ရဟန်းဒါယကာ [ ၅ ] မျိုး
********************
ဖတ်ကြည့်နော်…
၁။မျိုးစေ့သာ ချ၍ ရေမလောင်းသော
ရဟန်းဒါယကာ။
****************************
ဘယ်လိုအပင်မျိုးပင် စိုက်စိုက်
အရင်ဆုံး မျိုးစေ့ကို စိုက်ပျိုးချရစမြဲသာ ဖြစ်၏။
မျိုးစေ့သာချပြီး ရေမလောင်းလျှင်ကား
ထိုမျိုးစေ့သည်
မည်သို့ပဲ အမျိုးနွယ်ကောင်းကောင်း
လုံလောက်သောရေကို သောက်သုံးခွင့်မရလျှင်
ကား
အချိန်ကာလ ကြာလာသည်နှင့်အမျှ
မြေကြီးထဲမှာပင် သေဆုံးရစမြဲသာ ဖြစ်၏။
ထိုနည်းအတူ…
မြတ်သောသိမ်တော်ပေါ်၌ တက်သစ်စ ရဟန်းတစ်ပါး
သည်
မျိုးစေ့ပမာ တူပေ၏။
ရဟန်းဒါယကာသည် ရေလောင်းသူနှင့်
တူလှပေ၏။
၂။လက်ဝတ်ရတနာကိုသာ ဝတ်ချင်တဲ့
ရဟန်းဒါယကာ။
******************************
ပုထုဇဉ်အများစု၏ ပင်ကို သဘော သဘာဝသည်
လူတစ်ယောက်
လက်ဝတ်ရတနာကောင်းကောင်း ဝတ်ဆင်လာတာ
မြင်တွေ့ပါက
လူကြီးလူကောင်း ဆန်ဆန် မဆန်ဆန်
လူယုတ်ပဲဖြစ်၍ သူခိုးပင်ဖြစ်စေဦး
ဂုဏ်ယူဝန့်ကြွားစွာ ခင်မင်တတ်ကြ၍
အထင်ကြီး လေးစားတတ်ကြသူက များပေ၏။
ထိုနည်းအတူ…
ပညာတတ်သော
ဓနကြွယ်သော
အသိုင်းဝန်းကောင်းသော
စာရေးကောင်းသော
တရားဟောကောင်းသော
ဗေဒင်ကောင်းသော
ယတြာကောင်းသော ရဟန်းလောင်းကိုမှ
ခင်မင်ချင်ကြသည်။
ရဟန်းခံပေးချင်ကြသည်။
ရဟန်းအဖြစ်နှင့် ဖြစ်လာမည့် ထိုရဟန်းလောင်းမှာ
ပရိယတ်တိ လိုကျစားသူလား
ပဋိပတ္တိ လိုက်စားသူလား
အခြေခံသီလ စရဏပိုင်းဆိုင်ရာရော
သန့်ရှင်းစင်ကြယ်သူလား ဆိုတာတွေကို
ထည့်မစဉ်းစား။
သူ့ကို ရဟန်းခံပေးလိုက်ရင်…
ငါတော့ ဂုဏ်တက်မှာပဲ
မျက်နှာပွင့်မှာပဲ ဟူ၍ အတွေးမြင်မျိုးဖြင့်
လက်ဝတ်ရတနာနှင့်တူသော
အဆင်းသာရှိ၍
အချင်းမရှိသော ရဟန်းမျိုးကို ရဟန်းခံလိုက်၍
ထိုရဟန်းဒါယကာမျိုးသည်
လက်ဝတ်ရတနာကိုသာ ဝတ်ချင်သော
ရဟန်းဒါယကာနှင့် တူလှပေ၏။
၃။ကလေးငို၍ တေးကိုဆိုသော
ရဟန်းဒါယကာ။
*************************
ငယ်ရွယ်သော ကလေးဟူသည်
လိုချင်စရာရှိပါက ပူဆာကြစမြဲသာ ဖြစ်၏။
လိုချင်တာကို မရပါက
ငိုကြွေးပြလိုက်သောအခါ…
ထိုကလေးငယ်၏ ပိုင်ရှင်သည် အငိုတိတ်စေဖို့
အတွက်
တေးကိုဆို၍ လိုချင်တာပေးပြီး ချော့ရစမြဲသာ
ဖြစ်၏။
ကြာလာသောအခါ…
အငိုတိတ်စေဖို့ အတွက်
ဆိုပြသောတေးနှင့် ပေးလိုက်ရတဲ့ပစ္စည်းများက
အဆိပ်များဖြစ်၍
ကလေးငယ်သည်လည်း လမ်းမှားကိုကြိုက်၍
နည်းမှားဘက်ကို
ရောက်ခြင်းမတတ် ရောက်လာကြရစမြဲသာ ဖြစ်၏။
ထိုနည်းအတူ…
တက်သစ်စရဟန်းပျိုသည် ကလေးငယ်ပမာနှင့်လည်း
တူလှပေ၏။
ချစ်ကြည်ညိုလွန်း အားကြီးလျှင်လည်း
ချစ်ရာမရောက် နှစ်ရာလည်း ရောက်တတ်ပေ၏။
တကယ်လိုအပ်လျှင် ပေးလှူတန်း၍
မလိုအပ်လျှင်
ဘယ်လိုပဲ ပူဆာ ပူဆာ
လိုအပ်နေသည့် အတိုင်းအတာတစ်ခုထက်
မလှူဒါန်းအပ်ပေ။
သာသနာမှာ ဒီအဝတ်နဲ့မြဲရေးကို
ချင့်ချိန်၍
လမ်းမှန် နည်းမှန် စနစ်တကျ မပေးလှူပဲ
တောင်းသမျှပေးလျှင်ကား…
ထိုပစ္စည်းများသည်
ကိုယ့်ရဟန်းကို ထောက်ရာမရောက်ပဲ
အဆိပ်လည်းဖြစ်၍ ဖျောက်ရာရောက်လျှင်ကား
ကလေးငို၍ တေးကိုဆိုပြသော
ရဟန်းဒါယကာမျိုးသာ ဖြစ်ပေ၏။
၄။မုန့်ကိုချ၍ ဒုတ်ကိုပြတဲ့
ရဟန်းဒါယကာ။
********************
ဒါကို ပြီးအောင်လုပ်
လုပ်နိုင်ရင် မုန့်ကျွေးမယ်။
မပြီးရင်တော့
ဒုတ္ပဲလို့
မုန့်ကိုချပြီး ဒုတ်ကိုပြကာ စေညွှန်တတ်သော
လူတစ်ယောက်သည်
လူသားဆန်တဲ့ လုပ်ရပ်မဟုတ်သလို
ကိုယ်ချင်းစာနာတဲ့ လုပ်ရပ်လည်း မဟုတ်ပေ။
ထိုနည်းအတူ…
ကိုယ့်ရဟန်းတစ်ပါးကို တွန်းအားတစ်ခုအနေဖြင့်
ဒီနှစ် ဒီအတန်းကို
အောင်မြင်အောင် လုပ်ပါ
သူများတွေတောင်
တစ်နှစ်တစ်တန်း အောင်မြင်နေကြသေးတာလို့
အမိန့်ဆန်ဆန် မပေးသင့်သလို
ဒီနှစ်တော့ ဒီလောက်ပဲ လှူနိုင်မယ်ဘုရား…
စာမေးပွဲအောင်ရင်တော့ အောင်သလို
လှူမှာပေါ့ လို့
စိတ်ထဲမှာတွေးပြီးတော့လည်း မပေးလှူသင့်ပေ။
ရဟန်းခံပေးထားသော်လည်း
ထိုရဟန်းသည် ကိုယ့်ရင်သွေး သားအရင်းခြာ
မဟုတ်ပေ။
ကိုယ့်ကိုအမှီသဟဲပြုနေသော
စာသင်သား ရဟန်းပျိုတစ်ပါးသာဖြစ်၏။
ရှက်တတ်၏။
ကြောက်တတ်၏။
အားငယ်တတ်၏။
စာသင်သားဟူသည်…အနေလည်း ဆင်းရဲသည်။
အစားလည်း ဆင်းရဲသည်။
ထို့ကြောင့်
ဒီလိုဆင်းရဲတဲ့နေရာမျိုးကို ဘယ်လိုရဟန်းမျိုးကမှ
ရေရှည် မနေချင်ကြပေ။
ဘဝပညာရေးအတွက်မို့ အားမာန် ဇွဲသန်သန်ဖြင့်
ကိုယ်ဆီ ပန်းတိုင်ကို
လျှောက်လှမ်းနေရသူတွေချည်းသာ ဖြစ်၏။
သူများတွေလို အောင်မြင်ချင်ကြသည်။
ဒါကြောင့်လည်း…
တစ်နှစ်ထက်တစ်နှစ် မတူအောင်လည်း
ကြိုးစားကြသည်။
ကြိုးစားနေတာကို တစ်နှစ်လည်း ကျ
တစ်နှစ်လည်းကျ
ကျဖန်များလာတော့ စိတ်ဓာတ်တွေပါ ကျလာရသည်။
စိတ်ဓာတ်တွေကျဆင်းလာတော့…
စိတ်တွေပါပြောင်းလဲလာစေပြီး
ဒီစာတွေကို စွန့်လွှတ် ဒီအဝတ်ကို ရည်ပြစ်ပြီး
ထွက်ပြေးချင်လာကြသည်။
ဒါကြောင့်…
စာနာသောစိတ်ထားများဖြင့်
ဒီနှစ်မအောင်လည်း နောင်နှစ်ပေါ့ဘုရား
ကြိုးစားပါ
စာပေနဲ့ပတ်သက်ရင်လည်း လိုအပ်တာပြော
အားမနာနဲ့
ကိုယ့်မိသားစုပဲ ဟူ၍
ခွန်အားတွေတိုးပွားလာအောင် အားပေးရမှာသာ
ဖြစ်၏။
စာမေးပွဲအောင်မှ ကြည်ညိုမယ်
စာမေးပွဲအောင်မှ ထောက်ပံ့မယ်ဆိုတဲ့
အတွေးမျိုးနှင့် လုပ်ရပ်မျိုးသည်
မုန့်ကိုချ၍ ဒုတ်ကိုပြတဲ့ ရဟန်းဒါယကာမျိုးသာ
ဖြစ်ပေ၏။
၅။ပန်းကိုမပန် ပန်းကိုပြင်သော ဥယျာဉ်မှူး
ရဟန်းဒါယကာ။
********************************
ဥယျာဉ်မှူးတစ်ယောက်၏ ဘဝသည် ပန်း
ပန်းသည် ဥယျာဉ်မှူးတို့ဘဝသာ ဖြစ်ပေ၏။
ဒါကြောင့်…
သူကိုယ်တိုင်ပျိုးစိုက်ထားသောပန်းကို
ပိုးမကိုက်အောင်
မနွမ်းခြောက်အောင်
နေ့စဉ် ကြည့်ရှု ဂရုစိုက်သကဲ့သို့
ထိုနည်းအတူ…
ပန်းဆိုတာမျိုးသည် ရဟန်းတစ်ပါးနှင့် တူ၍
ဥယျာဉ်မှူးဆိုတာသည်
ရဟန်းဒါယကာနှင့် တူပေ၏။
ဒါကြောင့်
ကိုယ်ရဟန်းခံထားတဲ့ ရဟန်းသည်
ဒီအချိန်ဆို ဘာတွေလုပ်နေမလဲ-?
နေများကောင်းရဲ့လား…
ဆွမ်းကွမ်းရော အဆင်ပြေရဲ့လား…
ဘာတွေများ လိုအပ်နေမလဲ-?
အပြစ်လုပ်ရင် ပြုပြင်ပေးပြီး
ကြိုးစားရင် အားပေးမှုတွေနဲ့အတူ
စောင့်ရှောက်ကာ
ကရုဏာတရားများနဲ့ သွေးသားအရင်းကဲ့သို့
ရင်ဝယ်ပိုက်
ပြုစုပျိုးထောင် အလင်းရောင်ပေးသူမျိုးကို
ဘာမျှော်လင့်ချက်မှ မထားပဲ
မေတ္တာ စေတနာသန့်သန့်နဲ့
အရင်းနှီးသာ ထုတ်ပေးတဲ့
ပန်းကိုမပန် ပန်းတွေကိုသာ ပြုပြင်ပျိုးထောင်ပေးတဲ့ဥယျာဉ်မှူး ရဟန်းဒါယကာမျိုးသာ ဖြစ်၏။
ဒီသာသနာရှိ ဒီရဟန်းနှင့် ဒီဒါယကာ
ရေနှင့် ကြာပမာ ရေရှည်ထာဝရ လက်တွဲ
ငြိမ်းချမ်းကာ မဖြုတ်တမ်းပဲ
လျှောက်လှမ်းနိုင်ကြပါစေ 9.3. 2022
No comments:
Post a Comment