🌷🌷.. အနီးမှုန်...🌷🌷
ကျောင်လှေခါးပေါ်ကို ခြေလှမ်းတွေ လေးကန်စွာနဲ့ တက်လာတဲ့ ဒကာကြီးကို ဆရာတော်က ပြုံးပြီး ကြည့်လိုက်တယ်။ ဖတ်လက်စ စာအုပ်ကို ဘေးချပြီးတော့ " ဒကာကြီး ဒီကို သက်သက် လာတာလား၊ လမ်းကြုံလို့ ဝင်လာတာလား "
" သက်သက် ရောက်လာတာပါ ဘုရား "
" အကြောင်းရှိသလား "
" တပည့်တော် ဘဝ ပျက်သွားပြီ ဘုရား။ လုပ်ငန်းတွေ ဆုံးရှုံးကုန်ပြီ။ ကိုယ့်ကိုယ်ကို သတ်သေချင်တဲ့ စိတ်တောင် ဖြစ်မိပါတယ် ဘုရား "
" ဒကာကြီး ခုန ပြောလိုက်တဲ့ အထဲမှာ ဘဝပျက်သွားပြီ ဆိုတာ ပါသွားသလား လို့ "
" တင်ပါ့ဘုရား "
ဆရာတော်က အနီးနားရှိ စာရွက်တရွက်ကို လှမ်းယူလိုက်တယ်။ ဒေါင်လိုက် အလယ်တည့်တည့်က ခေါက်လိုက်ပြီးတော့ ဘော့ပင်တချောင်းနဲ့အတူ လှမ်းပေးလိုက်ပြီး
" ဒကာကြီး စာရွက် ဘယ်ဘက်ခြမ်းမှာ ဒကာကြီး ဆုံးရှုံးသွားတာတွေ ချရေး ကြည့်လိုက်။ ညာဘက်ခြမ်း မှာတော့ ဒကာကြီး မဆုံးရှုံး သေးတာတွေ ချရေးလိုက် "
" အားလုံး ဆုံးရှုံးသွားပါပြီ ဘုရား ။ ညာဘက်မှာ ဘာမှ ချရေးစရာတောင် မကျန်တော့ပါဘူး "
" ဟုတ်ရဲ့လား ဒကာ ၊ ဒါဆို သင့်ဇနီးနဲ့ သင် ကွဲသွားပြီပေါ့ "
" ဟာ အရှင်ဘုရားကလည်း တပည့်တော်တို့ အိမ်ထောင် မကွဲသေးပါဘူး "
" ဒါဆိုရင် ညာဘက်မှာ ငါ့ကို သစ္စာရှိစွာ ပေါင်းသင်းနေသော ဇနီးရှိ ဆိုတာ ရေးလိုက်လေ "
" တပည့်တော်မှာ ဆက်ရေးစရာ မကျန်တော့ပါဘူး "
" အလို ဒကာကြီးရဲ့ သားတွေ ထောင်ကျသွားလို့လား "
" အရှင်ဘုရားကလည်း သားတွေ ထောင်မကျပါဘူး "
" ဒါဆိုလည်း လိမ္မာသောသားများ ရှိသေးတာ ရေးလိုက်လေ "
" ကုန်ပါပြီ ဘုရား "
" ဟဲ့ ဒကာ ၊ သင့်သမီးတွေ လင်နောက် လိုက်ကုန်လို့လား "
" သမီးတွေလည်း မိဘကို လုပ်ကျွေးနေပါတယ် ဘုရား "
" အလို မြန်မြန် ချရေးလိုက်လေ ။ မိဘကို လုပ်ကျွေးနေသော သမီးများရှိ "
" အို ၊ ကောင်းလိုက်တာ ဘုရား။ တပည့်တော် မတွေးမိပါလား။ တပည့်တော်မှာ တန်ဖိုး မဖြတ်နိုင်တာတွေ ရှိနေသေးတာ တပည့်တော် မေ့နေပါလား ဘုရား "
" ဒကာကြီး ဘယ်ဘက်ခြမ်းမှာ ဆုံးရှုံးသွားတာတွေ ချရေးလိုက်ဦးလေ "
" မရေးတော့ပါဘူး အရှင်ဘုရား ။ တပည့်တော်မှာ ဆုံးရှုံးသွားတယ် ဆိုတာတွေဟာ ဘာမှ မဟုတ်တော့ပါ ဘုရား "
" သာဓု သာဓု သာဓု မြင်အောင် ရှုနိုင်သားပဲ ဒကာ။ တခါတလေ အဝေးကြီးကို ကြည့်ရင်းနဲ့ အနီးနားမှာ ရှိတာတွေ ပျောက်ကုန် တတ်တယ်။ အနီးမှုန်တွေပေါ့ "
No comments:
Post a Comment