စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Wednesday, December 31, 2025

ဋ္ဌာန်းနှစ်ပင်တပင်စိုက်ပါ

ဋ္ဌာန်းနှစ်ပင် တစ်ပင်စိုက်ပါ 
==================
လူရယ်လို့ဖြစ်လာရင်ဋ္ဌာန်းနှစ်ပင်ထဲကတစ်ပင်တော့ စိုက်ရတယ်
(စစ်ကိုင်း ပဋ္ဌာန်းသိပ္ပံဆရာတော်)
ထန်းပင်လို့ပြောလိုက်ရင် အဇူဇာကျောင်းဝင်ခါနီး
လမ်းတစ်လျှောက်မှာ တန်းစီစိုက်ထားတဲ့ထန်းပင်တွေ
ကို ပထမဆုံး ပြေးမြင်မိပါတယ်။လမ်းထဲ၀င်လိုက်တာနဲ့ မွန်ပြည်နယ်ကျိုက်မရောမြို့လေးကိုရောက်သွား
ရသလိုပါပဲ။တစ်ခါတလေ အဇူဇာကျောင်းလာတဲ့အခါ

လမ်းပျောက်နေရင်ထန်းပင်တွေစိရရီရှိနေတဲ့
လမ်းမြင်လိုက်ရမှပဲစိတ်အေးရတော့တာပါ။
အဇူဇာကျောင်းလာတိုင်းမကြာခဏလမ်းပျောက်
နေတတ်လို့ပါ။ ကိုယ်ကထန်းပင်နဲ့တူလို့ ထန်းပင်လို့
ပြောလိုက်ရပေမယ့် ထန်းပင်တော့ ဟုတ်ဟန်မတူပါဘူး။ သူ့ရဲ့အခေါ်အဝေါ်တစ်ခုတော့ ရှိနေမှာပါ။
ထန်းပင်စိုက်ဖို့ပြောတော့ ကိုယ့်ကျောင်းမှာပဲဖြစ်ဖြစ် ကိုယ့်အိမ်မှာပဲဖြစ်ဖြစ်တစ်ပင်မကပါဘူး။
ကြိုက်သလောက်စိုက်လို့ရပါတယ်။ ပဋ္ဌာန်းသိပ္ပံဆရာတော်
ပြောတဲ့ ဋ္ဌာန်းနှစ်ပင်ဆိုတာက သစ်ပင်မျိုးနွယ် ထန်းပင်ကို ပြောတာမဟုတ်ပါဘူး။
"ကမ္မဋ္ဌာန်းဆိုတဲ့ဋ္ဌာန်းပင်ရယ်၊ ပဋ္ဌာန်း"ဆိုတဲ့ ဋ္ဌာန်းပင်ရယ်ကို
ပြောတာပါ။ လိုရင်းကတော့ ကမ္မဋ္ဌာန်းရယ်၊ ပဋ္ဌာန်းရယ်ပါ။
ဆရာတော်ဘုရားရဲ့ ဋ္ဌာန်းနှစ်ပင် တစ်ပင်စိုက်ပါ ဆိုတဲ့
စကားရဲ့ အတိမ်အနက်ကို နက်နက်ရှိုင်းရှိုင်းအထိ
တော့ မတွေးတတ်ပါဘူး။ လူရယ်လို့ဖြစ်လာရင် ကမ္မဋ္ဌာန်းရယ်၊ပဋ္ဌာန်းရယ်ထဲက တစ်ခုခုကို ပွားများ, ရွတ်
ဖတ်,ကျင့်သုံးရမယ်လို့ပဲ ယေဘုယျနားလည်မိပါတယ်။
စာရေးသူရဲ့ ဆရာသမားတစ်ပါးကတော့ ပဋ္ဌာန်းပဲ စိုက်မယ်
ဆိုပြီး ပဋ္ဌာန်းသိပ္ပံဆရာတော်ဆီကို ပဋ္ဌာန်း
စာဝါ သွားလိုက်ခဲ့ပါတယ်။
ပဋ္ဌာန်းစာဝါလိုက်ပြီး ဒီကနေ့တိုင် ပဋ္ဌာန်းစာဝါကို
ပို့ချပေးနေခဲ့ပါတယ်။
ပဋ္ဌာန်းမစိုက်ဘဲ ကမ္မဋ္ဌာန်းကို စိုက်ခဲ့မယ်ဆိုရင်တော့
ရိပ်သာတစ်ခုခုမှာ ကမ္မဋ္ဌာန်းဘုန်းကြီးတစ်ပါး ဖြစ်နေမှာပါ။
ဒီလိုပါပဲ။လူဆိုတာကတော့ ကိုယ်အားသန်ရာနယ်ပယ်မှာ ကျင်လည်ကျက်စားကြတာပါပဲ။ အားလုံးကို
ကျက်စားပြီး ကျက်စားရာအားလုံးနဲ့ ပြန်ကျေးဇူးပြုဖို့
ဆိုတာကတော့ မလွယ်လှပါဘူး။ ပါရမီရှင်တွေမှပဲ
စွမ်းနိုင်မှာပါ။
ကိုယ်ဝါသနာပါရာလေးတွေနဲ့ပဲ လောကကို
ကျေးဇူးပြုနေရင်ပြီးတာပါပဲ။
အဓိကကတော့ကိုယ့်ကိုယ်ကို ကျေနပ်နေဖို့ပါ။
အဇူဇာ ပဋ္ဌာန်းပွဲကတော့ အမေရိကားမှာ တွေ့ရခဲတဲ့ သံဃာတော်တွေအများကြီး စုပေါင်းပြီး ရွတ်ဖတ်
ပူဇော်ကြတဲ့ တကယ့်ပါရမီကုသိုလ်ပွဲကြီးပါပဲ။
ပဋ္ဌာန်းငါးအုပ်လုံးကို အစအဆုံးကုန်အောင် ရွတ်ဖတ်
ပူဇော်ကြတာပါ။
ဒါနဲ့ စကားစပ်လို့ပြောရရင် ကိုလိုနီခေတ်က
"ရသေ့ကြီး ဦးခန္တီ" ဆိုတာ အားလုံးကြားဖူးကြမှာပါ။
ဦးခန္တီဆိုတာမြန်မာပြည်ကတန်ခိုးကြီးဘုရားတွေရဲ့
စောင်းတန်းတွေ၊ လှေကားတွေ၊ မန္တလေးတောင်၊
စစ်ကိုင်းတောင်အတက်လမ်းတွေကို သံတိုင်၊သံယက်မတွေနဲ့ စတင်ဆောက်လုပ်စေခဲ့တဲ့ သဒ်ဓါအား၊ ဝီရိယအား အလွန်
ကြီးမားတဲ့ ပါရမီရှင်ရသေ့ကြီးပါ။
အဲဒီရသေ့ကြီးဦးခန္တီကမစိုးရိမ်ဆရာတော်ဘုရားကြီးကို
လျှောက်ပါတယ်။ဘယ်လိုလျှောက်သလဲဆိုတော့
ဆရာတော်ဘုရား ပဋ္ဌာန်းကျမ်းကြီးကို ပေယျာလတွေ
မမြှုပ်ဘဲနဲ့ အပြည့်အစုံရိုက်ချင်ပါတယ်ဘုရားတဲ့။
ပဋ္ဌာန်းကျမ်းဆိုတာ ကမ္ဘာအေး ဆဋ္ဌမူအရ ငါးအုပ်ရှိပါတယ်။ ပေယျာလတွေ မြှုပ်ပြီး ရိုက်ထားတာပါ။
ရသေ့ကြီးက အဲဒီလိုလျှောက်တော့ မစိုးရိမ်ဆရာတော်
ဘုရားကြီးက ရသေ့ကြီးရဲ့ သဒ်ဓါတရားကိုတော့
လေးစားပါတယ်။ ပဋ္ဌာန်းကျမ်းကြီးကို ပေယျာလ မမြှုပ်ဘဲရိုက်မယ်ဆိုရင် နိုင်ငံခြားတိုင်းပြည်တွေမှာရှိတဲ့
စက္ကူတွေအားလုံးကို မှာပြီးရိုက်ရင်တောင်မှ ပဋ္ဌာန်းကျမ်းကြီး
က ကုန်နိုင်ဖွယ်မရှိပါဘူး လို့ ပြန်မိန့်လိုက်ပါ
တယ်။ ဒါက ရသေ့ကြီးဦးခန္တီ "သဒ်ဓါတရားနဲ့ ပဋ္ဌာန်းတရား" ကျယ်ဝန်းပုံကို ပြောတာပါ။
သာသနာမှာ ကွယ်ခြင်း ၅မျိုး ရှိပါတယ်။
ဘာတွေလဲဆိုတော့ -
(၁) ပရိယတ္တိ ကွယ်ခြင်း
(၂) ပဋိပတ္တိ ကွယ်ခြင်း
(၃) ပဋိဝေဓ ကွယ်ခြင်း
(၄) ရဟန်းတို့ အသွင်အပြင်ကွယ်ခြင်း
(၅) မြတ်စွာဘုရားရဲ့ ဓာတ်တော်တွေ ကွယ်ခြင်း
ဆိုပြီး (၅) မျိုးရှိပါတယ်။
ပရိယတ္တိ ကွယ်ခြင်းဆိုတာက မြတ်စွာဘုရားဟောထားတဲ့
ဘုရားဟော ပါဠိတော်တွေ အဋ္ဌကထာတွေ
အားလုံးကွယ်ပျောက်သွားတာကို ပြောတာပါ။
ဘယ်လိုကွယ်မလဲဆိုတော့ ပဋ္ဌာန်းကျမ်းကြီးက စပြီးကွယ်
ပါလိမ့်မယ်။ ဘာလို့ ပဋ္ဌာန်းကျမ်းကစပြီး ကွယ်ရသလဲဆိုတော့ ကျယ်ဝန်းနက်နဲလွန်းအားကြီးလို့ သင်ယူ
လေ့လာ သူမရှိတော့တဲ့အတွက် စပြီး ကွယ်ရတာပါ။ ပဋ္ဌာန်းတရားကွယ်ပြီးတဲ့အခါ ကျန်တဲ့ "အဘိဓမ္မာကျမ်း"
တွေလည်း ဆက်ပြီးကွယ်ပါမယ်တဲ့။ အဘိဓမ္မာကျမ်းတွေပြီးရင် "သုတ္တန်ကျမ်း"တွေကွယ်မယ်။
သုတ္တန်ပြီးရင်"ဝိနည်းကျမ်း" တွေကွယ်မယ်။ အစဉ်လိုက်ကွယ်သွားပါလိမ့်မယ်။
နောက် ဘယ်လောက်အထိ ကွယ်သွားမလဲ
ဆိုရင်"လေးပါဒလောက်ပဲရှိတဲ့ ဂါထာတစ်ပုဒ်"
ကိုတောင် ဘယ်သူမှ မရတော့ပါဘူးတဲ့။
အဲဒီအချိန်မှာ သဒ်ဓါတရားအားကောငျးတဲ့မငျးတဈပါးလောကျ
ပေါ်လာပြီး ဘုရားဟောဂါထာတစ်ပုဒ်လောက် ရွတ်နိုင်တဲ့
သူကိုငွေအသပြာတစ်ထောင်ယူဆိုပြီး ဆင်ပေါ်ကို
တင်ပြီးတော့မှ လှည့်လည်ပေမယ့်လည်း ဘယ်သူမှ
ရွတ်ဆိုနိုင်တဲ့သူ မရှိတော့ပါဘူးတဲ့။ ဒါဆိုရင်
"ပရိယတ္တိသာသနာ" ကွယ်သွားပါပြီတဲ့။
ပဋိပတ္တိ ကွယ်ခြင်း ဆိုတာက အကျင့်ပိုင်းဆိုင်ရာ
ကွယ်ပျောက်သွားတာပါ။ အကျင့်ဆိုတာက
"သီလ၊ သမာဓိ၊ ပညာ၊ ကမ္မဋ္ဌာန်း ဘာဝနာ "အကျင့်တွေပါ။ အဲဒီအကျင့်တွေကို လူရော၊ ရဟန်းရော မကျင့်
ကြတော့ပါဘူး။ ရဟန်းတွေဆိုရင် ပါရာဇိကလေးပါးကို လုံးဝမစောင့်ထိန်းတော့ပါဘူး။ ပါရာဇိကလေးပါးကိုတောင် မစောင့်ထိန်းတော့ဘူးဆိုရင် "ကမ္မဋ္ဌာန်းဘာဝနာ " အကျင့်လည်း ပြောစရာမလိုတော့ပါဘူး။
ဒါဆို ပဋိပတ္တိသာသနာ ကွယ်သွားပါပြီ။
နောက် ပဋိဝေဓ ကွယ်ခြင်း တဲ့။
ပဋိဝေဓ ဆိုတာ
မဂ်လေးပါး၊ ဖိုလ်လေးပါး၊ ပဋိသမ္ဘိဒါလေးပါး၊
ဝိဇ္ဇာသုံးပါး၊ အဘိညာဉ် ခြောက်ပါး
ဒါတွေကို ပြောတာပါ။ အကျင့်မရှိတော့ရင် အကျင့်ရဲ့ အသီးအပွင့်တွေဖြစ်တဲ့ မဂ်ဖိုလ်လည်း မရှိတော့ပါဘူး။နောက်ဆုံး သောတာပန်တောင်
မရှိတော့ပါဘူး။ ဒါဆို ပဋိဝေဓ သာသနာ ကွယ်သွားပါပြီ။
နောက်တစ်ခုက ရဟန်းတွေရဲ့ အသွင်အပြင်
ကွယ်ပျောက်ခြင်း ပါတဲ့။
ရဟန်းဆိုတာ" သီလ၊ သမာဓိ၊ ပညာ"ဆိုတဲ့ သိက္ခာသုံးပါးကို ဖြည့်ကျင့်နေသူတွေပါ။သိက္ခာသုံးပါးကို
များများကျင့်လေ၊ များများ ကြည်ညိုဖို့ ကောင်းလေပါပဲ။
ရာဂ ကင်းစေတဲ့ ဝတ်ရုံကို ဝတ်ရုံထားမယ်၊
သတိပဋ္ဌာန် သမ္ပဇညပိုင်းမှာလာတဲ့အတိုင်း
ရှေ့ကိုတက်ရင်လည်းအမှတ်လေးနဲ့၊
နောက်ကိုဆုတ်ရင်လည်းအမှတ်လေးနဲ့၊
တစောင်းကြည့်တဲ့အခါ၊ တူရူကြည့်တဲ့အခါ၊ စားတဲ့အခါ၊ သောက်တဲ့အခါများတွေမှာလည်း
အမှတ်လေးတွေနဲ့။ ဒါတွေဟာ ရဟန်းတစ်ပါးရဲ့အသွင်
အပြင်၊ အမူအယာတွေပါ။
ဒီလိုနဲ့ ကာလတွေကြာလာတဲ့အခါ
အမှတ်တွေ မရှိတော့ပါဘူး။ နောက်သင်္ကန်းကို ဆိုးရည်
ဆိုးပြီး မဝတ်တော့ဘူး။နောက်ဆုံး သင်္ကန်းကြီးကို ဝတ်
ရတာ ဖိုးရို့ဖားရား နိုင်လှတယ်ဆိုပြီး သင်္ကန်းကြီးကို
စွန့်ပစ်ပြီး သင်္ကန်းစလေးကိုပဲ လက်မှာ ပတ်ထားပါလိမ့်မယ်တဲ့။
သင်္ကန်းစလေး လက်မှာပတ်ထားတာမြင်ရင်
ဒါဘုန်းကြီးပဲ ဆိုပြီး ဆွမ်းကပ်ချင်တယ်၊ ပရိတ်ရွတ်ချင်တယ်
ဆိုရင်သွားပင့်ရတော့မှာပါ။
အဲဒီအချိန်အထိ ရဟန်းအသွင်အပြင်ဆိုတဲ့ လိင်္ဂသာသနာမကွယ်သေးပါဘူးတဲ့။
နောက် လယ်ထွန်ခြင်း၊ ကုန်သွယ်ခြင်းတွေပြုလာမယ်။ အဲဒီကတစ်ဆင့်အမ်ထောင်သားမွေးမှု
တွေပြုလာမယ်။ ဒီလိုနဲ့ ကာလကြာလာတဲ့အခါ လက်မှာ
ပတ်ထားတဲ့ သင်္ကန်းစလေးကို ပတ်ထားရတာ
အို ရှုပ်ပါတယ် ဆိုပြီး စွန့်ပစ်ကြပါလိမ့်မယ်တဲ့။ ဒါဆိုရဟန်းတွေရဲ့အသွင်အပြင် လိင်္ဂသာသနာဆိုတာ
ကွယ်သွားပါပြီ။
နောက်ဆုံးက မြတ်စွာဘုရားရဲ့ ဓာတ်တော်တွေ ကွယ်ပျောက်
သွားခြင်းပါ။ ဒါဆို "ဓာတုသာသနာ"
ကွယ်သွားပါပြီ။
ပြောလိုရင်းကတော့ပိဋကသုံးပုံမှာ ပဋ္ဌာန်းကျမ်းကြီးက အရင်စကွယ်မယ်ဆိုတာကို ပြောချင်တာပါ။
ပဋ္ဌာန်းရွတ်ဖတ်ပူဇော်တာ၊ ပဋ္ဌာန်းစာဝါပို့ချတာစသည်တွေဟာ ပဋ္ဌာန်းကျမ်းကြီးမကွယ်ပျောက်ဖို့တစ်တပ်တစ်အားအနေနဲ့
ပါရမီဖြည့်နေကြတာပါပဲ။
အဇူဇာပဋ္ဌာန်းပွဲမှာစာရေးသူသိပ်သဘောကျတာတစ်ခုရှိပါတယ်၊ ပဋ္ဌာန်းသံကိုကြိုက်သလောက်ရွတ်။
ကျောင်းအပြင်ကိုအသံမထွက်ပါဘူး။
သိပ်သဘောကျဖို့ကောင်းတာပါ။
မြန်မာပြည်မှာတော့ လောစပီကာတပ်ပြီးရွတ်တာဖြစ်လို့ စာမေးပွဲနီးလို့စာကျက်နေတဲ့ကလေးတွေ၊နာမကျန်းဖြစ်တဲ့
သက်ကြီးရွယ်အိုတွေအတွက်ကျတော့နဲနဲ
အခက်အခဲလေးဖြစ်နေတတ်ပါတယ်။
အဇူဇာကျောင်းလိုရွတ်နိုင်ရင်တော့သိပ်ကောင်း
မှာပါ။ဒါမှမဟုတ်ညအိပ်ချိန်အသံကိုတိုးပေးလိုက်မယ်
ဆိုရင်လည်းအဆင်ပြေမယ်ထင်ပါတယ်။
မြတ်စွာဘုရား ဘုရားဖြစ်ပြီး (၂၂)ရက်မြောက်မှာ
စတုတ္ထ သတ္တာဟ ရတနာဃရမှာ စံနေတော်
မူစဉ် အဘိဓမ္မာ ခုနစ်ကျမ်းကို ဆင်ခြင်သုံးသပ်တော်မူပါတယ်။
အဲဒီလို ဆင်ခြင်သုံးသပ်တော်မူတဲ့အခါ
ရှေ့ပိုင်းကျမ်းများဖြစ်တဲ့
ဓမ္မသင်္ဂဏီကျမ်း၊ ဝိဘင်ကျမ်း၊ ဓာတုကထာကျမ်း၊ ပုဂ္ဂလပညတ်ကျမ်း၊ကထာဝတ္ထုကျမ်း၊ ယမိုက်ကျမ်း
ဆိုတဲ့ ခြောက်ကျမ်းကို ဆင်ခြင်သုံးသပ်တဲ့အခါ
ရောင်ခြည်တော်တွေ မကွန့်မြူးသေး
ပါဘူး။
ခုနစ်ကျမ်းမြောက်ဖြစ်တဲ့ပဋ္ဌာန်းကျမ်းကြီး ကို ဆင်ခြင်သုံးသပ်မှ ရောင်ခြည်တော်တွေ ကွန့်မြူး
လာတာပါ။ ဒါတွေက အားလုံး သိကြပါတယ်။
ဒီနေရာမှာ ပဋ္ဌာန်းကျမ်းကို စဟောပြီလားဆိုတော့
မဟောသေးပါဘူး။
မြတ်စွာဘုရား ဘုရားဖြစ်ပြီး"ခုနစ်ဝါမြောက်မှာတာဝတိ ံ
သာနတ်ပြည် ပင်လယ် ကသစ်ပင်ရင်း ပဏ္ဍုကမ္ဗလာ
မြကျောက်ဖြာထက်မှာမယ်တော်မိနတ်သား"ကို
ကျေးဇူးဆပ်တဲ့အနေနဲ့ နတ်ဗြဟ္မာများကို ဟောပါတယ်။
အဲဒီ နတ်ဗြဟ္မာတွေကိုမြတ်စွာဘုရားက ဝါတွင်းသုံးလပတ်လုံး အဘိဓမ္မာတရားကို ဟောတာပါ။
ဆွမ်းခံချိန်ကျတော့ လူ့ပြည်ပြန်ကြွလာရင်း အနောတတ်အိုင်မှာ အရှင်သာရိပုတ္တရာကို ပြန်ဟောပေးပါတယ်။ အရှင်သာရိပုတ္တရာကလင်းနို့သားဖြစ်ဖူးတဲ့သူ့ရဲ့တပည့်ငါးရာကို
ပြန်ဟောပါတယ်။
မြတ်စွာဘုရားက တာဝတိ ံသာနတ်ပြည်က နတ်ဗြဟ္မာတွေ
ကို အကျယ်နည်းနဲ့ ဟောပေးပါတယ်။
နောက် အရှင်သာရိပုတ္တရာကို ပြန်ဟောပေးတဲ့အခါကျတော့ အကျဉ်းနည်းနဲ့ ပြန်ဟောပေးပါတယ်။
အရှင်သာရိပုတ္တရာက လင်းနို့သားဖြစ်ခဲ့ဖူးတဲ့ တပည့်ငါးရာကို ပြန်ဟောပေးတဲ့အခါမှာတော့ မကျဉ်းမကျယ်
နည်းနဲ့ ပြန်ဟောပေးပါတယ်။ ဒီနေ့ သင်ယူလေ့လာ ရွတ်ဖတ်ပူဇော်နေကြတဲ့ ပဋ္ဌာန်းတရားတော်ဟာ
အရှင်သာရိပုတ္တရာကလင်းနို့သားဖြစ်ဖူးတဲ့တပည့်ငါးရာကို
ပြန်ဟောပေးထားတဲ့ ပဋ္ဌာန်းတရားတော်ပါ။
ပဋ္ဌာန်းကတစ်ဆင့် ဝိပဿနာကူးသွားတဲ့ သာဓက၀တ္ထုတွေလည်းအများကြီးရှိပါတယ်။
မဟာဂတိဂမိယတိဿဒတ္တ အမည်ရှိတဲ့ မထေရ်တစ်ပါးဟာ
တစ်နေ့မှာ မဇ္ဇျိမဒေသ အိန္ဒိယနိုင်ငံ
ကနေ သီဟိုဠ်ကျွန်းမှာရှိတဲ့ မဟာစေတီကို ဘုရားဖူးမယ်ဆိုပြီး လှေသင်္ဘောနဲ့ ထွက်ခဲ့ပါတယ်။
ပင်လယ်သမုဒ္ဒရာကြီးကိုကြည့်ပြီး ပဋ္ဌာန်းကျမ်းကြီးကပဲ
ကျယ်ဝန်းသလား၊ ပင်လယ်သမုဒ္ဒရာကြီးကပဲ ကျယ်ဝန်း
သလားဆိုပြီးဆင်ခြင်တဲ့အခါပဋ္ဌာန်းကျမ်းကြီးက
ပိုကျယ်ဝန်းလှပေတယ်ဆိုပြီး ပဋ္ဌာန်းတရားကို ဆင်ခြင်
ရင်း ဆင်ခြင်ရင်းနဲ့ ပီတိတွေ ဖြစ်လာပါတယ်။
အဲဒီပီတိကို ခွာပြီး ဝိပဿနာရှုလိုက်တာ ရဟန္တာဖြစ်သွားခဲ့
ပါတယ်။ တရားထူးရပုံတွေကတော့ တစ်ပါးနဲ့တစ်ပါး မတူပါဘူး။ တချို့လည်း ဖြစ်ပေါ်လာတဲ့ ပီတိကိုပဲဝိပဿနာပြန်ရှုပြီး
တရားထူး ရသွားကြတာပါ။ တချို့ကျတော့လည်း ပီတိကို ခွာပြီး အားထုတ်နေကျမူလကမ္မဋ္ဌာန်းကိုပဲပြန်ရှုတာပါ။
အဇူဇာ ပဋ္ဌာန်းတရားနာရင်းနဲ့ ဝိပဿနာဘက်ကို
ကူးသွားလို့လည်း ရပါတယ်။ ပဋ္ဌာန်းနာရင်းနဲ့
ပီတိတွေဖြစ်လာမယ်၊
အဲဒီပီတိကိုပဲ ပီတိရဲ့ သဘောလေးက ဘယ်လိုလေး၊ဘယ်လိုသဘောလေးဖြစ်နေ
တာလဲဆိုပြီးသဘောလေးအထိသတိကပ်ပြီး ပီတိဖြစ်တယ်၊ဖြစ်တယ်၊နှစ်သက်တယ်၊ နှစ်သက်တယ်
ဆိုပြီး ရှုမှတ်သွားရမှာပါ။
ဒါမှမဟုတ် ကြားနေရတဲ့ ပဋ္ဌာန်းသံလေးကိုပဲ သတိကပ်ပြီး
ကြားတယ်၊ ကြားတယ်၊ လို့ရှုမှတ်လို့
လည်းရပါတယ်။ ကြားတယ်၊ ကြားတယ် လို့
ရှုမှတ်တဲ့နေရာမှာတော့ ဒီအတိုင်းကြီး ကြားတယ်၊
ကြားတယ်လို့ ရှုမှတ်ရမှာ မဟုတ်ပါဘူး။ ကြားတယ်လို့ ရှုမှတ်တဲ့နေရာမှာသတိကပ်စရာ သုံးနေရာရှိပါတယ်။
အသံရယ်၊ နားအကြည်ဓာတ်ရယ်၊ ကြားသိစိတ်ရယ်ပါ။
စာလိုပြောရင်တော့
သဒ်ဓါရုံရယျ၊ သောတပသာဒရယ်၊ သောတဝိညာဏ်ရယ်ပါ။
အဲဒီ သုံးခုထဲက တစ်ခုခုကို သတိကပ်ပြီး ကြားတယ်၊ ကြားတယ်
လို့ ရှုမှတ်ရမှာပါ။
ဥပမာ - ပဋ္ဌာန်းသံလေးကို အာရုံပြုပြီး ကြားတယ်ကြားတယ်ရှုမှတ်လို့ရသလို နားထဲမှာကြားတတ်
တဲ့ နားအကြည်ဓာတ်လေးရှိပါတယ်။
အဲဒီနားအကြည်ဓာတ်လေးကို အာရုံပြုပြီးတော့လည်း
ကြားတယ်ကြားတယ်လို့ရှုမှတ်လို့ရပါတယ်။
ကြားတာကိုသိနေတဲ့ ကြားသိစိတ်ကလေးလည်းရှိပါတယ်။
အဲဒီ ကြားသိစိတ်ကလေးကိုသတိကပ်ပြီး ကြားတယ်၊ကြားတယ်
လို့လည်း ရှုမှတ်လို့ရပါတယ်။သုံးခုထဲကကိုယ်နဲ့
သပ်ပါယသငျ့ရာတဈခုခုကိုသတိကပျပွီး သင့်သလို
ရှုမှတ်သွားရုံပါပဲ။ဒါမှမဟုတ် ပီတိတွေ ကြားတာတွေကို
အာရုံမပြုတော့ဘဲ ကိုယ်အားထုတ်နေကျ မူလကမ္မဋ္ဌာန်း
ကိုပဲ ပြန်ရှုမှတ်လို့လည်းရပါတယ်။ ဝင်လေ၊ ထွက်လေပဲဖြစ်ဖြစ်၊ ဖောင်းတယ်၊ ပိန်တယ်ပဲဖြစ်ဖြစ်
နှစ်သက်သလို ရှုမှတ်သွားရုံပါပဲ။
ဒါက ပဋ္ဌာန်းနာရင်းနဲ့ ဝိပဿနာဘက်ကို ကူးသွားတာပါ။
ဒါဆိုရင်တော့ ဋ္ဌာန်းနှစ်ပင် တစ်ပင်စိုက်ပါ မဟုတ်တော့ဘဲအဇူဇာကျောင်းမှာဋ္ဌာန်းနှစ်ပင်လုံးကို
စိုက်လိုက်တော့တာပါ။သစ်ပင်စိုက် ရင် သစ်ပင်ရဲ့
အသီးအပွင့်ဆိုတာကတော့ဖြစ်လာမှာပါပဲ။
အသီးအပွင့်တွေဖြစ်လာရင် ကိုယ်လည်းစားသုံးလို့ရသလိုကိုယ့်မိတ်ဆွေတွေကိုဝေမျှလို့လည်းရပါတယ်။
ရွတ်သူ၊နာသူ၊ဝေယျာဝစ္စပြုသူ၊ယာဉ်လှူသူဆွမ်းကျွေးသူ၊
ဆေးလှူသူ။ရေလှူသူ။ပန်းလှူ၊ပန်းလည်တိုင်လှူသူ။ စသည်ဖြင့် နေရာဌာနတစ်ခုမှာ ကုသိုလ်တွေ အတူတူပြုကြရင် တစ်နေရာမှာလည်း ပြန်လည်ဆုံတွေ့ကြရဦးမှာပါ။
ပြန်လည်ဆုံတွေ့တဲ့နေရာမှာ ချစ်စွဲ၊ မုန်းစွဲ ကင်းစွာနဲ့ ပြန်ဆုံကြတာပဲကောင်းပါတယ်။ချစ်စွဲကြောင့်လည်းပြန်လည်ဆုံတွေရတတ်သလို မုန်းစွဲကြောင့်လည်းပြန်လည်ဆုံတွေရတတ်ပါတယ်။

ချစ်စွဲက ကောင်းတဲ့ ဘက်ကတွေးပြီး ဖြေသိမ့်နိုင်စရာ
ရှိပေမယ့် မုန်းစွဲကတော့ သိရင် သိသလောက်ကြောက်ဖို့ကောင်းလှပါတယ်။
မုန်းစွဲက ဒီဘဝမှာ တရားအသိလေးတွေရှိနေလို့ ကိုယ်ကသူ့ကို ခွင့်လွှတ်နိုင်ပေမယ့် သံသရာတကွေ့မှာ တရားမသိတဲ့ မိုက်တွင်းနက်နေတဲ့ ဘဝတစ်ခုခုရောက်နေမယ်ဆိုရင်တော့တရားမသိစွာခွင့်မလွှတ်နိုင်ဘဲ အပြန်အလှန်
လက်စားချေနေတော့မှာပါ။
မုန်းစွဲတွေနဲ့ အပြန်အလှန်လက်စားချေနေရင်
တော့ သံသရာမှာ နစ်မွန်းသထက် နစ်မွန်းရတော့မှာပါ။
တကယ်တော့ ပြန်လည်ဆုံတွေ့ခြင်းတွေဟာလည်း ရင်ခုန်စရာတွေပါပဲ။ 

အဲဒီရင်ခုန်မှုတွေကိုပဲပါရမီအဖြစ် ပြောင်းလဲယူရမှာပါ။ ရင်ခုန်မှုကတဆင့် ဖြစ်ပေါ်လာတဲ့ ပါရမီကိုပဲ အခြေခံပြီး ဝိပဿနာ
လမ်းကြောင်းပေါ်ဆက်လျှောက်လှမ်းကြရမှာပါ။
ချစ်စွဲမုန်းစွဲရဲ့အကျိုးအပြစ်တွေကတော့ဒီဘ၀မှာကော
နောက်ဘ၀မှာကောရှိနေတာပါ။အဲဒီချစ်စွဲ မုန်းစွဲတွေကြောင့်ပဲစိတ်ဆင်းရဲကိုယ်ဆင်ရဲဖြစ်နေကြရတာပါ။ကိုယ်ကဒါတွေကိုဥာဏ်နဲ့ကြည့်ဖို့ပါ။ 

ချစ်ခြင်း၊ မုန်းခြင်း
ကင်းရာ သံသရာတစ်ဖက်ကမ်းကို မြန်မြန်ရောက်သွားတာပဲကောင်းပါတယ်။
သစ်ပင်တစ်ပင်ဟာ အရှေ့ဘက်ကို ကိုင်းနေရင် လဲတဲ့အခါအရှေ့ဘက်ကိုပဲ လဲမှာပါ။ အနောက်ဘက်ကို
ကိုင်းနေရင် အနောက်ဘက်ကိုပဲ လဲမှာပါပဲ။ ဒီလိုပါပဲ။ ချစ်ခြင်း၊မုန်းခြင်းကင်းရာကို စိတ်ညွှတ်နေရင်
တစ်နေ့သောအခါမှာတော့ "ချစ်ခြင်း၊ မုန်းခြင်းကင်းရာ"ကိုပဲလဲတော့မှာပါ။ 

ချစ်စွဲ၊ မုန်းစွဲတွေဆီ စိတ်ညွှတ်နေရင်တော့ ဘယ်လိုမှ မဆုံးနိုင်တော့တဲ့ ချစ်ခြင်း၊ မုန်းခြင်းတွေနဲ့ပဲ သံသရာတစ်ကြောမှာမောမောကြီးလည်နေရတော့မှာပါ။

အဇူဇာရဲ့ညနေခင်းလေးတွေက လေနုအေးနဲ့အတူ ၀င်သက်ထွက်သက်ကိုအမွေစခဲ့ပါတယ်။ အေးမြခြင်းတွေနဲ့အတူ တောင်ခြေတစ်ခုရဲ့တစ်နေရာက အမျှဝေသံ သာဓုခေါ်သံတွေဟာလည်း တူညီရာ
ပန်းတိုင်တစ်ခုဆီကိုဦးတည်နေတော့မှာပါ။
ဘာပဲပြောပြော ချစ်ခြင်း၊ မုန်းခြင်း ကင်းရာကိုရောက်ဖို့"ဋ္ဌာန်းနှစ်ပင်လုံး" ကို စိုက်ဖြစ်ဖို့ပါပဲလေ။

[ရဝေနွယ် (အင်းမ)]

သတိဆိုတဲ့ အပ္ပမာဒ

တရားကို အမြဲတမ်း 
အားထုတ်နေတဲ့သူဟာ 
လောဘ၊ ဒေါသ တဖြည်းဖြည်း နည်းလာတယ်။

ပိုပြီးတော့ စိတ်က သိမ်မွေ့နူးညံ့လာတယ်၊ အေးချမ်းလာတယ်။ 

အဲဒီလို နူးညံ့အေးချမ်းတဲ့စိတ် 
ဖြစ်တဲ့အခါမှာ လူတစ်ယောက်ကို 
မြင်လိုက်ရင် အလိုလိုနေရင်း မေတ္တာစိတ်က ရှိလာတယ်။

အလိုလိုနေရင်းနဲ့ ချစ်ခင်တဲ့စိတ်၊ 
လေးစားတဲ့စိတ်၊ ဒုက္ခ နဲစေချင်တဲ့စိတ်၊ 
စိတ်ချမ်းသာ ကိုယ်ချမ်းသာ 
ဖြစ်စေချင်တဲ့စိတ် ဖြစ်လာတယ်။

အဲဒါလေးကို ကိုယ်တိုင်
 ကြုံဖူးတဲ့သူဆိုရင် ပိုသိမယ်။
ပြောတဲ့ ဆိုတဲ့ အခါမှာလည်း 
တစ်ဖက်သားကို စိတ်ဆင်းရဲ
သွားစေမယ့် စကားမျိုးကို မပြောဖြစ်ဘူး။ 

သတိမရှိတဲ့သူဟာ အမှတ်တမဲ့ 
သူများ စိတ်ဆင်းရဲမယ့် 
စကားမျိုးကို ပြောတတ်တယ်။

သတိရှိလာတဲ့သူကျတော့ တစ်ခုခုကို 
ပြောတော့မယ်ဆိုရင်
စိတ်ဆင်းရဲမယ့်စကား မပြောဖြစ်ဘူး။
စိတ်ချမ်းသာမယ့်စကားကို ပြောတယ်။ 
အကျိုးရှိမယ့် စကားကိုပဲ ပြောတယ်။

တရားအားထုတ်လို့ စိတ်ဓာတ်ရင့်ကျက် 
သိမ်မွေ့မြင့်မြတ်လာတဲ့
သူဟာ သူတစ်ပါးရဲ့ အခက်အခဲကို 
လိုလိုချင်ချင်ပဲ အကူအညီ ပေးချင်တယ်။ 

ဒါတွေဟာ အလိုလိုဖြစ်လာတဲ့ စိတ်ထား
ပြောင်းလဲမှုတွေပဲ နော်။
တရားအားမထုတ်တဲ့သူ၊
 သတိနဲ့မနေတဲ့သူဟာ တစ်ယောက်
ယောက်က တစ်ခုခု ပြောတာ ဆိုတာ 
မသင့်တော်တာ မြင်ရ
ကြားရရင် ချက်ချင်း ဒေါသဖြစ်တယ်။

သတိနဲ့နေတဲ့သူကတော့ ချက်ချင်း စိတ်မဆိုးဘူး။
ပြောသင့်တာကို အေးအေးဆေးဆေး ပြောမယ်။ ဒေါသနဲ့ မပြောဘူး။ ဒေါသဆိုတာ 
မေတ္တာနဲ့ ဆန့်ကျင်ဘက်ပါ။

သတိနဲ့နေတဲ့သူက ဒေါသ အဖြစ်နဲတယ်။
မေတ္တာက အလိုလို စိတ်ထဲမှာ ရှိနေတယ်။ သူတစ်ပါးကို အထင်သေး အမြင်သေး မဖြစ်ဘူး။

သူတစ်ပါးရဲ့ အပြစ်ကို 
အလိုလိုနေရင်း ခွင့်လွှတ်ပြီးသား ဖြစ်နေတယ်။

ဒကာကြီးတစ်ယောက်က ပြောတယ် 
'' တပည့်တော် အခုတလော
စိတ်ဆိုးလို့မရဘူး။ စိတ်ဆိုးပြီးမှ 
ပြန်ထိန်းတာ မဟုတ်ဘူး။
အရင်လိုကို စိတ်မတိုတာ '' တဲ့။

သတိက အမြဲတမ်းရှိနေတော့ တစ်ခုခု 
အဆင်မပြေတာရှိရင်
အေးအေးဆေးဆေး ဖြေရှင်းလိုက်တာပဲ။

ဒီလိုလူရဲ့စိတ်က မြင့်မြတ်နေတယ်။ 
မေတ္တာစိတ်က မကြာခဏ
ဆိုသလို ပေါ်ပေါ်လာတယ်။ 
ဒုက္ခရောက်အောင် 
ဘယ်လိုမှ မလုပ်ချင်ဘူး။

 ကုသိုလ်ကောင်းမှုတွေ 
အမျိုးမျိုးရှိတဲ့အထဲက တကယ်
အကျိုး အများသုံး ၊ အင်အားအကြီးဆုံး 
ကုသိုလ်ဟာ အပ္ပမာဒကုသိုလ်ပဲ။

 သတိနဲ့နေတာ၊ မမေ့မလျော့နေတာ
(Mindfulness) ဟာ အင်အားအကြီးဆုံး 
ကုသိုလ်ပဲ၊ အကောင်းဆုံးပဲ။

စိတ်ကိုသိနေတာဟာ 
အရေးအကြီးဆုံး အလုပ်ဖြစ်တယ်။
အရာရာတိုင်းကို စိတ်က လွှမ်းမိုးတယ်။
ဒါ့ကြောင့် စိတ်ကိုသိနေဖို့ အရေးကြီးတယ်။ 
သူ့ကို မသိရင် ခက်မယ်။

 ဆရာတော် ဦးဇောတိက(မဟာမြိုင်တောရ)

Tuesday, December 30, 2025

သားသမီးကိုစွဲလန်းနေတာ ဘယ်လိုဖျောက်ရမလဲ

သားသမီးကို စွဲလန်းနေတာ ဘယ်လိုဖျောက်ရမလဲ
     ◦•●◉✿🌺 ✿◉●•◦

တပည့်တော်မမှာ သမီးလေး တစ်ယောက်ရှိတယ် ဘုရား။

တပည့်တော်မ သေရင် သမီးလေးကို တစ်ယောက်ထဲ ထားခဲ့ရမှာ စိတ်မချဘူး၊

သမီးကိုစွဲတဲ့အစွဲကလည်း
ဖျောက်မရဘူး ဒီအစွဲနဲ့သေရင် တပည့်တော်မတော့
အပါယ်ကျတော့မှာဘုရား။

ဒါကြောင့် သမီးကို စွဲတဲ့ 
အစွဲပျောက်အောင် ဘယ်လိုဖျောက်ရမလဲဘုရား။
 
ဒကာမကြီး သမီးက အခု ဘယ်မှာတုန်း။

အိမ်မှာပါ ဘုရား။

အိမ်မှာရှိနေတဲ့ သမီးကို
ဒကာမကြီးစိတ်ထဲကနေ အာရုံပြုကြည့်လိုက်ပါ။

တင်ပါ့။

အာရုံပြုကြည့်လိုက်တော့
ဒကာမကြီးသမီးရဲ့ ပုံဟန်သဏ္ဍန်၊ အရိပ်နိမိတ်တွေက ဒကာမကြီးရဲ့ အာရုံမှာ ထင်လာလိမ့်မယ်။

မြင်တာ မဟုတ်ဘူးနော် အာရုံမှာ ထင်လာတာ။

ဒီတော့ အိမ်မှာရှိနေတဲ့ သမီးက တစ်ယောက်။

ဒကာမကြီး အာရုံပြုလိုက်လို့
အာရုံမှာပေါ်လာတဲ့ သမီးက တစ်ယောက်။ သမီးနှစ်ယောက် ဖြစ်မနေဘူးလား။
  
ဖြစ်နေပါတယ်ဘုရား။

အိမ်မှာရှိနေတဲ့ သမီးက ဒကာမကြီးလက်နဲ့ 
ထိတွေ့ ကိုင်တွယ် စမ်းသပ်လို့ရတဲ့ သမီး။

ဒကာမကြီး အာရုံမှာပေါ်နေတဲ့ သမီးကျတော့,,
ကိုင်စမ်းဖမ်းလို့ မရဘူး မဟုတ်လား။

ဒကာမကြီးစိတ်က အာရုံပြုလို့သာ အာရုံမှာပေါ်လာတာလေ။

ဒီတော့ ထိတွေ့ကိုင်တွယ်လို့ရတဲ့ တကယ့်သမီး နဲ့ ထိတွေ့ကိုင်တွယ်လို့မရတဲ့
အပြင်မှာတကယ် မရှိတဲ့ သမီး။

သမီး နှစ်ယောက် ဖြစ်မနေဘူးလား။

ဖြစ်နေပါတယ်ဘုရား။

အခု ဒကာမကြီး သမီးကိုစွဲတယ်ဆိုတာ တကယ့် အပြင်က သမီးကိုစွဲနေတာ မဟုတ်ဘူး။

အာရုံထဲက သမီးကို စွဲနေတာ။

အာရုံပြုလိုက်လို့ မိမိရဲ့အာရုံမှာ သမီးရဲ့ပုံဟန်သဏ္ဍန်ပေါ်လာပြီး။ တကယ်မရှိပါဘဲနဲ့ အာရုံမှာပေါ်လာတဲ့ သမီးကို အရှိထားပြီးကို စွဲတာ။

ငါသေသွားရင် ငါ့သမီးလေးကို ဘယ်သူ စောင့်ရှောက်မလဲ။

ငါမရှိရင် ဘယ်လိုနေထိုင် စားသောက်မလဲ။ ဒီလို တွေးတော ပူပန်တဲ့စိတ်ကြောင့် အာရုံယူလို့ စွဲလန်ရင်းဖြစ်လာတာ။

အာသဝကြောင့် ဖြစ်တဲ့သမီးမို့ အာသဝသမီး လို့ခေါ်တယ်။

လင်နဲ့မယား ညားပြီး မွေးတဲ့သမီးက သဘာဝသမီး။

'အာရုံ'နဲ့'စိတ် 'ညားပြီးမွေးတဲ့သမီးက အာသဝသမီး။

ဒကာမကြီးကို အပါယ်ချမယ့်သမီးက 
'သဘာဝသမီး'က ချမှာ မဟုတ်ဘူး။ 'အာသဝသမီး'က ချမှာ။

ဒါကြောင့် ဒကာမကြီးလက်နဲ့
ထိတွေ့ ကိုင်တွယ် စမ်းသပ်လို့ ရတဲ့

သဘာဝသမီးကို စွန့်ပစ်ရမှာ မဟုတ်ဘူး။
သူ့ကိုတော့ ကောင်းကောင်းမွန်မွန် ပြုစုကျွေးမွေးစောင့်ရှောက်နေလို့ရတယ်။

ဒကာမကြီးစိတ်နဲ့ အာရုံယူတွေးလို့ အာရုံမှာ ထင်လာတဲ့ 'အာသဝသမီး'ကိုတော့ 
အပြီးတိုင် စွန့်ပစ်လိုက်ပါ ဒကာမကြီး။

Credit.. မူရင်းရေးသားသူ

Monday, December 29, 2025

ကံဇာတာမြင့်စေသော အလှူခုနစ်မျိုး

ကံဇာတာမြင့်စေသော အလှူခုနစ်မျိုး
🌸🌸🦋🌸🌸🦋🌸🌸🦋🌸🌸
အခါတပါး၌ သူဆင်းရဲတစ်ယောက်သည် 
ဘုရားရှင်အား ဤသို့လျောက်ထား၏။

"ဘုန်းတော်ကြီးသောမြတ်စွာဘုရား"
"တပည့်တော်သည် လူမှု့ရေး၌ လည်းကောင်း၊
စီးပွါးရေး၌လည်းကောင်း၊
မိသားစုအရေး၌လည်းကောင်း၊
ဘာလုပ်လုပ် အဆင်မပြေဖြစ်ကာ ကံနိမ့်နေပါတယ်ဘုရား။
အဘယ်အကြောင်းကြောင့် ဤသိုကံနိမ့်နေရပါသလဲဘုရား။"

"ချစ်သားသည် မပေးမလှူလို့ အခုလိုဘာလုပ်လုပ်အဆင်မပြေဖြစ်နေရခြင်း ဖြစ်ပေတယ်။"

"တပည့်တော်က ဆင်းရဲနွမ်းပါးသူတစ်ယောက်ပါဘုရား။"

"သူဆင်းရဲတွေလည်း လှူနိုင်တဲ့ အလှူရှိပါတယ် ချစ်သား" လို့ ဟောကြားပေးတော်မူပါဘုရား။"

"နားထောင်လော့ချစ်သား"
"ချမ်းသာသူသာမက သူဆင်းရဲများပါ လှူနိုင်တဲ့ အလှူခုနစ်မျိုးရှိပေသည်။"

(၁)။ မျက်နှာဟန်အမူအရာဖြင့် အလှူဒါနပြုခြင်း။ 
     အပြုံးဖြင့်ဖော်ရွေစွာ ဆက်ဆံပါ။

(၂)။ နှုတ်ဖြင့် အလှူ ဒါနပြုခြင်း။
       အားပေးစကား၊ နှစ်သိမ့်စကား၊ ချီးကျူး စကား၊
        ညှာတာစကား၊ နွေးထွေးသောစကားများ ပြောဆိုပါ။

(၃)။ စိတ်ဖြင့် အလှူ ဒါနပြုခြင်း။
       စိတ်တံခါးကိုဖွင့်၍ ဖြူစင်သောစိတ်ထားဖြင့်
       သူတစ်ပါးကို ပွင့်လင်း ရိုးသားစွာ ဆက်ဆံပါ။

(၄)။ အမြင်ဖြင့် အလှူ ဒါနပြုခြင်း။
       ကောင်းသောစေတနာ ကောင်းသော အမြင်ဖြင့်
       သူတပါး၏ကောင်းကွက်များကို ကြည့်ပေးပါ။

(၅)။ ကာယလုပ်အားဖြင့် အလှူ ဒါနပြုခြင်း။
       ကိုယ်နိုင်နင်းသော လုပ်ဆောင်ပေးမှုဖြင့်
       သူတစ်ပါးကို ကူညီပါ။

(၆)။ နေရာထိုင်ခင်း အလှူ ဒါနပြုခြင်း။
       လှေစီး၊ ကားစီးသည့်အခါ မိမိထိုင်ခုံနေရာကို  
       အိုမင်းမစွမ်းသူ၊ ကိုယ်ဝန်ရှိသူနှင့် ကလေးငယ်တို့အား 
       မိမိ၏ ထိုင်ခုံနေရာကို ထိုင်စေပါ။

(၇)။ နေအိမ် အလှူ ဒါနပြုခြင်း။
        မိမိ၏ အိမ်နေရာကိုသူတပါးတို့ အနားယူရန် ပေးကမ်းပါ။

"ထိုသို့လှူသော အကျင့်ကောင်းရှိသူ၏နောက်သို့
အောင်မြင်ခြင်းသည် ထပ်ကြပ်မကွာ လိုက်လာလိမ့်မည်" ဟု ဟောကြားတော်မူခဲ့လေသတည်း။

၁။ ပြုံရွှင်သော မျက်နှာ၊
၂။ ချိုသာသော စကား၊
၃။ ဖြူစင်သော စိတ်ထား
၄။ ကောင်းကွက်ကို ကြည့်ပေးခြင်း၊
၅။ ကာယဖြင့် ကူညီခြင်း၊
၆။ ကြုံလျှင် မိမိထိုင်ခုံနေရာပေးခြင်း၊
၇။ မိမိအိမ်၌ ခေတ္တတည်းခိုခွင့်ပေးခြင်း ပြုလျှင်
     များမကြာမီ ကံဇာတာမြင့်တက်လာပါမည်။

              အရှင်ဝိသုတ (ရေစကြို)

Sunday, December 28, 2025

မဂ္ဂရှစ်ပါးသင်္ကေတ

"ဗုဒ္ဓဘာသာဝင်တိုင်းသိထားသင့်သော လှည်းဘီးသင်္ကေတ"
 ******
ပုံမှာဖော်ပြထားတဲ့ လှည်းဘီးသင်္ကေတကို တော်တော်များများမြင်ဖူးကြပါလိမ့်မယ်..
ဒီသင်္ကေတကို နိုင်ငံတကာမှာ ဗုဒ္ဓဘာသာအမှတ်တံဆိပ်အဖြစ် အသုံးပြုကြပါတယ်..

လှည်းဘီးအပြင်ဘက်ထွက်နေတဲ့ ဝင်ရိုးတွေကို
ဒေါက် ၈ ဒေါက်နဲ့တည်ဆောက်ထားတာဟာ 
အဓိပ္ပာယ်ရှိရှိနဲ့တည်ဆောက်ထားတာပါ..

ဒီဒေါက် ၈ ဒေါက်ဟာ မဂ္ဂင် ၈ ပါးကို ကိုယ်စားပြုပါတယ်..
မဂ္ဂင် ၈ပါးကတော့

၁။ သမ္မာဒိဌိ = သစ္စာလေးပါးတရားကို ကောင်းစွာမြင်ခြင်း
                          မှန်ကန်သော အယူရှိခြင်း

၂။ သမ္မာသင်္ကပ္ပ = ကောင်းသောအကြံကိုကြံခြင်း

၃။ သမ္မာဝါစာ = ဝစီဒုစရိုက် ၄ပါးမှ ရှောင်၍
                          ကောင်းသောစကားကိုပြောဆိုခြင်း

၄။ သမ္မာကမ္မန္တ = ကာယဒုစရိုက် ၃ပါးမှ ရှောင်၍
                           ကောင်းသောအမှုကိုပြုလုပ်ခြင်း

၅။ သမ္မာအာဇီဝ = ကောင်းသောအသက်မွေးခြင်း

၆။ သမ္မာဝါယမ = ကုသိုလ်တရားတို့ဖြစ်အောင် လုံ့လပြုခြင်း
                           (ကောင်းသောအားထုတ်ခြင်း)

၇။ သမ္မာသတိ = နီဝရဏတရား စသည်တို့ကို
                            အဖန်ဖန်အောက်မေ့ခြင်း
                             (ကောင်းသောအောက်မေ့ခြင်း)

၈။ သမ္မာသမာဓိ = ကုသိုလ်တရားတို့ကို အာရုံ၌
                            တည်ကြည်မြဲမြံစွာထားနိုင်ခြင်း
                              (ကောင်းသောတည်ကြည်ခြင်း) တို့ဖြစ်ပါတယ်..

မဂ္ဂင် ၈ပါး ဓမ္မစက်ဝန်းကြီး ကောင်းစွာလည်ပတ်နိုင်စေရန်စိတ်ရည်သန်၍

 စေတနာမေတ္တာအရင်းခံဖြင့်
 ohmarshin
ပြန်လည်မျှဝေပါသည်။

Thursday, December 25, 2025

စိတ်ကိုဖြူစင်အောင်ထား

ကိုယ့်စိတ်ကလေးကို
အမြဲ Purify ဖြစ်အောင် လုပ်နေတာကို ဇာဂရိယာနုယောဂလို့ ခေါ်တယ်တဲ့ ။

ဘယ်နေရာမှာပဲဖြစ်ဖြစ် လုပ်ရင် ဖြစ်တာပဲ။

ကိုယ့်စိတ်ထဲမှာ မဖြူစင်တဲ့
အတွေးလေးတွေ ဝင်လာတာနှင့်တပြိုင်နက်
အဲဒီအတွေးကို ပြောင်းလွဲပြီးတော့
ဖြူစင်အောင် လုပ်ပေး လိုက်တာပေါ့

စိတ်ဆိုတာ
အတွေးပေါ်မှာ မူတည်ပြီး
ဖြူတာ မည်းတာ ဖြစ်တယ်

အဲဒီတော့ မကောင်းတဲ့ အတွေးတွေ ဝင်ပြီး
မကောင်းတဲ့စိတ်တွေ ဝင်လာလျှင်
ကောင်းတဲ့စိတ်နဲ့ အစားထိုးလိုက်တာပေါ့

ဥပမာအားဖြင့် သူများအပေါ်မှာ
မုန်းတီးနေတဲ့ စိတ်ကလေးဝင်လာရင်
မုန်းနေလို့ ဘာအကျိုးရှိမှာလည်း

မုန်းနေလျှင် ဒေါသပဲ
ဒေါသဆိုတာ အကုသိုလ်ပဲ

အကုသိုလ်ဟာ ငါ့ကိုပဲ
မကောင်းကျိုး ပေးမှာဆိုတဲ့ အတွေးဟာ
ဒေါသကို ဖယ်ရှားပစ်တဲ့ အတွေးပဲ

အဲဒီတော့
တရားကျင့်တယ်ဆိုတာ
ကိုယ့်သန္တာန်မှာရှိတဲ့ သဘာဝ တစ်ခုနှင့်တစ်ခု
ပြန်ချေဖျက်တဲ့ နည်းစနစ်ပဲ

မုန်းတီးတဲ့ နှလုံးသား ပေါ်လာလျှင်
မေတ္တာနှလုံးသားနှင့် အစားထိုးလိုက်တယ်

လောဘ ဖြစ်လာလျှင်
အလောဘနှင့် အစားထိုးတယ်
မောဟဖြစ်လာလျှင်
အမောဟနှင့် အစားထိုးတယ်

အဲဒီ အစားထိုးနေတာသည်ပင်လျှင်
တရားကျင့်နေတာတဲ့

လောဘဖြစ်လျှင် ဖြစ်မှန်းသိလိုက်တယ်
မဖြစ်အောင်ထိန်းတယ်

ဒေါသဖြစ်လျှင် ဖြစ်မှန်းသိပြီးမဖြစ်အောင် ထိန်းတယ်
မောဟဖြစ်လျှင် ဖြစ်မှန်းသိလိုက်တယ်
မဖြစ်အောင် ထိန်းတယ်

အဲဒီလို ထိန်းလိုက်တာကိုပဲ တရားကျင့်နေတယ်
အဲဒါကိုပဲ ဇာဂရိယာနုယောဂ လို့စာပေကျမ်းဂန်မှာ ခေါ်တယ်...

ဒေါက်တာနန္ဒမာလာဘိဝံသ( ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး

Credit..

Tuesday, December 23, 2025

ဂရုဏာဆိုတာ

လူတစ်ယောက်
ဒုက္ခရောက်နေပြီဆိုရင်
ထိုပုဂ္ဂိုလ်ကိုကြည့်ပြီး
အကြင်နာတရားတွေပွားလို့
ဒုက္ခတရားကို ဘယ်နည်းနဲ့ ကူညီဖြေရှင်းပေးရမလဲလို့ နှလုံးသားရဲ့လှုံ့ဆော်မှုဖြစ်တယ်...။

အဲဒီလို
လှုံ့ဆော်မှုပေးတဲ့သဘာဝတရားကို 
ကရုဏာလို့ခေါ်တယ်၊
ကရုဏာ ဆိုတာဟာ တစ်ဖက်သားကိုကြည့်ပြီး 
စိတ်ရဲ့ကြင်နာမှုကို ခေါ်တယ်...။

သောကဆိုတာဟာ အဲဒီလိုမဟုတ်ဘူး..
ဖြစ်ရလေခြင်းဆိုပြီး ဝမ်းနည်းတဲ့သဘောဖြစ်တယ်..
သောက ဆိုတာက 
ဒေါသနဲ့ယှဉ်ပြီး စိုးရိမ်မှု ခံစားချက်တစ်ခုဖြစ်တယ်...။

ကရုဏာ နဲ့ သောကဟာ
အလွန်နီးစပ်တယ်..
သောက က
ကရုဏာယောင်ဆောင်ပြီးတော့ ဝင်လာတတ်တယ်...။

ကရုဏာဆိုတဲ့ဘောင်ကိုကျော်ပြီး သောကဖြစ်သွားရင်
ကုသိုလ်လိုလိုနဲ့ အကုသိုလ်ဖြစ်သွားရော..
ဒါ သတိထားရမယ့်အချက်ပဲ...။
 
ဒါကြောင့်
သောကသည် ကရုဏာ၏ အနီးကပ်ရန်သူလို့ စာပေကျမ်းဂန်တွေမှာဆိုတယ်...။

ကရုဏာ စစ်စစ်ဆိုတာက
အင်မတန်မှမွန်မြတ်သန့်စင်တဲ့တရား..
အဲဒီကရုဏာတရားကို မိမိသန္တာန်မှာ ဖြစ်ပွားစေချင်ရင်
အခက်အခဲတွေမှ လွတ်မြောက်ကြပါစေ
ဒီလိုအကျပ်အတည်းကြီးမှ
လွတ်မြောက်ကြပါစေ
ဒုက္ခတွေမှ လွတ်မြောက်ကြပါစေ ဆိုတဲ့ 
ဒီလိုစိတ်ဓာတ်မျိုးတွေကို များများဖြစ်ပွားစေရမယ်... ။

(ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ)လူတစ်ယောက်
ဒုက္ခရောက်နေပြီဆိုရင်
ထိုပုဂ္ဂိုလ်ကိုကြည့်ပြီး
အကြင်နာတရားတွေပွားလို့
ဒုက္ခတရားကို ဘယ်နည်းနဲ့ ကူညီဖြေရှင်းပေးရမလဲလို့ နှလုံးသားရဲ့လှုံ့ဆော်မှုဖြစ်တယ်...။

အဲဒီလို
လှုံ့ဆော်မှုပေးတဲ့သဘာဝတရားကို 
ကရုဏာလို့ခေါ်တယ်၊
ကရုဏာ ဆိုတာဟာ တစ်ဖက်သားကိုကြည့်ပြီး 
စိတ်ရဲ့ကြင်နာမှုကို ခေါ်တယ်...။

သောကဆိုတာဟာ အဲဒီလိုမဟုတ်ဘူး..
ဖြစ်ရလေခြင်းဆိုပြီး ဝမ်းနည်းတဲ့သဘောဖြစ်တယ်..
သောက ဆိုတာက 
ဒေါသနဲ့ယှဉ်ပြီး စိုးရိမ်မှု ခံစားချက်တစ်ခုဖြစ်တယ်...။

ကရုဏာ နဲ့ သောကဟာ
အလွန်နီးစပ်တယ်..
သောက က
ကရုဏာယောင်ဆောင်ပြီးတော့ ဝင်လာတတ်တယ်...။

ကရုဏာဆိုတဲ့ဘောင်ကိုကျော်ပြီး သောကဖြစ်သွားရင်
ကုသိုလ်လိုလိုနဲ့ အကုသိုလ်ဖြစ်သွားရော..
ဒါ သတိထားရမယ့်အချက်ပဲ...။
 
ဒါကြောင့်
သောကသည် ကရုဏာ၏ အနီးကပ်ရန်သူလို့ စာပေကျမ်းဂန်တွေမှာဆိုတယ်...။

ကရုဏာ စစ်စစ်ဆိုတာက
အင်မတန်မှမွန်မြတ်သန့်စင်တဲ့တရား..
အဲဒီကရုဏာတရားကို မိမိသန္တာန်မှာ ဖြစ်ပွားစေချင်ရင်
အခက်အခဲတွေမှ လွတ်မြောက်ကြပါစေ
ဒီလိုအကျပ်အတည်းကြီးမှ
လွတ်မြောက်ကြပါစေ
ဒုက္ခတွေမှ လွတ်မြောက်ကြပါစေ ဆိုတဲ့ 
ဒီလိုစိတ်ဓာတ်မျိုးတွေကို များများဖြစ်ပွားစေရမယ်... ။

(ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ)

စိတ်ကိုဆုံးမထားမှ

 ကိုယ့်မှာ အဝတ်အစားတွေ အများကြီးပဲ။ ဖိနပ်ဘယ်နှရံမှန်း မမှတ်မိတော့ဘူး။ လက်ဆွဲအိတ် handbag ဘယ်နှစ်လုံးမှန်း မမှတ်မိတော့ဘူး။ ဝယ်ထားတဲ့ ပစ္စည်းတွေက အများကြီး။ 

 အဲ့ဒီပစ္စည်းတွေဟာ ကိုယ့်ဟာလည်း ဟုတ်တယ်
ကိုယ့်ဟာလည်း မဟုတ်ဘူး 

 ဘာ့ကြောင့် ကိုယ့်ပစ္စည်းဟုတ်တာလဲဆိုတော့ 
ကိုယ့်ပိုက်ဆံနဲ့ ဝယ်ထားလို့၊ ကိုယ်ကြိုက်လို့ ဝယ်ထားလို့။ 

 'ကိုယ့်ဟာလည်း မဟုတ်ဘူး" ဆိုတာက ဒီပစ္စည်းတွေနဲ့ emotional relation မရှိလို့။ စိတ်ထဲမှာ ဆက်ဆံရေးမရှိဘူး။ ဘယ်တစ်ခုကိုမှ အရမ်းကြီး မကြိုက်ဘူးပေါ့။ 

 ဒီထက်ပိုပြီး ရှင်းတဲ့စကားနဲ့ ပြောရင် လွယ်အိတ်တွေ အများကြီးရှိတယ်။ ဘယ်တစ်လုံးကိုမှ တိတိကျကျ မချစ်ဘူးပေါ့။ ချစ်တယ်ဆိုရင် အဲ့ဒီလွယ်အိတ်တစ်လုံးထဲနဲ့ စိတ်ချမ်းသာမှု ရရမယ်။ 

 အခုကျတော့ ဘယ်တစ်လုံးမှာမှ စိတ်ချမ်းသာမှု အပြည့်အဝမရဘူး။ ဒီတစ်လုံးနဲ့ ပွဲတစ်ပွဲသွားတယ်။ ပြန်လာတော့ ဒီတစ်လုံးကို ချောင်ထိုးထားတယ်။ 

 တချို့ handbag တွေက တချို့လွယ်အိတ်တွေက ဘယ်ကနေလာတုန်းဆိုတော့ crocodine skin မိချောင်းတွေရဲ့ အရေကနေ လာတာ။ သူတို့ကို မွေးထား၊ သူတို့ကို သတ်၊ အဲ့ဒီကနေ လုပ်ထားတာ။ အများစုကတော့ တိရစ္ဆာန်ရဲ့ အရေတွေ။ 

 ကိုယ့်အရေကို နည်းနည်းလေး ခြင်ကိုက်ရင်တောင် လုံးဝမကြိုက်တာ သူများအရေကို ကိုယ်ကအလှလာလုပ်တယ်။ ဒီထဲမှာ လိုအပ်လို့ တစ်လုံး နှစ်လုံးဆိုတော်သေးတယ်။ တချို့ကျတော့ များလွန်းလို့ အိမ်တစ်အိမ်မှာ ဘုန်းဘုန်းတွေ့တာ အများကြီးပဲ။ အဲ့ဒီမှာ ဒကာမကြီးက စိတ်ချမ်းသာမှုကို လိုက်ရှာနေသေးတယ်။ 

 ဆိုလိုတာက ဒီလောက်စျေးကြီးတဲ့ handbag တွေ သုံးထောင်၊ လေးထောင် တွေက စိတ်ချမ်းသာမှု ပေးမယ်ထင်ပြီးတော့ ဝယ်ထားတာ တစ်ခုမှ စိတ်ချမ်းသာမှု မပေးနိုင်ဘူး။ 

 ကိုယ့်လက်ထဲရောက်တဲ့အခါကျတော့ စိတ်ချမ်းသာမှု မတွေ့ဘူး။ ဒါ့ကြောင့် လိုအပ်ချက်နဲ့၊ လိုအပ်မှုနဲ့ လိုချင်မှု။ သူ့ရဲ့ Boundry က paper thin ဆိုတဲ့ စက္ကူလောက် ပါးတာ။ 

 စိတ်ကို မဆုံးမထားဘူးဆိုရင် ဒီဘက်ကနေပြီးတော့ ဟိုဘက်ကို ကူးသွားဖို့အတွက် အလွယ်တကူပဲ။ ဘယ်အချိန်ကူးသွားမှန်းတောင် မသိဘူး။ သူများကိုင်တာနဲ့ ကိုယ်ကလည်း ကိုင်ချင်တယ်။ သူများဝတ်တာ မြင်ရင် ကိုယ်ကလည်း ဝတ်ချင်တယ်။ 

အောက်စ်ဖိုဒ့်ဆရာတော်
 ဘဝမှာ အလိုမပြည့်သောအခါ တရားတော်မှ
ထုတ်နှုတ်ပူဇော်ပါသည်

Donated by Dhamma Dana

Saturday, December 20, 2025

ကိုယ့်လမ်းကိုယ်သွား မြတ်တရား

ထမ်းထားတဲ့လမ်း၊ရမ်းကားတဲ့လမ်း၊စွမ်းအားပြတဲ့လမ်း

ပထမလမ်းက...ကိုယ်ခန္ဓာကြီးလည်း 
လေးနေအောင် ထမ်းထားတယ်။ 
ပစ္စည်းတွေလည်း လေးနေအောင် ထမ်းထားတယ်။
မိသားစုတွေလည်း လေးနေအောင် ထမ်းထားတယ်
အလုပ်တာဝန်ကိစ္စတွေလည်း လေးနေအောင် ထမ်းထားတယ်။
အိုဒုက္ခ နာဒုက္ခကြီးလည်း လေးနေအောင် ထမ်းထားတယ်။ အထုပ်ကို ဖြည်မကြည့်ဖြစ်ဘူး။
ထမ်းထားတော့ ရှုံးတာပေါ့။

ဒုတိယလမ်းက...ရမ်းကားတဲ့လမ်း။
ဒေါသ ဒိဋ္ဌိ မောဟဦးဆောင်တဲ့လမ်းက ရမ်းကားတယ်။ကိုယ့်ဟာကိုယ်တောင်မှ အသက်ဆုံးရှုံးရတဲ့အထိ ဒုက္ခပေးတဲ့လမ်း။သူများတွေလည်း ပျက်စီးသွားအောင် ပျက်စီးနှောင့်ယှက်တဲ့လမ်း။

တတိယလမ်းက..စွမ်းအားပြတဲ့လမ်း။
ဘယ်လောက်စွမ်းသလဲကွယ့်။
ထမင်းစားရင်လည်း ကုသိုလ်ရအောင်စားတတ်ပြီ။
လမ်းသွားရင်လည်း ကုသိုလ်ရအောင်သွားတတ်ပြီ။
နိုင်ငံတာဝန်ထမ်းဆောင်ရင်လည်း ကုသိုလ်ရအောင် ထမ်းဆောင်တတ်ပြီ။ မိသားစုတာဝန် ထမ်းဆောင်ရင်လည်း ကုသိုလ်ရအောင် ထမ်းဆောင်တတ်ပြီ။
အိုတော့လည်း ကုသိုလ်ရအောင် အိုတတ်ပြီ။
နာတော့လည်း ကုသိုလ်ရအောင် နာတတ်ပြီ။
အဲ့လို ကုသိုလ်ရတယ်ဆိုမှ စွမ်းတာကွဲ့။

ကိုယ်လမ်းကိုယ်သွား မြတ်တရား....

တိပိဋက ယောဆရာတော်

ကိုယ်ပိုင်တာ ကိုယ်ပြုထားသည့်ကံပါ

ဘဝတစ်ခုမှာ တွေ့ဆုံ ကြုံကြိုက်ရတဲ့ 
   သားသမီး ဇနီးခင်ပွန်းကို 
   လူတွေက... ကိုယ့်အပိုင်လို့ ထင်နေကြတယ်။ 
   တကယ်က ဘယ်သူကမှ ဘယ်သူ့ကိုမှ 
   မပိုင်ပါဘူး။ 
   ကိုယ့်ခန္ဓာကိုယ်တောင် ကိုယ်မပိုင်ပါဘူးနော်။ 

အကြောင်းသင့်တုန်းလေးမို့ 
   ပေါင်းဆုံနေကြရတာ ဖြစ်တယ်။ 
   အကြောင်းမသင့်တဲ့တနေ့ ခွဲကြရမှာဘဲ။ 

 ဒါက ကိုယ့်တစ်ယောက်ထဲပဲ
    ဖြစ်နေတာလားဆိုတော့ မဟုတ်ဘူး။ 
    သုံးဆယ့်တစ်ဘုံလုံး ဖြစ်နေကြတာ။  
    ကိုယ့်တစ်ယောက်ထဲ မဟုတ်ပါဘူး။
    ဒါက သတ္တဝါတွေအတွက် ..
    ဖြစ်ရိုးဖြစ်စဉ်တစ်ခုမျှသာ ဖြစ်တယ်။ 

သို့သော်လည်း မိသားစုနဲ့ ပျော်ရွှင်နေတုန်း 
စိတ်ကူးယဉ်ကောင်းနေတုန်းမှာ 
ရုတ်တရက်ခွဲရတော့ ..
 အတော်ခံစားကြရတယ်နော်။ 

 ဒီတော့ သားသမီး ဇနီးခင်ပွန်းတွေကို 
    ကိုယ်ပိုင်တယ် ကိုယ်ဆိုင်တယ်ဆိုတဲ့ 
    အထင်အမြင်မှားမှုကို ..
    သတိလေးနဲ့ လျော့ချရမယ်။ 
    ကိုယ်မထားခဲ့လဲ ..
    သူတို့က ကိုယ့်ကို ထားခဲ့မှာပဲ။
    ဒီသဘာဝကို နားလည်လက်ခံနိုင်ရမယ်။

 ကိုယ်တကယ်ပိုင်တာ 
    ကိုယ်တကယ်ဆိုင်တာက 
    ကိုယ်ပြုထားတဲ့ ...
    ကုသိုလ်ကံ အကုသိုလ်ကံတွေပဲဖြစ်တယ်။ 
    ကိုယ့်ဘဝရဲ့ အဖော်အမွန်အစစ်ဆိုတာ
    ကိုယ်ပြုထားတဲ့ ..
    ကုသိုလ်ကံ အကုသိုလ်ကံတွေသာဖြစ်တယ်။ 

 သားသမီး ဇနီးခင်ပွန်းဆိုတာက 
    သုဿာန် ဟိုဘက်အထိ လိုက်လို့မရဘူး။ 
    ကိုယ်ပြုထားတဲ့ ကံတွေကတော့ 
    ကိုယ်သွားရာကို နိဗ္ဗာန်မရမချင်း 
    အရိပ်လို လိုက်ပါနေကြမှာဖြစ်တယ်။

 လူဆိုတာ အကြောင်းဆုံလို့ 
    ပေါင်းဆုံရတဲ့အခါမှာ -
    အကောင်းဆုံးပေါင်းဆုံခဲ့ကြသလို 
    အကြောင်းမဆုံတော့လို့ ..
    ခွဲကြရတော့မယ်ဆိုရင်လည်း
    အကောင်းဆုံး ခွဲနိုင်ဖို့လိုတယ်။ 

 ကိုယ်က သားသမီးဇနီးခင်ပွန်းကို 
    စွဲလမ်းတပ်မက်စိတ်နဲ့ သေမယ်ဆိုရင် 
    မကောင်းတဲ့ဘုံဘဝကို လားရောက်ရမယ်။ 
    ကိုယ့်ရဲ့ စွဲလန်းတပ်မက်စိတ်က 
    သူတို့ကို ကောင်းကျိုးတစုံတရာ 
    ပြုနိုင်သလားဆိုတော့... မပြုနိုင်ဘူး။  

 ကိုယ့်အတွက် ..
    ကောင်းကျိုးပြုသလားဆိုတော့လည်း
    မပြုပါဘူး။ 
    နှစ်ဖက်ရှုံး၊ ရှုံးစေတယ်နော် ...။

 ဒါကြောင့် နှစ်ဖက်ရှုံး၊ မရှုံးရအောင် 
    ဒီအချိန်ကစလို့ မိသားစုကို 
    ငါတကယ်မပိုင် ငါတကယ်မဆိုင်ဘူးလို့ 
    နားလည်လက်ခံပါ။

    ဒီအခြေအနေက ..
    ငါ့တစ်ယောက်ထဲ ကြုံနေရတာ 
    မဟုတ်ဘူးဆိုတာကိုလည်း 
    နားလည်လက်ခံပါ ...။

 မိသားစုကို ချစ်သလို ငါ့ကိုယ်ငါလည်း 
    ချစ်မှတော်မယ်လို့ တွေးပြီး 
    ဒါန သီလ ဘာဝနာအမှုတို့ကို 
    စွမ်းအားရှိသလောက် ပြုလုပ်အားထုတ်ပါ။ 

 တစ်ချိန်ချိန်တော့ ..
    ကိုယ်မခွဲရင် သူတို့က ခွဲခဲ့မှာပဲနော်။

#ကျေးဇူးတော်ရှင်ပါချုပ်ဆရာတော်ဘုရားကြီး 

🙏🙏🙏🙏🙏

credit

Friday, December 19, 2025

အိုပွဲကုသိုလ်

ယနေ့ တိပိဋက ယောဆရာတော်ကြီး
လစဥ် အိုပွဲ ကုသိုလ်တွင် သံဃာအပါး
၁၀၀-ကျော်တို့အား သင်္ကန်းအကောင်းစား ၁-စုံစီလှူဒါန်း၍ ဆွမ်းကပ် ကု
သိုလ်ပြုတော်မူသည်။

"ဘုန်းကြီးအိုကြီးက ကုသိုလ်ကံကော
င်းတယ်ဗျ၊အလှူအတန်း ဝါသနာပါလို့
အမြဲ လှူနေတော့ လှူစရာ တန်းစရာ
တွေဟာ ထားစရာမရှိလောက်အောင်
ရောက်ရောက်လာတယ်၊ ရှေ့က လှူ
လေ,နောက်က အဆက်မပြတ်ဝင်ရော
က်လာလေပဲဗျ"

"စာအောင်ပုဂ္ဂိုလ်တွေကို နေ့စဥ်နဲ့အမျှ
အမြဲတမ်း ဆုချ. လှူဒါန်းနေပေမယ့်သင်္ကန်းစတဲ့ပစ္စည်းတွေဟာ လျော့သွားတယ်လို့မရှိဘူးဗျ၊ကျောင်းတိုက်ခွဲတွေကိုလည်း ဒီလိုပဲ အမြဲ လှူဒါန်းနေတာပဲဗျ"

"ဦးပဉ်ဇငျးတို့,ကိုရင်တို့,ကုသိုလ်အလုပ်
ကိုသာ. ကုသိုလ်အလုပ်နှင့်တူအောင်စိတ်ပါ လက်ပါသာလုပ်၊ . ဘုရားရှိခိုး
တာ စိတ်ပါဝင်စားစွာ စူးစူးစိုက်စိုက်ရှိခိုး လိုချင်တာတွေ မလိုချင်လောက်
အောင်,ငြီးငွေ့လောက်အောင် သူ့ဟာသူ လာလိမ့်မယ်"

"အလုပ်ကို အလုပ်နဲ့တူအောင်သာလုပ်ရင် အလုပ်နဲ့ထိုက်တန်တဲ့ အကျိုးတွေ
ဟာ သူ့နေရာသူ ရောက်လာတာပဲဗျ၊ကုသိုလ်တရားက ကိုယ်လိုချင်တဲ့ချမ်းသာ အကုန်ပေးစွမ်းနိုင်တယ်။

"လှူတယ်ဆိုတာ ယူတာပါပဲဗျ၊ အလှူအတန်းတွေ. ပြုလုပ်ကြတယ်ဆိုတာ
လောကဘက်ကကြည့်ရင် လှူနေကြတာ၊ဓမ္မဘက်ကကြည့်ရင် ယူနေကြတာပဲဗျ"

"ကာလတန်ဖိုးနဲ့ လွယ်လွယ် ဆုံးဖြတ်လို့ရနိုင်တဲ့ ပစ္စည်းဝတ္ထုကို မဂ်ပေါက်
ဖိုလ်ပေါက် နိဗ္ဗာန်ရောက်သည်အထိတန်ဖိုးဆုံးဖြတ်လို့ မရနိုင်တဲ့ ကောင်း
မှုကုသိုလ်တရားနဲ့ လဲလှယ်ပြီးယူနေကြတာ”

"လောကမှာ ကောင်းမှုကုသိုလ်တရား
ပြုလုပ်ရတာလောက် ပျော်စရာကောင်းတာဘယ်အရာမှမရှိဘူး၊အရေးကြုံ
လာရင် ကိုယ့်ကို တကယ် ကယ်တင်ပေးမယ့်အရာက ကောင်းမှုကုသိုလ်တရားတစ်မျိုးပဲ ရှိပါတယ်ဗျ"

   တိပိဋက ယောဆရာတော် ဩဝါဒ
         အရှင်ပညာတိက္ခ(ယော)
           စုစည်း ပူဇော်သည်၊
            ( 19 - 12 - 2025 )

Thursday, December 18, 2025

စိတ်ကို ကျွဲထိန်းသလို ထိန်းပါ

 စိတ်ကို ကျွဲထိန်းသလို ထိန်းပါ   
🌷🌷🌿🌷🌷🌿🌷🌷🌿

 တစ်ခါတော့ ..
 မြစ်၀ကျွန်းပေါ် ဒေသတစ်ခုသို့ 
 ဆရာတော် တရားဟောကြွလေ၏ ။

 ထိုဒေသတွင် မိုးများသည့်အတွက် 
 တောင်ယာသမား အများစုသည် 
 နွားအစား ကျွဲများဖြင့်သာ 
 ထွန်ယက်စိုက်ပျိုးကြရလေ၏ ။ 

 ကျွဲများသည် သန်မာထွားကျိုင်းပြီး
 ချိုကြီးများကားနေ၏ ။ 

 ဆရာတော်သည် ..
 ကျွဲကြီးများကို မြင်သောအခါ 
 ထိုဒေသမှ ဒကာကြီးများကို 
 ယခုကဲ့သို့ မေးကြည့်လေ၏ ။

  ဒကာကြီး ..
 ဒီလောက်သန်မာတဲ့ ကျွဲကြီးတွေက
 ဒကာကြီးတို့ကို ပြန်ပြီး 
 ရန်မမူကြဘူးလား 

  တစ်ခါတလေတော့ ရန်မူတယ်ဘုရား ၊ 
 တလောက ဟိုဘက်ရွာက 
 တောင်သူတစ်ယောက် 
 ကျွဲခတ်လိုက်တာ ဗိုက်ပေါက်ပြီး 
 နေရာမှာတင် ပွဲချင်းပြီး
 သေပါရောလားဘုရား 

  အိုး... 
 ကြောက်စရာ ကောင်းလိုက်တာ ၊ 
 ကျွဲထိန်းရတာလည်း တော်တော်
 အန္တရာယ်များတာပဲ 

  ဒါက ဖြစ်ခဲပါတယ်ဘုရား ၊ 
 သူတို့ ကျွဲထိန်းတဲ့နေရာမှာ 
 ညှာလိုက်လို့ပါ

  ဒကာကြီးက ဘယ်လိုထိန်းလို့လဲ၊ 
 ကြောက်အောင် ရိုက်နှက်ထားလို့လား 

  တစ်ချက်မှ ရိုက်နှက်စရာမလိုဘဲ 
 ထိန်းတဲ့နည်းရှိတယ်ဘုရား 

  ဒကာကြီးတို့နည်းက ဘုန်းကြီးတို့လို 
 မေတ္တာသမားနဲ့ ကိုက်တာပေါ့ ၊ 
 ဘယ်လိုထိန်းတာလဲ

  အလုပ်နဲ့ ထိန်းတာပါဘုရား
 လယ်ချိန် လယ်ထွန်တယ် ၊ 
 ယာချိန် ယာထွန်တယ် ၊ 
 လယ်တွေ၊ ယာတွေ မရှိရင် 
 ရေခပ်ခိုင်းတယ်။ 
 ရေစည်ကို လှည်းပေါ်တင်ပြီး
 မြစ်ရေကိုသယ်တယ်။ 
 ရေသယ်စရာ မရှိရင် 
 ထင်းလိုက်တယ်ဘုရား ..."

  အဲဒီလို မနားတမ်း ခိုင်းနေမယ်ဆိုရင် 
 ဒီကျွဲဟာပင်ပန်းပြီး
 ညောင်းနေတဲ့အတွက် 
 နားရတဲ့အချိန်လေးမှာ 
 ငြိမ်နေတာပေါ့ဘုရား ... ။
 ဒေါသဖြစ်ချိန်ကို
 မပေးတော့ဘူးဘုရား 

  အို... ဒကာကြီးတို့ပြောတဲ့ 
 ကျွဲထိန်းနည်းက ..
 ဘုန်းကြီးအတွက်တော့ 
 တရားတစ်ပုဒ်ပါပဲ ၊ 
 ကျွဲကြီးကို စိတ်နေရာမှာထားပြီး 
 စိတ်ကိုအလွတ်မထားဘူး
 အမြဲခိုင်းနေမယ်ဆိုရင် 
 လောဘ၊ ဒေါသ ၊ မောဟဆိုတဲ့ 
 ကိလေသာတွေ မ၀င်နိုင်ဘူးပေါ့ "

 " ဒါကြောင့် ..
 ကိုယ်တော်တို့ တတွေလည်း 
 စိတ်ကို အအားမပေးနဲ့ ။
 စိတ်ဆိုတာ ...
 မကောင်းတဲ့ ဘက်မှာ ပျော်တာ ။
 အားနေရင် စာဖတ်၊ စာရေး
 တရားနာ။ 
 ဟော... အဲဒီလို 
 မနားတမ်း လုပ်ကြပါလို့ 
 တိုက်တွန်းပါတယ် 

Cerdit by original

ဘုရားရှင် ပြောကြားစေတော်မူလိုသော စကားဆယ်ခွန်း

 ဘုရားရှင် ပြောကြားစေတော်မူလိုသော
      စကားဆယ်ခွန်း 
 🙏🙏🙏 🌷🌿🌷🙏🙏🙏

ရှေးဦးစွာ သီလကျင့်စဉ် သမာဓိကျင့်စဉ် 
ပညာကျင့်စဉ်တွေနှင့် ဆက်စပ်နေတဲ့ 
ဘုရားရှင်ဘက်က ပြောကြားစေတော်မူလိုတဲ့ 
စကား ( ၁ဝ ) ခွန်းအကြောင်းကို 
ဆက်ပြီး ပြောကြရအောင် 

ရပ်အကြောင်း ရွာအကြောင်း အစားအကြောင်း အဝတ်အကြောင်း ဆွေမျိုးအကြောင်း 
မိတ်ဆွေအကြောင်းစတဲ့ မဂ်ဖိုလ်နိဗ္ဗာန်သို့ သွားရာလမ်းကြောင်းမှ ဖီလာကန့်လန့်ဖြစ်နေတဲ့ 

မဂ်ဖိုလ်နိဗ္ဗာန်သို့ ရောက်ကြောင်းကျင့်စဉ်နှင့် 
ထိပ်တိုက် ဆန့်ကျင်ဘက် ဖြစ်နေကြတဲ့ 
* တိရစ္ဆာနကထာ * လို့ ဘုရားရှင်က ရှုတ်ချကာ 
ခေါ်ဝေါ် သုံးစွဲထားတော်မူပါတယ်

ဒီစကားအမျိုးမျိုးတွေကို ဝိုင်းဖွဲ့ကာ 
ပြောဆိုနေတာမျိုးကိုတော့ ဘုရားရှင်က 
နှစ်ခြိုက်တော် မမူပါဘူး

ဘုရားရှင် ပြောကြားစေတော်မူလိုတဲ့ 
စကား (၁၀) ခွန်းကိုတော့
အင်္ဂုတ္တိုရ်ဒသကနိပါတ် 
ပဌမကထာဝတ္ထုသုတ္တန်မှာတော့ 
မြတ်စွာဘုရား ဟောကြားထားတော်မူခဲ့ပါတယ်

ဒီစကားဆယ်ခွန်းကဘာတွေလဲ..? 
၁။ အပ္ပိစ္ဆကထာ
အလိုနည်းပါးခြင်းနှင့် စပ်တဲ့တရားစကား

၂။ သန္တုဋ္ဌိကထာ
ရောင့်ရဲလွယ်ခြင်းနှင့် စပ်တဲ့တရားစကား

၃။ ပဝိဝေကကထာ
ကင်းဆိတ်မှု ဝိဝေကသုံးဖြာနှင့် စပ်တဲ့တရားစကား 

၄။ အသံသဂ္ဂကထာ
ရောရောနှောနှော မနေထိုင်ခြင်းနှင့် 
စပ်တဲ့တရားစကား

၅။ ဝီရိယာရမ္ဘကထာ
သမထ ဝိပဿနာ ဘာဝနာလုပ်ငန်းရပ်တို့၌ အပြင်းအထန် ကြိုးစားအားထုတ်ခြင်း 
လုံ့လဝီရိယနှင့် စပ်တဲ့တရားစကား

၆။ သီလကထာ
သီလကျင့်စဉ်နှင့် စပ်တဲ့တရားစကား

၇ ။ သမာဓိကထာ
သမာဓိကျင့်စဉ်နှင့် စပ်တဲ့တရားစကား

၈။ ပညာကထထာ
ဝိပဿနာပညာကျင့်စဉ်နှင့် စပ်တဲ့တရားစကား

၉။ ဝိမုတ္တိကထာ
ကိလေသာတို့မှ လွတ်မြောက်မှု 
ဝိမုတ္တိနှင့် စပ်တဲ့တရားစကား

၁၀။ ဝိမုတ္တိဉာဏဒဿနကထာ
အရိယဖိုလ် အသီးအသီးကို ရပြီးနောက်
ဖြစ်ပေါ်လာတဲ့ ပစ္စဝေက္ခဏာဉာဏ်အမြင်နှင့် 
စပ်တဲ့တရားစကား

အားလုံးပေါင်းလိုက်တော့
စကား (၁၀) မျိုးဖြစ်ပါတယ်

ဒီစကား (၁၀) မျိုးကိုတော့ 
ပြောသင့်တဲ့ အချိန်အခါမှာ ပြောသင့်တဲ့
အတိုင်းအတာ ပမာဏကို နှိုင်းချိန်ပြီးတော့ 
ပြောတန်သလောက် ပြောဆိုဖို့ရန်
ဘုရားရှင်က ခွင့်ပြုထားတော်မူပါတယ်

သို့သော် ပြောသင့်တဲ့ စကားတွေပဲ
ဆိုပြီးတော့ ဝိုင်းဖွဲ့ကာ 
* ပြောမဆုံးပေါင် တောသုံးတောင် * လုပ်ကာ

* ဟိမဝန္တာ ချီးမွမ်းခန်းတွေ *
ဖွင့်ဆိုနေကြခြင်းမျိုးကိုတော့ 
မြတ်စွာဘုရား နှစ်ခြိုက်တော် မမူပါဘူး...

(အံ ၊၃၊၃၅၉ ။ )

( ဖားအောက်တောရဆရာတော်ဘုရားကြီး )
      🙏 Ni Ni 🙏

လူကမွေး၍ လူသွေးမပါသူများ

လူကမွေး၍ လူသွေးမပါသူများ 
 🙏🙏🙏🙏🙏🙏🙏🙏

လယ်တီဆရာတော်ကြီးက
တို့လူတွေကို ကြည့်ပြီး 
အားမလို အားမရကြီးနဲ့
မှတ်ချက်ချဖူးတာကတော့ ...

လူကမွေး၍ လူသွေးမပါဘူးတဲ့ဗျာ။

ဆိုလိုတာကတော့ ....
လူ့ဘဝ ခဏရောက်လာသော်လည်း 
လူလို မကျင့် ... လူလို မသိ ...
တိရစ္ဆာန်ဘဝပေါင်းများစွာက 
ကပ်ပါလာတဲ့ ...

ကြိုက်လောဘ၊ မကြိုက်ဒေါသ 
မသိမောဟတွေ အတိုင်း
စိတ်ရိုင်းတွေနဲ့ လူလုပ်နေကြလို့ပဲတဲ့။

တိရစ္ဆာန်ကြီးတွေဗျာ။
ဆင်ကြီးတွေ ကျားကြီးတွေ 
သူတို့ရုပ်ဓာတ်ကြီးတွေ 
ဘယ်လောက် အားကောင်းသလဲ။
ကျင့်နိုင်တဲ့ ခန္ဓာရှိသော်လည်း 
သိနိုင်တဲ့ဉာဏ် သူတို့မှာ ရှိပါ့မလား။
( မရှိပါ ဘုရား )

ဟော - အထက် နတ်ပြည်မှာကျတော့ 
နတ်တွေဆိုတာ ... လူတွေထက် 
ဉာဏ်ကောင်းပါသော်လည်း
လူတွေလို ကျင့်နိုင်တဲ့ ရုပ်ခန္ဓာ မရှိဘူး။

ဒီတော့ နတ်ဘဝနဲ့လည်း 
တရားကျင့်ဖို့ မလွယ်ဘူး။

နတ်ပြည်ဆိုတာဟာ 
အတိတ် ကုသိုလ်သွားခံစားတဲ့ ကာမဘုံ၊ 
ဘာမှ လုပ်စရာ မလိုဘဲ ကာမဂုဏ် ခံစားရုံ
သက်သက်ဆိုတော့ ဒုက္ခကို မမြင်နိုင်ဘူး။
ဒုက္ခ မမြင်နိုင်သရွေ့ တရားတွေ့ပါ့မလား။
( မတွေ့ပါ ဘုရား )

ဒုက္ခအတိပြီးနေတဲ့ 
ငရဲ ပြိတ္တာ အသူရကာယ် 
တိရစ္ဆာန်တွေကျတော့လည်း 

သူများညှင်းဆဲတာ
အချိန်ပြည့်ခံနေရတော့ 
တရားကျင့်ချိန် ရပါ့မလား။
( မရပါ ဘုရား )

တရားကျင့်ဖို့ မဆိုထားနဲ့
တရားသံသော်မှ 
ကြားခွင့်မရတဲ့ အပါယ်။

ဒုက္ခတွေမှာ ဓမ္မအရသာ 
ခံစားခွင့် လုံးဝ မရှိပေဘူး။

တို့လူ့ဘဝသည်သာလျှင် 
ကျင့်နိုင်တဲ့ ခန္ဓာကိုယ်လည်း ရှိတယ်။
သိနိုင်တဲ့ ဉာဏ်လည်း ရှိတယ်။

လူ့ဘဝမှာ ဒုက္ခဝေဒနာ ခံစားရသလို 
သုခဝေဒနာလည်း ခံစား ရတာပဲ။
လူ့ဘဝဆိုတာ သမနွေးပိုင်းလေး
ရာသီဥတု ညီညွတ်မျှတတဲ့ 
အရပ်ဒေသနဲ့ တူတယ်။

#ကျေးဇူးတော်ရှင်
#မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး
    🙏🙏🙏🙏🙏🙏🙏🙏🙏🙏။🙏 

အ ပ္ပ မာ ဒေ န သ မ္မာ ဒေ ထ
#သတိတစ်လုံး လက်ကိုင်သုံး
 🙏🙏🙏🙏🙏🙏🙏🙏

အဆိုးလောကဓံနဲ့ အချိန်မရွေး တွေ့ရနိုင်တယ်

"အဆိုးလောကဓံနဲ့ 
အချိန်မရွေး တွေ့ရနိုင်တယ်"
~~~~~~~~~~~~~~~
"အသိမကူ အရှုပ်ထူဘိ 
အပူပေါလှ လူ့လောက"ထဲမှာ 
နေရတာဆိုတော့ 
အဆိုးလောကဓံတွေဆိုတာ 
တစ်မျိုးမဟုတ် တစ်မျိုး 
အချိန်မရွေးတွေ့ရနိုင်တယ် 
ရှောင်လို့ရတာလည်းရှိတယ် 
ရှောင်လို့မရတာလည်းရှိတယ် ...။

အဆိုးလောကဓံ တစ်မျိုးမျိုးနဲ့ 
မလွဲသာ မရှောင်သာ
ရင်ဆိုင်ကြုံတွေ့လာတဲ့အခါ 
ကိုယ့်ဘက်က အပြုံးမပျက် 
တရားစွမ်းအား တရားတန်ခိုး 
တရားအရှိန်အဝါနဲ့ 
တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်း 
ဖြေရှင်းနိုင်အောင် ကြိုတင် 
လေ့ကျင့်ထားဖို့ အရေးကြီးတယ်...။

အဆိုးလောကဓံတွေဆိုတာ 
လူတိုင်း လူတိုင်း တစ်မျိုးမဟုတ် တစ်မျိုး 
တချိန်မဟုတ် တချိန် ကြုံတွေ့ကြရဦးမှာ၊  
အဆိုးလောကဓံ တစ်ခုခုနဲ့ 
ရင်ဆိုင်ကြုံတွေ့လာရပြီဆိုရင် 
စိတ်ကြံ့ခိုင်မှုရှိအောင် ခံနိုင်ရည်ရှိအောင် 
သတိမြဲမြဲကိုင်ပြီး တရားနဲ့ ဖြေရှင်းတတ်ဖို့ 
အရေးကြီးတယ်...။

တရားဖြေဆေးရှိထားသူအတွက် 
တော်ရုံ တန်ရုံ အဆိုးလောက်တော့ 
အပြုံးမပျက်ဘူးဗျ၊ 
ပူရမယ့်နေရာမှာ မပူအောင် 
တရားနဲ့ဖြေတတ်တယ်၊
လောင်ရမယ့်နေရာမှာ မလောင်အောင် 
တရားနဲ့ဖြေတတ်တယ်...။ 

ဒီအဆိုးတွေကို အနိုင်ယူဖို့လို့ လောကထဲမှာ ဓမ္မ ပေါ်ပေါက်လာတာ၊ 
ဓမ္မက အဆိုးအားလုံးကို နိုင်တယ်...။

(တိပိဋကယောဆရာတော်ဘုရားကြီး)

Tuesday, December 16, 2025

ကုသိုလ်ကနေ အကုသိုလ်ဖြစ်ပုံ

ကုသိုလ်ကနေ အကုသိုလ် ဖြစ်စေပုံ
🌺🌺🌿🌺🌺🌿🌺🌺🌿

ကုသိုလ်ကနေ အကုသိုလ်ကို ဘယ်လိုလုပ် ဖြစ်စေတာတုန်း။

တချို့က ကုသိုလ်လုပ်တယ်ဆို ကုသိုလ်ပဲ ရတယ်လို့ ထင်တယ်။

ဒီနေရာမှာ ကုသိုလ်ကို အကြောင်းပြုပြီး
အကုသိုလ်ဖြစ်တာ ရှိတယ်။

ဘယ်လိုဖြစ်တုန်းဆိုရင် ဆိုပါစို့။

"သဒ္ဓါ"

လူတစ်ယောက်မှာ လှူချင်တန်းချင်တဲ့ သဒ္ဓါတရားတွေ ဖြစ်လာတယ် ။


အဲ့ဒီ သဒ္ဓါတရားဟာ ကုသိုလ်ပဲနော်။

သို့သော် " ငါ့သဒ္ဓါတရားဟာ ကောင်းလိုက်တာ"လို့ သဒ္ဓါတရားကို တွယ်တာတဲ့
လောဘစိတ်နဲ့ ကြည့်တဲ့အခါ အဲ့ဒီကြည့်တဲ့ လောဘစိတ်ကျတော့အကုသိုလ်ပဲ။

ဒါ ကုသိုလ်ကနေ အကုသိုလ်ဖြစ်တာလို့
ပြောတာ။ အဲ့ဒီတော့ ကုသိုလ်ကနေ အကုသိုလ်
ပြောင်းသွားနိုင်တာကို သတိထားဖို့နော်။

ကုသိုလ်ကို အကြောင်းပြုပြီးအကုသိုလ်ဖြစ်တယ်။

"သီလ" 

ကိုယ့်ရဲ့သီလစင်ကြယ်တာကို အကြောင်းပြုပြီးတော့ငါ့သီလက စင်ကြယ်တယ်ဆိုပြီး သီလကိုအကြောင်းပြုပြီး မာနဖြစ်ရင် သီလက "ကုသိုလ်" 
မာနက အကုသိုလ်"

ဒါ "ဥပနိဿယပစ္စည်း"လို့ခေါ်တယ်။ 
သဒ္ဓါကိုမှုဖြစ်တယ်ရာဂဖြစ်တယ်။ 

တစ်ခါ ကိုယျ့သဒ္ဓါတရားကိုကြည့်ပြီးတော့  များများစားစား လှူလိုက်မိပြီး နောက်ကျတော့...

"ငါ့ သဒ္ဓါတရားကလည်းနော်လှူလိုက်တာားလိုက်တာ" ဆိုပြီး၊ သဒ္ဓါတရားကို ရှုတ်ချတဲ့ဒေါသက မပေါ်နိုင်ဘူးလား။

သဒ္ဓါကိုအကြောင်းပြပြီး
ဒေါသလည်း ဖြစ်နိုင်တာပဲ။

ထို့အတူပဲ ကိုယ့်သီလ ကိုယ်ကြည့်ပြီးတော့
ကျေနပ်နေတယ်။ နှစ်သက်နေတယ်။

ကျေနပ်တယ်ဆိုတာ တဏှာလောဘနဲ့
ကျေနပ်တာကို ပြောတာ။ 
ကုသိုလ်စိတ်နဲ့ ကျေနပ်တာကို ပြောတာ 
မဟုတ်ဘူးနော်။

တဏှာစိတ်နဲ့ ကိုယ့်သီလကိုကိုယ်တွယ်တာပြီး ကျေနပ်နေပြီ။ သာယာနေပြီ၊ လောဘတွေဖြစ်နေတယ်ဆိုရင် ကုသိုလ်ကနေ အကုသိုလ်ကို ဖြစ်စေတယ်လို့ ဒီလိုပြောတာ။ 

"စာဂ"


ကိုယ့်ရဲ့စွန့်ကြဲမှုကို အကြောင်းပြုပြီး ငါလို
ဘယ်သူမှ မလှူနိုင်ဘူး။ငါက လှူနိုင်တယ်ဆိုပြီး 

ကိုယ့်အလှူဒါနပေါ်မှာကျေနပ်မက်မော
တွယ်တာနေမယ်ဆိုလို့ ရှိရင်"စာဂ"ဆိုတဲ့ ကုသိုလ်
အကြောင်းပြုပြီး အကုသိုလ်ဖြစ်ပြန်တာပဲ။

"သုတ" 

ကိုယ်က တရားဓမ္မတွေ နာထားတယ်။
မှတ်လည်း မှတ်တယ်။ 
စာတွေလည်း တတ်တယ်။ 

ဗဟုသုတတွေလည်း များလာတယ်။ 
အဲ့ဒီ များလာတဲ့ ဗဟုသုတအပေါ် 
မာန်မာနတွေ တက်လာတယ်။

ကိုယ့်ဗဟုသုတအပေါ် တွယ်တာမှု နှစ်သက်မှု 
ရာဂတွေ ဖြစ်လာတယ်ဆိုလို့ရှိရင်၊ တရားဓမ္မသုတက "ကုသိုလ်" တွယ်တာမှုဖြစ်လာတာတို့ 
မာနတို့က "အကုသိုလ်" 

ဒါကုသိုလ်ကြောင့် အကုသိုလ်ဖြစ်တာ။
အဲ့ဒီလို ဖြစ်လာတာ။

တစ်ခါ စျာန်တရား အားထုတ်တယ်။ 
ကိုယ်ရထားတဲ့ စျာန်ကို သဘောကျ 
တွယ်တာနေတယ်။ 

တပ်မက်တွယ်တာနေတယ်ဆိုရင် 
စျာန်က "ကုသိုလ်" တွယ်တာ တပ်မက်တာက
"အကုသိုလ်" ကုသိုလ်ကနေ အကုသိုလ်ဖြစ်တာ။

သို့သော် ကိုယ်ရထားတဲ့ မဂ်စိတ် ဖိုလ်စိတ် ကိုတော့ 
ဒီလိုမဖြစ်ဘူး။

လောကုတ္တရာတရားက အလွန်သိမ်မွေ့တာ ဆိုတော့
လောဘနဲ့ အာရုံပြုလို့ မရဘူး။

အဲဒါကျတော့ လက်လှမ်းမမှီဘူးလို့
ပြောတယ်နော်။ ဘယ်လို လက်လှမ်းမမှီတုန်း ဆိုရင် 
ယင်ကောင်ကြီးဟာ မီးကျီးခဲပေါ်မှာ 
မနားဝံ့သလို 

မဂ်စိတ် ဖိုလ်စိတ်ပေါ်မှာလောဘက မတွယ်ဝံ့ဘူး။ 
လောကုတ္တရာစိတ်နား မကပ်နိုင်ဘူး။ 

တဏှာက လောကီစိတ်ကို နှစ်သက်နိုင်တာ။
လောကုတ္တရာစိတ်ကျတော့ သူနဲ့ဘက်မဟုတ်ဘူး။

ကုသိုလ်စိတ်ကို အကြောင်းပြုပြီးတော့
အကုသိုလ်တွေ ဖြစ်ကြသေးတယ်။

ဒါကို အကြောင်းပြုပြီး "ပုရိမာ ပုရိမာ
ကုသလာ ဓမ်မာ ပစ်ဆိမာနံ ပစ်ဆိမာနံ
အကုသလာနံ ဓမ္မာနံ ကေသဉ္စိ
ဥပနိဿယ ပစ္စယေန ပစ္စယော" 

"ကေသဉ္စိ"ဆိုတဲ့စကားက 
"အနန္တရ" တော့ မဖြစ်နိုင်ဘူး။ 
"အာရမ္မဏ"တော့ ဖြစ်နိုင်တယ်။

အာရုံပြုပြီးတော့ လောဘဖြစ်မယ်။
ဒေါသဖြစ်မယ်။ မာန်မာနတွေ ဖြစ်မယ်။
ဣဿတွေ ဖြစ်မယ်။ 
အယူမှားတဲ့ မိစ္ဆာဒိဋ္ဌိတွေ ဖြစ်မယ်။ 

နောက်က ဖြစ်လာသမျှသည် 
အကုသိုလ်တွေချည်းပဲ 
ဖြစ်လာသည့် အတွက်ကြောင့်

ကုသိုလ်ကို အကြောင်းပြုပြီး 
အကုသိုလ် ဖြစ်တယ်လို့ ဒီလိုပြောတာ။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
🙏🙏🙏

တဘဝတော့သည်းခံလိုက်ပါ

တစ်ဘဝတော့သည်းခံလိုက်ပါ
🌷🌷🌿🌷🌷🌿🌷🌷🌿

မစဉ်းစားမိလျှင်
လောကကြီးသည် ပျော်စရာ ကောင်း၏
ဉာဏ်နှင့် စဉ်းစားကြည့်ပါက 
မှိတ်ထားသည့် မျက်စိ မဖွင့်ရဲအောင် ကြောက်စရာ ကောင်းလှပါသည်။

ဖွင့်ထားသည့် မျက်စိ ပြန်မမှိတ်ရဲအောင် ကြက်သီးထဖွယ် ကြောက်မက်ဖွယ် ထိတ်လန့်ဖွယ် ကောင်းလှပါသည်။

အဝိဇ္ဇာ နှင့် တဏှာ၏ ဖိအားကြောင့် 
ပျော်စရာအတု နှင့်သာ အချိန်ဖြုန်းနေကြ၏။

ချမ်းသာစစ် ချမ်းသာမှန်ကို ရှာဖို့ စိတ်မကူးကြ 
ချမ်းသာစစ် ချမ်းသာမှန်သို့ ပို့ဆောင်ပေးသော တရားသည် တိမ်ယောင်ယောင်နှင့် နက်သည်။

လွယ်ယောင်ယောင်နှင့် ခက်သည်။

သဒ်ဓါ ဝီရိယ စသော ဗိုလ်ငါးပါးနှင့် ရှေ့တန်းတင်ပြီး အားထုတ်နိုင်ဖို့ လိုလေသည်။
 
ကံလမ်းနှင့် သွား၍ မရ ဉာဏ်လမ်းစခန်း ဖြစ်၏။

ရှေးက အရိယာ သူတော်ကောင်းကြီးများက
သူမတူအောင် စွန့် ,သူမတူအောင် ကျင့်မှ
သူမတူသည့် တရားထူးတွေ ရကြောင်း အလုပ်နှင့် သက်သေပြသွားကြ၏။

#တစ်ဘဝတည်းသည်းခံပြီး 
စွန့်စွန့်စားစား အားထုတ်သွားမည် ဆိုလျှင် 

သံသရာတစ်လျှောက်လုံး 
မည်သည့်အခါမှ ဒုဂ္ဂတိဘဝ မကျရောက်တော့ဘဲ သုဂတိ ဘဝကိုသာရောက်မည် ဖြစ်သည်။

အိုရမည့် ခန္ဓာ , နာရမည့် ခန္ဓာသေရမည့် ခန္ဓာဆိုးကြီးများနှင့် မတွေ့မကြုံ မဆုံတော့ဘဲ 

၁၅၀၀ ကိလေသာအပူဓါတ် အလောင်ဓါတ် ချုပ်ငြိမ်းသည့် နိဗ္ဗာန်သို့ မျက်မှောက်ပြုရမည် ဖြစ်လေသည်။ 

ကျေးဇူးတော်ရှင်ဖားအောက်တောရဆရာတော်ဘုရားကြီး
🙏🙏🙏🙏🙏

အတ္တဥခွံထဲကထွက်နိုင်အောင်ကြိုးစားပါ

"တစ်ခုခုရပါလိမ့်မယ်
အချိန် ခဏပေးပြီး ဖတ်ကြည့်သွားပါ"

အိမ်တစ်အိမ်ကို
မီးလောင်တာအစအဆုံးမြင်ခဲ့ရတယ်။

အဲဒီအိမ်ဟာမြို့ရဲ့အချက်အချာကျတဲ့
နေရာမှာရှိတယ်။ 
မြေကွက်လပ်ကလည်းကျယ်တယ်။
တိုက်အိမ်ဆောက်ထားတာ မကြာသေးဘူး ။
ဒီမြို့မှာတော့အဲဒီတိုက်အိမ်ဟာ
အသားနားဆုံးပါပဲ။

အိမ်ရှင်မှာ သားသုံးယောက်နဲ့
သမီးတစ်ယောက်ရှိတယ်။
သားအကြီးဆုံးက 
အိမ်မှာ ကျူရှင်ဖွင့်ထားတယ်။ 
ဖိတ်ခေါ်ထားလို့အလည်ရောက်သွားဖြစ်တာပါ။
အိမ်ပိုင်ရှင် အဖေဖြစ်သူက မန္တလေးမြို့ကို
စျေးဝယ်တက်သွားပါတယ်။

သူတို့နေတဲ့အိမ်ဟာမြို့လယ်စျေးနဲ့
မလှမ်းမကမ်းမှာရှိတော့
သောက်ရေသန့်ကုမ္ပဏီတစ်ခုက
ဝယ်ချင်တယ်။
ပေါက်စျေးထက် နှစ်ဆပေးတယ်။ 
အိမ်ပိုင်ရှင်အဖေကြီး က မရောင်းဘူး။
သားတွေက ရောင်းချင်တယ်။
သူ့အဖေက ခရီးမထွက်ခင်မှာပြောသွားတယ်။
"ဒီအိမ်နဲ့မြေကို ပေါက်စျေးထက် 
သုံးဆ ရရင် ရောင်းမယ်တဲ့။"

ကိုယ် ရောက်ပြီးနှစ်ရက်အကြာမှာ
အဲဒီအိမ်ကြီးမီးလောင်တယ်။
ဖြစ်ချင်တော့ အိမ်ပိုင်ရှင်အဖေကြီးမန္တလေးက ခရီးရောက်မဆိုက်ပြန်လာတဲ့ အချိန်ဖြစ်နေတယ်။

နယ်မြို့လေးဆိုတော့
မီးလောင်တဲ့အခါ ရရာရေပုံးတွေနဲ့ ပက်ကြရတယ်။ 
မီးကိုငြိမ်းသတ်ဖို့ကြိုးစားကြတယ်။ အိမ်ပိုင်ရှင်အဖေကြီးလည်းပြာယာခတ်လို့။
ကိုယ်တွေပါ မီးလောင်နေတဲ့အိမ်ကြီးကို ရေနဲ့ငြိမ်းသတ်ပေးခဲ့ရပါတယ်။ 
ရေတွေလည်းရွှဲလို့။
 ရွှံ့တွေလည်းပေပွလို့ပါပဲ။

"ငါ့အိမ် မီးလောင်နေပြီ" 
" ငြိမ်းကြပါ  ဟ"
"လုပ်ကြ လေ"
"ဘာလို့ငါ့အိမ် မီးလောင်တာ ဝိုင်းကြည့်နေကြ တာတုန်း"

အဲဒီအချိန်မှာတွေးမိတယ်။
ဒီအိမ်ကိုသာ သူခရီးမထွက်ခင်က
ရောင်းသွားခဲ့ရင် ဒီလိုသောကမျိုး
ဒုက္ခမျိုးဖြစ် မှာမဟုတ်ဘူး။
အခုတော့သူ့အိမ်ကြီးမီးလောင်နေတာ သူ့လောင်နေတာလိုပဲလို့ခံစားမိတယ်။ 
အဲဒီအချိန်မှာ သားအကြီးက
သူ့အနားကပ်လာတယ်။

" အဖေ စိတ်မပူနဲ့အဖေ ဒီအိမ်ကို 
ပေါက်စျေးထက် သုံးဆ ပေးမယ်လို့
မနေ့ကပဲ ကျွန်တော်အရောင်း
အဝယ်စာချုပ်ချုပ်ထားပြီးပြီ အဖေရ"  
"အဖေစိတ် အေးအေးဆေးဆေးထားပါ ။
ဒါ အဖေ့အိမ် မဟုတ်တော့ဘူး"

ချက်ချင်းဆိုသလိုပဲ  ဒီလူကြီးရဲ့မျက်နှာမှာ 
သောက တွေပျောက်သွားတာတွေ့လိုက်ရတယ်။
 ရင်ထဲမှာပူလောင်မှုတွေပျောက်သွားတာတွေ့ရတယ်။ 
မီး လောင်တာကို ဝိုင်းကြည့်နေတဲ့ 
လူတွေထဲက လူတစ်ယောက်လိုပဲ
သူ့မျက်နှာဟာ ချက်ချင်းဖြစ်သွားတယ်။
 ငါ့အိမ်ကိုမီးလောင်နေတာမဟုတ်ဘူးလို့ 
ခံစားချက် ချက်ချင်းဖြစ်သွားတယ်။

အဲဒီအချိန်မှာဒုတိယသားက 
အဖေကို ဝင်ပြောတယ်။
"အဖေရေ အရောင်းအဝယ်စာချုပ်သာ
ချုပ်ထားတာ။ စရံကလည်း နည်းနည်းလေးပေးထားသေးတာ။ 
မဝယ် တော့ဘူးဆိုရင် ဘယ်လိုလုပ်မလဲ။ ကျွန်တော့်အထင်တော့စရံအဆုံးခံမယ်ထင်တယ် "။

သားအလတ်ရဲ့စကားကိုလည်းကြားရော 
အဲဒီအဖေ ကြီးဟာ ချက်ချင်းပဲ 
ပြာယာခတ်သွားပြန်တယ် ။
ငါ့ အိမ်ကိုမီးလောင်နေတယ်လို့
ခံစားသွားရပြန်တယ်။

"လုပ်ကြပါဟ"
" ငြိမ်းကြပါဟ" 
"ဘာလို.ဝိုင်းကြည့်နေကြ တာလဲကူညီကြပါဦး"
"ငါ့အိမ်ကြီးမီးလောင်နေပြီ" 
"ဝိုင်းကြပါဟ " 
"ပက်ကြပါဟ"

အဲဒီအချိန်မှာ 
တတိယသားက
အဝေးကနေပြီးသူ့အဖေဆီ ပြေးလာတယ်။
ပြီးတော့ သူ့အဖေကို ပြောလိုက်တယ်။
"အဖေရေ အဲဒီကုမ္ပဏီက မန်နေဂျာနဲ့သား သူငယ်ချင်းအခုလေးတင် မန်နေဂျာနဲ့တွေ့ခဲ့ပြီးပြီ။ 
သူ့ရဲ့ Boss ဆီကို ဖုန်းဆက်တယ်တဲ့။ 
သူ့ရဲ့ Boss ကပြန် ပြောတယ်။ 
"အိမ်မီးလောင်တာ။ မြေမီးလောင်တာမဟုတ်ဘူး။ ဝယ်မယ်လို့ဆုံးဖြတ်ထားတဲ့ကိစ္စ ဝယ်မယ်တဲ့။" အဲဒီမြေပေါ်မှာအဆောက်အဦးအသစ်
ပြန်ဆောက်မယ်လို့ ပြောတယ်  အဖေ။"

"မင်းဟာက သေချာရယ်လားကွာ" 
"သေချာပါတယ် အဖေရယ်။ သားအခုလေးတင် မန်နေဂျာနဲ့ စကား ပြောလာတာ။ 
သားရှေ့မှာတင် သူဖုန်းဆက်ပြီးမေးတာပါ။"  
"အဖေ စိတ်အေးအေးထားပါဗျာ"

အဲဒီအချိန်မှာ အိမ်ကြီးက
မီးတော်တော် ကျွမ်းနေပြီ။
အိမ်နောက်ပိုင်း တစ်ပိုင်းလုံးမရှိတော့ဘူး။
ဘာပစ္စည်းမှလည်း မသယ်ကြဘူး။ သားငယ်ရဲ့စကားကိုလည်း ကြားရော 
သူ့အဖေဟာ မျက်ရည်တွေကိုသုတ်လိုက်တယ်။
 ပုဆိုးကိုပြင်ဝတ်လိုက်ပြီး
မြေကြီးပေါ်ထိုင်ချ လိုက်တယ်။
သူများ အိမ်မီးလောင်နေသလိုမျိုး အကြည့်နဲ့
အေးဆေးသက်သာစွာပဲ သက်ပြင်းချလိုက်ပါတယ်။

"တော်ပါသေးရဲ့ ဒီလိုကတိတည်တဲ့သူနဲ့
တွေ့ရတာ အဖေသိပ်ကံကောင်းတာပဲ။
မီးလောင်နေတဲ့အိမ်ကြီးကို သားအဖတစ်တွေထိုင်ကြည့်နေကြတယ်။
ကိုယ့်အိမ် မဟုတ်ဘူးဆိုတဲ့အသိကြောင့် ရင်ထဲမှာအေးသွားတယ်။ လူတွေကလည်း ဘာမှမတတ်နိုင်တော့ မီးသူ့ဟာသူငြိမ်း မယ့်အချိန်ကိုပဲစောင့်ကြည့်နေသလိုဘဲဖြစ်နေတယ်။
 ဒီလိုနဲ့ အိမ်ကြီးဟာ
ပြာပုံဖြစ်ခါနီးနေပြီ ။

အဲဒီအချိန်မှာ…

အငယ်ဆုံးသမီးက ငိုပြီးတော့ "သူတို့ ဒီမှာ ရောက်လာပီ အဖေရေ။"

 "ဒီအိမ်ကြီးကို ဝယ်လက်က စရံ အဆုံး ခံမယ်တဲ့"သားအငယ်ကဝင်ပြောတယ်။

" နင်ကလဲမဟုတ်တာ ငါအခုလေးတင် မန်နေဂျာနဲ့တွေ့ခဲ့တာဟ" 
"သူရဲ့Boss က မြေကိုမီးလောင်တာမဟုတ်ဘူး။  အိမ်ကိုမီးလောင်တာ။ ပေးတဲ့ကတိအတိုင်း
ဝယ်မယ်တဲ့။ ငါ့နားနဲ့ဆက်ဆက်ကြားခဲ့ရတာပါ"

အဲဒီအချိန်မှာ သူ့အဖေဟာ 
သွေးတိုးသလို ဖြစ်လာတယ်။မောသလို ဖြစ်လာတယ်။ " အငယ်မ နင်ဘာတွေပြောတာလဲ ။
အဖေ့ကို သေချာရှင်းပြစမ်း။ ငါ သေလိမ့်မယ်။" 
"အကြီးကောင်ကတစ်မျိုး။ 
အလတ်ကတစ်မျိုး။
အငယ်ကောင်က တစ်မျိုး။ 
နင်ကတစ်မျိုးနဲ့။"

"ဟုတ်တယ်  အဖေ" 
"သမီးရှေ့မှာ 
မန်နေဂျာဆီက ဖုန်းလာတယ်။"
"ဒီတစ်ခါဖုန်းလာတာက Boss ရဲ့မိန်းမဆက်တာ။" 
"  ဒီလိုမီးလောင်မှတော့ 
ဘယ်လိုလုပ်ပြီး လာဘ် ရှိမှာလည်း တဲ့"

" ဒီလို အတိတ်နမိတ်မကောင်းတဲ့မြေကို မဝယ်ရဘူးတဲ့ ။စရံအဆုံးခံမယ်တဲ့အဖေ"သမီးစကားလည်းဆုံးရော အဖေကြီး သတိမေ့လဲသွားတယ်။

အတ္တစိတ်ဟာ  ကြောက်စရာ ကောင်းလိုက်တာ။
မီးလောင်တဲ့ဖြစ်ရပ်က အတူတူပဲ။ငါ့အိမ်ဆိုတဲ့ စိတ်ပူးကပ်နေချိန်မှာ 
"အတ္တ"ဟာ ဥခွံထဲက 
ဖောက်ထွက်လာပါတော့တယ်။

ငါ့အိမ်မဟုတ်တော့ဘူးဆိုတဲ့အသိစိတ် ဖြစ်သွားချိန်မှာ အတ္တ ဟာ ဥခွံထဲမှာ 
ငုတ်လျှိုးနေပြန်တယ်။
စိတ်ထဲမှာ…အဲဒီဖြစ်ရပ်ကိုကြည့်ပြီး အတ္တစိတ်ရဲ့ရွေ့လျှားမှုတွေကိုအတိုင်းသားမြင်တွေ့လိုက်ရတယ်။

"ငါ့ဟာ••• ငါ့ဥစ္စာ ••• ငါ့ပစ္စည်း
ငါ့မြေး ••• ငါ့သား ••• ငါ့မယား
ငါ ••• ငါ •••• ငါ  ဆိုတဲ့ 
အတ္တစိတ်ဟာ"

သံသရာတစ်လျှောက်လုံး
ဒုက္ခပေးနေတာ။ 

ပူလောင်မှုတွေ ပေးနေတာကို အတိုင်းသား မြင်လိုက်ရပါတော့တယ်။

"အတ္တ" ဆိုတဲ့ "အကောင် " 
ဥခွံထဲက ပေါက်ထွက်လာတာကို
သတိနဲ့ ဉာဏ်နဲ့  
မြင်အောင် ကြည့်ကြရအောင်နော်။

Credit - ဗဟုသုတရွာ
ပြန်လည်မျှဝေပါသည်😊

Monday, December 15, 2025

လားရာဇာတိကောင်းချင်လျှင်

 လားရာ ဇာတိ ကောင်းချင်လျှင်
🌺🌺🌿🌺🌺🌿🌺🌺🌿

ဒို့ အမေအရင်း အဖေအရင်းတို့ကို
ပြောချင်တာက
သိ-ပယ်-ဆိုက်-ပွါး သစ္စာလေးပါးကို
အခါခါ ပွါးရတော့မှာ။
.
အချိန်တိုင်း အချိန်တိုင်းမှာ 
ပွါးရတော့မှာ။
.
နေစဉ်တိုင်း နေစဉ်တိုင်းမှာ
စိတ်ပါ လက်ပါ နဲ့ကို ပွါးရတော့မှာ။
.
မြင် - ကြား - နံ - စား - ထိ - သိ
တိုက်လာတဲ့ အာရုံတိုင်း အာရုံတိုင်းကို
ငါ မရှိဘူး ငါ မပိုင်ဘူး။
.
ဖြစ်လာတဲ့ စိတ်တိုင်း စိတ်တိုင်းကို
ငါနဲ့ ဘာမှ မပတ်သက်ဘူး
ငါ့ပစ္စည်း မဟုတ်ဘူး 
ငါနဲ့ ဘာမှ မဆိုင်ဘူး 
.
အဲဒီလို စိတ် ပြောင်းထားရင်
တကယ့်ကို လွတ်မြောက်သွားမှာ။
.
စိတ်ကို ပြောင်းတတ်ရတော့မှာ။
.
ဒီ အနိစ္စ ဒုက္ခ အနတ္တ တရားကို
ဒုက္ခသစ္စာကို
ထိုးထွင်းပြီးတော့သိအောင်
.
ဒီ တဈစက်ကနျုရဲ့ ကုဋေတစ်သိန်းပုံ ပုံ
တစ်ပုံလေးအတွင်းမှာ
ကုဋေပေါင်း မြောက်မြားစွာ 
ပျက်စီးနေတဲ့ တရားကို
ထိုးထွင်းပြီးတော့ သိအောင်
အချိန်တိုင်း မပြတ် ကြိုးစားရတော့မှာ။
.
ဒီစိတ်တွေဟာ ဒီစိတ်တွေဟာ
အချိန်တိုင်း အဆုံးမရှိအောင်
ပျက်စီးနေတဲ့ သေကြေနေတဲ့
ပျောက်ကွယ်နေတဲ့ အမှုန်အမွှားတွေ။
.
ငါပိုင်တဲ့တရား 
စိုးစဉ်းမျှ မရှိတဲ့ အတွက်ကြောင့်
လွတ်မြောက်ပြီ လွတ်မြောက်ပြီ။
ငြိမ်သက်လိုက်တာ။
.
ပြောင်းပါ။
.
ဒီစိတ်တွေဟာ ဒီစိတ်တွေဟာ
ငါ မပိုင်တဲ့ အတွက်ကြောင့်
ငါ မရှိတဲ့ အတွက်ကြောင့်
အခါခါ ပျက်စီးနေတဲ့ အတွက်ကြောင့်
ချမ်းသာလိုက်တာ ချမ်းသာလိုက်တာ။
.
ပြောင်းပါ ပြောင်းပါ။
.
ဒီစိတ်တွေဟာ ဒီစိတ်တွေဟာ
အတိတ်ဆိုတဲ့တရား 
အနာဂတ်ဆိုတဲ့တရား
စိုးစဉ်းမျှ မရှိတဲ့ အတွက်ကြောင်
ချမ်းသာလိုက်တာ ငြိမ်းအေးလိုက်တာ
ငြိမ်သက်လိုက်တာ။
.
စိတ်ကို ရအောင် ပြောင်းပါ။
.
ဒီစိတ်တွေဟာ ဒီစိတ်တွေဟာ
အချိန်တိုင်း ကုဋေပေါင်းများစွာ
အမှုန်အမွှား သဏ္ဍာန်
တဝေါဝေါပျက်စီးနေတဲ့ 
သူ့သဘောတွေ။
.
ငါပိုင်တဲ့တရား 
စိုးစဉ်းမျှ မရှိတဲ့ အတွက်ကြောင့်
လွတ်မြောက်ပြီ လွတ်မြောက်ပြီ။
.
ငါ ပါရင် ... ငါဘဲခံရမှာ နော်။
ဘယ်သူမှ လာမခံဘူး။
.
ဒီစိတ်တွေကြောင့် 
စွဲလမ်းတတ်တဲ့ ဒီစိတ်တွေကြောင့် 
ဆုတ်ကိုင်တတ်တဲ့ ဒီစိတ်တွေကြောင့် 
တွယ်တာတတ်တဲ့ ဒီစိတ်တွေကြောင့် 
.
လားရာ ဇာတိ မကောင်း ဖြစ်ကြရတာ။
.
အနန္တကျေးဇူးတော်ရှင်
ဆရာတော်ဘုရားကြီး အရှင်ပုညသေဋ္ဌ
သဲအင်းဂူ
.
ဓမ္မဒါန မေတ္တာဖြင့်
ဦးဝင်းမောင်မောင် နှင့်
မဂ်လေးပါး သာသနာပြုအဖွဲ့စင်္ကာပူ
.

Sunday, December 14, 2025

သီလရှိမှတောင်းတဲ့ဆု ပြည့်နိုင်

 သီလ-ရှိမှသာ တောင်းတဲ့ဆု ပြည့်နိုင်တယ်

သတ္တဝါတစ်ဦးက အင်မတန် ချမ်းသာကြွယ်၀နေတဲ့ မင်းသူဌေး သူကြွယ်တွေ ပုဏ္ဏား သူဌေး သူကြွယ်တွေ ဂဟပတိ သူဌေး သူကြွယ်တွေကို မြင်တွေ့ ရတဲ့အခါ ငါလည်း ဒီလိုဖြစ်ရရင် ကောင်းမှာပဲဆိုတဲ့ စိတ်ထားကလေးပေါ်လာတယ်၊ 
ဖြစ်စေရမယ် ဆိုတဲ့ စိတ်ဓာတ်ကို ဆောက်တည်တယ်၊ ကောင်းမှု၊ ကုသိုလ်ကိုပြုတယ်၊ အဲဒီလို ပြုလိုက်တဲ့ အချိန်မှာ ဒီဆောက်တည် ထားတဲ့ စိတ်ထား၊ ဖြစ်ချင်တဲ့ စိတ်ထား၊

ဖြစ်လိုတဲ့ ဆုတောင်း တောင့်တချက်ကြောင့်
ဒီပုဂ္ဂိုလ်သည် သူမျှော်လင့်တောင့်တ နေတဲ့
မင်းသူဌေး သူကြွယ် ပုဏ္ဏားသူဌေး သူကြွယ်
ဂဟပတိ သူဌေး သူကြွယ် အပေါင်းအဖော် အဖြစ်သို့ တစ်နေ့တော့ ရောက်သွားတယ်။ 

ဒါပေမဲ့ ဘယ်လိုပုဂ္ဂိုလ်သာ ရောက်နိုင်သလဲ။

တဉ္စ ခေါ သီလဝတော ၀ဒါမိ၊ 
နော ဒုဿီလဿ။ ဣဇ္ဈတိ ဘိက္ခဝေ
သီလဝတော စေတောပဏိဓိ 
၀ိသုဒျဓတျတာ။ (အံ-၃-၇၁။)

တဉ္စ ခေါ = ထိုကဲ့သို့ ရောက်ရခြင်းသည်လည်းပဲ။ 
သီလဝတော = သီလရှိတဲ့ပုဂ္ဂိုလ်အား။ 
အဟံ = ငါဘုရားသည်။ 
၀ဒါမိ = ဟောတော်မူ၏။
ဒုဿီလဿ = သီလမရှိတဲ့ ပုဂ္ဂိုလ်အား။ 
အဟံ = ငါဘုရားသည်။ 
နော၀ဒါမိ = ဟောတော်မမူ။

ဒီလို ကပ်ရောက်ရတဲ့ ချမ်းသာကြွယ်၀ရတဲ့ ဒီလို ဘ၀တစ်ခုကို ကပ်ရောက်ခဲ့ရတယ်ဆိုတာ သီလရှိတဲ့ ပုဂ္ဂိုလ် ကိုသာလျှင် ငါဘုရား ဟောပါတယ်၊ သီလမရှိတဲ့ ပုဂ္ဂိုလ်ကို ငါဘုရား မဟောဘူး၊ ဘာဖြစ်လို့လဲ။

ဘိက္ခဝေ = ချစ်သား ရဟန်းတို့ ...။ 

၀ိသုဒျဓတျတာ = သီလစင်ကြယ်နေသည့် အတွက်ကြောင့်။ 
သီလဝတော = သီလရှိတဲ့ပုဂ္ဂိုလ်၏။ 
စေတောပဏိဓ = စိတ်၏တောင့်တချက်ဟူသမျှသည်။ 
ဣဇ္ဈတိ = မချွတ်ဧကန် ပြီးစီး ပြည့်စုံ တတ်ပေ၏။

သီလတွေ စင်ကြယ်နေတဲ့အတွက်ကြောင့် သီလရှိတဲ့ ပုဂ္ဂိုလ်ရဲ့ စိတ်ရဲ့ တောင့်တချက် မှန်သမျှသည် မချွတ်ဧကန် ပြီးစီး ပြည့်စုံတတ်တယ်။

အလားတူပဲ - 
စတုမဟာရာဇ် တာ၀တိံသာ ယာမာ တုသိတာ နိမ္မာနရတိ ပရနိမ္မိတ ၀သ၀တျတီ ခေါ်တဲ့ နတ်ပြည် ခြောက်ထပ် ရောက်လို ခဲ့တယ် ဆိုရင်၊ ဗြဟ္မာ့ပြည် ရောက်လို ခဲ့တယ် ဆိုရင်လည်း 

သီလရှိတဲ့ ပုဂ္ဂိုလ်ရဲ့ သီလတည်း ဟူသော
မြေပေါ်မှာ ရပ်တည်ပြီး ပြုစုပျိုးထောင် လိုက်တဲ့ ကံတွေ ကသာလျှင် ရောက်စေနိုင်တဲ့ စွမ်းအား ရှိတဲ့အကြောင်း ဆက်လက်ဟောကြားထားတော်မူတယ်။ 

ဒီတော့ သီလရှိတဲ့ ပုဂ္ဂိုလ်ရဲ့ ကုသိုလ်ကံနှင့် သီလမရှိတဲ့ ပုဂ္ဂိုလ်ရဲ့ ကုသိုလ်ကံသည် တူညီတဲ့ အကျိုး ရှိမလား? မရှိဘူး၊ ဒါကြောင့် !

ပါဏာတိပိပါတိနိနာ = သူ့အသက်ကို သက်လေ့ ရှိသော ပုဂ္ဂိုလ်သည်။
ကတံ = တည်ထောင် ဖန်ဆင်း အပ်တဲ့။ 
ကုသလကမ္မံ = ကုသိုလ်သည်။ 
ဥဠာရံ = ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့ အကျိုးရှိသည်။ 
န ဟောတိ = မဖြစ်နိုင်။

ကျေးဇူးတော်ရှင် ဖားအောက်ဆရာတော် ဘဒ္ဒန္တအာစိဏ္ဏမဟာထေရ်   
🙏🙏🙏
မူရင်းရေးသားပူဇော်သူအား ဂါရဝပြုလျက်.. !
 

Saturday, December 13, 2025

လောကုတ္တရာရေ

ယောဂီတွေကို ဘုန်းဘုန်းနောက်ဆုံးအနေနဲ့မှာချင်တာက

ငါကောင်းတာတွေလုပ်ရဲ့သားနဲ့
ကောင်းတာတွေမဖြစ်ပါလားလို့ အပြစ်မမြင်ပါနဲ့။ 

ကောင်းတဲ့ကံတွေ
အကျိုးမပေးနိုင်အောင်လို့ ကိုယ့်ရဲ့အကုသိုလ်ကံတွေက ပိတ်ထားတာပါ။

အဲဒီအကုသိုလ်ကံတွေကုန်သွားရင် ကောင်းတဲ့ကုသိုလ်ကံတွေလာပါလိမ့်မယ်။

အတိတ်ကလည်းမကောင်းတာတွေ
လုပ်တယ်။အခုပစ္စုပ္ပန်မှာလည်း
မကောင်းတာတွေလုပ်နေမယ်ဆိုရင်
အဲဒီကံတွေကရှည်ပြီးမဆုံးနိုင်တော့ဘူး။
ဒုက္ခတွေနဲ့ဆင်းဆင်းရဲရဲနေရမယ်။

ဘယ်သူကောင်းကောင်း၊
မကောင်းကောင်း ကိုယ့်တရားသာကိုယ်လုပ်။
အကုသိုလ်ကံတွေကပါးပါးလာလိမ့်မယ်။
ကုသိုလ်ကံတွေကရောက်လာလိမ့်မယ်။
နောက်ကကျွဲကူးရေပါ ပါသလိုမျိုးဖြစ်ဖြစ်လာလိမ့်မယ်။

အခုနေ ဘုန်းဘုန်းက ရေပေးပါလို့
တောင်းရင် ရေချည်းပဲယူခဲ့လို့ရသလား။ 
ခွက်ပါ ပါရသလား။

ဘုန်းဘုန်းတောင်းတာကတော့ ရေပါ။ဒါပေမဲ့
ခွက်ကလိုအပ်လို့ကိုပါလာတာမဟုတ်လား။

အဲဒီလိုပါပဲ။
ဒီတရားသာကြိုးကြိုးစားစားအားထုတ်ကြပါ။လောကုတ္တရာရအောင်အားထုတ်ရင်းနဲ့
လောကီတွေအကုန်ကပ်ပါလာပါလိမ့်မယ်။

လောကုတ္တရာရေကိုသာရအောင်ယူပါ။
လောကုတ္တရာရေနဲ့ထိုက်တန်တဲ့
လောကီရေခွက်ကတော့ သူ့အလိုလို
ပါလာပါလိမ့်မယ်။

ကြိုးစားပမ်းစားနဲ့ ကျင့်ကြံအားထုတ်ကြပါယောဂီတို့။

ဆရာတော်ဦးသီရိဓမ္မ၏တရားတော်များ

Crd

မြနန်းခေမာ🙏🙏🙏

အပ္ပမာဒတရားလက်ကိုင်ထား

ဘုန်းဘုန်းက အမြဲတန်း သွားသတိ၊ လာသတိနဲ့ နေခဲ့တယ်။ ဘုန်းဘုန်း အသက် နှစ်ဆယ်ကျော်အရွယ် ဒီဝိပဿနာတရားကို ကျင့်နေတဲ့အချိန်တုန်းက ဘုန်းဘုန်း လူ့ဘဝကနေခဲ့တဲ့ သာကေတ (၆) ရပ်ကွက်က ဘုန်းဘုန်းနဲ့အတူ တရားကျင့်ဖက် ကုလားကြီးရဲ့အိမ်ကနေ စကားပြောပြောပြီးတော့ တရားဆွေးနွေးပြီးတော့ ဘုန်းဘုန်းရဲ့အိမ်ကို လမ်းလျှောက်ပြီး ပြန်လာတယ်၊ အဲဒီတုန်းက ဘုန်းဘုန်းက ဆေးလိပ်သောက်တော့ ဆေးလိပ်ကလေးကို လမ်းလျှောက်ရင်း သောက်ပြီး အိမ်ကို ပြန်လာခဲ့တယ်။ ဘုန်းဘုန်းက သတိအမြဲရှိခဲ့တယ်။ ခြေထောက်နဲ့ မြေကြီးနဲ့ ထိလိုက်ရင်လဲ သတိရှိတယ်။ မျက်လုံးကလေး စွေကြည့်တာကိုတောင် ဘုန်းဘုန်းက သတိထားတယ်။ ဒါကိုယ့်ဟာကိုယ် သွားရင်းလာရင်း လုပ်ရင်းကိုင်ရင်းနဲ့ အမြဲသတိမြဲနေအောင် ကျင့်ထားတာနော်။ သတိလက်လွတ် မောဟနဲ့နေတဲ့ အချိန်ဆိုတာ ဘုန်းဘုန်းအတွက် လုံးဝမရှိသလောက် ရှားခဲ့တယ်။

ဆေးလိပ်သောက်ရင်းနဲ့ ဘုန်းဘုန်းက အိမ်ကို လမ်းလျှောက်ပြန်လာခဲ့တယ်။ ဆေးလိပ်ကလေးက တိုသွားတော့ ဘုန်းဘုန်းက ဆေးလိပ်တိုကလေးကို အမှတ်တမဲ့ လွှင့်ပစ်လိုက်တယ်။ ဆေးလိပ်တိုကလေးကို လွှင့်ပစ်လိုက်တာ အမှတ်တမဲ့ ဖြစ်သော်ငြားလဲလည်း လမ်းသွားတာကတော့ သတိနဲ့သွားနေတာ။ သတိကကောင်းနေတော့ ဆေးလိပ်တိုကလေးနဲ့ အောက်က ရေအိုင်ကလေး ထိလိုက်လို့ဖြစ်လာတဲ့ ရှဲ ဆိုတဲ့အသံကလေးကို ဘုန်းဘုန်းကြားလိုက်တယ်။ အဲဒီအချိန်မှာ ဝေဒနာချုပ်သွားတယ်။ ကြည့်စမ်း ဘုန်းဘုန်းတို့ ဉာဏ်တွေ ဘယ်လောက်ကောင်းလိုက်သလဲ။ ဉာဏ်က အရင်ဦးစီးပစ်လိုက်တာ။ ကိုယ် မဟုတ်ဘူးနော်၊ ငါ မဟုတ်ဘူးနော်။

ဒီသတိနဲ့ သွားနေရင်းနဲ့ ဉာဏ်က သူ့ဟာနဲ့သူ ဝင်ဦးပစ်လိုက်တာ။ ဒါကြောင့်မို့လို့ ဘုန်းဘုန်းက သတိနဲ့စား၊ သတိနဲ့သွား၊ သတိနဲ့ကြည့်၊ သတိနဲ့နေ၊ သတိနဲ့လုပ် မြင်၊ ကြား၊ နံ၊ စား၊ ထိ၊ သိ အပေါ်မှာ သတိကလေး မြဲအောင်နေပါလို့ ယောဂီတို့ကို အမြဲသတိပေးနေရတာ။ နေ့စဉ်မှာ ယောဂီတို့ ဘာဘဲလုပ်နေလုပ်နေ လုပ်သမျှတိုင်းမှာ၊ အချိန်တိုင်းမှာ အဲဒီ သတိကလေး မြဲနေပြီဆိုရင် ဒီတရားက တွေ့ကိုတွေ့တယ်၊ ရကိုရပါတယ်။

ဆေးလိပ်တိုကလေးနဲ့ အောက်က ရေအိုင်ကရေလေးနဲ့ ထိလိုက်လို့ ဖြစ်လာတဲ့ ရှဲ ဆိုတဲ့ အသံကလေးကို ကြားလိုက်တာနဲ့ ဘုန်းဘုန်း သဘာဝတရားကြီးကို သိသွားတယ်၊ နားလည်သွားတယ်၊ လွတ်မြောက်သွားတယ်။ လွတ်လဲလွတ်သွားရော ဘုန်းဘုန်း လမ်းလျောက်နေရာ ကနေ အဲဒီမှာ မတ်တပ်ရပ်လိုက်ပြီး ပြန်ဆင်ခြင်တယ်။ လွတ်ပြီးတာကို လွတ်ပြီးသလို မထားခဲ့ဘူး။ ရှဲ ဆိုတဲ့ အသံဓာတ်ကို ပြန်ဆင်ခြင်တယ်။ ဒီဆေးလိပ်တိုကလေး၊ ရုပ်ကလေးကလဲ သူ့ကိုသူ မီးလောင်နေတယ်ဆိုတာကို သိပါ့မလား .. မသိဘူး။ မီးကလဲ ငါဆေးလိပ်တိုကလေးကို လောင်နေရတယ်ဆိုတာကို သိပါ့မလား မသိဘူး။ ဘာဖြစ်လို့ မသိတာလဲ ဆေးလိပ်တိုကလေးရော၊ မီးရောက ရုပ် - ရုပ် ချင်းတွေမို့လို့။ သိတတ်တဲ့ နာမ်တရားလေး မရှိလို့။ ရုပ်ရဲ့သဘာဝက မသိတတ်ဘူး။

တခါ ဟိုးအောက်က ရေကလဲ ငါ မြေကြီးပေါ်မှာ ရှိနေရတယ်ဆိုတာကို မသိဘူး။ မြေကြီးကလဲ ငါ့အပေါ်မှာ ရေတွေရှိနေတယ်ဆိုတာကို မသိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရေရော၊ မြေကြီးရောက ရုပ် - ရုပ် ချင်းတွေမို့လို့။ သိတတ်တဲ့ နာမ်တရားလေး မရှိလို့။ ရုပ်ရဲ့သဘာဝက မသိတတ်ဘူး။ အဲဒီ ရုပ်နှစ်ခု အကြောင်းဆိုင်ပြီးတော့ တိုက်လိုက်တဲ့အခါ ကျတော့မှ၊ အပူဓာတ်နဲ့ အအေး ရှဲ ဆိုတဲ့ အကျိုးတရား အသံဓာတ်တစ်ခုဆိုတာ ဖြစ်ပေါ်လာ ခဲ့တယ်။ ဒါဟာ သဘာဝတရားပဲဆိုတာကို ဘုန်းဘုန်းသိတယ်။ အဲဒီအကျိုးတရား သဘာဝတရားကလည်း ဖြစ်ပြီးတော့ ပျက်နေတယ်။

ဒါဖြင့် ခြေထောက်နဲ့ မြေကြီးနဲ့ ထိပြီးတော့ သွားနေတဲ့အခါမှာ မာတယ်၊ ပျော့တယ် ဆိုတာကို သိတာလဲ သဘာဝဘဲ။ သဘာဝတရားတွေကို မြင်လာတယ်။ ဒါကို ယထာဘူတဉာဏ်လို့ ခေါ်တယ်။ ဒါဖြင့် ထီး၊ ဦးထုပ်မဆောင်းလို့ ခေါင်းကို နေပူသွားတယ်။ အဲဒီ ခေါင်းကို နေပူတာကို ပြန်ဆင်ခြင်ကြည့်လိုက်တယ်။

ဪ ဟိုးက နေကလဲ ရုပ်တရား၊ ဒီခန္ဓာကလဲ ရုပ်တရား၊ ရုပ်နှစ်ခု တိုက်လိုက်တော့ ပူတယ်ဆိုတဲ့ သီးခြားဓာတ်တစ်ဓာတ် ဖြစ်ပေါ်လာပါလားဆိုတာကို ဘုန်းဘုန်းနားလည်သွားခဲ့တယ်။ အကြောင်းတရားနှစ်ခုတိုက်ရင် အကျိုးတရား တစ်ခုဆိုတာ ပေါ်ကိုပေါ်တယ်။ အဲဒီ သဘာဝတရားသဘောကို နားလည်သွား၊ သိသွားတော့ အိမ်ပြန်ရောက်တာနဲ့ တရားကို ထိုင်တော့တာပဲ။ ဘုန်းဘုန်းရဲ့အိမ်က သစ်သားကြမ်းခင်းဆိုတော့ ကြမ်းခင်းပေါ်မှာ ဖျာကလေး တင်ထားတယ်။ ဖျာကလဲ ငါ့အောက်မှာ သစ်သားကြမ်းခင်း ရှိတယ်လို့ မသိဘူး၊ သစ်သားကြမ်းခင်းကလဲ ငါ့အပေါ်မှာ ဖျာရှိတယ်လို့ မသိဘူး။ တခါ ဖျာကလဲ ငါ့အပေါ်မှာ ဒီရုပ်ကြီးထိုင်နေတယ်ဆိုတာကို မသိဘူး၊ ဒီရုပ်ကြီးကလဲ ငါ ဖျာပေါ်မှာထိုင်နေတယ် ဆိုတာကို မသိဘူး။ ဒါပေမယ့် ကြာကြာထိုင်လိုက်တော့၊ အကြောင်းနှစ်ခုတိုက်လိုက်တော့ တင်းတယ်၊ တောင့်တယ်၊ ထုံတယ်၊ ကျင်တယ်၊ နာတယ်၊ ကိုက်တယ် ဆိုတာတွေ ပေါ်လာတယ်။ ဒါဟာ သဘာဝတရားပဲ။ အကြောင်းတရားနှစ်ခုတိုက်လို့ အကျိုးတရား တစ်ခုပေါ်လာတာ။ ဒီအကျိုးတရားကလည်း ဖြစ်ပြီးတော့ ပျက်နေတဲ့ သဘာဝတရားဆိုတာကို ဘုန်းဘုန်း နားလည်သွားခဲ့တယ်။ အဲဒီအခါမှာ တင်းတယ်၊ တောင့်တယ်၊ ထုံတယ်၊ ကျင်တယ်၊ နာတယ်၊ ကိုက်တယ် ဆိုတာတွေက နေ လွတ်သွားခဲ့တယ်။

 ပြည်မြို့ ဝိဇ္ဇောဒယသဲအင်းဓမ္မရိပ်သာ ဆရာတော်ဘုရားကြီး ဦးသီရိဓမ္မ
 ထိုမှာဘက်ကမ်းနိဗ္ဗာန်စခန်း

#မြတ်ဗုဒ္ဓတရားများ 
#ဓမ္မအသိဖြင့်အကျိုးရှိရှိနေမည် 
#သဲအင်းဂူ

Tuesday, December 9, 2025

သတိနဲ့ပြောပါ

သတိနဲ့ ပြောပါ

 လူတွေမှာ စားဝတ်နေရေးအတွက်
 ရုန်းကန်ရတဲ့ ဒုက္ခက တစ်မျိုး၊ 
 တစ်ယောက်နဲ့ တစ်ယောက်
 ပြောရဆိုရတာ အဆင်မပြေလို့၊ 
 ဆက်ဆံရေး အဆင်မပြေလို့ 
 စိတ်ဆင်းရဲရတဲ့ ဒုက္ခကတစ်မျိုး။ 

 အဲဒီဒုက္ခနှစ်မျိုးမှာ ဘယ်ဒုက္ခက 
 ပိုကြီးသလဲ?

 စားဝတ်နေရေးကတော့
 ကြိုးစားပြီးတော့ ရုန်းကန်ရင်း 
 အထိုက်အလျောက်တော့ 
 ဖြစ်သွားတာပါပဲ။ 
 ပင်တော့ပင်ပန်းကြပါတယ်။ 
 တစ်ချို့ စားဝတ်နေရေး 
 တော်တော် ခက်ပါတယ်။

 ဒါပေမဲ့
 သေချင်လောက်အောင် 
 စိတ်ညစ်ရတယ်၊ 
 စိတ်ဆင်းရဲရတယ်ဆိုတာမျိုးဟာ
 စားဝတ်နေရေးကြောင့်ဖြစ်တာ 
 နည်းပါတယ်။ 

 သေချင်လောက်အောင် 
 စိတ်ဆင်းရဲရတာမျိုး 
 အများဆုံးဖြစ်ရတာဟာ 
 ဆက်ဆံရေး ပြောရေးဆိုရေး 
 အဆင်မပြေလို့ပဲ။

 ဒါကြောင့် 
 လူလူချင်း ဆက်ဆံရေးကို 
 တော်တော်လေး သတိထားဖို့ 
 လိုတယ်။ အလေးထားဖို့ လိုတယ်။ 
 တန်ဖိုးထားဖို့ လိုတယ်။ 
 ဒါကို နားလည်ဖို့လည်း လိုတယ်။ 
 ပညာရပ်တစ်ခုအနေနဲ့ လေ့လာဖို့ 
 အင်မတန် သင့်တဲ့ကိစ္စ တစ်ခုပါ။ 
 ဒါကို ဘယ်ကျောင်းမှာမှ 
 သင်မပေးဘူး။

 ကိုယ့်ဘဝမှာ အစစအရာရာ 
 အဆင်ပြေဖို့ 
 အရေးအကြီးဆုံးအချက်ဟာ 
 ဆက်ဆံရေး ကောင်းဖို့ပဲ။ 
 ဆက်ဆံရေးမကောင်းရင်
 ကြီးပွားရေးတိုးတက်ရေးမှာ 
 အခက်အခဲများမယ်။ 
 တစ်ခြားအရည်အချင်းတွေ 
 ဘယ်လောက်ရှိရှိ 
 ဆက်ဆံရေးမကောင်းရင်
 မကြီးပွားနိုင်ဘူး။

 ဆက်ဆံရေးကောင်းဖို့ဆိုတာ 
 စိတ်နေသဘောထားမျှတမှု၊ 
 ကိုယ်ချင်းစာနာမှု ရှိရုံလောက်နဲ့ 
 မရသေးဘူး။ 
 အပြောအဆို ပြေပြစ်ဖို့၊ 
 ပြတ်သားဖို့ လိုတယ်။ 

 ဒါကြောင့် ပြောပုံဆိုပုံကို
 သေသေချာချာ လေ့လာရမယ်၊ 
 လေ့ကျင့်ရမယ်။ 

 လူဖြစ်လာပြီဆိုတာနဲ့ 
 လူလူချင်းဆက်ဆံရေးဟာ 
 ရှိလာပြီ။ 

 ကျောင်းမနေသေးခင်ကတည်းက၊ 
 ကလေးဘဝကတည်းက 
 လူလူချင်းဆက်ဆံရေးဟာ
 ရှိလာပြီ။ အိမ်မှာဆို မိဘတွေ 
 ရှိတယ်၊ ညီအစ်ကို မောင်နှမတွေ 
 ရှိတယ်၊ ပတ်ဝန်းကျင်မှာကျ 
 ကစားဖော် ကစားဖက်တွေ ရှိမယ်။

 ဘယ်လိုသဘောထားပြီး 
 ဘယ်လိုဆက်ဆံရမယ်ဆိုတာ 
 အဲဒီကတည်းက စတာပဲ။ 
 အထူးသဖြင့် မိဘနဲ့ သားသမီးဟာ 
 ပထမဦးဆုံး ဆက်ဆံရေး
 first relationship ဖြစ်တယ်။
 အဲဒီ ဆက်ဆံရေး အဆင်ပြေဖို့ 
 သိပ်အရေးကြီးတယ်။ 

 အားလုံးပဲ ကိုယ့်အလုပ်မှာ 
 ကိုယ့်အိမ်မှာ ကိုယ့်ပတ်ဝန်းကျင်မှာ 
 ကိုယ့်ကို စိတ်ပင်ပန်းစေတဲ့သူ 
 ဘယ်သူ ဘယ်ဝါ ရှိတယ်ဆိုတာ
 ပြန်စဉ်းစားကြည့်မယ်ဆိုရင် 
 သိနိုင်တယ်။ ရှိတယ်။ ဖြစ်နိုင်ရင် 
 အဲဒီလူတွေကို ရှောင်ချင်တယ်။

 ဒါပေမဲ့ 
 အခြေအနေ တော်တော်များများမှာ 
 မရှောင်သာဘူး၊ မရှောင်နိုင်ဘူး၊ 
 ရှောင်လို့မရဘူး။ 

 ဘာဖြစ်လို့လည်းဆိုတော့ ကိုယ်က 
 သူတို့နဲ့ အတူတူနေနေရတယ်။ 
 ခွဲသွားလို့ မရဘူး။ သို့မဟုတ်ရင် 
 အတူတူ အလုပ်လုပ်နေရတယ်။ 
 ရှောင်လို့ မရဘူး။

 ကိုယ့်အထက်လူကြီး
 ဖြစ်ချင်ဖြစ်မယ်၊ တန်းတူရည်တူ 
 လုပ်ဖော်ကိုင်ဖက် ဖြစ်ချင်ဖြစ်မယ်။ 
 ကိုယ့်အောက်ကလူ ဖြစ်ချင်ဖြစ်မယ်။ 

 သို့မဟုတ်ရင်လည်း မိသားစု 
 ဖြစ်နေရင် သူနဲ့ပက်သက်ပြီး 
 ကိုယ့်မှာ တာဝန်ရှိနေတယ်။ 
 ဘယ်လိုမှ ထားခဲ့လို့ မရဘူး။ 
 တကယ်တော့ ကိုယ့်ကို အများဆုံး 
 စိတ်ပင်ပန်းစေတဲ့ သူတွေဟာ 
 ကိုယ်အင်မတန် နှစ်နှစ်ကာကာ 
 ချစ်တဲ့သူတွေ ဖြစ်နေနိုင်တယ်။

 တစ်ယောက်နဲ့တစ်ယောက် 
 ချစ်ချစ်ခင်ခင် ဆက်ဆံနေတဲ့ 
 ဆက်ဆံရေးတွေမှာ 
 တစ်ယောက်ကိုတစ်ယောက် 
 စိတ်ချမ်းသာမှု ပျော်ရွှင်မှု 
 ပေးနိုင်သလို အင်မတန် 
 နက်ရှိုင်း ပြင်းထန်တဲ့ 
 စိတ်ဆင်းရဲမှုကိုလည်း
 ဖြစ်စေနိုင်တယ်ဆိုတာ 
 အားလုံးသိကြဖို့လိုပြီး သတိရှိနေ
 ရမယ်။ 

 အဲဒီလို သတိနဲ့နေတဲ့ 
 အလေ့အကျင့်ကို လုပ်ခြင်းအားဖြင့် 
 ဆက်ဆံရေးကြောင့်ဖြစ်တဲ့ 
 စိတ်ပင်ပန်းမှုကိုလည်း 
 လျော့နည်းသွားစေနိုင်တယ်။ 

 ပြောတဲ့အခါမှာ 
 သတိရှိနေဖို့ လိုတယ်။
 ပြောချင်နေတဲ့ စိတ်ကို သိနေရင် 
 စကားမှားတာ နည်းမယ်။ 
 ကိုယ့်ကြောင့် ဆက်ဆံရေးပိုပြီး 
 တင်းမာသွားတာမျိုး မဖြစ်ဘူး။

 အကယ်၍ သူ့ဘက်က
 ပြောတာဆိုတာ မပြောတတ်လို့
 ဖြစ်စေ၊ သဘောထား မမှန်လို့
 ဖြစ်စေ ပြဿနာဖြစ်စရာ 
 ပေါ်လာရင်တောင်မှ 
 ကိုယ်က သတိရှိနေရင် 
 ဒီပြဿနာတွေ ကြီးမလာဘူး။
 ဖြစ်သင့်တာ ဖြစ်လာအောင် 
 ပြေလည်လာအောင်လည်း 
 သတိနဲ့ပြောပြီး ဖြေရှင်းလို့ရတယ်။

 ဒါကြောင့် လူလူချင်း 
 ဆက်ဆံရေးသည်ပင်လျှင် 
 တရားအားထုတ်ဖို့ရာ 
 အခွင့်အရေးတစ်ခု၊ 
 အခြေအနေတစ်ခုဆိုတာ 
 သဘောပေါက်ဖို့ လိုတယ်။ 
 လူလူချင်း ဆက်ဆံရေးသည်ပင်လျှင် 
 ကိုယ့်ကိုယ်ကိုယ် ပိုပြီး
 ရင့်ကျက်တဲ့သူ ပြည့်ဝတဲ့သူ 
 ဖြစ်လာအောင် အထောက်အကူ
 ပေးနိုင်တယ်။

 လူဟာ အခုလောက် 
 အဆင့်အတန်းမြင့်တဲ့ 
 သတ္တဝါဖြစ်လာတာဟာ 
 စကားပြောတတ်လို့ပဲ။ 
 လူတစ်ယောက်ရဲ့အဆင့်အတန်း
 မြင့်သွားလေလေ 
 သူ့ရဲ့ ပြောပုံဆိုပုံဟာလည်း 
 အဆင့်အတန်းမြင့်သွားလေလေ
 ဖြစ်ရမယ်။ လူတစ်ယောက်ရဲ့ 
 စိတ်နေသဘောထားနဲ့ ဉာဏ်ပညာကို
 သူ့စကားပြောပုံကို ကြည့်ပြီး 
 အကဲခတ်လို့ရတယ်။

 စိတ်နေသဘောထား 
 အဆင့်မြင့်တဲ့သူ၊ 
 ဉာဏ်ပညာ အဆင့်မြင့်တဲ့သူဟာ 
 စကားကို သတိနဲ့ပြောတယ်။ 
 စဉ်းစဉ်းစားစားပြောတယ်။

 ကိုယ့်ဂုဏ်သိက္ခာကို 
 ကိုယ်တန်ဖိုးထားတဲ့သူဟာ 
 ကိုယ်ပြောတဲ့စကားကို 
 တန်ဖိုးထားတယ်။ စကားကို 
 ပေါ့ပေါ့တန်တန် မပြောဘူး။ 
 ကိုယ့်စကားကိုယ် တန်ဖိုးမထားရင် 
 ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမထားရာ
 ရောက်တယ်။ ကိုယ့်စကားကို 
 သူတစ်ပါးက တန်ဖိုးမထားရင် 
 မကြိုက်ဘူးနော်၊ ကိုယ့်စကားကို 
 သူတစ်ပါးက တန်ဖိုးထားစေချင်ရင်
 ပထမ ကိုယ့်စကားကိုယ် 
 တန်ဖိုး ထားရမယ်။

 ဒါကြောင့် သတိနဲ့ ပြောရမယ်။ 
 စဉ်းစဉ်းစားစား ပြောရမယ်။ 

 အပြောမတတ်တော့ ဆဲသလို 
 ဆိုတဲ့ ဆိုရိုးစကား ရှိပါတယ်။ 
 တစ်ချို့က ငါက အပြောသာ
 ဆိုးတာပါ၊ သဘောမဆိုးပါဘူးလို့ 
 ပြောတတ်တယ်။ 
 သဘောလည်းကောင်း 
 အပြောလည်းကောင်းဖို့ လိုပါတယ်။
 စကားပြောတယ်ဆိုကတည်းက 
 နောက်တစ်ယောက်နဲ့ ပြောရတာ။

 စကား ပြောတယ်ဆိုတာ 
 communication ရှိတာ။
 communication ရှိရင် 
 relationship ဆက်ဆံရေးရှိတယ်။ 
 communication မရှိတော့ဘူး၊
 စကား မပြောတော့ဘူးဆိုရင်
 relationship ဆက်ဆံရေး
 မရှိတော့ဘူး။ Communication နဲ့ 
 relationship ဟာ တွဲနေတယ်။ 

 The quality of 
 my communication is the 
 quality of my life. 
 ကိုယ့်ရဲ့ ပြောပုံဆိုပုံ ဆက်ဆံပုံ 
 အရည်အသွေးဟာ ကိုယ့်ဘဝရဲ့ 
 အရည်အသွေးပဲလို့တောင် 
 ပြောလို့ရတယ်။

 ဆက်ဆံရေးမှာ အရည်အသွေး
 မြင့်မားရင် ဘဝအရည်အသွေး
 မြင့်မားတယ်လို့ ဆိုနိုင်တယ်။ 
 ဆက်ဆံရေးနဲ့ ပက်သက်ပြီးတော့ 
 ကိုယ့်ဘက်က ယူရမယ့် 
 တာဝန်ရှိတယ် ဆိုတာကို 
 နားလည်ဖို့လိုတယ်။ 

 တာဝန်ယူဖို့ ဆိုတာက 
 ကိုယ့်ကြောင့် ပိုပြီးတော့ 
 ဆိုးမသွားအောင် သတိထားဖို့ 
 လိုတယ်။ ထိန်းသိမ်းဖို့ လိုတယ်။ 

 အကယ်၍ သူက မှားနေတယ် 
 ဆိုဦးတော့...
 ကိုယ်ကပါ မှားသွားလို့ရှိရင် 
 နှစ်ယောက်လုံး အမှား ဖြစ်သွားပြီ။ 
 သူ့အမှားက ကိုယ့်အမှားကို 
 အမှန်ဖြစ်အောင် လုပ်မပေးနိုင်ဘူး။

 တစ်ချို့လူတွေရဲ့ သဘောထားက
 သူကမှ ဒီလို သဘောထားရင်
 ငါကလည်း သူ့လိုပဲ 
 သဘောထားလိုက်မှာပေါ့။ 
 သူကမှ မကောင်းရင် 
 ငါလည်း မကောင်းနိုင်ဘူးပေါ့ 
 ဒီလို သဘောထားမျိုး 
 ရှိတတ်တယ်နော်။ အဲဒီလို 
 သဘောထားမျိုး ထားလိုက်ရင် 
 ကိုယ့်ဘက်က ကိုယ့်တာဝန်ကို 
 ကိုယ်မယူရာ ရောက်သွားပြီ။

 အဲဒီလို သူက သဘောထားဆိုးလို့ 
 ကိုယ်ကလည်း...
 သဘောထားဆိုးဆိုးကို 
 ထားပိုင်ခွင့်ရှိတယ်လို့ 
 ယူဆလိုက်လို့ရှိရင် ဒီဆက်ဆံရေးဟာ
 ကောင်းလာနိုင်မလား?
 ကောင်းလာနိုင်မှာ မဟုတ်တော့ဘူး
 နော်။ ကိုယ့်ဘက်က ကိုယ့်တာဝန်ကို 
 ကိုယ်မယူရာ ရောက်သွားပြီ။

ဆရာတော်ဦးဇောတိက
(မဟာမြိုင်တောရ)