့နေသူဟာ မကြာမီဘဝမှာပဲ 
မဂ်ဥာဏ် ဖိုလ်ဥာဏ်တွေ ပေါ်ပေါက်နိူင်တာမို့

သံသရာ ဝဋ်ဆင်းရဲမှ လျင်မြန်စွာ
လွတ်မြောက်နိူင်ပါတော့တယ်။ 

ဝဋ်ဘဝတိုတိုနဲ့ နိဗ္ဗာန်ကို
ဝင်စံသွားနိူင်ပါတော့တယ်။

#ခုရောနောင်ပါ
••••••••••••••

ခုဘဝမှာရော နောင်ဘဝမှာပါ ကောင်းကျိုး 
အဖြာဖြာကို ရချင်တဲ့သူဟာ တရားလက်လွတ်
နေလို့ မရပါဘူး။ တရားမေ့နေလို့ မရပါဘူး။ 

တရားမေ့နေသူတို့အတွက် အပါယ်လေးဘုံ
ဟာ ကိုယ့်အိမ် ကိုယ့်ယာလို စောင့်ကြိုနေမှာမို့
အစဉ်သတိရှိပြီး တရားအလုပ်ကို အားထုတ်ရ
ပါမယ်။

သွားလာလုပ်ကိုင်ရင်း တတ်နိူင်သမျှ
တရားနှလုံးသွင်းရပါမယ်။

တစ်ဘက်က မလွဲသာ မကင်းသာတဲ့
အိမ်ထောင်တာဝန်၊ ခန္ဓာတာဝန်တွေ ထမ်းရင်း
တရားအလုပ်တွေကို ကြိုးပမ်းနေရပါမယ်။

တရားနဲ့နေကြမယ်ဆိုရင်ဖြင့် တရားနဲ့
နေသူကို တရားက ဘေးဒုက္ခအပေါင်းက
ကယ်တင်သွားပါလိမ့်မယ်။

အားကိုးအဖြစ် တရားဓမ္မကို လက်ကိုင်ပြုပြီး
ဘဝဒုက္ခအပေါင်းမှ လွတ်မြောက်နိူင်ကြပါစေ
လို့ ဆုတောင်းရင်း နိဂုံးချုပ်လိုက်ပါတယ်။

ဓမ္မဒူတ ဒေါက်တာအရှင်ပညိဿရ

Credit: 

No comments:

Post a Comment