စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Wednesday, December 31, 2025

ဋ္ဌာန်းနှစ်ပင်တပင်စိုက်ပါ

ဋ္ဌာန်းနှစ်ပင် တစ်ပင်စိုက်ပါ 
==================
လူရယ်လို့ဖြစ်လာရင်ဋ္ဌာန်းနှစ်ပင်ထဲကတစ်ပင်တော့ စိုက်ရတယ်
(စစ်ကိုင်း ပဋ္ဌာန်းသိပ္ပံဆရာတော်)
ထန်းပင်လို့ပြောလိုက်ရင် အဇူဇာကျောင်းဝင်ခါနီး
လမ်းတစ်လျှောက်မှာ တန်းစီစိုက်ထားတဲ့ထန်းပင်တွေ
ကို ပထမဆုံး ပြေးမြင်မိပါတယ်။လမ်းထဲ၀င်လိုက်တာနဲ့ မွန်ပြည်နယ်ကျိုက်မရောမြို့လေးကိုရောက်သွား
ရသလိုပါပဲ။တစ်ခါတလေ အဇူဇာကျောင်းလာတဲ့အခါ

လမ်းပျောက်နေရင်ထန်းပင်တွေစိရရီရှိနေတဲ့
လမ်းမြင်လိုက်ရမှပဲစိတ်အေးရတော့တာပါ။
အဇူဇာကျောင်းလာတိုင်းမကြာခဏလမ်းပျောက်
နေတတ်လို့ပါ။ ကိုယ်ကထန်းပင်နဲ့တူလို့ ထန်းပင်လို့
ပြောလိုက်ရပေမယ့် ထန်းပင်တော့ ဟုတ်ဟန်မတူပါဘူး။ သူ့ရဲ့အခေါ်အဝေါ်တစ်ခုတော့ ရှိနေမှာပါ။
ထန်းပင်စိုက်ဖို့ပြောတော့ ကိုယ့်ကျောင်းမှာပဲဖြစ်ဖြစ် ကိုယ့်အိမ်မှာပဲဖြစ်ဖြစ်တစ်ပင်မကပါဘူး။
ကြိုက်သလောက်စိုက်လို့ရပါတယ်။ ပဋ္ဌာန်းသိပ္ပံဆရာတော်
ပြောတဲ့ ဋ္ဌာန်းနှစ်ပင်ဆိုတာက သစ်ပင်မျိုးနွယ် ထန်းပင်ကို ပြောတာမဟုတ်ပါဘူး။
"ကမ္မဋ္ဌာန်းဆိုတဲ့ဋ္ဌာန်းပင်ရယ်၊ ပဋ္ဌာန်း"ဆိုတဲ့ ဋ္ဌာန်းပင်ရယ်ကို
ပြောတာပါ။ လိုရင်းကတော့ ကမ္မဋ္ဌာန်းရယ်၊ ပဋ္ဌာန်းရယ်ပါ။
ဆရာတော်ဘုရားရဲ့ ဋ္ဌာန်းနှစ်ပင် တစ်ပင်စိုက်ပါ ဆိုတဲ့
စကားရဲ့ အတိမ်အနက်ကို နက်နက်ရှိုင်းရှိုင်းအထိ
တော့ မတွေးတတ်ပါဘူး။ လူရယ်လို့ဖြစ်လာရင် ကမ္မဋ္ဌာန်းရယ်၊ပဋ္ဌာန်းရယ်ထဲက တစ်ခုခုကို ပွားများ, ရွတ်
ဖတ်,ကျင့်သုံးရမယ်လို့ပဲ ယေဘုယျနားလည်မိပါတယ်။
စာရေးသူရဲ့ ဆရာသမားတစ်ပါးကတော့ ပဋ္ဌာန်းပဲ စိုက်မယ်
ဆိုပြီး ပဋ္ဌာန်းသိပ္ပံဆရာတော်ဆီကို ပဋ္ဌာန်း
စာဝါ သွားလိုက်ခဲ့ပါတယ်။
ပဋ္ဌာန်းစာဝါလိုက်ပြီး ဒီကနေ့တိုင် ပဋ္ဌာန်းစာဝါကို
ပို့ချပေးနေခဲ့ပါတယ်။
ပဋ္ဌာန်းမစိုက်ဘဲ ကမ္မဋ္ဌာန်းကို စိုက်ခဲ့မယ်ဆိုရင်တော့
ရိပ်သာတစ်ခုခုမှာ ကမ္မဋ္ဌာန်းဘုန်းကြီးတစ်ပါး ဖြစ်နေမှာပါ။
ဒီလိုပါပဲ။လူဆိုတာကတော့ ကိုယ်အားသန်ရာနယ်ပယ်မှာ ကျင်လည်ကျက်စားကြတာပါပဲ။ အားလုံးကို
ကျက်စားပြီး ကျက်စားရာအားလုံးနဲ့ ပြန်ကျေးဇူးပြုဖို့
ဆိုတာကတော့ မလွယ်လှပါဘူး။ ပါရမီရှင်တွေမှပဲ
စွမ်းနိုင်မှာပါ။
ကိုယ်ဝါသနာပါရာလေးတွေနဲ့ပဲ လောကကို
ကျေးဇူးပြုနေရင်ပြီးတာပါပဲ။
အဓိကကတော့ကိုယ့်ကိုယ်ကို ကျေနပ်နေဖို့ပါ။
အဇူဇာ ပဋ္ဌာန်းပွဲကတော့ အမေရိကားမှာ တွေ့ရခဲတဲ့ သံဃာတော်တွေအများကြီး စုပေါင်းပြီး ရွတ်ဖတ်
ပူဇော်ကြတဲ့ တကယ့်ပါရမီကုသိုလ်ပွဲကြီးပါပဲ။
ပဋ္ဌာန်းငါးအုပ်လုံးကို အစအဆုံးကုန်အောင် ရွတ်ဖတ်
ပူဇော်ကြတာပါ။
ဒါနဲ့ စကားစပ်လို့ပြောရရင် ကိုလိုနီခေတ်က
"ရသေ့ကြီး ဦးခန္တီ" ဆိုတာ အားလုံးကြားဖူးကြမှာပါ။
ဦးခန္တီဆိုတာမြန်မာပြည်ကတန်ခိုးကြီးဘုရားတွေရဲ့
စောင်းတန်းတွေ၊ လှေကားတွေ၊ မန္တလေးတောင်၊
စစ်ကိုင်းတောင်အတက်လမ်းတွေကို သံတိုင်၊သံယက်မတွေနဲ့ စတင်ဆောက်လုပ်စေခဲ့တဲ့ သဒ်ဓါအား၊ ဝီရိယအား အလွန်
ကြီးမားတဲ့ ပါရမီရှင်ရသေ့ကြီးပါ။
အဲဒီရသေ့ကြီးဦးခန္တီကမစိုးရိမ်ဆရာတော်ဘုရားကြီးကို
လျှောက်ပါတယ်။ဘယ်လိုလျှောက်သလဲဆိုတော့
ဆရာတော်ဘုရား ပဋ္ဌာန်းကျမ်းကြီးကို ပေယျာလတွေ
မမြှုပ်ဘဲနဲ့ အပြည့်အစုံရိုက်ချင်ပါတယ်ဘုရားတဲ့။
ပဋ္ဌာန်းကျမ်းဆိုတာ ကမ္ဘာအေး ဆဋ္ဌမူအရ ငါးအုပ်ရှိပါတယ်။ ပေယျာလတွေ မြှုပ်ပြီး ရိုက်ထားတာပါ။
ရသေ့ကြီးက အဲဒီလိုလျှောက်တော့ မစိုးရိမ်ဆရာတော်
ဘုရားကြီးက ရသေ့ကြီးရဲ့ သဒ်ဓါတရားကိုတော့
လေးစားပါတယ်။ ပဋ္ဌာန်းကျမ်းကြီးကို ပေယျာလ မမြှုပ်ဘဲရိုက်မယ်ဆိုရင် နိုင်ငံခြားတိုင်းပြည်တွေမှာရှိတဲ့
စက္ကူတွေအားလုံးကို မှာပြီးရိုက်ရင်တောင်မှ ပဋ္ဌာန်းကျမ်းကြီး
က ကုန်နိုင်ဖွယ်မရှိပါဘူး လို့ ပြန်မိန့်လိုက်ပါ
တယ်။ ဒါက ရသေ့ကြီးဦးခန္တီ "သဒ်ဓါတရားနဲ့ ပဋ္ဌာန်းတရား" ကျယ်ဝန်းပုံကို ပြောတာပါ။
သာသနာမှာ ကွယ်ခြင်း ၅မျိုး ရှိပါတယ်။
ဘာတွေလဲဆိုတော့ -
(၁) ပရိယတ္တိ ကွယ်ခြင်း
(၂) ပဋိပတ္တိ ကွယ်ခြင်း
(၃) ပဋိဝေဓ ကွယ်ခြင်း
(၄) ရဟန်းတို့ အသွင်အပြင်ကွယ်ခြင်း
(၅) မြတ်စွာဘုရားရဲ့ ဓာတ်တော်တွေ ကွယ်ခြင်း
ဆိုပြီး (၅) မျိုးရှိပါတယ်။
ပရိယတ္တိ ကွယ်ခြင်းဆိုတာက မြတ်စွာဘုရားဟောထားတဲ့
ဘုရားဟော ပါဠိတော်တွေ အဋ္ဌကထာတွေ
အားလုံးကွယ်ပျောက်သွားတာကို ပြောတာပါ။
ဘယ်လိုကွယ်မလဲဆိုတော့ ပဋ္ဌာန်းကျမ်းကြီးက စပြီးကွယ်
ပါလိမ့်မယ်။ ဘာလို့ ပဋ္ဌာန်းကျမ်းကစပြီး ကွယ်ရသလဲဆိုတော့ ကျယ်ဝန်းနက်နဲလွန်းအားကြီးလို့ သင်ယူ
လေ့လာ သူမရှိတော့တဲ့အတွက် စပြီး ကွယ်ရတာပါ။ ပဋ္ဌာန်းတရားကွယ်ပြီးတဲ့အခါ ကျန်တဲ့ "အဘိဓမ္မာကျမ်း"
တွေလည်း ဆက်ပြီးကွယ်ပါမယ်တဲ့။ အဘိဓမ္မာကျမ်းတွေပြီးရင် "သုတ္တန်ကျမ်း"တွေကွယ်မယ်။
သုတ္တန်ပြီးရင်"ဝိနည်းကျမ်း" တွေကွယ်မယ်။ အစဉ်လိုက်ကွယ်သွားပါလိမ့်မယ်။
နောက် ဘယ်လောက်အထိ ကွယ်သွားမလဲ
ဆိုရင်"လေးပါဒလောက်ပဲရှိတဲ့ ဂါထာတစ်ပုဒ်"
ကိုတောင် ဘယ်သူမှ မရတော့ပါဘူးတဲ့။
အဲဒီအချိန်မှာ သဒ်ဓါတရားအားကောငျးတဲ့မငျးတဈပါးလောကျ
ပေါ်လာပြီး ဘုရားဟောဂါထာတစ်ပုဒ်လောက် ရွတ်နိုင်တဲ့
သူကိုငွေအသပြာတစ်ထောင်ယူဆိုပြီး ဆင်ပေါ်ကို
တင်ပြီးတော့မှ လှည့်လည်ပေမယ့်လည်း ဘယ်သူမှ
ရွတ်ဆိုနိုင်တဲ့သူ မရှိတော့ပါဘူးတဲ့။ ဒါဆိုရင်
"ပရိယတ္တိသာသနာ" ကွယ်သွားပါပြီတဲ့။
ပဋိပတ္တိ ကွယ်ခြင်း ဆိုတာက အကျင့်ပိုင်းဆိုင်ရာ
ကွယ်ပျောက်သွားတာပါ။ အကျင့်ဆိုတာက
"သီလ၊ သမာဓိ၊ ပညာ၊ ကမ္မဋ္ဌာန်း ဘာဝနာ "အကျင့်တွေပါ။ အဲဒီအကျင့်တွေကို လူရော၊ ရဟန်းရော မကျင့်
ကြတော့ပါဘူး။ ရဟန်းတွေဆိုရင် ပါရာဇိကလေးပါးကို လုံးဝမစောင့်ထိန်းတော့ပါဘူး။ ပါရာဇိကလေးပါးကိုတောင် မစောင့်ထိန်းတော့ဘူးဆိုရင် "ကမ္မဋ္ဌာန်းဘာဝနာ " အကျင့်လည်း ပြောစရာမလိုတော့ပါဘူး။
ဒါဆို ပဋိပတ္တိသာသနာ ကွယ်သွားပါပြီ။
နောက် ပဋိဝေဓ ကွယ်ခြင်း တဲ့။
ပဋိဝေဓ ဆိုတာ
မဂ်လေးပါး၊ ဖိုလ်လေးပါး၊ ပဋိသမ္ဘိဒါလေးပါး၊
ဝိဇ္ဇာသုံးပါး၊ အဘိညာဉ် ခြောက်ပါး
ဒါတွေကို ပြောတာပါ။ အကျင့်မရှိတော့ရင် အကျင့်ရဲ့ အသီးအပွင့်တွေဖြစ်တဲ့ မဂ်ဖိုလ်လည်း မရှိတော့ပါဘူး။နောက်ဆုံး သောတာပန်တောင်
မရှိတော့ပါဘူး။ ဒါဆို ပဋိဝေဓ သာသနာ ကွယ်သွားပါပြီ။
နောက်တစ်ခုက ရဟန်းတွေရဲ့ အသွင်အပြင်
ကွယ်ပျောက်ခြင်း ပါတဲ့။
ရဟန်းဆိုတာ" သီလ၊ သမာဓိ၊ ပညာ"ဆိုတဲ့ သိက္ခာသုံးပါးကို ဖြည့်ကျင့်နေသူတွေပါ။သိက္ခာသုံးပါးကို
များများကျင့်လေ၊ များများ ကြည်ညိုဖို့ ကောင်းလေပါပဲ။
ရာဂ ကင်းစေတဲ့ ဝတ်ရုံကို ဝတ်ရုံထားမယ်၊
သတိပဋ္ဌာန် သမ္ပဇညပိုင်းမှာလာတဲ့အတိုင်း
ရှေ့ကိုတက်ရင်လည်းအမှတ်လေးနဲ့၊
နောက်ကိုဆုတ်ရင်လည်းအမှတ်လေးနဲ့၊
တစောင်းကြည့်တဲ့အခါ၊ တူရူကြည့်တဲ့အခါ၊ စားတဲ့အခါ၊ သောက်တဲ့အခါများတွေမှာလည်း
အမှတ်လေးတွေနဲ့။ ဒါတွေဟာ ရဟန်းတစ်ပါးရဲ့အသွင်
အပြင်၊ အမူအယာတွေပါ။
ဒီလိုနဲ့ ကာလတွေကြာလာတဲ့အခါ
အမှတ်တွေ မရှိတော့ပါဘူး။ နောက်သင်္ကန်းကို ဆိုးရည်
ဆိုးပြီး မဝတ်တော့ဘူး။နောက်ဆုံး သင်္ကန်းကြီးကို ဝတ်
ရတာ ဖိုးရို့ဖားရား နိုင်လှတယ်ဆိုပြီး သင်္ကန်းကြီးကို
စွန့်ပစ်ပြီး သင်္ကန်းစလေးကိုပဲ လက်မှာ ပတ်ထားပါလိမ့်မယ်တဲ့။
သင်္ကန်းစလေး လက်မှာပတ်ထားတာမြင်ရင်
ဒါဘုန်းကြီးပဲ ဆိုပြီး ဆွမ်းကပ်ချင်တယ်၊ ပရိတ်ရွတ်ချင်တယ်
ဆိုရင်သွားပင့်ရတော့မှာပါ။
အဲဒီအချိန်အထိ ရဟန်းအသွင်အပြင်ဆိုတဲ့ လိင်္ဂသာသနာမကွယ်သေးပါဘူးတဲ့။
နောက် လယ်ထွန်ခြင်း၊ ကုန်သွယ်ခြင်းတွေပြုလာမယ်။ အဲဒီကတစ်ဆင့်အမ်ထောင်သားမွေးမှု
တွေပြုလာမယ်။ ဒီလိုနဲ့ ကာလကြာလာတဲ့အခါ လက်မှာ
ပတ်ထားတဲ့ သင်္ကန်းစလေးကို ပတ်ထားရတာ
အို ရှုပ်ပါတယ် ဆိုပြီး စွန့်ပစ်ကြပါလိမ့်မယ်တဲ့။ ဒါဆိုရဟန်းတွေရဲ့အသွင်အပြင် လိင်္ဂသာသနာဆိုတာ
ကွယ်သွားပါပြီ။
နောက်ဆုံးက မြတ်စွာဘုရားရဲ့ ဓာတ်တော်တွေ ကွယ်ပျောက်
သွားခြင်းပါ။ ဒါဆို "ဓာတုသာသနာ"
ကွယ်သွားပါပြီ။
ပြောလိုရင်းကတော့ပိဋကသုံးပုံမှာ ပဋ္ဌာန်းကျမ်းကြီးက အရင်စကွယ်မယ်ဆိုတာကို ပြောချင်တာပါ။
ပဋ္ဌာန်းရွတ်ဖတ်ပူဇော်တာ၊ ပဋ္ဌာန်းစာဝါပို့ချတာစသည်တွေဟာ ပဋ္ဌာန်းကျမ်းကြီးမကွယ်ပျောက်ဖို့တစ်တပ်တစ်အားအနေနဲ့
ပါရမီဖြည့်နေကြတာပါပဲ။
အဇူဇာပဋ္ဌာန်းပွဲမှာစာရေးသူသိပ်သဘောကျတာတစ်ခုရှိပါတယ်၊ ပဋ္ဌာန်းသံကိုကြိုက်သလောက်ရွတ်။
ကျောင်းအပြင်ကိုအသံမထွက်ပါဘူး။
သိပ်သဘောကျဖို့ကောင်းတာပါ။
မြန်မာပြည်မှာတော့ လောစပီကာတပ်ပြီးရွတ်တာဖြစ်လို့ စာမေးပွဲနီးလို့စာကျက်နေတဲ့ကလေးတွေ၊နာမကျန်းဖြစ်တဲ့
သက်ကြီးရွယ်အိုတွေအတွက်ကျတော့နဲနဲ
အခက်အခဲလေးဖြစ်နေတတ်ပါတယ်။
အဇူဇာကျောင်းလိုရွတ်နိုင်ရင်တော့သိပ်ကောင်း
မှာပါ။ဒါမှမဟုတ်ညအိပ်ချိန်အသံကိုတိုးပေးလိုက်မယ်
ဆိုရင်လည်းအဆင်ပြေမယ်ထင်ပါတယ်။
မြတ်စွာဘုရား ဘုရားဖြစ်ပြီး (၂၂)ရက်မြောက်မှာ
စတုတ္ထ သတ္တာဟ ရတနာဃရမှာ စံနေတော်
မူစဉ် အဘိဓမ္မာ ခုနစ်ကျမ်းကို ဆင်ခြင်သုံးသပ်တော်မူပါတယ်။
အဲဒီလို ဆင်ခြင်သုံးသပ်တော်မူတဲ့အခါ
ရှေ့ပိုင်းကျမ်းများဖြစ်တဲ့
ဓမ္မသင်္ဂဏီကျမ်း၊ ဝိဘင်ကျမ်း၊ ဓာတုကထာကျမ်း၊ ပုဂ္ဂလပညတ်ကျမ်း၊ကထာဝတ္ထုကျမ်း၊ ယမိုက်ကျမ်း
ဆိုတဲ့ ခြောက်ကျမ်းကို ဆင်ခြင်သုံးသပ်တဲ့အခါ
ရောင်ခြည်တော်တွေ မကွန့်မြူးသေး
ပါဘူး။
ခုနစ်ကျမ်းမြောက်ဖြစ်တဲ့ပဋ္ဌာန်းကျမ်းကြီး ကို ဆင်ခြင်သုံးသပ်မှ ရောင်ခြည်တော်တွေ ကွန့်မြူး
လာတာပါ။ ဒါတွေက အားလုံး သိကြပါတယ်။
ဒီနေရာမှာ ပဋ္ဌာန်းကျမ်းကို စဟောပြီလားဆိုတော့
မဟောသေးပါဘူး။
မြတ်စွာဘုရား ဘုရားဖြစ်ပြီး"ခုနစ်ဝါမြောက်မှာတာဝတိ ံ
သာနတ်ပြည် ပင်လယ် ကသစ်ပင်ရင်း ပဏ္ဍုကမ္ဗလာ
မြကျောက်ဖြာထက်မှာမယ်တော်မိနတ်သား"ကို
ကျေးဇူးဆပ်တဲ့အနေနဲ့ နတ်ဗြဟ္မာများကို ဟောပါတယ်။
အဲဒီ နတ်ဗြဟ္မာတွေကိုမြတ်စွာဘုရားက ဝါတွင်းသုံးလပတ်လုံး အဘိဓမ္မာတရားကို ဟောတာပါ။
ဆွမ်းခံချိန်ကျတော့ လူ့ပြည်ပြန်ကြွလာရင်း အနောတတ်အိုင်မှာ အရှင်သာရိပုတ္တရာကို ပြန်ဟောပေးပါတယ်။ အရှင်သာရိပုတ္တရာကလင်းနို့သားဖြစ်ဖူးတဲ့သူ့ရဲ့တပည့်ငါးရာကို
ပြန်ဟောပါတယ်။
မြတ်စွာဘုရားက တာဝတိ ံသာနတ်ပြည်က နတ်ဗြဟ္မာတွေ
ကို အကျယ်နည်းနဲ့ ဟောပေးပါတယ်။
နောက် အရှင်သာရိပုတ္တရာကို ပြန်ဟောပေးတဲ့အခါကျတော့ အကျဉ်းနည်းနဲ့ ပြန်ဟောပေးပါတယ်။
အရှင်သာရိပုတ္တရာက လင်းနို့သားဖြစ်ခဲ့ဖူးတဲ့ တပည့်ငါးရာကို ပြန်ဟောပေးတဲ့အခါမှာတော့ မကျဉ်းမကျယ်
နည်းနဲ့ ပြန်ဟောပေးပါတယ်။ ဒီနေ့ သင်ယူလေ့လာ ရွတ်ဖတ်ပူဇော်နေကြတဲ့ ပဋ္ဌာန်းတရားတော်ဟာ
အရှင်သာရိပုတ္တရာကလင်းနို့သားဖြစ်ဖူးတဲ့တပည့်ငါးရာကို
ပြန်ဟောပေးထားတဲ့ ပဋ္ဌာန်းတရားတော်ပါ။
ပဋ္ဌာန်းကတစ်ဆင့် ဝိပဿနာကူးသွားတဲ့ သာဓက၀တ္ထုတွေလည်းအများကြီးရှိပါတယ်။
မဟာဂတိဂမိယတိဿဒတ္တ အမည်ရှိတဲ့ မထေရ်တစ်ပါးဟာ
တစ်နေ့မှာ မဇ္ဇျိမဒေသ အိန္ဒိယနိုင်ငံ
ကနေ သီဟိုဠ်ကျွန်းမှာရှိတဲ့ မဟာစေတီကို ဘုရားဖူးမယ်ဆိုပြီး လှေသင်္ဘောနဲ့ ထွက်ခဲ့ပါတယ်။
ပင်လယ်သမုဒ္ဒရာကြီးကိုကြည့်ပြီး ပဋ္ဌာန်းကျမ်းကြီးကပဲ
ကျယ်ဝန်းသလား၊ ပင်လယ်သမုဒ္ဒရာကြီးကပဲ ကျယ်ဝန်း
သလားဆိုပြီးဆင်ခြင်တဲ့အခါပဋ္ဌာန်းကျမ်းကြီးက
ပိုကျယ်ဝန်းလှပေတယ်ဆိုပြီး ပဋ္ဌာန်းတရားကို ဆင်ခြင်
ရင်း ဆင်ခြင်ရင်းနဲ့ ပီတိတွေ ဖြစ်လာပါတယ်။
အဲဒီပီတိကို ခွာပြီး ဝိပဿနာရှုလိုက်တာ ရဟန္တာဖြစ်သွားခဲ့
ပါတယ်။ တရားထူးရပုံတွေကတော့ တစ်ပါးနဲ့တစ်ပါး မတူပါဘူး။ တချို့လည်း ဖြစ်ပေါ်လာတဲ့ ပီတိကိုပဲဝိပဿနာပြန်ရှုပြီး
တရားထူး ရသွားကြတာပါ။ တချို့ကျတော့လည်း ပီတိကို ခွာပြီး အားထုတ်နေကျမူလကမ္မဋ္ဌာန်းကိုပဲပြန်ရှုတာပါ။
အဇူဇာ ပဋ္ဌာန်းတရားနာရင်းနဲ့ ဝိပဿနာဘက်ကို
ကူးသွားလို့လည်း ရပါတယ်။ ပဋ္ဌာန်းနာရင်းနဲ့
ပီတိတွေဖြစ်လာမယ်၊
အဲဒီပီတိကိုပဲ ပီတိရဲ့ သဘောလေးက ဘယ်လိုလေး၊ဘယ်လိုသဘောလေးဖြစ်နေ
တာလဲဆိုပြီးသဘောလေးအထိသတိကပ်ပြီး ပီတိဖြစ်တယ်၊ဖြစ်တယ်၊နှစ်သက်တယ်၊ နှစ်သက်တယ်
ဆိုပြီး ရှုမှတ်သွားရမှာပါ။
ဒါမှမဟုတ် ကြားနေရတဲ့ ပဋ္ဌာန်းသံလေးကိုပဲ သတိကပ်ပြီး
ကြားတယ်၊ ကြားတယ်၊ လို့ရှုမှတ်လို့
လည်းရပါတယ်။ ကြားတယ်၊ ကြားတယ် လို့
ရှုမှတ်တဲ့နေရာမှာတော့ ဒီအတိုင်းကြီး ကြားတယ်၊
ကြားတယ်လို့ ရှုမှတ်ရမှာ မဟုတ်ပါဘူး။ ကြားတယ်လို့ ရှုမှတ်တဲ့နေရာမှာသတိကပ်စရာ သုံးနေရာရှိပါတယ်။
အသံရယ်၊ နားအကြည်ဓာတ်ရယ်၊ ကြားသိစိတ်ရယ်ပါ။
စာလိုပြောရင်တော့
သဒ်ဓါရုံရယျ၊ သောတပသာဒရယ်၊ သောတဝိညာဏ်ရယ်ပါ။
အဲဒီ သုံးခုထဲက တစ်ခုခုကို သတိကပ်ပြီး ကြားတယ်၊ ကြားတယ်
လို့ ရှုမှတ်ရမှာပါ။
ဥပမာ - ပဋ္ဌာန်းသံလေးကို အာရုံပြုပြီး ကြားတယ်ကြားတယ်ရှုမှတ်လို့ရသလို နားထဲမှာကြားတတ်
တဲ့ နားအကြည်ဓာတ်လေးရှိပါတယ်။
အဲဒီနားအကြည်ဓာတ်လေးကို အာရုံပြုပြီးတော့လည်း
ကြားတယ်ကြားတယ်လို့ရှုမှတ်လို့ရပါတယ်။
ကြားတာကိုသိနေတဲ့ ကြားသိစိတ်ကလေးလည်းရှိပါတယ်။
အဲဒီ ကြားသိစိတ်ကလေးကိုသတိကပ်ပြီး ကြားတယ်၊ကြားတယ်
လို့လည်း ရှုမှတ်လို့ရပါတယ်။သုံးခုထဲကကိုယ်နဲ့
သပ်ပါယသငျ့ရာတဈခုခုကိုသတိကပျပွီး သင့်သလို
ရှုမှတ်သွားရုံပါပဲ။ဒါမှမဟုတ် ပီတိတွေ ကြားတာတွေကို
အာရုံမပြုတော့ဘဲ ကိုယ်အားထုတ်နေကျ မူလကမ္မဋ္ဌာန်း
ကိုပဲ ပြန်ရှုမှတ်လို့လည်းရပါတယ်။ ဝင်လေ၊ ထွက်လေပဲဖြစ်ဖြစ်၊ ဖောင်းတယ်၊ ပိန်တယ်ပဲဖြစ်ဖြစ်
နှစ်သက်သလို ရှုမှတ်သွားရုံပါပဲ။
ဒါက ပဋ္ဌာန်းနာရင်းနဲ့ ဝိပဿနာဘက်ကို ကူးသွားတာပါ။
ဒါဆိုရင်တော့ ဋ္ဌာန်းနှစ်ပင် တစ်ပင်စိုက်ပါ မဟုတ်တော့ဘဲအဇူဇာကျောင်းမှာဋ္ဌာန်းနှစ်ပင်လုံးကို
စိုက်လိုက်တော့တာပါ။သစ်ပင်စိုက် ရင် သစ်ပင်ရဲ့
အသီးအပွင့်ဆိုတာကတော့ဖြစ်လာမှာပါပဲ။
အသီးအပွင့်တွေဖြစ်လာရင် ကိုယ်လည်းစားသုံးလို့ရသလိုကိုယ့်မိတ်ဆွေတွေကိုဝေမျှလို့လည်းရပါတယ်။
ရွတ်သူ၊နာသူ၊ဝေယျာဝစ္စပြုသူ၊ယာဉ်လှူသူဆွမ်းကျွေးသူ၊
ဆေးလှူသူ။ရေလှူသူ။ပန်းလှူ၊ပန်းလည်တိုင်လှူသူ။ စသည်ဖြင့် နေရာဌာနတစ်ခုမှာ ကုသိုလ်တွေ အတူတူပြုကြရင် တစ်နေရာမှာလည်း ပြန်လည်ဆုံတွေ့ကြရဦးမှာပါ။
ပြန်လည်ဆုံတွေ့တဲ့နေရာမှာ ချစ်စွဲ၊ မုန်းစွဲ ကင်းစွာနဲ့ ပြန်ဆုံကြတာပဲကောင်းပါတယ်။ချစ်စွဲကြောင့်လည်းပြန်လည်ဆုံတွေရတတ်သလို မုန်းစွဲကြောင့်လည်းပြန်လည်ဆုံတွေရတတ်ပါတယ်။

ချစ်စွဲက ကောင်းတဲ့ ဘက်ကတွေးပြီး ဖြေသိမ့်နိုင်စရာ
ရှိပေမယ့် မုန်းစွဲကတော့ သိရင် သိသလောက်ကြောက်ဖို့ကောင်းလှပါတယ်။
မုန်းစွဲက ဒီဘဝမှာ တရားအသိလေးတွေရှိနေလို့ ကိုယ်ကသူ့ကို ခွင့်လွှတ်နိုင်ပေမယ့် သံသရာတကွေ့မှာ တရားမသိတဲ့ မိုက်တွင်းနက်နေတဲ့ ဘဝတစ်ခုခုရောက်နေမယ်ဆိုရင်တော့တရားမသိစွာခွင့်မလွှတ်နိုင်ဘဲ အပြန်အလှန်
လက်စားချေနေတော့မှာပါ။
မုန်းစွဲတွေနဲ့ အပြန်အလှန်လက်စားချေနေရင်
တော့ သံသရာမှာ နစ်မွန်းသထက် နစ်မွန်းရတော့မှာပါ။
တကယ်တော့ ပြန်လည်ဆုံတွေ့ခြင်းတွေဟာလည်း ရင်ခုန်စရာတွေပါပဲ။ 

အဲဒီရင်ခုန်မှုတွေကိုပဲပါရမီအဖြစ် ပြောင်းလဲယူရမှာပါ။ ရင်ခုန်မှုကတဆင့် ဖြစ်ပေါ်လာတဲ့ ပါရမီကိုပဲ အခြေခံပြီး ဝိပဿနာ
လမ်းကြောင်းပေါ်ဆက်လျှောက်လှမ်းကြရမှာပါ။
ချစ်စွဲမုန်းစွဲရဲ့အကျိုးအပြစ်တွေကတော့ဒီဘ၀မှာကော
နောက်ဘ၀မှာကောရှိနေတာပါ။အဲဒီချစ်စွဲ မုန်းစွဲတွေကြောင့်ပဲစိတ်ဆင်းရဲကိုယ်ဆင်ရဲဖြစ်နေကြရတာပါ။ကိုယ်ကဒါတွေကိုဥာဏ်နဲ့ကြည့်ဖို့ပါ။ 

ချစ်ခြင်း၊ မုန်းခြင်း
ကင်းရာ သံသရာတစ်ဖက်ကမ်းကို မြန်မြန်ရောက်သွားတာပဲကောင်းပါတယ်။
သစ်ပင်တစ်ပင်ဟာ အရှေ့ဘက်ကို ကိုင်းနေရင် လဲတဲ့အခါအရှေ့ဘက်ကိုပဲ လဲမှာပါ။ အနောက်ဘက်ကို
ကိုင်းနေရင် အနောက်ဘက်ကိုပဲ လဲမှာပါပဲ။ ဒီလိုပါပဲ။ ချစ်ခြင်း၊မုန်းခြင်းကင်းရာကို စိတ်ညွှတ်နေရင်
တစ်နေ့သောအခါမှာတော့ "ချစ်ခြင်း၊ မုန်းခြင်းကင်းရာ"ကိုပဲလဲတော့မှာပါ။ 

ချစ်စွဲ၊ မုန်းစွဲတွေဆီ စိတ်ညွှတ်နေရင်တော့ ဘယ်လိုမှ မဆုံးနိုင်တော့တဲ့ ချစ်ခြင်း၊ မုန်းခြင်းတွေနဲ့ပဲ သံသရာတစ်ကြောမှာမောမောကြီးလည်နေရတော့မှာပါ။

အဇူဇာရဲ့ညနေခင်းလေးတွေက လေနုအေးနဲ့အတူ ၀င်သက်ထွက်သက်ကိုအမွေစခဲ့ပါတယ်။ အေးမြခြင်းတွေနဲ့အတူ တောင်ခြေတစ်ခုရဲ့တစ်နေရာက အမျှဝေသံ သာဓုခေါ်သံတွေဟာလည်း တူညီရာ
ပန်းတိုင်တစ်ခုဆီကိုဦးတည်နေတော့မှာပါ။
ဘာပဲပြောပြော ချစ်ခြင်း၊ မုန်းခြင်း ကင်းရာကိုရောက်ဖို့"ဋ္ဌာန်းနှစ်ပင်လုံး" ကို စိုက်ဖြစ်ဖို့ပါပဲလေ။

[ရဝေနွယ် (အင်းမ)]

No comments:

Post a Comment