စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Wednesday, March 30, 2022

ဝိဇ္ဇာစရဏသမ္ပန္နော ဂုဏ်တော် ဆိုသည်မှာ...

မြတ်စွာဘုရား၏ ဝိဇ္ဇာစရဏသမ္ပန္နော ဂုဏ်တော် ဆိုသည်မှာ...
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
“သော ဘဂဝါ ဣတိပိ ဝိဇ္ဇာစရဏသမ္ပန္နော-ဘုန်း တော်ကြီးမား ထိုရှင်တော်မြတ်ဘုရားဟာ ဝိဇ္ဇာ သုံးမျိုး၊ဝိဇ္ဇာရှစ်မျိုး၊စရဏ တစ်ဆယ့် ငါးမျိုး လို့ ဆိုတဲ့ ဂုဏ်ရည် တွေ နဲ့ထူးခြားစွာ ပြည့်စုံတော် မူ သောကြောင့် ဝိဇ္ဇာစရဏသမ္ပန္န ဟု လူ့ပြည်နတ် ပြည် ဗြဟ္မာပြည်တိုင်အောင် လွှမ်းခြုံ ကျော်ကြား တော်မူပါပေ၏”။

ဝိဇ္ဇာ နဲ့စရဏ အရည်အချင်း နှစ်ရပ်နဲ့ ပတ်သက် ပြီးဝိဇ္ဇာဆိုတာ အသိပညာ။

လောက မှာ ဝိဇ္ဇာ ဆိုတဲ့ စကားလုံးအောက်မှာ ပညာရပ် အမျိုးမျိုးရှိတယ်။

မြတ်စွာဘုရားလက်ထက်တုန်းက ဝိဇ္ဇာ ဆိုတဲ့ စကား လုံး ကို အဓိပ္ပါယ်ဖော်ဆောင်တဲ့ အခါမှာ အသိပညာ အမျိုးမျိုးကို ဝိဇ္ဇာလို့
အဓိပ္ပါယ် ဖော် တယ်။

စရဏဆိုတာ အဲဒီ ဝိဇ္ဇာဆိုတဲ့ အသိဉာဏ်ရဖို့ အတွက်ကျင့်ကြံကြိုးကုတ် အားထုတ်ရတဲ့ နည်း လမ်း ကိုခေါ်တယ်။

စရဏ နဲ့ ဝိဇ္ဇာ ဒီနှစ်ခုပေါင်းစပ်လိုက်တဲ့အခါမှာ စရဏကျင့်စဉ်ကို ကျင့်မှ ဝိဇ္ဇာဆိုတဲ့ ပညာရပ်တစ် ခု ကို ရနိုင်တယ် ဆိုတဲ့အဓိပ္ပာယ် ကိုသိရတယ်။

မြတ်စွာဘုရားဟောတဲ့ ဝိဇ္ဇာသုံးပါးဟာ သာမန် နဲ့ ရနိုင်တာမျိုး မဟုတ်ဘူး။အလွန်ခက်ခဲတယ်။

မြတ်စွာဘုရားရဲ့ ဝိဇ္ဇာသုံးပါး ကို အကျဉ်းချုပ် ပြောမယ် ဆို လို့ရှိရင် ပုဒိအာ လို့ပြောရမယ်။

“ပု”ဆိုတာ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်၊“ဒိ” ဆိုတာ
ဒိဗ္ဗစက္ခုဉာဏ်၊ “အာ”ဆိုတာ အာသဝက္ခယဉာဏ်။

ဒီဉာဏ် သုံးမျိုးရမှ တေဝိဇ္ဇ- ဝိဇ္ဇာသုံးပါးနဲ့ ပြည့်စုံ တယ် လို့ ဒီလိုသတ်မှတ်တယ်။

ပုဗ္ဗေနိဝါသာနုဿတိဉာဏ်ဆိုတာ လူတိုင်းလူတိုင်း ဟာအတိတ်ဆိုတာရှိတယ်။ဒီဘဝမှာ အတိတ် ရှိ သလို ဘဝမြောက်များစွာမှာ အတိတ်ဘဝ တွေ ရှိ ခဲ့တယ်။

အဲဒီ အတိတ်ဘဝ အကြောင်းအရာတွေကို ပြန်ပြီး သိနိုင်တဲ့ အသိဉာဏ်မျိုး ကိုခေါ်တယ်။

သာမန်ပုဂ္ဂိုလ်တွေ ဒီဝိဇ္ဇာကို သင်လို့ရတာမှမဟုတ် တာ၊ကျင့်ရမယ့်ဟာလေ။

မြတ်စွာဘုရားက ဝိဇ္ဇာရဲ့စံကို သတ်မှတ်လိုက်တဲ့
အခါမှာ ပုဗ္ဗေနိဝါသာနုဿတိတဲ့ အတိတ်ဘဝကို သိနိုင်ရမယ်။

ဒီပညာ နဲ့သိနိုင်တဲ့ပုဂ္ဂိုလ်မှ ဝိဇ္ဇာ နဲ့ပြည့်စုံသူ၊ကိုယ့် ရဲ့အတိတ်ဘဝ ဘယ်လောက်ပဲရှည်ဝေးဝေး ပြန် ပြီး အမှတ်ရနိုင်တဲ့ သတိစွမ်းအားရှိတဲ့ အသိပညာ မျိုးကို ဝိဇ္ဇာလို့ခေါ်တာ။

သမထကျင့်စဉ်တစ်ခုကိုကျင့်ပြီး ပထမဈာန် ၊ဒုတိ ယ ဈာန်၊တတိယဈာန်၊စတုတ္ထဈာန်ရပြီးတော့မှ ဒီအသိဉာဏ် ဝိဇ္ဇာမျိုးကရနိုင်တာကိုး။

အဲဒီတော့ သာမန်ပုဂ္ဂိုလ်တွေမရနိုင်ဘူး။ စာကျက်
သလိုကျက်လို့လည်းမရဘူး။အဲဒါကမှဝိဇ္ဇာအစစ်လို့ မြတ်စွာဘုရားက သတ်မှတ်ပြတယ်။

အတိတ်သိတယ်ဆိုတာ ဝိုးတိုးဝါးတား သိတာ မ ဟုတ် ဘူး။

ခုခေတ် လူဝင်စားတွေ ဘယ်တုန်းက ဘာဖြစ်ခဲ့ တယ် ဆိုတဲ့အသိမျိုးမဟုတ်ဘူး၊မနေ့က အဖြစ် အပျက် တစ်ခုကို ဒီနေ့ပြန်ပြောသလို တိတိကျကျ အကုန်သိတယ်။

နောက်တစ်ခါ ဒိဗ္ဗစက္ခုဝိဇ္ဇာ၊ဒိဗ္ဗစက္ခုဆိုတာ နတ် တွေရဲ့မျက်စိလို ဝေးတဲ့အရာကိုလည်း ကြည့်လို့ ရတယ်။

ကွယ်နေတဲ့အရာကိုလည်း မြင်နိုင်စွမ်းရှိတယ်။

လူတွေမြင်ကွင်းထက် ပိုပြီးတော့ စွမ်းရည် သတ္တိ ထက် တဲ့ မြင်အားကောင်းတဲ့ အသိဉာဏ်တစ် မျိုး ကို ဒိဗ္ဗစက္ခုဝိဇ္ဇာလို့ ခေါ်တယ်နော်။

ဒါဟာလည်းပဲ စတုတ္ထဈာန် ရပြီးတဲ့အခါမှာ ဒိဗ္ဗ စက္ခု ဆိုတာ ဖြစ်တယ်။

အဲဒီဒိဗ္ဗစက္ခုကလည်းပဲ အတိုင်းအတာတစ်ခုနဲ့ အ လင်းရောင်ဖြန့်ကြက်ပြီးမှသာ ကြည့်လို့ရတယ်။

ကြည့်ချင်တဲ့ အတိုင်းအတာအလိုက် အလင်း ရောင် ကြီးကို ဖြန့်ရတယ်။ဥပမာ ည မှောင်နေ တဲ့ အချိန်မှာ ဓာတ်မီးနဲ့ ထိုးကြည့်သလိုပဲ။

အလင်းရောင်မပါရင် ပကတိမျက်စိက မမြင်ရ သလို ဒိဗ္ဗစက္ခုဆိုတဲ့ ဉာဏ်မျက်စိကလည်း အလင်း ရောင် မပါရင် မမြင်ရဘူး။

မျက်စိရဲ့ သဘာဝချင်းတူတယ်၊ဆန့်ကျင်တာ မဟုတ်ဘူး။

ဒိဗ္ဗစက္ခုဆိုတာကို မြတ်စွာဘုရားက ဒုတိယဝိဇ္ဇာ လို့ သတ်မှတ်တယ်။

နောက်တစ်ခု အာသဝက္ခယဝိဇ္ဇာ။ ကိုယ့်ရဲ့ သန္တာန် မှာစီးဝင်နေတဲ့ကိလေသာကိုအာသဝလို့ခေါ်တယ်။

မျက်စိကမြင်လိုက်ရင် လောဘဖြစ်လိုက် မောဟ ဖြစ်လိုက်၊နားကကြားတဲ့ အသံကို အကြောင်း ပြု ပြီး လောဘဖြစ်လိုက် မောဟဖြစ်လိုက် ၊နှာခေါင်း က နမ်းရှူရတဲ့အနံ့၊လျှာနဲ့လျက်ရတဲ့အရသာ ၊ခန္ဓာ ကိုယ်နဲ့ ထိတွေ့ရတဲ့ အထိအတွေ့၊စိတ်ကူး
ကြံစည်ရတဲ့ အာရုံတွေပေါ်မှာ လောဘဖြစ်လိုက် မောဟဖြစ်လိုက်၊မှားယွင်းတဲ့အမြင်တွေနဲ့မြင်လိုက်ပေါ့။

ဒီ အာသဝဆိုတာတွေက မပြတ်စီးဝင်နေတယ်။

အဲဒီ စီးဝင်နေတဲ့ အာသဝတွေကို လုံးဝ ကုန်ဆုံး သွားစေနိုင်တဲ့ ဝိပဿနာကျင့်စဉ်ကိုကျင့်ရတယ်။

ဝိပဿနာကျင့်စဉ်ကိုကျင့်ပြီး သစ္စာလေးပါးကို သိလိုက်တာနဲ့ တပြိုက်နက် မဂ်လေးပါး ဖိုလ် လေးပါး အဆင့်ဆင့်ရောက်တယ်။

မဂ်ဉာဏ်လေးပါးဖြင့် ကိလေသာတွေကိုတစ်စ ချင်း တစ်စချင်း ဖြုတ်ပယ်တယ်။

အရဟတ္တမဂ်ရောက်တဲ့အခါ အာသဝဆိုတာ လက် ကျန် မရှိအောင် ကုန်သွားတယ်။

အဲဒီလို အာသဝတွေကို ရှင်းပစ်နိုင်တဲ့ အရဟတ္တ မဂ်ဉာဏ် ကိုအာသဝက္ခယလို့ခေါ်တာပဲ။

အဲဒီ အရဟတ္တမဂ်ဉာဏ်ရဲ့ အကျိုး အရဟတ္တဖိုလ် ကို လည်း အာသဝက္ခယလို့ခေါ်တယ်။

အဲဒီအသိဉာဏ်မျိုးကိုမှ အာသဝက္ခယဝိဇ္ဇာ လို့ သတ်မှတ်တယ်။

ပုဗ္ဗေနိဝါသာနုဿတိဉာဏ် ဆိုတာလည်းပဲ ဉာဏ် ရဲ့စွမ်းရည် ကြီးရင်ကြီးသလောက် အတိုင်းအတာ အကန့်အသတ်မရှိ မြင်နိုင်တယ်လို့ ဒီလိုဆိုတယ်။ အဲဒါမှ ဝိဇ္ဇာ။

သမထကျင့်စဉ် ကျင့်လို့ရှိရင် ပထမဝိဇ္ဇာ၊ဒုတိယ ဝိဇ္ဇာ ရတယ်။

ဝိပဿနာကျင့်စဉ်ကျင့်လို့ရှိရင် အာသဝက္ခယ ဝိဇ္ဇာ ဆိုတဲ့ တတိယဝိဇ္ဇာရတယ်။

အဲဒီ ဝိဇ္ဇာသုံးပါး နဲ့ပြည့်စုံမှ တကယ့်ကို တေဝိဇ္ဇ ဖြစ် တယ်။

ရှင်သာရိပုတ္တရာတို့လည်း ဝိဇ္ဇာသုံးပါးကို မျက် မှောက်ပြုတယ်။ ကျန်တဲ့ ရဟန်းတော် တွေလည်း ဝိဇ္ဇာသုံးပါးကိုမျက်မှောက်ပြုကြတာပဲ။

မြတ်စွာဘုရားနဲ့ ဘာကွာလဲဆိုရင်ဒီဂရီကွာတယ်။

မြတ်စွာဘုရားက ကိုယ်ပိုင်ဉာဏ်နဲ့သိတယ်။

အကန့် အသတ်မရှိအောင် ဉာဏ်ရဲ့ စူးရောက်မှု ရှိတယ်။

နယ်ပယ်အကန့်အသတ်မရှိဘူး၊ ဒါကြောင့်မြတ်စွာ ဘုရားကိုသာလျှင် ဝိဇ္ဇာသမ္မန္န လို့ ခေါ်လို့ရတယ်။

ကျန်တဲ့ပုဂ္ဂိုလ်တွေ ဝိဇ္ဇာဉာဏ်တွေရှိပေမယ့် သူတို့ ဝိဇ္ဇာဉာဏ်တွေက Perfect မဖြစ်ဘူး၊ အတိုင်း အတာ အကန့်အသတ်နဲ့ အားပျော့နေတယ်။

အဲဒီတော့ မြတ်စွာဘုရားရဲ့ဝိဇ္ဇာသမ္ပန္နက ပိုပြီးပြည့်စုံတယ်။

ခြွင်းချက်မရှိအောင် ပြည့်စုံတယ်။ဒါကြောင့်မို့ မြတ်စွာဘုရားကိုသာလျှင် ဝိဇ္ဇာသမ္ပန္နလို့ဝိဇ္ဇာ ဂုဏ်တော်နှင့် ပြည့်စုံပါတယ်လို့ ဒီလို ပြောလို့ ရတယ်။

အာနာပါနဖြစ်ဖြစ် သမာဓိကျင့်စဉ်တစ်ခုကို ကျင့်လိုက်တဲ့အခါမှာပထမဈာန်ရမယ်၊ဒုတိယဈာန် ရမယ်၊ တတိယဈာန်ရမယ်၊ စတုတ္ထဈာန် ရမယ် ဆိုတော့ ကဲ- ဒါတွေ အကုန်လုံး ပေါင်းလိုက်တဲ့ အ ခါ စရဏတရား တစ်ဆယ့်ငါးပါး ပြည့်စုံတယ်။

နိဗ္ဗာန်သွားတဲ့ပုဂ္ဂိုလ်တွေ မသေရာနိဗ္ဗာန်ကို ဘာနဲ့ သွားလဲ? ဒီဆယ့်ငါးပါးနဲ့သွားတယ်လို့ ဒီလို ဆို တယ်။

သီလသမ္ပန္န၊ဘောဇနေမတ္တညုတာ တို့က သီလပဲ၊သီလအုပ်စုထဲမှာ ဝင်သွားတယ်။

ဇာဂရိယာနုယောဂ က ဝီရိယတို့သတိတို့ အုပ်စု ထဲ မှာဝင်သွားတယ်။သူတော်ကောင်းတရားခုနစ် ပါး ဆိုတာက အားလုံးကိုခြုံထားတဲ့ General Point ကိုပေးတယ်။

ဈာန်လေးပါးဆိုတော့ သမာဓိကျင့်စဉ်ကို ကျင့်ခိုင်းတာပဲ၊အကျဉ်းချုပ်လိုက်မယ်ဆိုရင် သီလ၊သမာဓိ၊ ပညာပဲ။

နိဗ္ဗာန်ကိုသွားတယ်ဆိုတာ သီလ၊သမာဓိ ၊ပညာနဲ့ မှဖြစ်တာကိုး။

မြတ်စွာဘုရားဟာ သူများနဲ့မတူတဲ့ သီလ ၊သူများ နဲ့မတူတဲ့ ဣဋိယသံဝရ၊သူများနဲ့မတူတဲ့ဘောဇနေ မတ္တညုတာ။

သူတစ်ပါးတွေနဲ့မတူတဲ့ ဇာဂရိယာနုယောဂ ၊သူ တစ်ပါး တွေနဲ့လုံးဝမတူတဲ့ အလှမ်းမမှီ နိုင် လောက် အောင်မြင့်မားတဲ့ သူတော်ကောင်း တရား ခုနစ်ပါး၊ ဈာန်လေးပါး ဆိုတာတွေနဲ့ ပြည့်စုံတော်မူတယ်။

ဒါတွေနဲ့ပြည့်စုံလို့ ဝိဇ္ဇာစရဏ သမ္ပန္နော၊ဝိဇ္ဇာ
သုံးပါး၊စရဏတစ်ဆယ့်ငါးပါးနဲ့ပြည့်စုံတော်မူတဲ့ မြတ်စွာဘုရားလို့ ထင်ရှားတာဖြစ်တယ်။

တရားချစ်ခင်သူတော်စင် ပရိသတ်အပေါင်းတို့၊ 
မြတ်ဗုဒ္ဓ၏ ဝိဇ္ဇာစရဏသမ္ပန္န ဂုဏ်တော် ဆိုတာ ဟာ အလွန်ကြီးမားမြင့်မြတ်တဲ့ဂုဏ်အရည် အချင်း သာဖြစ်တယ်။

အဲဒီ ဂုဏ်အရည်အချင်းတွေက လွဲပြီးတော့ ဘယ် ပုဂ္ဂိုလ်မှ နိဗ္ဗာန်ဆိုတာရနိုင်တာ မဟုတ်ဘူး။

သို့သော် မြတ်စွာဘုရား ရရှိထားတဲ့အရည် အချင်း ကို ကျန်တဲ့ပုဂ္ဂိုလ်တွေက မှီနိုင်တာမဟုတ်ဘူး။

ဒါကြောင့် မြတ်စွာဘုရားကိုသာလျှင် ဝိဇ္ဇာစရဏ သမ္ပန္န၊ အသိဝိဇ္ဇာ၊အကျင့်စရဏနဲ့ ပြည့်စုံ တော် မူ တဲ့ မြတ်စွာဘုရားလို့ တစ်လောကလုံးမှာ ထင်ရှား ကျော်ကြားတော်မူတာဖြစ်တယ်ဆိုတာ ကို သိ ရှိကြည်ညိုကြ ၍ မြတ်ဗုဒ္ဓရဲ့ ဂုဏ်တော် ကျေးဇူး
တော်တွေကိုအာရုံပြုပြီးဝမ်းသာပီတိဖြစ်တော်မူ
နိုင်ကြပါစေကုန်သတည်း။ ။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ

#ပါချုပ်ဆရာတော် #တရားမှတ်စု Credit...KhinSandarSoeHtut


No comments:

Post a Comment