❝ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ❞
_______________________________________
အလုပ်ပင်ပန်းလို့ပဲဖြစ်ဖြစ်...
အကျင့်တွေပပျောက်နေတာပဲဖြစ်ဖြစ်...
ဘဝမှာ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ မနေသင့်တဲ့ ကိစ္စတစ်ခုကတော့ ဘုရားရှိခိုးခြင်းပါပဲ ။
တချို့က...
အိပ်ယာဝင် အိပ်ယာထ ဘုရားရှိခိုးတဲ့အလေ့အကျင့်ကလေးရှိကြတယ် ။
တချို့က...
ပေါ့ပေါ့ဆဆ အိပ်ယာဝင် အိပ်ယာထနေလေ့ရှိကြတယ် ။
အခု ဒီစာလေးဖတ်နေတဲ့အချိန်မှာ
" ငါ ဘုရားရှိမခိုးတာကြာနေပြီ "
" ငါ ပေါ့ပေါ့ဆဆ နေနေခဲ့တာကြာပြီး " ဆိုတဲ့ အသိကလေးဝင်နေပြီဆိုရင် ဒီစာလေးကို ဆုံးအောင်ဖတ်ပေးပါ ။
တချို့က...
ဘုရားရှိခိုးခြင်းကို နာရီဝတ် တစ်နာရီကြာတဲ့အထိ အချိန်ပေးလေ့ရှိကြတယ် ။
ဒီနေရာမှာ..
မိမိက အဲ့လောက် အချိန်မပေးနိုင်ဘူး..။
ဒါမှမဟုတ်...
မိမိက ရှိခိုးတတ်တဲ့အလေ့အကျင့်လေးရှိမနေခဲ့သေးဘူးဆိုရင် အောက်က သာဓကလေးတွေကိုဖတ်ပြီးတဲ့အခါ ကိုယ့်ရဲ့စိတ်ထဲမှာ ဒီဘုရားရှိခိုးနည်းလေးကို ခိုင်ခိုင်မာမာရှိခိုးဖို့ ဆုံးဖြတ်ချက်တွေ ချလာမိပါလိမ့်မယ် ။
အဲ့ဒီ ဘုရားရှိခိုးနည်းလေးကတော့...
မိမိကိုယ်၌က တရေးနိုးထမေးတောင် မေ့မှာမဟုတ်တဲ့
❝ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ❞ ဆိုတဲ့ ပါဠိလေးပါပဲ ။
ဒီရှိခိုးခြင်းနဲ့ မြတ်ဘုရားကို ဘယ်သူတွေရှိခိုးကြလဲဆိုရင်...
၁ ။ မဟိန္ဒမင်းကြီး
လွန်လေပြီးသော(၉၂)ကမ္ဘာအထက်မှာ ပွင့်တော်မူသော ဖုဿ ဘုရားရှင်၏ခမည်းတော် မဟိန္ဒမင်းကြီးဟာ ဖုဿ ဘုရားရှင်ထံချဉ်းကပ်ပြီး...
" ငါ၏သားကြီးကား ဘုရား...
သားငယ်ကား ပထမအဂ္ဂသာဝက ဖြစ်ပေသည်..
ငါ၏ပညာရှိပုရောဟိတ်ပုဏ္ဏား၏သားကား
ဒုတိယအဂ္ဂသာဝကဖြစ်ပေသည်...
ငါ့ဘုရား ငါ့တရား ငါ့သံဃာ ချည်းပဲ " ဆိုပြီး ဝမ်းသာစိတ်တွေမျိုသိပ်မထားနိုင်တော့ပဲ ပြည့်လျှံနေတဲ့ ဆီအိုးအတွင်းထဲက ဆီတွေအထက်လျှံတက်သလိုပဲ သားတော်ဘုရားနဲ့တကွ သားတော်အဂ္ဂသာဝကတို့ကို "နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ " ဟု သုံးကြိမ်ရွတ်ဆိုပြီးရှိခိုးပါတယ် ။
( ဓမ္မပဒအဋ္ဌကထာ ပထမအုပ် ယမကဝဂ် သာရိပုတ္တမောဂ္ဂလာနထေရဝတ္ထု )
၂ ။ သိကြားမင်း
သိကြားမင်းဟာ နှစ်သက်ရွှင်လန်းတဲ့စိတ်နဲ့ သက်သေအဖြစ် မြေကြီးကိုလက်ဖြင့်သုံးသပ်ပြီး "နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ " ဆိုပြီး သုံးကြိမ်သုံးခါကျူးရင့်လေ့ရှိပါတယ် ။ (သုတ်မဟာဝါပါဠိတော် သက္ကပဥှသုတ်)
၃ ။ ကောသလမင်းကြီး
စိုးရိမ်ပူဆွေး ငိုကြွေးမှု၊ ကိုယ်စိတ် ပင်ပန်းမှု အားလုံးသည် အချစ်ကြောင့် ဖြစ်သည် "ဟု ဘုရားရှင် ဟောတော်မူသော တရားတော်မှာ အယူအဆ ကွဲပြားနေတဲ့ ကောသလမင်းကြီးဟာ အယူမှန်ရောက်အောင် ဘုရားတရားတော်နှင့်အညီ ဥပမာ ဥပမေယျ အမျိုးမျိုးပြကာ ဖြေရှင်းလျှောက်ထားတဲ့ မလ္လိကာ မိဖုရားကြီးရဲ့ စကားကို ကြားရတဲ့အခါ ရွှင်လန်းနှစ်သက်မှုဖြစ်ပြီး ဘုရားရှင် သီတင်းသုံးတော်မူရာဘက်သို့လက်အုပ်ချီပြီး "နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ "ဟု သုံးကြိမ်ရွတ်ဆိုပူဇော်ပါတယ် ။
( မဇ္စျိမပဏ္ဏာသပါဠိတော် ၊ ရာဇဝဂ် ၊ ပိယဇာတိကသုတ် )
၄ ။ အာရာမဒဏ္ဍပုဏ္ဏားကြီး
အာရာမဒဏ္ဍပုဏ္ဏားကြီးဟာ ရှင်မဟာကစ္စည်းထေရ်အထံချဉ်းကပ်ပြီး...
" လောက၌ ရာဂ ဒေါသ မောဟ ဒိဋ္ဌိ စသော
အကုသိုလ်တရားဆိုးတို့မှ လွန်မြောက်သောသူရှိပါ၏
လော " ဟု မေးလျှောက်တယ် ။ အဲ့ဒီအခါ
ရှင်မဟာကစ္စည်းထေရ်က...
" ပုဏ္ဏားကြီး သာဝတ္ထိပြည်ဇေတဝန်ကျောင်းတော်၌
သီတင်းသုံးနေတော်မူသော မြတ်စွာဘုရားသည်
ရာဂ ဒေါသ မောဟ ဒိဋ္ဌိ စသော အကုသိုလ်တရားဆိုးတို့မှ
လွန်မြောက်တော်မူ၏ " လို့ မိန့်တော့ ပုဏ္ဏားကြီးက နေရာမှထပြီး ဘုရားရှင်ရှိတော်မူရာ ဇေတဝန်ကျောင်းတော်ကို မျက်နှာမူကာ လက်အုပ်ချီပြီး
"နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ " ဟု အမြဲရှိခိုးပါတယ် ။
( အဂုင်္တ္တိုရ် ဒုကနိပါတ် ၊ သမစိတ္တဝဂ် ၊ ၆၈)
၅ ။ ကာရဏပါလီပုဏျဏား
အခါတပါး ဝေသာလီပြည် မဟာဝုန်တောအတွင်းရှိ ကူဋာဂါရသာလာ ကျောင်းတိုက်မှာ ဘုရားရှင် သီတင်းသုံးတော်မူစဉ်...
ကာရဏပါလီပုဏ္ဏားက လိစ္ဆဝီမင်းတို့ရဲ့ အမှုကိစ္စတွေကို ဆောင်ရွက်နေပါတယ် ။ အဲ့ဒီမှာပဲ...
ဘုရားရှင်အထံတော်မှ တရားနာယူပြီး ပြန်လာတဲ့ ပိင်္ဂိယာနီပုဏ္ဏား အထံမှတဆင့် ဘုရားရှင်ဂုဏ်သတင်းကို ကြားသိရတဲ့အခါ ကာရဏပါလီပုဏ္ဏားကြီးဟာ နှစ်သက်ဝမ်းမြောက်မှုဖြစ်ပြီး ဘုရားရှင်သီတင်းသုံးတော်မူရာဘက်ကို လက်အုပ်ချီပြီး "နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ "ဟု သုံးကြိမ်ကျူးရင့်ပူဇော်ပါတယ် ။ ( အဂုင်္တ္တိုရ် ပဉ္စကနိပါတ် ၊ ကရဏပါလီသုတ် ၊ ၂ဝ၈)
၆။ ဇာဏုသောဏိ ပုဏ္ဏား
အခါတပါး ဘုရားရှင်ဟာ သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးနေတော်မူစဉ်...
နေမွန်းတည့်ချိန်မှာ အခြံအရံတွေနဲ့အတူ သာဝတ္ထိမြို့က ထွက်လာတဲ့ ဇာဏုသောဏိ ပုဏ္ဏားကြီးနဲ့ ဘုရားကျောင်းတော်မှ ပြန်လာသော ပိလောတိက ပရိဗိုဇ်တို့ လမ်းခရီးအကြား တွေ့ဆုံကြတယ် ။
ဇာဏုသောဏိပုဏ္ဏားကြီးက ပိလောတိကပရိဗိုဇ်ကို
" ငါ့ရှင်ဝစ္ဆာယန နေမွန်းတည့်ချိန်ကြီးမှ
အဘယ်မှ ပြန်လာခဲ့ပါသလဲ " ဟု မေးလေတော့ ဘုရားရှင်အထံမှ ပြန်လာခဲ့ကြောင်း ဖြေကြားလိုက်တယ် ။ ဒီတော့ ဇာဏုသောဏိ ပုဏ္ဏားကြီးက ဘုရားရှင်ရဲ့ပညာစွမ်းရည်များကို ထပ်ပြီးမေးမြန်းတယ်...
ပိလောတိကပရိဗိုဇ်ကလည်း ဘုရားရှင်၏ ဥာဏ်ပညာကြီးကျယ်ပုံ ကြည်ညိုဖွယ်ရာကောင်းပုံတို့ကို ပြောပြလိုက်တဲ့အခါ ဇာဏုသောဏိ ပုဏ္ဏားကြီးဟာ ဘုရားရှင်သီတင်းသုံးတော်မူရာဘက်ကို လက်အုပ်ချီပြီး " နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ "ဟု သုံးကြိမ်တိုင်တိုင် ရွတ်ဆိုပူဇော်ပါတယ် ။ ( မူလပဏ္ဏာသပါဠိ ၊ သြပမ္မဝဂ် ၊ စူဠဟတ္ထိပဒေါပမသုတ် ၊ ၂၃၅)
၇ ။ ဓနဉ္ဇာနီပုဏ္ဏေးမ
သဂါထာ၀ဂ္ဂသံယုတ်ပါဠိတော် ဗြဟ္မဏသံယုတ် အရဟန္တ၀ဂ်၌လည်း ရတနာသုံးပါးအလွန်ကြည်ညိုတဲ့ ဓနဉ္စာနီပုဏ္ဏေးမက "နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ " ဆိုပြီး ဘုရားကိုအမြဲရှိခိုးတဲ့အခါ အိမ်ရှင်ယောက်ျားပုဏ္ဏားကြီးက...
" ဘုရားရှိခိုးရွတ်ဆိုလျှင် သတ်ပစ်မည်" ဆိုပြီး ခြိမ်းခြောက်ခဲ့လည်းအသက်ကို ပဓာနမထားဘဲ အိမ်မှုကိစ္စလုပ်ကိုင်ရင်းပင်အမြဲရွတ်ဆို ပူဇော်လေ့ရှိကြောင်းသိရတယ် ။ ( သံ ၊ ၁ ၊ ၁၆၂ - မဇ္စျိမပဏ္ဏာသ ၊ သင်္ဂါရဝသုတ် ၊ ၄၂၄)
၈ ။ ဗွဟ်မာယုပုဏ်ဏား
အခါတစ်ပါး ဘုရားရှင်ဟာ ရဟန်းငါးရာနှင့်အတူ ဝိဒေဟတိုင်းသို့ ဒေသစာရီကြွချီတော်မူပါတယ် ။
အဲ့ဒီအခါ ဗြဟ္မာယုပုဏ္ဏားကြီးက တပည့်ဖြစ်သူ ဥတ္တရလုလင်ကို ဘုရားရှင်ထံလွှတ်ပြီး အရပ်လေးမျက်နှာအနှံ့ ကျော်ကြားတော်မူတဲ့ ဘုရားရှင်ရဲ့ ဂုဏ်တော်တွေကို ကျော်ကြားသည့်အတိုင်း ဟုတ်/မဟုတ် အကဲခတ် လေ့လာခိုင်းတယ် ။
ဥတ္တရလုလင်လည်း ဘုရားရှင်နောက် ခုနစ်လခန့် လိုက်ပြီးနောက် မိမိလေ့လာတွေ့ရှိချက်တွေကို ဆရာပုဏ္ဏားကြီးအား ပြန်လည်ပြောပြတယ် ။ ချီးကျူး၍မကုန်နိုင်အောင် ဂုဏ်အပေါင်းနှင့်ပြည့်စုံကြောင်းသိလိုက်ရတဲ့ ဗြဟ္မာယုပုဏ္ဏားကြီး ထိုင်ရာမှ ထပြီး ဘုရားရှင်သီတင်းသုံးတော်မူရာဘက်ကို မျက်နှာမူကာ လက်အုပ်ချီပြီးလျှင်"နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ "ဟု သုံးကြိမ်တိုင်တိုင် ရှိခိုးပူဇော်ပါတယ် ။
( မဇ္စျိမပဏ္ဏာသပါဠိ ၊ဗြဟ္မဏဝဂ်၊ ဗြဟ္မာယုသုတ် ၊ ၃၄၁ )
ဒီတော့ မိမိတို့လည်း ဘုရား တရား သံဃာကို ရှိခိုးရာလည်းရောက်တဲ့ ဒီ " နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ " ဆိုတဲ့ ဘုရားရှိခိုးမှုလေးကို
အိပ်ယာဝင် အိပ်ယာထပဲဖြစ်ဖြစ်...
အမှုကိစ္စလုပ်နေစဉ်မှာပဲဖြစ်ဖြစ်...
ခရီးသွားလာခိုက်မှာပဲဖြစ်ဖြစ်...
စိတ်ထဲကပဲဖြစ်ဖြစ်
နှုတ်ထွက်ရွတ်ဆိုတာပဲဖြစ်ဖြစ်...
ဒီနေ့ကစပြီး နမော တဿ ဘုရားရှိခိုးဂါထာလေးနဲ့ ရွတ်ဆိုရှိခိုးတဲ့အထက်ကပုဂ္ဂိုလ်( ၈) ယောက်တို့လို ဒီပို့စ်လေးကြောင့် မိမိတို့လည်း အမြဲရွတ်ဆိုရှိခိုးဖြစ်တော့မယ်လို့ ယုံကြည်ပါတယ် ။
#ဘဝအားဆေး(စုန်းချောင်း)
No comments:
Post a Comment