သင်္ကြန်ရက်မှာဟောရန်တရား
လူ ( ၄ ) မျိုး
⚛️⚛️⚛️⚛️⚛️⚛️
ယနေ့ဦးဇင်းက ဓမ္မလက်ဆောင်အနေနဲ့ လူလေးမျိုးအကြောင်းကို
ပြောပြပါမယ်။
လူဆိုတာ-မြန်မာစကား ပါဠိလို-မနုဿ လို့ခေါ်တယ်။
မနုဿ=လူလို့ဘာကြောင့်ခေါ်ရသလဲဆိုရင်
လူဆိုတာ
👫ကုသလာကုသလေ ဓမ္မေ မနတိ ဇာနာတီတိ မနုေဿာ။
ကုသလာကုသလေ ဓမ္မေ-တို့ကို မနတိ ဇာနာတီတိ-သိတတ်၏
ဣတိတသ္မာ ကြောင့် မနုေဿာ-မည်၏
ကုသိုလ်နဲ့အကုသိုလ်ကိုခွဲခြားသိတတ်လို့လူလို့ခေါ်တယ်။
ကုသိုလ်နဲ့အကုသိုလ်လောက်မှ ခွဲခြားမသိဘူးဆိုရင်
ပခုံးနှစ်ဘက်ကြားကခေါင်းပေါက်ပေမယ်လို့ လူလို့မခေါ်နိုင်ဘူး။
လူမပီသဘူးတဲ့။
နောက်ပြီးတော့
👫ကာရဏာ ကာရဏံ{အတ္ထာနတ္ထံ} မနတိ ဇာနာတီတိ မနုေဿာ။
ကာရဏာ ကာရဏံ-အကြောင်း အကျိုးဟုတ်သည်မဟုတ်သည်ကို
မနတိ ဇာနာတီတိ-သိတတ်၏
လူမှန်ရင်အကြောင်းလား အကျိုးလား အကောင်းလား အဆိုးလားဆိုတာ ခွဲခြားသိမှလူခေါ်တယ်။
ကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ်။ မကောင်းတာလုပ်ရင်
မကောင်းတာဖြစ်မယ်လို့ ကုသိုလ်ကံ အကုသိုလ်ကံတို့ရဲ့
အကျိုးတရားကိုခွဲခြားသိမှ လူခေါ်တယ်။
ကုသိုလ်ကံ အကုသိုလ်ကံတို့ရဲ့ ကောင်းကျိုးဆိုကျိုးကို
ခွဲခြားပြီးတော့ မသိတတ်ဘူးဆိုရင် လူလို့မခေါ်နိုင်ဘူး လူမပီသဘူး။
👫မနော ဥဿန္နံ ဧတေသန္တိ မနုဿာ။
ဧတေသံ ထိုပုဂ္ဂိုလ်တို့အား(ဝါ)၏ ဥဿန္နံ မြင့်မြတ်သော မနော စိတ်သည်
အတ္ထိ ရှိ၏ ဣတိတသ္မာ ထိုသို့မြင့်မြတ်သောစိတ်ရှိသောကြောင့်
မနုဿာ မနုဿမည်ပါပေ၏(ဝါ)လူမည်ပါပေ၏
မြင့်မြတ်တဲ့စိတ်ရှိတဲ့အတွက်ကြောင့် လူလို့ခေါ်တယ်။
မြင့်မြတ်တဲ့စိတ်ဆိုတာ=မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာလို့ဆိုတဲ့ဗြဟ္မဝိဟာရတရားလေးပါးကိုပြောတာ။
အဲဒီတရားလေးပါးမှ မရှိဘူးဆိုရင် လူမပီသဘူး လူလို့မခေါ်နိုင်ဘူးတဲ့။
ဘယ်လိုကြောင့်လူခေါ်တယ်ဆိုတာကို
သိရအောင် လင်္ကာဆောင်ပုဒ်လေးတိုင်ပေးမယ်
လိုက်ဆိုလိုက်
👫အကုသိုလ်လား-ကုသိုလ်လား-ခွဲခြားသိမှ လူခေါ်သည်။
👫ကောင်းတာပြုက- ကောင်းကျိုးရ- ခွဲခြားသိမှလူခေါ်သည်။
မကောင်းတာပြုက- မကောင်းကျိုးရ- ခွဲခြားသိမှလူခေါ်သည်။
👫မြင့်မြတ်စိတ်ထား- ရှိသူအား-စိတ်ထားကောင်းမှ-လူခေါ်သည်။
ဒါကတော့ လူရဲ့အဓိပ္ပါယ်
ယနေ့ကမ္ဘာမှာ လူပေါင်းသန်းပေါင်းထောင်ကျော်ရှိတယ်
အဲဒီသန်းပေါင်းထောင်ကျော်ရှိတဲ့လူတွေကို မြတ်စွာဘုရားက
လေးမျိုးလေးစား ခွဲပြထားတယ်
အဲဒီလေးမျိုးကဘာတွေလဲဆိုတော့
၁ ။ မနုဿ နေရယိက = လူ့ငရဲသား ။
၂ ။ မနုဿတိရစ္ဆာန = လူ့တိရစ္ဆာန် ။
၃ ။ မနုဿပေတ = လူ့ပြိတ္တာ ။
၄ ။ ပရမတ္တမနုဿ=လူပီသတဲ့လူ တန်ဖိုးရှိတဲ့လူ၊လူအစစ်
၁။ မနုဿနေရယိက= လူငရဲသား ဆိုတာ
🚩 ငရဲသို့ ကျရောက်နေကြတဲ့သူတွေဟာ ဒါန ၊ သီလ ၊ ဘာ၀နာ တည်းဟူသော ကုသိုလ်ကောင်းမှု့တွေကို ဘာတစ်ခုမှပြုလုပ်ခွင့်မရ အားထုတ်ခွင့်မရဘဲ ၊ ညှင်းပန်း နှိုပ်စက်မှု့ တို့ဖြင့် စက္ကန့်မလပ် ခံနေကြရသကဲ့သို့...
လူလောကထဲမှာ #တချို့သောလူတွေဟာ ဒါန ၊ သီလ ၊ ဘာ၀နာ တည်းဟူသော ကုသိုလ်ကောင်းမှုတွေကို တစ်ခုမှမလုပ်ကြ ၊ အားထုတ်မှု့မရှိဘူး စားဝတ်နေရေးအဆင်မပြေတဲ့အတွက်
သူတပါးအသက်သတ်ခြင်း ၊ ခိုးမှု ... စသည်များကြောင့်
ဥပဒေနဲ့ မလွတ်ကင်းတဲ့ အလုပ်တွေလုပ်ပြီး
ထောင်ကျ ဆင်းရဲနှိပ်စက်ခြင်း ခံရသော သူများကို လူငရဲသားများ လို့ခေါ်တယ် ။
၂။ မနုဿတိရစ္ဆာန = လူတိရစ္ဆာန်ဆိုတာ
🚩 တိရစ္ဆာန်များဟာ ဒါန ၊ သီလ ၊ ဘာ၀နာ တည်းဟူသော ကောင်းမှု့ကုသိုလ်ကံတွေကို မသိ တစ်ခုမှမပြုလုပ်ဘဲ အိပ် ၊ စား ၊ ကာမ ဤသုံးမျိုးကိုသာ အားထုတ်ပြုလုပ်ရင်း တစ်ဘ၀ ဆုံးသွားသကဲ့သို့....
လူလောကထဲမှာ #တချို့သောလူတွေဟာ ဒါန ၊ သီလ ၊ ဘာ၀နာ တည်းဟူသော ကောင်းမှု့ကုသိုလ်ကံတို့ကို မသိ တစ်ခုမှ မပြုလုပ်ဘဲ အိပ် ၊ စား ၊ ကာမ ဤသုံးမျိုးဖြင့်သာ တစ်ဘ၀ ကုန်ဆုံးသွားသောသူကို လူ့ တိရစ္ဆာန်လို့ခေါ်တယ်။
၃။ မနုဿပေတ = လူ့ပြိတ္တာဆိုတာ
🚩 သရဲ ၊ တစ္ဆေ မှင်စာဟလို့ ခေါ်ဆိုနေကြသော ပြိတ္တာများဟာ ဒါန ၊ သီလ ၊ ဘာ၀နာ တည်းဟူသော ကောင်းမှု့ကုသိုလ်ကံတို့ကို တစ်ခုမှ အားမထုတ်နိုင်ပဲ မိမိ၏ ၀မ်းစာတစ်ခုအတွက်ပဲ ရှာဖွေစားသောက်ရင်း တစ်ဘ၀ ဆုံးရသကဲ့သို့ ...
လူလောကထဲမှာ #တချို့သောလူတွေဟာ ဒါန ၊ သီလ ၊ ဘာ၀နာ တည်းဟူသော ကောင်းမှု့ကုသိုလ်ကံတို့ကို တစ်ခုမှ အားမထုတ်နိုင်ပဲ မိမိ၏ စား ၊ ဝတ် ၊ နေ ၊ ရေး ကိစ္စဝိစ္စ ၀မ်းရေး တစ်ခုအတွက်ပဲ ရှာဖွေစားသောက်ရင်း တစ်ဘ၀ ဆုံးရသူများကို လူ့ပြိတ္တာလို့ခေါ်တယ် ။
၄။ ပရမတ္ထမနုဿ =လူပီသတဲ့လူ တန်ဖိုးရှိတဲ့လူ လူအစစ်ဆိုတာ
🚩“ကိုယ်ကျင့်သီလကောင်းရမယ်”“အမှားအမှန်ခွဲခြားနိုင်ရမယ်
သူများ နှင့် တန်းတူ စီးပွားရေးကိုလည်း သမ္မာအာဇီ၀ ဖြင့် အတန်အသင့် ရှာနိုင်တယ်။
ဒါန ၊ သီလ ၊ ဘာ၀နာ တည်းဟူသော ကောင်းမှု့ကုသိုလ်ကံတွေကိုလည်း တတ်နိုင်သလောက် ၊ တတ်စွမ်းသလောက် ကြိုးစားအားထုတ်သူကို လူပီသတဲ့လူ တန်ဖိုးရှိတဲ့လူ လူအစစ်လို့ခေါ်တယ် ၊
ဦးဇင်တို့ ဒကာ ဒကာမအပေါင်းတို့ကလည်း မိမိကိုယ်ကိုမိမိ ဤလူလေးမျိုးထဲက ငါသည် ဘယ်ထဲမှာပါ၀င်နေသလဲဆိုတာ သုံးသပ်ဆင်ခြင်၍ ပရမတ္ထမနုဿ ထဲပါအောင် ကြိုးစားကြဖို့ တိုက်တွန်းရင်း..... လင်္ကာလေးဖြင့် တရားကို နိဂုံးချုပ်ရအောင် ။
လိုက်ဆိုလိုက်ပါ
✍️ လူ နဲ့ တိရစ္ဆာန် ၊ခြားနားဟန် ၊ နှစ်တန် သိရမည် ။
✍️ အိပ် , စား , ကာမ ၊သိရုံမျှ ၊ မှတ်ကြ လူမပီ ။
✍️ လူမပီက ၊ အပါယ်ကျ ၊ ဒုက္ခ မလွတ်ပြီ ။
✍️ အကုသိုလ်ပယ် ၊ ကုသိုလ်ဆွယ် ၊ တကယ်လူပီသည် ။
✍️ လူပီလေက ၊ ချမ်းသာရ ၊ရောက်ရ နိဗ္ဗာန်ဆီ။
No comments:
Post a Comment