ဤကား လျှောက်ရမည့် လမ်း
ဤကား ပေါက်ရမည့် စခန်းတည်း
=====================
ဤလမ်းအတိုင်း ဆက်လျှောက်သော်
လျှောက်ရမည့်လမ်းကား ထိုအစွန်းနှစ်ပါးမှ
အလွတ်ဖြစ်သော အလယ်လမ်းကြားတည်း။
ထိုအလယ်ကြားလမ်းသည်
သူတစ်ပါးထံမှ အကြွေးသစ်လည်း မယူ၊
မိမိရှိ ကြွေးဟောင်းကိုလည်း
မဆပ်ဘဲလည်း မနေသူ ဖြစ်၏။
အထစ်အငေါ့မရှိ လည်နိုင်သောကြောင့်
အလည်လမ်း။
သူတစ်ပါးအာရုံကို ခံစားခွင့်ရ၍ ခံစားရာ၌
အကြိုက်ဖြင့် ပြစ်မှားခြင်းလည်း မရှိ၊
မကြို က်ဖြင့် စော်ကားခြင်းလည်း မရှိချေ ။
မိမိဘက်မှနေ အာရုံခံစားရာ၌
ချုပ်တည်းထားခြင်းလည်း မရှိ၊
အောင့်အီးမျိူသိပ်ထားရခြင်းလည်း မရှိချေ ။
ထိုသို့ အစွန်းလွတ်သောကြောင့်လည်း
အလည်လမ်း။
ထိုစိတ်ထားမျိုးဖြင့် အာရုံခံစားရာ၌
အကြိုက်နောက်
ကောက်ကောက်ပါလိုက်၍ ခံစားသော်မှ
လက်ဝဲလမ်းတွင်း မနင်းမိပြီ။
ကိုယ်ကိုတင်း၍ ညှင်းဆဲမိသော်မှ
လက်ယာလမ်းတွင်း မနင်းမိပြီ။
သိက္ခာကြားမှ ခံစားသော အာရုံသည်
သိက္ခာ၏ ဝဲယာဘက်မှလွဲ၍
ဘေးသို့ဆွဲသည် မရှိချေ ။
သို့တစေလည်း
( ကာမသို့ ပယ်သတ်ရမည်ဖြစ်သော ဓမ္မအာရုံ၌ )
ရှုကွက်မှ အာရုံကောင်းမိနေစဉ် ဖြစ်ပျက်လက်လွတ်၍
အာရုံနောက်လိုက် သာယာခြင်း၊
အာရုံဆိုးနှင့် ကြုံ သောအခါ ဖြစ်ပျက်မရှု၊
ဆိုးမှု၌သာ မေးတင်၍ မခံလိုစိတ်ဝင်ခြင်း၊
မကောင်းမဆိုးပေါ်ရာ၌ မှေးနေခြင်းများသည်လည်း
သွားလမ်းကို နှောင့်နှေးစေသော
အတားများဖြစ်ချေသည်ကို သတိမူသင့်၏။
ထိုစိတ်ထားမျိုးသည်
အစွန်းမဟုတ်သော အစ၌နင်းမိနေသော
အာရုံမှားများဟူ၍ မှတ်သားထားခဲ့စေလို၏။
အစွန်းသည်
ကာမအာရုံမှသာ ထွက်ပြူ လာတတ်သဖြင့်
ထိုအတားစုကား အစွန်းဟူ၍ မဆိုသာပြီ။
သို့ကြောင့်
မဇ္ဈိမပဋိပဒါသမား၏ အကျင့်လမ်း၌
ဓမ္မအကြိုက်သို့ ကမ်းကုန်နေပစေ
ကာမသုခလ္လိက အမည်မရ။
ထိုဓမ္မအတွက်
ကိုယ်ကြေပျက်၍ အသက်ပင်သေပစေ
အတ္တကိလမထ အမည်မရ။
ထိုမြတ်စိတ်ဖြင့် သေလျှင်
အထက်တန်းစားဘဝသို့သာ သက်နားမည်ဖြစ်၍
ဟီနဟူသော အမည်လည်း မရ။
အာရုံ၏အဖမ်းစား မခံရခြင်းကြောင့်
ဂမ္မဟူသော အမည်လည်း မရ။
ကိလေသာတို့ ပွားရာမှပါးစေ၊ ပါးရာမှနည်းစေ၊
နည်းရာမှ စဲစေသောကြောင့်လည်း
ပေါထုဇ္ဇနိက အမည်လည်း မရ။
အာရုံကိုသာ တွဲထား၍
ရန်သူကိုကား ဆီးတားထားခဲ့ပြီးဖြစ်ခြင်းကြောင့်
အနိရိယ အမည်လည်း မရ။
တစ်ချက်မှတ်သော်
ရှေ့သို့ ခြေတစ်လှမ်း တိုးမိနေပြီဖြစ်ခြင်းကြောင့်
အနတ္ထ သံဟိတ အမည်လည်း မရချေ ။
တစ်ဖန် ခန္ဓာဒုက္ခသည် သံသာရဒုက္ခနှင့် နှိုင်းစာလျှင်
ဇီးစေ့နှင့် မြင့်မိုရ်တောင်ပမာ ကွာခြားချေရကား
အကျိူးအမြတ် အဖတ်တင်စေသော
ထိုဆင်းရဲငယ်မျိုးကို ဆင်းရဲဟု မခေါ်ဆိုရပြီ။
သို့ကြောင့် မဇ္ဈိမလမ်းသည်
လျှောက်ရမည့်လမ်း မည်၏။
ထိုမဇ္ဈိမလမ်းသည်
ကိုယ်ကိုလည်း ဦးစားပေးကျင့်သောလမ်း မဟုတ်။
စိတ်ကိုလည်း ဦးစားပေးကျင့်သောလမ်း မဟုတ်။
အစွဲကိုလည်း အလေးပေးကျင့်သောလမ်း မဟုတ်ချေ ။
ထိုတွင် သီလမဂ္ဂင်သုံးပါးဖြင့်
ကိုယ်ကို လုံခြုံ စွာထိန်းသိမ်းထားသည်ကိုကြည့်၍
ကိုယ်၌ အလေးမပေးကြောင်း ထင်ရှား၏။
သမာဓိမဂ္ဂင်သုံးပါးဖြင့် စိတ်ကို
လုံခြုံစွာ ထိန်းသိမ်းထားသည်ကို ကြည့်ရှုခြင်းအားဖြင့်
စိတ်လွတ်လပ်မှုကိုလည်း
အလေးမပေးကြောင်း ထင်ရှား၏။
ပညာမဂ္ဂင် နှစ်ပါးဖြင့်
အစွဲမကပ်သာရေး
ထိန်းသိမ်းထားသည်ကို ကြည့်ရှုခြင်းအားဖြင့်
အစွဲဦးစားပေးကျင့်သော အကျင့်လည်း မဟုတ်ကြောင်း
ထင်ရှားလှ၏။
တစ်ဖန်လည်း
ထိုသိက္ခာသုံးပါးတို့၏ သူ့နေရာနှင့်သူ
သူ့တာ ဝေပုံတာထား၍ ထမ်းဆောင်နေခြင်းကို
ကြည့်ရှုခြင်းအားဖြင့်လည်း
ကိုယ်ပိုင်ဘဝနှင့် ကိုယ်ပိုင်အကျိုးခံစားရမှုကိုသာ
အလေးပေးထားကြောင်း ထင်ရှားလှချေတော့၏။
ဤကား လျှောက်ရမည့်လမ်း
ဤစခန်းသို့သာ ပေါက်ရပါမည်....
အလယ်လမ်းဖြစ်သော
ထိုမဂ္ဂင်ရှစ်ရပ် အကျင့်မြတ်ကို
စွမ်းဆောင်နိုင်လျှင်..
ဒုက်ခကို ဒုက်ခဟူ၍
တပ်တပ်အပ်အပ် ပိုင်းခြား၍ သိခြင်း၊..
သမုဒယကို ပယ်မြစ်ရမည့် အစားဟူ၍
တပ်တပ်အပ်အပ် သတ်မှတ်၍ သိခြင်း၊
နိရောဓကို မျက်မြင်ကိုယ်တွေ့
ကိုယ်တိုင်တွေ့ရမည့်တရားဟူ၍ သိခြင်း၊..
မဂ္ဂကိုကား ပွားပို့ရမည့် အမျိုးအစားဟု
တပ်တပ်အပ်အပ် သတ်မှတ်၍ သိခြင်းဖြင့်
မဂ်လမ်း ဖိုလ်လမ်း နိဗ္ဗာန်နန်းမြို့သို့
ဝင်စံရမည် ဧကန်တည်း။ ။ ။
ဤကား ပေါက်ရမည့်စခန်းတည်း။
( မဟာဗောဓိမြို င်ဆရာတော်ဘုရားကြီး
ဝနဝသီဉေယျ ဓမ္မသာမိထေရ် )
No comments:
Post a Comment