စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Saturday, March 7, 2026

နေတတ် ထိုင်တတ်ဖို့အရေးကြီးတယ်..

ဘဝမှာနေတတ်ထိုင်တတ်ဖို့ သိပ်အရေးကြီးတယ်။

မနေတတ်ရင်_
အနေလည်း_
မမြတ်ဘူး 
အသေလည်း_
မမြတ်ဘူး

ဗုဒ္ဓဘာသာဝင်တွေအတွက်
 ဗုဒ္ဓအလိုကျ 
ဘဝနေနည်းနဲ့
နေနိုင်ရင် အကောင်းဆုံးပဲ။

ဘုရားရှင်တိုင်းက ...
ဘဝနေနည်း ( ၃ ) မျိုးကို
လမ်းညွှန်ပေးတယ်။
 အပြစ်ကင်းအောင် နေရမယ်
 အကျိုးရှိအောင် နေရမယ်
 စိတ်ချမ်းသာအောင် နေရမယ်တဲ့

အပြစ်ကင်းအောင်_နေဖို့ဆိုရင်
အကုသိုလ်ကို_ရှောင်ရမယ်တဲ့
အကုသိုလ်ရဲ့ သဘောကိုက ...
အပြစ် နဲ့ တကွဖြစ်ခြင်း ...  
မကောင်းတဲ့အကျိုးကို ပေးခြင်း လက္ခဏာရှိတာ
ဖြစ်တဲ့အတွက် အကုသိုလ်တွေ လုပ်မိနေရင်
အပြစ်တွေ ရှိနေမှာဖြစ်ပြီး
အပြစ်ကင်းချင်ရင် ...
အရင်ဆုံး အကုသိုလ်မဖြစ်အောင် နေတတ်ဖို့ပဲ 

အကျိုးရှိအောင်_
နေဖို့ဆိုရင်

ကုသိုလ်ရအောင်_
နေရမယ်တဲ့
ပစ္စည်းဥစ္စာတွေ ဘယ်လောက်ရှိရှိ
ကုသိုလ်မရှိရင် .. ဘဝအတွက် အကျိုးမရှိဘူး
ကုသိုလ် ရတဲ့ ဘဝ ...
ရာထူး , ဂုဏ်ပကာသနတွေ ဆိုတာလည်း
ဘယ်လောက်ပဲမြင်မြင့် ဘဝ မတင့်ဘူး  
စီးပွားရှာရင်း ကုသိုလ်ရှာနိုင်မှ
ဘဝဟာ ပိုပြီး အကျိုးသာတယ် 

စိတ်ချမ်းသာအောင်နေဖို့ဆိုရင်
ကိလေသာ မဖြစ်အောင် နေရမယ်တဲ့ 
ကိလေသာဆိုတာ ... စိတ်ကို ညစ်ညူးစေတတ်
ညစ်နွမ်းစေတတ်တဲ့ သဘောရှိတယ် 
လောဘရှိတဲ့စိတ်ဟာ ... ညစ်တဲ့စိတ် 
ဒေါသရှိတဲ့စိတ်ဟာ ... ညစ်တဲ့စိတ် 
မောဟ , မာန စတာတွေ ...ရှိနေတဲ့စိတ်ဟာ 
ညစ်နေတဲ့စိတ် ... မသန့်ရှင်းတဲ့စိတ်ဘဲ 
စိတ်မညစ်ချင်ရင် ကိလေသာ အဖြစ်မခံနဲ့ 
ကိလေသာ မဖြစ်ဖို့ဆိုရင် သတိရှိရမယ်
သတိရှိနေတဲ့ စိတ်ဟာ အညစ်အကြေးကင်းပြီး
သန့်ရှင်းနေတဲ့စိတ်ဘဲ ... ။

စိတ်သန့်ပြီး ... မညစ်တော့ဘူးဆိုရင်
ဘယ်မှာပဲနေနေ စိတ်ချမ်းသာတဲ့ ဘဝနေနည်းပဲပေါ့ ။

ကျေးဇူးတော်ရှင်
ပါချုပ်ဆရာတော်ဘုရားကြီး🙏

No comments:

Post a Comment