စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Saturday, January 31, 2026

ဆုတောင်းလေးမျိုး အကျိုးလေးချက်

ဆုတောင်းလေးမျိုး အကျိုးလေးချက်
 🌾🌾🍁🌾🌾🍁🌾🌾🍁               
၁။ ဒါနကုသိုလ်ပြု၍ လောကီ၊(လူ၊နတ်ဘဝချမ်းသာ) ကိုသာ ဆုတောင်းက လောကီဆုကိုသာရ၏။ မဂ်ဖိုလ်နိဗ္ဗာန်ချမ်းသာကို မရနိုင်။

၂။ မဂ်ဖိုလ်နိဗ္ဗာန်ကိုသာ ဆုတောင်းက လောကီချမ်းသာကိုလည်းရ၏။ မဂ်ဖိုလ်ချမ်းသာကိုလည်း 
မြန်မြန်ရ၏။

၃။ လောကီဆု၊ မဂ်ဖိုလ်နိဗ္ဗာန်ဆု နှစ်မျိုးတောင်းက နှစ်မျိုးလုံးသောချမ်းသာကို ရ၏။ 
သို့သော် မဂ်ဖိုလ်နိဗ္ဗာန် ဖြေးဖြေးမှရ၏။

၄။ နှစ်မျိုးစလုံးမတောင်းက လောကီ (လူချမ်းသာ၊ နတ်ချမ်းသာ)ကို ရနိုင်သေး၏။

   "ဘာဆုကိုမျှမတောင်းဘဲ သား သ္မီးတို့အား ကျွေးမွေး ပေးကမ်းသောအမှုသည် ဆုမတောင်းပဲပြုသော ဒါနကုသိုလ်ဖြစ်သည်။ ထိုကုသိုလ်သည် အညံ့ဆုံး စကြာမင်းစည်းစိမ်ချမ်းသာကို ပေးနိုင်သည်"ဟူ၏။

   လယ်တီဆရာတော်ကြီး၏ ဥတ္တမပုရိသဒီပနီ ပါရမီဒီပနီကို ရှုပါလေ။

   ဘာဆုကိုမျှ မရည်ရွယ်ပဲ ဒါနအစရှိသော ကုသိုလ်ပြုသမျှ လောကီကျိုးကို ရနိုင်သည်မှတ်ပါ။

   ဗုဒ္ဓဘာသာမဟုတ်သော ဘာသာခြားတို့ ပေးလှူကူညီကြသော အမှုမျိုးသည် ဘာဆုမျှမတောင်းပဲ ပြုအပ်သော ဒါန ဝေယျာဝစ္စအစရှိသော ကုသိုလ်တို့ပင်ဖြစ်သည်။
(မဟာသုတဒီပနီ၊၂၁၅/၆။)

          ဓမ္မဒါန
ဦးသောဘန(မကွေး)

Friday, January 30, 2026

ဘဝအနှစ်

လူ့ခန္ဓာဟာ နတ်တွေရဲ့ ခန္ဓာလို မဟုတ်ဘူး
သိပ်တာဝန်ကျေတယ် ။

- အိုချိန်တန် အိုပြလိုက်တယ်။
- နာချိန်တန် နာပြလိုက်တယ်။
- သေချိန်တန် သေပြလိုက်တယ်။

ဘဝအနှစ် အမြန်ထုတ်နိုင်ရေး အတွက် အိုခြင်း , နာခြင်းက မမေ့ရအောင် 
အမြဲ သတိပေးနေတယ် ။

အိုတယ် ၊ နာတယ် ၊ သေတယ် 
ဆိုတာ ကုသိုလ် မြန်မြန်လုပ်ဖို့
ခန္ဓာက တွန်းအားပေးတာတဲ့ 

နတ်တွေမှာတော့ -
- အိုတော့လည်း အိုရုပ်မပြ
- နာတော့လည်း နာရုပ်မပြ
- သေတော့လည်း 
   အလောင်းက မကျန်ခဲ့ဘူး ဆိုတော့

ငါးဖြာအာရုံ ကာမဂုဏ်တွေနဲ့ပဲ တစ်ချိန်ကုန် 
မေ့မျှောပြီးတော့ နေကြတာ ။

စားရ သောက်ရမှာကိုတောင် မေ့တယ် ဆိုပဲ ။

သူတို့မှာ အို ၊ နာ ၊ သေက 
ထင်ရှားမပြတော့ 
လူတွေလောက် လုပ်ဖို့အခွင့်အလမ်းမရှိဘူး ။

ကုသိုလ် အရှိန်အဝါကြောင့် လူဖြစ်လာပြီး 
ကုသိုလ်ကိုမှ ( စိတ်မဝင်စားရင် ) 
ရအောင် မယူနိုင်ရင် ။

ဒီခန္ဓာကြီး ကျွေးရတာဟာ 
ရိုင်းရိုင်းပြောရရင် နွားတစ်ကောင်ကို 
ကျွေးရတာကမှ ခိုင်းလို့ရသေးတယ် 

ဒီခန္ဓာကြီးက တစ်နေ့ နှစ်ထပ်မက ကျွေးထားရတဲ့ နေ့စား ခန္ဓာကြီးနော် 

လခစားခန္ဓာ မဟုတ်ဘူး 

နေ့စားခန္ဓာကြီးကို
နေ့တွက်ကိုက်အောင်, 
နေ့စားကျေအောင် ခိုင်းပေးမှဖြစ်မှာ 

ကျွေးရကျိုးနပ်အောင် များများခိုင်းပေး
အချိန်တန်ရင် မရဏလက်ထဲ ပြန်အပ်လိုက်ရမှာ 

မရဏလက်ထဲ ပြန် မအပ်ရသေးခင် 
ဘဝရဲ့ အနှစ်သာရဖြစ်တဲ့ 
ကောင်းမှုတရားတွေကို 
နေ့စဉ်နဲ့အမျှ နေ့တွက်ကိုက်အောင် 
မြန်မြန်ထုတ်ယူရမယ် 

အို ၊ နာ ၊ သေထက် 
ငါကပဲ လက်ဦးစေရမယ်ဟဲ့လို့ စိတ်ခွန်အားကို တင်းပြီးတော့ တစ်ရက် , တစ်ရက်ကိုတစ်သက် , တစ်သက်လောက် တန်ဖိုးထားပြီး 
ကောင်းမှု စွမ်းအားတွေကို 
နေ့စဉ်နဲ့အမျှ ကြိုးစားအားထုတ်နိုင်ကြပါစေ 

ယောဆရာတော်ဘုရားကြီး

ခွေးပျင်းနှင့်ဝက်ပျင်း

"ခွေးပျင်းနှင့် ဝက်ပျင်း"
++++++++++++ 

တစ်ခါတုန်းက လွင်ပြင်တစ်ခုမှာ ဝက်ကြီး တစ်ကောင် အစာရှာလှည့်နေသတဲ့။ အဲဒီအခါမှာ ခွေး တစ်ကောင်က ရောက်လာပြီး ဝက်ကြီးကို မြင်တာနဲ့ ကိုက်သတ်စားမယ်ဆိုပြီး အပြေးလိုက်သတဲ့။ ဒါပေမယ့် တိတ်တိတ်ကလေး မလိုက်ဘဲ ခွေးသံပေးပြီး ဟောင်ဖွာဟောင်ဖွာနဲ့ လိုက်သတဲ့။

ဒါနဲ့ ဝက်ကြီးကလည်း နောက်ကို လှည့်ကြည့်လိုက်တော့ ကိုက်သတ်ဖို့ ခွေးလိုက်လာတာ မြင်တာနဲ့ အော်ပြီး ပြေးတော့တာပဲ။ အဲဒီလို ဝက်ကြီးက ရှေ့ကနေပြီး အတော်အတန် ပြေးလိုက်ရင်ပဲ နောက်ကလိုက်လာတဲ့ ခွေးက ``ဟာ- မီမှာ မဟုတ်တော့ပါဘူး ဆိုပြီး ဆက်မလိုက်တော့ဘဲ အရှိန်လျော့ပြီး ရပ်နေရစ်သတဲ့။

ဒီအခါ ရှေ့ကပြေးနေတဲ့ ဝက်ကြီးကလည်း နောက်က ခွေးဆက်မလိုက်မှန်း သိတာနဲ့ ``ဒီခွေးလောက်များ ဘာအရေးစိုက်စရာ လိုသေးသလဲ ဆိုတဲ့ သဘောနဲ့ ဆက်ပြီး မပြေးတော့ဘဲ အေးအေးဆေးဆေး အစာရှာနေတယ်။

အဲဒီအခါ ခွေးက အနီးရောက်လာပြီး တစ်ခါ ကိုက်သတ်မယ်ဆိုပြီး အပြေးလိုက်ပြန်တယ်။ ခွေးကလိုက်ပြန်တော့ ဝက်ကြီးကလည်း ပြေးပြန်တာပါပဲ။ ဝက်ကြီး ပြေးပြီဆိုရင် ခွေးကလည်း ဆက်မလိုက်တော့ဘဲ ရပ်နေရစ်ရောတဲ့။

ဒီလိုနဲ့ ခွေးက လိုက် လိုက်၊ ဝက်က ပြေးလိုက် ပြေးလိုက်၊ ခွေးက ရပ်လိုက်၊ ဝက်က ရပ်လိုက်နဲ့ ဝက်ကြီးကလည်း တကယ် လွတ်ကျွတ်အောင် မပြေးဘူး၊ ခွေးကလည်း တကယ်မီအောင် မလိုက်ဘူး။ ခွေးရော ဝက်ကြီးပါ အပျင်းတွေချည်းပဲတဲ့။

ဤပုံပြင်အတိုင်းပင် လူ့စိတ်သဘာဝလည်း လောကဓံဒုက္ခခပ်ဆိုးဆိုးများ နောက်က ထပ်ကြပ်လိုက်လာမှ ကုသိုလ်ကို လုပ်လိုပေသည်။ ကုသိုလ်ကို အမြန် ပြေးယူလိုပေသည်။ တက်ကြွနိုးကြားလာတတ်ပေသည်။

လောကဓံဒုက္ခများ သက်သာရပ်တန့်သွားလျှင် ကုသိုလ်ကို မေ့သွားတတ်သည်။ အလုပ်လမ်းစ ပျောက်သွားတတ်သည်။ ပစ္စုပ္ပန် တမလွန် ကိုယ့်အကျိုးစီးပွား ကိုယ့်ကိစ္စများကို တိုးတက်အောင် မလုပ်လိုဘဲ အပို အလုပ်များ၊ အပျော်အပါးကိစ္စများဖြင့်သာ အချိန် ဖြုန်းတီးနေတတ်သည်။

ပုံပြင်ထဲက ဝက်ပျင်းပမာ လောကဓံဒုက္ခဆိုးများ မိမိနောက်က အဆက်မပြတ်လိုက်နေမှ ကုသိုလ်ကောင်းမှုကို အဆက်မပြတ် လုပ်တတ်သည့်သဘော သက်ရောက်နေတတ်ပေသည်။

အမှန်မှာ ဤသို့မဖြစ်သင့်ပေ။ `ဆင်းရဲ၏နောက် ချမ်းသာရောက် ဟူသော သဘောအရ ဆင်းရဲတွေ့လျှင် လက်မှိုင်ချမနေဘဲ ကြိုးစားရမည်ဖြစ်သကဲ့သို့ တကယ်တမ်း ချမ်းသာသုခ ဖြစ်ပေါ်လာသော ကာလတွင်လည်း မမေ့မလျော့ ကြိုးစားရမည် ဖြစ်ပေသည်။

လောက၏သဘာဝမှာ ကြီးမားသောချမ်းသာကို ရလိုလျှင် ချမ်းသာငယ်ကို ရဲရဲအနစ်နာခံ စွန့်ရမည်သာဖြစ်၍ ကြီးမားလှသောဆင်းရဲကို ကြောက်လျှင်လည်း ဆင်းရဲငယ်ကို ချုပ်တည်းအောင့်အည်း သည်းခံရမည်သာ ဖြစ်ပေသည်။

တိပိဋကဓရ၊ ဓမ္မဘဏ္ဍာဂါရိက
ယော ဆရာတော်ကြီး

ဤအကြောင်းနှင့်ပတ်သက်၍ မြင်းလေမျိုးနှင့် တူသော လူလေးမျိုးကို နာယူမှတ်သားထားသင့်၏။

(၁) မြင်းလိမ္မာသည် မြင်းလှည်းမောင်းသူက တုတ်ကိုထောင်ပြလျှင် အရိပ်အကဲ နားလည်၍ အလိုက်သိစွာ ပြေးသွားသကဲ့သို့ ဒုက္ခရောက်သူ၊ သေဆုံးသူအကြောင်းကို တစ်ဆင့်စကား ကြားရလျှင်ပင် အချို့ပုဂ္ဂိုလ်များသည် အသိဉာဏ်၊ သံဝေဂ ပေါ်ပေါက်လာ၍ တရားအလုပ်ကို အချိန်မဆွဲဘဲ ချက်ချင်း အားထုတ်တတ်လေသည်။

(၂) အချို့မြင်းသည် တုတ်ထောင်ပြရုံမျှဖြင့် မြင်းလှည်းကို မဆွဲသေးဘဲ အမွေးကျွတ်အောင် ရိုက်သောအခါမှသာ နာသဖြင့် ပြေးတတ်၊ ရုန်းတတ်သကဲ့သို့ အချို့လူတို့သည် တစ်ဆင့်ကြားမျှဖြင့် တရားအသိ မပေါ်သေးဘဲ ဒုက္ခရောက်သူ၊ သေဆုံးသူကို ကိုယ်တိုင် မျက်ဝါးထင်ထင် တွေ့မြင်ရခါမှသာ ``ဟယ်-ဆင်းရဲဒုက္ခကြီး ငါ့မျက်စိအောက် ရောက်နေပါပြီကော။ တော်နေကြာတော့ ငါ့ထံလည်း ရောက်လာလိမ့်မယ်။ မရောက်သေးမီ အမြန် အားထုတ်မှဖြစ်မယ် ဟု အသိဉာဏ် လေးနက်စွာ ပေါ်ပေါက်ကာ ကောင်းမှုအလုပ်ကို အချိန်မီ ကြိုးစားလုပ်ဆောင်တတ်ပေသည်။

(၃) အချို့မြင်းကား အမွေးကျွတ်အောင် ရိုက်ရုံမျှဖြင့် မပြေးဘဲ ပေကတ်နေကာ အရေစုတ်အောင် အရိုက်ခံရမှသာ အလွန်နာသဖြင့် ရုန်းတတ်၊ ပြေးတတ်သကဲ့သို့ အချို့လူသည်လည်း မိမိမျက်စိဖြင့် သေသူ၊ ဒုက္ခရောက်သူကို မြင်တွေ့ရစေကာမူ တရားအသိ၊ သံဝေဂမျက်စိဖြင့် မြင်အောင် မကြည့်နိုင်ဘဲ ပြီးပြီးပျောက်ပျောက်ဖြစ်သွားကာ မိမိ၏ သွေးသားအရင်း ဆွေမျိုးပုဂ္ဂိုလ်များ ဒုက္ခရောက်လာ၊ သေဆုံးကာမှသာ ``ဟယ်- ဆင်းရဲဒုက္ခကြီး ငါ့လက်တစ်လှမ်း ရောက်နေပါပြီကော။ မကြာမီ ငါ့ဆီလည်း ရောက်ရတော့မည် ဟု ဉာဏ်အမြင် ပေါ်လာ၍ အချိန်မနှောင်းမီ လျင်မြန်စွာ ကြိုးစားတတ်လေသည်။

(၄) အချို့မြင်းမှာ အရေစုတ်အောင် အရိုက်ခံရသော်လည်း မရုန်းမပြေးဘဲ အလွန် ပေကတ်နေတတ်သည်။ အရိုးကွဲအောင် အရိုက်ခံရသောအခါ၌သာ အလွန်နာလွန်းသဖြင့် ``တော်နေကြာတော့ သေအောင် ရိုက်ချေရဲ့။ ရုန်းတာပဲ ကောင်းတယ် ဟု မြင်းလှည်းကို ဆွဲတတ်ရှာသည်။

သို့သော်လည်း အလွန်ပင်ပန်း၍ ခရီးလည်း မတွင်ကျယ်တော့ချေ။ ထို့အတူ အချို့လူသည်လည်း ဆွေမျိုးရင်းများ ဒုက္ခရောက်၍ မိမိရှေ့မှောက်၌ သေဆုံးစေကာမူ တရားအသိ သံဝေဂဉာဏ် မပေါ်လာဘဲ မေ့မေ့ပျောက်ပျောက် နေလာရာက မိမိ၏ခန္ဓာကိုယ်ပေါ်၌ သေလုမတတ် ဆိုးဝါးပြင်းထန်သော အနာရောဂါကြီး ရောက်ရှိလာသောအခါမှသာ ``ဆင်းရဲဒုက္ခကြီး ငါ့အပေါ် ရောက်လာပါပြီကော။ တော်နေကြာတော့ ရောဂါက သေအောင် နှိပ်စက်ဖျက်ဆီးချေရဲ့။ အားကိုးစရာ အမြန်ရှာမှဖြစ်မယ် ဟု အသိတရား ပေါ်ကာ ကောင်းမှုကို ပြုတတ်ပေသည်။

သို့ရာတွင် ကျန်းမာသန်စွမ်းတုန်းကကဲ့သို့ တွင်လည်းမတွင်၊ အလွန်လည်း ပင်ပန်းသည့်ပြင် ကြည်ကြည်လင်လင် အားတက်သရောလည်း မရှိတော့ချေ။

သို့ဖြစ်၍ စာရှုသူအပေါင်းလည်း ဝက်ပျင်းပမာ မကျင့်ကြံဘဲ ကျန်းမာသန်စွမ်းတုန်း, ခန္ဓာကို လိုသလို ခိုင်း၍ ဖြစ်နေတုန်း သတိဉာဏ် ရှေ့ထား၍ အမြန်ကြိုးစားနိုင်ကြပါစေ။

တော်ဝင်နွယ်
(ယောဆရာတော်၏ ဓမ္မပုံပြင်များ)

သေခါနီးဖြစ်တဲ့ အဝိဇ္ဇာနှင့်တဏှာ

 သေခါနီးဖြစ်တဲ့  
      အဝိဇ္ဇာနဲ့ တဏှာ 🙏🙏🙏

တော်တော်ဆန်းကြယ်တဲ့ 
သေခါနီးဖြစ်ပုံ ပဋိသန္ဓေကို 
ဘုန်းကြီးပြောပြဦးမယ်

သေခါနီးကျတော့  
ခုနကလို အာရုံသုံးမျိုးထဲက 
တမျိုးမျိုး ကံစွမ်းကြောင့် ထင်တယ် 

ဘုန်ကြီးတို့ အိပ်မက်မက်တဲ့အခါ 
စဉ်းစားစမ်း ဘာမှ စိတ်မကူးဘဲနဲ့ 
တခါတရံ စိတ်ကူးတာက တမျိုး 

အိပ်ခါနီး စိတ်ကူးနေတာက တမျိုး 
ည အိပ်မက်မက်တာက တမျိုး
အဲသလိုပေါ့လေ

သူ့အစွမ်းတွေ အစွမ်းတွေဆိုတာဟာ 
တမျိုးစီ တမျိုးစီ ရှိတယ် 

ဒီတော့ ကံကလဲပဲပေါ့လေ 
သေခါနီးမှာ ကုသိုလ်ကံ
အကျိုးပေးခွင့် သာတယ်ဆိုရင်

ကိုယ်က ကုသိုလ်ကံ အကျိုးပေးခွင့်သာအောင်
ဘေးက ပတ်ဝန်းကျင်က ပန်းတွေဘုရားပူဇော်လို့
ပရိတ်တရားတွေဘာတွေ ရွတ်လို့

ဒီလိုဆိုတော့ ကုသိုလ်ကံဘက်က  
အားကောင်းလာလို့ ကုသိုလ်ကံ 
အကျိုးပေးဖို့ အခွင့်ရလာတယ်

သေခါနီးမှာပဲ  
သတ်ကြ ဖြတ်ကြ ရိုက်ကြ နှက်ကြ  
ထိုးကြ ပုတ်ကြနဲ့ ဒီလိုနေတုန်းမှာ

ခုနက သေဖို့ရာ အချိန်ရောက်လာလို့
အာရုံထင်လာတော့ 
အကုသိုလ်ကံက အခွင့်သာလာပြန်တယ်

အဲဒီအခါမှာ အကုသိုလ်ကံက အကျိုးပေးဖို့ရာ 
ခုနက အာရုံတွေ ထင်လာပြန်တာပဲ
ဒီတော့ ကံရဲ့အစွမ်းသတ္တိဟာ တယ်ကောင်းတယ်

ထင်လာတော့လေ အဲဒီအချိန်မှာ 
* အဝိဇ္ဇာ * ကလည်း ဖုံးရက်
* တဏှာ * ကလည်း ထင်လာတဲ့ဘဝကို 
ညွှတ်ရက် တော်တော်ဆန်းကြယ်တယ်

ဒီသေခါနီးဖြစ်နေတာ 
အဝိဇ္ဇာကလည်း
ရမည့်ဘဝရဲ့အပြစ်တွေ ဘာမှမမြင်ဘူး   
အဝိဇ္ဇာ မကုန်ခန်းသေးလို့

တဏှာကလဲ ရမည့်ဘဝကို  
ညွှတ်ပြီးတော့နေတယ် 

မိကျောင်းမှန်း သိရက်နဲ့ လှမ်းဆွဲ       

တော်တော်ဆန်းတာက  
အဲဒီအခါမှာ အကုသိုလ်ကံတွေ ထင်နေလို့
မကောင်းတဲ့ဘဝ ရောက်ရမည်ဆိုလဲ  
တဏှာက အဲဒီဘဝကို ညွတ်နေတယ် 

ဘုန်းကြီးတို့ ဆိုကြပါစို့ရဲ့ ဥပမာက  
ပင်လယ်ထဲမှာ သင်္ဘောပျက်ရော

သင်္ဘောပျက်တော့ ပေါ်လာတော့
ရမ်းသမ်းပြီးတော့ တကတဲ ဆွဲကြတာ 

တစ်ယောက်မှာ မိကျောင်းကြီး ဒီနားပေါ်တုန်း  
အဲဒီ မိကျောင်းကြီးကို မိကျောင်းကြီးမှန်း  
သိရက်သားနဲ့ လှမ်းဆွဲလိုက်တာပဲ 

ဘာပြုလို့တုန်း
မိကျောင်းကြီးကိုက်မှာက နောက်ပဲ  
ခုလောလောဆယ် မြုပ်မှာက အရင်ပဲ

မိကျောင်းကြီးတွေ့ပေမယ်လို့
မိကျောင်း လှမ်းဆွဲတာပဲ

အဲ သေခါနီးမှာ 
ဒီရုပ်နာမ်တွေ အကုန်လုံး အပြီးသတ်   
တဘဝ ကံအရှိန် ကုန်တော့မယ်ဆိုလို့ရှိရင်
 
လာမယ့် အသစ်ဘဝအတွက် 
မကောင်းတဲ့ ဘဝပေမယ့်လဲ 
တဏှာက လှမ်းပြီး ညွတ်တာပဲ 

အဝိဇ္ဇာကလည်း အပြစ်တွေ ဖုံးတာပဲ  
တဏှာကလည်း ညွတ်တာပဲ  
ကံကလည်း အဲဒီမကောင်းတဲ့ဘဝထဲ 
အကျိုးပေးဖို့ရာ သူက အဆင်သင့် 

ကောင်းတဲ့ဘဝဆိုတော့ မပြောနဲ့တော့ 
ကံက အဆင်သင့်ကို လိုက်အကျိုးပေးမှာ 

ဒါကြောင့် 
အဝိဇ္ဇာ ခြံရံအပ်သော
တဏှာလျှင် အကြောင်းရင်းရှိသော

ကုသိုလ်ကံ အကုသိုလ်ကံဆိုတဲ့ 
ပြုစီမံခဲ့တဲ့ သင်္ခါရသည်
ဖြစ်စေအပ်သော စိတ်သည်

ဖြစ်လျှင်ဖြစ်ခြင်းပင်
ဘဝတစ်ပါး၌ တည်လေတော့သတည်း 

စတုရာရက္ခကမ္မဋ္ဌာန = 
စိတ်ကို စောင့်ရှောက်ကြောင်း
လေးပါးကုန်သော ကမ္မဋ္ဌာန်းတရားများ

#ဗုဒ်ဓါနုူတိ
ဗုဒ်ဓါနုူတိ ပွားများနေသောသူသည် 
ဗုဒ္ဓမြတ်စွာ သာသနာတော်ကို 
ပို၍ ကြည်ညိုသောကြောင့် 
မိမိအတွက် သာသနာညှိုးနွမ်းဖွယ်ကိစ္စကို မပြုတော့

သာသနာ တိုးတက်ကြီးပွားကြောင်း, 
ကျက်သရေရှိကြောင်း အလုပ်ကိုသာ 
စွမ်းနိုင်သမျှ အားထုတ်တော့သည်

#မေတ္တာ
မေတ္တာဘာဝနာ ပွားများလေ့ရှိသူကား 
အရာရာ၌ ကိုယ်ကျိုးကို ရှေ့ရှုမထားဘဲ 
သူတစ်ပါးအကျိုးကိုသာ ရှေ့ရှု၍ အလုပ်လုပ်၏ 
 
ထိုသို့ ရှေ့ရှုသောကြောင့်ပင် သာသနာနှင့်စပ်၍ 
အကျိုးမဲ့ ကုန်ကျဖွယ်များကို မိမိလည်း မသုံးဖြုန်း  
သူတစ်ပါးတို့ကိုလည်း မသုံးဖြုန်းစေတော့
   
#အသုဘဘာဝနာ
အသုဘဘာဝနာသည် သာသနာနှင့် 
လွန်စွာသင့်လျော်၏

အသုဘဘာဝနာကဲ့သို့ 
ဘာဝနာတစ်မျိုးမျိုးသာ လက်ကိုင်မရှိပါမူ 

လောကီအာရုံကာမဂုဏ်ဘက်၌ 
အသက်ကြီးသော်လည်း စိတ်ရောက်လျှက် 
ရှိတတ်သေး၏

ထို့ကြောင့် အသုဘဘာဝနာကို 
ကောင်းစွာ ပွားများသူသာ 
စိတ်ထားဖြူလွင် သူတော်စင် ဖြစ်နိုင်ပေသည်
    
#မရဏဿတိ
သေခြင်းတရားကို နှလုံးသွင်းမှု နေ့စဉ်ပြုလျှင် 
ယနေ့ သေမည်လား
မနက်ဖြန် သေမည်လား မသိရ

သေသွားသောအခါ 
ကုသိုလ်သာလျှင် အားကိုးရာရှိပါတကားဟု 
အမြဲသတိရနေသောကြောင့် ကုသိုလ်ကောင်းမှုကိစ္စစုကို တစ်ခုပြီးတစ်ခု ဘာဝနာပွားမှုတိုင်အောင် အမြဲပြု ၍ နေပေလိမ့်မည်။
   
ထို့ကြောင့် ဤကမ္မဋ္ဌာန်းလေးပါးကို 
* စတုရာရက္ခ * ဟု နာမည်ထူးတပ်လျှက်
ရှေးသူတော်မြတ်တို့ အမြဲအားထုတ်
အပ်ခဲ့ပေသတည်း...
                            
            အရှင်ဇနကာဘိဝံသ
  ( မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး )
     🙏 Ni Ni 🙏

Monday, January 26, 2026

မဂ္ဂင်ရှစ်ပါး

 မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးက မဂ္ဂင် ၈-ပါးလမ်းကို ဒုက္ခချုပ်ငြိမ်းပြီး စိတ်အေးချမ်းမှုရဖို့ လမ်းညွှန် ဟောကြားခဲ့ပါတယ်။ မဂ္ဂင် ရှစ်ပါး လမ်းစဉ်ဟာ လွတ်
မြောက်ရာလမ်းအတွက် Road Map တခု ဖြစ်ရုံသာမက သာမန်လူတိုင်းအတွက် နေ့စဉ်ဘဝမှာ ဘယ်လိုလက်တွေ့အသုံးချနိုင်တဲ့ လမ်းညွှန်တခုလဲဆိုတာ ပြောပါရစေ။

  သီလ အနေနဲ့ သမ္မာဝါစာ၊သမ္မာကမ္မန္တ ၊သမ္မာအာဇီဝ

  သမာဓိ အနေနဲ့ သမ္မာဝါယာမ ၊ သမ္မာသတိ ၊ သမ္မာသမာဓိ နဲ့

  ပညာ ပိုင်း အနေနဲ့ ကျတော့ သမ္မာဒိဋ္ဌိ ၊ သမ္မာသင်္ကပ္ပ

ဆိုပြီး မဂ္ဂင် ၈-ပါးကို သီလ၊သမာဓိ၊ပညာ (၃)ပါး ပေါ်မှာ အခြေခံပြီး တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။

     ဒီမဂ္ဂင်ရှစ်ပါး ကို နေ့စဉ်ဘဝရဲ့ ရိုးရှင်းတဲ့ လုပ်
ဆောင်မှုတွေထဲ ဘယ်လိုထည့်သွင်းနိုင်မလဲဆိုတာလေးကို ပြောပြချင်ပါတယ်။

     ၁။မှန်ကန်စွာ နားလည်ခြင်း (သမ္မာဒိဋ္ဌိ)
ဘဝမှာ ဖြစ်ပေါ်နေတဲ့ အရာတွေရဲ့ သဘောသဘာဝကို နားလည်ဖို့က မဂ္ဂင်ရှစ်ပါးရဲ့ ပထမဆုံး ခြေလှမ်းပါပဲ။တနည်းပြောရရင် ဘဝရဲ့ သဘောတရားတွေဖြစ်တဲ့ ကံ၊ အကျိုးအဆက်၊ ဒုက္ခဆိုတာကို မှန်ကန်စွာ နားလည်တဲ့ အမြင်ထားရှိဖို့ပါ။

     ကျနော်တို့ လူ့ဘဝရလာ ရခြင်းဟာ မသိမှု(အဝိဇ္ဇာ) တွေကြောင့် ဖြစ်တယ်လို့ နားလည်ထားရင်၊ လောကဓံ (၈)ပါးဖြစ်တဲ့ အဆိုးအကောင်းတွေ ကြုံလာတဲ့အချိန်မှာတောင် သမ္မာဒိဋ္ဌိရှိနေရင် ဖြစ်လာသမျှ အကြောင်းအကျိုးတွေကို မမေ့မလျော့စောင့်ကြည့် ဆင်ခြင်နိုင်ပြီး အမှန်မြင်နိုင်ပါတယ်။

     တခါတလေ ကိုယ့်ရဲ့အလုပ်က အောင်မြင်တာလဲရှိနိုင်သလို၊ အကြောင်းကြောင်း ကြောင့် ဆုံးရှူံးရတတ်တာလဲရှိနိုင် ပါတယ်။ကိုယ့်ကသာ သမ္မာဒိဋ္ဌိရှိနေရင် အောင်
မြင်တဲ့အပေါ်မှာလဲ မာနမထားသလို ၊ ဆုံးရှူံးသွားတဲ့အပေါ်မှာလဲ စိတ်ဓါတ်မကျဘဲ အကြောင်းအကျိုးအတိုင်း သတိထားကြည့်နိုင်ပါလိမ့်မယ်။

     ဥပမာ ကိုယ်က အပြင်သွားရင်း လမ်းမှာ လမ်းပိတ်နေလို့ စိတ်ဆိုးမိတဲ့အခါ ဒါက ငါ့ကို စိတ်ရှည်ဖို့ သင်ပေးနေတာပဲ လို့ အမြင်ပြောင်းကြည့်ပါ။

     ဒါမှမဟုတ် အလုပ်မှာ ပြဿနာတခုနဲ့ ရင်ဆိုင်ရတဲ့အခါ ဒါက ငါ့ကို အတွေ့အကြုံသစ်ရဖို့ အခွင့်အရေးပေးနေတာ လို့ မြင်လိုက်ပါ။ ဒီလိုအမြင်ပြောင်းလဲမှုက စိတ်ကို အေးချမ်းစေပြီး ပိုမိုကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်စေတယ်။

     မနက်မိုးလင်းတိုင်း ၁ မိနစ်လောက် တွေးကြည့်ပါ။ ဒီနေ့ ကြုံလာမယ့် အခက်အခဲတွေကို ဘယ်လိုသင်ခန်းစာအဖြစ် မြင်နိုင်မလဲ?စိတ်မကျေနပ်မှုတခုပေါ်လာတဲ့အခါ ဒီအရာက ငါ့ကို ဘာသင်ပေးနေတာလဲ? လို့ မေးကြည့်ပါ။

     ၂။ မှန်ကန်စွာ တွေးတောခြင်း (သမ္မာသင်္ကပ္ပ)
ကျနော် ခဏခဏ ပြောဖြစ်တဲ့စကားလေး တခွန်းရှိပါတယ်။ "What You Think ,You Become"တဲ့။ဟုတ်ပါတယ် ကျနော်တို့ ရဲ့ အတွေးတွေဟာ ကျနော်တို့ရဲ့ဘဝကို ပုံဖော်ပေးပါတယ်။ ဒါကြောင့် အတွေးတွေကို မှန်ကန်အောင် ထိန်းညှိဖို့ လိုအပ်ပါတယ်။ မေတ္တာ၊ ကရုဏာ အပြည့်နဲ့ သူတပါးကိုရော၊ကိုယ့် ကိုယ်ကိုအတွက်ပါ အကျိုးပြုဖို့ ရည်ရွယ်တဲ့ စိတ်ထားထားရှိဖို့ပါပဲ။ဒေါသထွက်တာ၊ မနာလိုဖြစ်တာ၊ လောဘစိတ်တွေကို လျှော့ချပြီး၊ ကိုယ့်ကိုယ်ကိုယ်ရော သူများကိုပါ အကျိုးပြုမယ့် အတွေးတွေကို ပြုစုပျိုးထောင်ရမှာပါ။

     ကိုယ့်ရဲ့ သူငယ်ချင်းတယောက်က ကိုယ့်ထက် ပိုအောင်မြင်နေတယ်လို့ မြင်လာတဲ့အခါ မနာလိုဖြစ်ပြီး ဘာလို့ သူက ငါထက်သာနေရတာလဲ လို့ တွေးမယ့်အစား၊ သူအောင်မြင်တာကို ဝမ်းသာပေးရပါမယ်၊ ငါလည်း ကြိုးစားရင် အောင်မြင်နိုင်တယ် လို့ အတွေးပြောင်းလဲလိုက်ပါ။ ဒီလို အပြုသဘောဆောင်တဲ့ အတွေးတွေက ကျနော်တို့ရဲ့စိတ်ကို ကြည်လင်စေပြီး၊ ဘဝမှာ ပိုမိုအကျိုးဖြစ်ထွန်းစေပါတယ်။

     မနက်မိုးလင်းတဲ့အခါ ဒီနေ့ တယောက်ယောက်ကို အကျိုးပြုမယ် လို့ စိတ်ထဲ ရည်ရွယ်ထားတာမျိုး လုပ်ကြည့်ပါ။

     ၃။မှန်ကန်စွာ ပြောဆိုခြင်း (သမ္မာဝါစာ)
ကိုယ့်ရဲ့ စကားတခွန်းဟာ တပါးသူအတွက် ဆေးလည်း ဖြစ်နိုင်သလို၊ အဆိပ်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် မပြောခင် ကိုယ်ပြောမယ့် စကားကို သေချာလေး စဥ်းစားဖို့လိုပါတယ်။လိမ်ညာ၊ ကဲ့ရဲ့၊ ကုန်းချောပြောဆို၊ အချည်းနှီးပြောဆိုတာတွေကို ရှောင်ပြီး ရိုးသားပြီး အကျိုးရှိတဲ့ စကားကိုသာ ပြောဖို့ပါ။ 

     မြတ်စွာဘုရားရဲ့ လမ်းညွှန်ချက်အတိုင်း စကားတခွန်းဟာ မှန်ကန်ရမယ်၊ အကျိုးဖြစ်ထွန်းရမယ်၊ အချိန်
ကိုက်ရမယ်၊ ပြီးတော့ တဖက်လူအတွက် လက်ခံနိုင်ဖွယ်ရှိရပါမယ်။

     ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တယောက်က အလုပ်မှာ အမှားလုပ်မိခဲ့ရင် မင်းကလည်း ဒါလေးတောင် မလုပ်နိုင်ဘူးလား လို့ ပြောလိုက်မယ့်အစား၊ ဒီအပိုင်းလေးကို ဒီလိုလုပ်ရင် ပိုကောင်းမယ်ထင်တယ်၊ ငါတို့ အတူတူလုပ်ကြည့်ရအောင် လို့ ပြောကြည့်ပါ။ ဒီလိုပြောဆိုမှုက သူတပါးကို အားပေးတာလဲဖြစ်သလို ဆက်ဆံရေးကိုလည်း ပိုမိုကောင်းမွန်စေပါတယ်။

      နေ့တနေ့မှာ မနက်မိုးလင်းကတည်းက ကိုယ့် ကိုယ်ကို "ငါ ဒီနေ့ ဖရုဿဝါစာတွေ မပြောဘူး။အကျိုးရှိတဲ့စကားမျိုးပဲပြောမယ်။ဒေါသထွက်စရာကိစ္စမျိုးကြုံလာရင်တောင် ရုန့်ရင်းကြမ်းတမ်းတဲ့စကားမျိုး မပြောဘဲ ထိန်းသိမ်းမယ်" ဆိုပြီး သံန္ဓိဌာန်ချထားကြည့်ပါ။

       ၄။မှန်ကန်စွာ ဆောင်ရွက်ခြင်း (သမ္မာကမ္မန္တ)
အပြောထက် အလုပ်က ပိုအရေးကြီးပါတယ်။ မှန်ကန်တဲ့ လုပ်ရပ်ဆိုတာ သူများကို မထိခိုက်စေတဲ့၊ ကိုယ်ကိုယ်တိုင်လည်း သိက္ခာရှိရှိ လုပ်ကိုင်တဲ့ လုပ်ရပ်တွေကို ဆိုလိုပါတယ်။ဒါဟာ ငါးပါးသီလနဲ့ ကျင့်ကြံနေထိုင်တတ်အောင် လမ်းညွှန်ထားခြင်းလဲဖြစ်ပါတယ်။

     ကိုယ်က စျေးဆိုင်တခုမှာ အလုပ်လုပ်နေတယ်ဆိုပါစို့။ ဈေးဝယ်တယောက်က ပိုက်ဆံပိုပေးမိလို့ ပြန်အမ်းဖို့ လိုတယ်။ ဒီအခါမှာ သူပိုပေးလိုက်တာပဲ၊ ငါယူထားလိုက်မယ် လို့ မတွေးဘဲ၊ ဒါ သူများပိုက်ဆံ၊ ပြန်အမ်းရမယ် လို့ လုပ်ဆောင်တာက မှန်ကန်တဲ့ လုပ်ရပ်ပါပဲ။ ဒီလိုလုပ်ရပ်တွေက ကိုယ့်ကိုယ်ကို ယုံကြည်မှုကိုလည်း တိုးပွားစေပါတယ်။

     သူတပါးကို ထိခိုက်စေမယ့် လုပ်ရပ်မျိုးမလုပ်မိအောင် ရှောင်ကြဉ်ရပါမယ်။ အနည်းဆုံးအနေနဲ့ တယောက်ယောက်ရဲ့ ပစ္စည်းကို ခွင့်ပြုချက်မရဘဲ မယူမိအောင် သတိထားတာကစလို့ နေထိုင်ကျင့်ကြံကြည့်တာမျိုးပေါ့။ ဒီလိုရိုးရှင်းတဲ့ လုပ်ရပ်တွေက ကိုယ်ကျင့်
တရားကိုလဲ ပို ပိုပြီးကောင်းမွန်လာစေပါတယ်။

     ၅။မှန်ကန်စွာ အသက်မွေးခြင်း (သမ္မာအာဇီဝ)
အသက်မွေးဝမ်းကျောင်းမှုဆိုတာ ကျနော်တို့ဘဝရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတခုပါ။ သူတစ်ပါးကို ထိခိုက်နစ်နာစေတဲ့ အလုပ်ကို ရှောင်ပြီး မှန်ကန်တဲ့ အသက်မွေးဝမ်းကျောင်းမှုကို လုပ်ကိုင်ဖို့ပါပဲ။ကိုယ်က အလုပ်တခုကို ရွေးချယ်တဲ့အခါ သူများကို ထိခိုက်စေတဲ့၊ မတော်မတရား နည်းလမ်းတွေနဲ့ မလုပ်ကိုင်ဖို့ လိုပါတယ်။ 

     ကိုယ်ဟာ စီးပွားရေးလုပ်ငန်းတခုကိုလုပ်ကိုင်တဲ့အခါ ကိုယ့်ရဲ့ Customer တွေကို လိမ်ညာပြီး အမြတ်ရဖို့ မကြိုးစားဘဲ၊ သင့်တင့်မျှတတဲ့ နည်းလမ်းနဲ့ ရောင်းချတာက မှန်ကန်တဲ့ အသက်မွေးဝမ်းကျောင်းမှုပါ။ ဒီလိုလုပ်တာက ကိုယ့်ကိုယ်ကို ဂုဏ်ယူစရာဖြစ်စေတဲ့အပြင် လူမှုအသိုင်းအဝိုင်းထဲမှာလည်း ယုံကြည်မှုကို ပိုမိုရရှိစေပါတယ်။

     ကိုယ့်အလုပ်မှာ ရိုးသားမှုကို ဦးစားပေးပါ။ကိုယ့်ရဲ့ Customer ကို မလိုအပ်တဲ့ ပစ္စည်းတွေ ဝယ်ခိုင်းမယ့်အစား သူတို့လိုအပ်တာကိုသာ အကြံပေးတာမျိုး၊တပတ်မှာ တခါလောက် ကိုယ့်အလုပ်က တခြားသူတွေကို အကျိုးပြုနေရဲ့လားလို့ ပြန်သုံးသပ်တာမျိုး လုပ်ကြည့်ပါ။

     ၆။မှန်ကန်စွာ အားထုတ်ခြင်း (သမ္မာဝါယာမ)
ကြိုးစားအားထုတ်မှုက ဘဝမှာ မရှိမဖြစ်ပါ။ မှန်ကန်တဲ့ အားထုတ်မှုဆိုတာ မကောင်းတဲ့ အတွေးတွေ၊ အလုပ်တွေကို ရှောင်ကြဉ်ပြီး၊ ကောင်းမွန်တဲ့ အတွေးတွေ၊ လုပ်ရပ်တွေကို ပြုစုပျိုးထောင်ဖို့ အားထုတ်တာပါ။

     ကိုယ် ဟာ ဆိုရှယ်မီဒီယာမှာ အချိန်ဖြုန်းနေတာများနေတာ ကို သတိပြုမိရင် ဒီအချိန်တွေကို စာအုပ်ဖတ်တာ၊ ကိုယ်လက်လှုပ်ရှားမှုလုပ်တာနဲ့ အစားထိုးမယ် လို့ ဆုံးဖြတ်လိုက်တာက မှန်ကန်တဲ့ အားထုတ်မှုပါ။ ဒီလိုအားထုတ်မှုက ကိုယ့်အတွက် ပိုမိုအကျိုးဖြစ်ထွန်းတဲ့ ဘဝဆီ ဦးတည်စေပါတယ်။

     တနေ့မှာ အနည်းဆုံး ၅ မိနစ်လောက် ကောင်းတဲ့ အလေ့အကျင့်တခုကို စမ်းကြည့်ပါ။ ဥပမာ၊ အသက်ရှူလေ့ကျင့်ခန်းလုပ်တာ ဒါမှမဟုတ် တယောက်ယောက်ကို ကူညီပေးတာမျိုးပါ။မကောင်းတဲ့ အတွေးတစ်ခုပေါ်လာခဲ့ရင်ခဏရပ်ပြီး အဲဒီအတွေးကို ပြောင်းပြီး ကောင်းတဲ့ အတွေးနဲ့ အစားထိုးကြည့်ပါ။

     ၇။မှနျကနျစှာ သတိထားခြင်း (သမ္မာသတိ)
သတိဆိုတာ ဘဝရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းတခုပါ။ သတိမထားမိရင် မတော်မတရား လုပ်မိတာ၊ ပြောမိတာတွေ ဖြစ်လာနိုင်ပါတယ်။ လက်ရှိအချိန်မှာ သတိထားပြီး နေထိုင်ဖို့ပါ။ ကိုယ့်ရဲ့ စိတ်၊ ကိုယ်၊ ခံစားချက်တွေကို သိမြင်နေဖို့ပါ။သတိထားခြင်းဆိုတာ ကိုယ့်ရဲ့ ကိုယ်ခန္ဓာ၊ စိတ်ခံစားမှု၊ အတွေးတွေနဲ့ ပတ်ဝန်းကျင်ကို အချိန်တိုင်း သတိထားပြီး စောင့်ကြည့်နေတာပါ။

     ကိုယ်ဟာ စိတ်ဆိုးနေတဲ့ အချိန်မှာ အသိမိတ်ဆွေယောက်ကို စကားပြောဖို့ ကြုံလာခဲ့ရင် ဒါကိုသတိထားပြီး ငါအခု စိတ်ဆိုးနေတာ၊ ဒီစိတ်နဲ့ပြောရင် မတော်မတရား ပြောမိနိုင်တယ် လို့ ဆင်ခြင်ပြီး စိတ်ကို အေးအေးထားလိုက်ပါ။ ဒီလို သတိထားမှုက မလိုအပ်တဲ့ ပြဿနာတွေကို ရှောင်ရှားနိုင်စေပါတယ်။

     တနေ့ တနေ့ Stop, Breathe, Notice နည်းလေးနဲ့ ၅ မိနစ်လောက် သတိတရားလေ့ကျင့်ပါ။ ဥပမာ၊ အသက်ရှူသံကို သတိထားပြီး လက်ရှိခံစားမှုကို သိအောင်လုပ်ပါ။နေ့စဉ်လုပ်နေတဲ့ လုပ်ရပ်တခုကို သတိထားလုပ်ကြည့်ပါ။လက်ဆေးရင်း ရေထိတဲ့ ခံစားချက်ကို သတိထားကြည့်တာမျိုးကစပြီးတော့ လေ့ကျင့်ကြည့်ပါ။

     ၈။မှန်ကန်စွာ တည်ကြည်ခြင်း (သမ္မာသမာဓိ)
သတိရှိမှ စိတ်တည်ကြည်မှုကို ရရှိစေပါတယ်။ စိတ်
တည်ကြည်ခြင်းဆိုတာ ကိုယ့်ရဲ့စိတ်ကို တနေရာတည်းမှာ အာရုံစူးစိုက်ထားနိုင်ပြီး၊ အပြင်က အာရုံတွေကြောင့် ယိမ်းယိုင်မသွားတာကို ဆိုလိုပါတယ်။ ဒါဟာ တရားထိုင်တာနဲ့သာ ဆက်စပ်တယ်လို့ ထင်ရပေမယ့်၊ နေ့စဉ်ဘဝမှာလည်း အသုံးဝင်ပါတယ်။

     ကိုယ်ဟာ အလုပ်မှာ အရေးကြီးတဲ့ Project တခုကို လုပ်နေတဲ့အချိန်မျိုးမှာ ဆိုရှယ်မီဒီယာက အာရုံပြောင်းလဲမှုတွေ၊ ဖုန်းက မက်ဆေ့ချ်တွေကြောင့် အာရုံမစူးစိုက်နိုင်ဖြစ်နေတဲ့အခါ ဖုန်းကို ခဏထားလိုက်ပြီး၊ အလုပ်တခုတည်းကိုပဲ အာရုံစိုက်လုပ်ကြည့်ပါ။ ဒီလိုလုပ်တာက စိတ်တည်ကြည်မှုကို ဖြစ်ပေါ်စေပြီး၊ အလုပ်ရဲ့ ထိရောက်မှုကို မြှင့်တင်ပေးနိုင်ပါတယ်။

     တနေ့မှာ ၃၀ မိနစ်လောက် Meditationလုပ်ကြည့်ပါ။ အသက်ရှူသံ ဒါမှမဟုတ် သဘာဝအသံတခု ပေါ်မှာ အာရုံစူးစိုက်ထားပါ။အလုပ်တခုကို အာရုံမပြတ်ဘဲ ပြီးဆုံးအောင်လုပ်ကြည့်ပါ။ ဥပမာ၊ စာရေးရင်း ဖုန်းမကြည့်ဘဲ အပြီးသတ်လုပ်ကြည့်တာမျိုးပေါ့။

     မဂ္ဂင် ၈-ပါးကို နေ့စဉ်ဘဝထဲ ထည့်သွင်းလုပ် ဆောင်နိုင်ဖို့ ရိုးရှင်းတဲ့ လမ်းညွှန်တခုကို ဖန်တီးပေးထားပါတယ်။ ဒီ Checklist ကို နေ့စဉ်လိုက်နာရင် မဂ္ဂင် ၈-ပါးဟာ ကိုယ့်ဘဝထဲမှာ သဘာဝကျကျ လုပ်ဆောင်ပြီးသား ဖြစ်လာနိုင်ပါလိမ့်မယ်။

     မနက်မိုးလင်းချိန်မှာ ကိုယ့်အနေနဲ့ သမ္မာဒိဋ္ဌိ နဲ့နေမယ်။ဘယ်လို နေမလဲဆိုရင် ဒီနေ့ ကြုံလာမယ့် အခက်အခဲတွေက သင်ခန်းစာတွေပဲ လို့ စိတ်ထဲမှာ ပြင်ဆင်ထားပါ။ သမ္မာသင်္ကပ္ပ နဲ့လဲ နေလို့ရပါ သေးတယ်။ "ဒီနေ့ ကုသိုလ်တရားနဲ့ ကိုယ့် ကိုယ်ကို အတွက် အကျိုးရှိအောင် နေထိုင်မယ် လို့ ရည်ရွယ်ထားတာမျိုးပေါ့။

     နေ့လယ်ဘက် အလုပ်လုပ်နေတဲ့အချိန်မျိုးမှာသမ္မာဝါစာနဲ့ နေ့ကြည့်လို့ ရပါတယ်။ စကားပြောခင် ခဏရပ်ပြီး ဒီစကားက အကျိုးရှိမလား? လို့ မေးကြည့်ပါ။ ဥပမာ၊ မင်းလုပ်တာ မကောင်းဘူး အစား ဒီလိုလုပ်ရင် ပိုကောင်းမယ်ထင်တယ် လို့ ပြောတာမျိုးပေါ့။သမ္မာကမ္မန္တာ မှန်ကန်သောလုပ်ရပ်အဖြစ် ကိုယ့်အတွက်ရော တခြားသူတွေအတွက်ပါ မထိခိုက်စေမယ့် လုပ်ရပ်မျိုးတွေလုပ်လို့လဲရပါတယ်။ သမ္မာအာဇီဝဖြစ်တဲ့ကိုယ့်အလုပ်က တခြားသူတွေကို အကျိုးပြုနေရဲ့လားလို့ ပြန်စဉ်းစားပါ။

     နေ့လယ်အနားယူချိန်မှာလဲ သမ္မာဝါယာမနဲ့ နေကြည့်လို့ရတာပါပဲ။ကိုယ့်စိတ်ထဲမကောင်းတဲ့ အတွေးတခုပေါ်လာရင် ဖယ်ထုတ်ပြီး ကောင်းတဲ့ အတွေးနဲ့ အစားထိုးလိုက်တာမျိုး။သမ္မာသတိလေးနဲ့ နေရင်း ထမင်းစားတဲ့အခါ ဖုန်းမကြည့်ဘဲ အစာရဲ့ အရသာကို သတိထားစားကြည့်ပါ။ ဒါမှမဟုတ် လမ်းလျှောက်ရင်း ခြေလှမ်းတွေကို သတိထားပါ။

     ညအိပ်ရာဝင်ချိန် ရောက်လာရင်လဲ သမ္မာသမာဓိ လေးဖြစ်အောင်လို့ မအိပ်ခင် လေးမှာမိနစ်၂၀လောက်ဖြစ်ဖြစ် အသက်ရှူသံပေါ် အာရုံစူးစိုက်ပြီး တရားထိုင်ပါ။  
ဒီလို လုပ်ရင်းနဲ့ နေ့တနေ့မှာ ကိုယ့်အနေနဲ့ မဂ္ဂင် ၈-ပါးထဲက ဘယ်အချက်ကို အောင်မြင်ခဲ့လဲ၊ ဘယ်အချက်ကိုတော့ နောက်တနေ့ ပိုကောင်းအောင် လုပ်နိုင်မလဲဆိုတာ စဉ်းစားကြည့်ပါ။

    ဒီ Checklist ကို နေ့စဉ်မနက်မှာ စာအုပ်လေးထဲ ရေးမှတ်ထားပါ။ တနေ့ပြီးရင် အောင်မြင်ခဲ့တဲ့ အချက်တွေကို ခြစ်ပြီး ကိုယ်ကိုယ် ကို ချီးကျူးလိုက်ပါ။
တနေ့မှာ အနည်းဆုံး အချက် ၃ ချက်ကို ခြစ်နိုင်ရင်၊ မိတ်ဆွေတို့ရဲ့ နေ့စဉ်ဘဝဟာ တဖြည်းဖြည်း ပိုမိုအဓိပ္ပာယ်ရှိလာပါလိမ့်မယ်။

    တကယ်တော့ မဂ္ဂင် ၈-ပါးဟာ စာအုပ်ထဲမှာပဲ ပိတ်ထားရမယ့် အရာမဟုတ်ပါဘူး။ ဒါဟာ ကိုယ့်ရဲ့နေ့စဉ်ဘဝထဲမှာ ငြိမ်းချမ်းမှု၊ ကိုယ်ကျင့်တရားနဲ့ ဉာဏ်ပညာကို တဖြည်းဖြည်း စိုက်ပျိုးပေးမယ့် လက်တွေ့လမ်းညွှန်တခုပါ။ 

    ဒီ Checklist လိုမျိုး ရိုးရှင်းတဲ့ အလေ့အကျင့်လေးတွေနဲ့ စတင်လိုက်ရင်၊ မိတ်ဆွေတို့ရဲ့ဘဝဟာ တဖြည်းဖြည်းနဲ့ အလင်းထဲ ဝင်လာမှာပါ။ တနေ့မှာ တဆင့်ချင်း လုပ်ဆောင်ရင်း၊ မြတ်စွာဘုရားရဲ့ လမ်းညွှန်မှုကို မိတ်ဆွေတို့ရဲ့ ဘဝထဲ အသက်သွင်းလုပ်ဆောင်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်ခင်ဗျာ။

#NobleEightfoldPath
#DharmaWheel
#PathToEnlightenment 
#ZinMaungMaung

မိမိကိုယ်ကိုချစ်တတ်ပါစေ

မိမိကိုယ်ကိုချစ်တတ်ပါစေ
🌺🌺🌿🌺🌺🌿🌺🌺🌿

 'ပိသုနဝါစာ' တဖက်သားကိုအပြစ်မြင်ပြီးပြောတာ ပိသုနဝါစာ သီလပျက်တယ်။ သီလပျက်တဲ့ပုဂ္ဂိုလ်ဟာ သတ္တိညံ့သောကြောင့် နိဗ္ဗာန်နဲ့ဝေးတာပဲ။ အပူဓာတ်ဆိုတော့ ရုပ်တွေကကြည်ပါ့မလား စိတ်ကောလင်းပါ့မလား... ဝိပဿနာဉာဏ်မလာဘူးလေ။ 

 ကျန်တဲ့အချိန်တွေမှာ တဖက်သားကို အပြစ်တွေခဏခဏမြင်နေတယ်၊ အပြစ်တွေပြောနေတယ်ဆိုတဲ့ ပုဂ္ဂိုလ်က မဂ်နဲ့အဝေးကြီးပဲ ဘာမှမဆိုင်ဘူး။ သဘောပေါက်လား ထိုင်တုန်းခဏလေး ထိုင်သာထိုင်တယ် ဘယ်လင်းမလဲ.. သီလပျက်မှတော့ ရှေ့ရပါ့မလား.. မရဘူးလေ။

 ယောဂီအချင်းချင်းတောင်မှ အတင်းပြောတာရှိသေးတယ်... ယောဂီအချင်းချင်းအတင်းပြောတယ်ဆိုတာ "ဟိုယောဂီက စကားများနေတယ် တရားမမှတ်ဘူး လို့ပြောတယ်" သူကရောမှတ်လို့လား မမှတ်လို့လား။ မမှတ်လို့မြင်တာပေါ့ မှတ်ရင်ဘယ်မြင်မလဲ.. ယောဂီအတင်းပြောတာအဲ့ဒါပြောတာ။  

 "ဟိုယောဂီက စကားများနေတယ် တရားမမှတ်ဘူး ယောဂီနဲ့မတူဘူးလို့" သွားပြောလိုက်တယ်ဆိုရင် သူကလည်း အဲ့အချိန်မှာ တရားမှတ်သလား? ဟိုက ဘာသိဘာသာပြောတဲ့ ပုဂ္ဂိုလ်က အပြစ်မရှိဘူး။ 

 ကိုယ်ကအထင်သေးပြီး အပြစ်တင်တာ ပိုတောင်ဆိုးသေးတယ်။ သဘောပေါက်လား ယောဂီအချင်းချင်း အတင်းပြောတာ သဘောပေါက်တယ်နော်။

 အဲတော့ ကိုယ့်ကိုယ်ကိုသိပါ.. ကိုယ့်ကိုယ်ကိုအကဲခတ် လက်တွေ့မှာလည်း ကျင့်သုံးရမှာလေ။ ဘယ်သူ့ကြည့်လိုက် ကြည့်လိုက် မှတ်ထားနော် မပြိုင်ရဘူး။ သူသူငါငါတွေ ယှဉ်ပြိုင်ပြီးတော့မှ ဂုဏ်တွေထည့်လိုက်ရင် အပြစ်တွေပေါ်မလာဘူးလား။ ကိုယ်လိုချင်တဲ့ပုံစံမရရင်ပဲ အပြစ်တွေမြင်မလာဘူးလား။ 

 ကြာတော့ ဝါသနာထုံရင် အားမွေးတာကိုက ကြည့်တော့မယ်ဆိုရင် မျက်လုံးထဲမှာ အားမွေးထားတာက အပြစ်ဖော်ရေး နှိမ့်ချမြင်ရေး ငါ့ကောင်းကြောင်းနဲ့ သူ့မကောင်းကြောင်း ဖြစ်ရေးကများမနေဘူးလား? ကြာတော့ ဝါသနာဆိုးတွေ ဖြစ်မနေဘူးလား။ ရှေ့ကိုတက်ပါ့မလား။ သဘောပေါက်လား။

 သူများမကောင်းကြောင်း စပြောကြည့် လိုက်လာတာတွေ အများကြီးပြောတာပဲ ကောင်းကြောင်းရှာဆို ထွက်မလာဘူး။ အဲတော့မှတ်ပါ ကိုယ့်ကိုယ်ကိုစောင့်ရှောက်ရမှာတဲ့။ တခါ ကိုယ်မျိုးစေ့ကို ကောင်းအောင်လုပ်ရမှာလေ။ မေတ္တာဆိုတာ အဲ့အတွက်ပါပဲ။ ကိုယ့်ကိုယ်ကိုလည်း ဒုက္ခမပေးရဘူး။ 

 တဖက်သားကို အပြစ်တွေမြင်လို့ နုလုံးသွင်းလိုက်ရင် ရင်ထဲမှာ အေးမလား ပူမလား (ပူပါတယ်ဘုရား) အမုန်းဓာတ် လာဘ်ပိတ်ဓာတ် သဘောပေါက်လား.. အနာဂတ်မှာ ခဏခဏအဲ့ဒါတွေ များလာရင် လုပ်ငန်းတွေပျက်ကုန်ရော အလုပ်တွေမကောင်းတော့ဘူး။ အရင်းတွေပြုတ်ကုန်လိမ့်မယ်။ 

 ဘာလုပ်စာရမှန်းမသိအောင်ဖြစ်တယ်ဆိုတာ တခြားကြောင့်မဟုတ်ဘူး အမြဲတမ်း ကြည့်လို့ချင်ရင် ကွာဟတိုင်း ကွာဟတိုင်း အပြစ်ပဲမြင်နေတာ တန်ဖိုးထားတာမလာတော့ဘူး။ 

 အမှန်ဖြစ်ရမှာက တဖက်သားရင်ထဲမှာ စိတ်တိုင်းကျ ပျော်ပြီး ၀မျးသာပွီး အောင်မြင်တာလေး မြင်ယောင်ရမှာ။ အဲ့ဒါ မလာမှ မလာတာကြီးကို သဘောပေါက်လား။ တခါ မိခင်နေရာနေပြီးတော့ တဖက်သားကို အပြည့်အ၀နားလည်ပြီးတော့ တန်ဖိုးထားပြီး ချစ်စိတ်ကလေးပေါ်လိုက်လလို့ချင်ရင်လည်း ကိုယ်ရတာပေါ့။ 

 အဲဒါလည်း မကျင့်ကြဘူးလေ.. သဘောပေါက်လား အဲ့အခြေခံမပါဘဲ သီလလုံပါ့မလား။ သီလမလုံရင် သမာဓိဖြစ်ပါ့မလား။ မဂ်ဉာဏ် ဖိုလ်ဉာဏ်ရောရပါ့မလား အဝေးကြီပဲ သဘောပေါက်ရဲ့လား နားလည်တယ်နော်။ 

 ဒါဖြင့်ရင် ကိုယ့်ကိုယ်ကိုယ် အရင်စောင့်ရှောက်ရမှာ ။ မေတ္တာမှာက "အဟံအဝေရော ဟောမိ" ကိုယ့်ကိုယ်ကိုအေးအောင် အရင်နေရမှာလေ။ အေးဖို့ဆိုတာထက် အစာစားမမှာဖို့လိုတာပေါ့ စိတ်အစာစားတာပြောတာနော် တွေးတာပြောတာ။ 

 တွေးလိုက်ရင် ဘယ်သူဖြစ်ဖြစ် အပြစ်မရှာဘဲ ခွင့်လွှတ်ပြီး နားလည်ပေးရင် အေးမလာဘူးလား အဲဒါကိုယ့်ကိုယ်ကိုစောင့်ရှောက်တယ်ခေါ်တယ်။ သဘောပေါက်လား ကိုယ့်ကိုယ်ကိုတောင် မချစ်လို့ မိုလို့ပူအောင်တွေးတာလေ။

 မနက်မိုးလင်းလာရင် ဘုရားတော့ရှိခိုးပါရဲ့.. လှည့်လိုက်တာနဲ့ ဆူစရာပူစရာပေါ်လာပြီး ပြောပြီဆိုရင် ကိုယ့်ကိုယ်ကို ပူအောင်တွေးနေတာ။ ကိုယ့်ကိုယ်ကိုဖျက်ဆီးနေတာလေ.. ကိုယ့်အနာဂတ်ဖျက်ဆီးတယ်ခေါ်တယ်။ ကိုယ့်ကိုယ်ကိုချစ်တဲ့ ပုဂ္ဂိုလ်က ပူအောင်တွေးပါ့မလား။ ကိုယ့်ကိုယ်ကိုလည်း မချစ်တတ်ကြဘူး ခက်တာက။

 ကိုယ့်ကိုယ်ကို မချစ်တတ်တာ ခေါ်တယ်။ အတွေးမျိုးစေ့က လောလောဆယ်လည်း ပူလောင်တယ်၊ အနာဂတ်မှာလည်း ဆိုးဆိုးလာမှာဖြစ်သောကြောင့် ကိုယ့်ကိုချစ်တဲ့ ပုဂ္ဂိုလ်က ဘယ်လို ပူအောင်တွေးမလား မျက်ရည်ကျအောင်တွေးတဲ့အလုပ် လုပ်အုန်းမှာလား။ 

ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး
🙏🙏🙏

 မိမိကိုယ်ကို ချစ်တတ်ပါစေလေ တရားတော်မှ ကောက်နှုတ် ဖေါ်ပြခြင်း ဖြစ်ပါသည်။

Credit

ဝိပဿနာဉာဏ်ဆိုတာ

ပါမောက္ခချုပ်ဆရာတော်ကြီး ရှင်းပြထားသလို ဝိပဿနာဉာဏ်ဖြစ်ပုံကို သဘောပေါက်နားလည်သွားပြီဆိုရင် တရားအားထုတ်ရတာလွယ်ကူချောမွေ့သွားပါပြီ....။

ဝိပဿနာဉာဏ်ဆိုတာ..
🍁🍁🌿🍁🍁🌿🍁🍁🌿

ဝိပဿနာ၏အာရုံသည် ပညတ်တွေမဟုတ်ဘူး။ 
ရုပ်နှင့်နာမ်သာဖြစ်သည်။

ဘယ်နေရာမှာပဲဖြစ်ဖြစ် 
သမုဒါစာရ   လောဘစိတ် မဖြစ်ဘဲ ကုသိုလ်စိတ်သာ ဖြစ်ရမယ် ဆိုတဲ့ အလေ့အကျင့်လေး လုပ်ထားဖို့ လိုအပ်တယ်ပေါ့။ အလေ့အကျင့်လေး လုပ်ထား။

အလေ့အကျင့်ကြောင့် လူတွေမှာ ထက်မြက်တဲ့ပညာဉာဏ်တွေ ဖြစ်သွားတာမျိုးရှိတယ်။

ဒါကြောင့်မို့ အလေ့အကျင့် ကောင်းတွေကို ကိုယ်ကိုယ်တိုင်က လုပ်ထားဖို့ လိုအပ်တယ်ပေါ့။ 

ငါတစ်ယောက်တည်း အားနေတယ်... ဘာနှလုံးသွင်းမလဲ ဆိုတဲ့ အလေ့အကျင့်ကောင်းတစ်ခု လုပ်ထား။ 

အားနေရင် တောင်တွေးမြောက်တွေး တွေးမှာပဲလေ။ လူဆိုတာ တွေးနေကျဆီ တွေးမှာပဲ။ 

သေသေချာချာ ကိုယ့်ကိုယ်ကို လေ့လာဆန်းစစ်ကြည့်။ 

အိပ်ရာထဲအိပ်တော့မလို့ အိပ်ရာဝင်ပြီဆိုရင်တစ်ယောက်တည်း ဘာတွေတွေးလေ့ရှိသတုန်း ကိုယ့်ဟာကိုမေးပြီး မင်းဘာတွေစဉ်းစားတုန်းလို့ ကိုယ့်ဘာသာကိုယ် အဖြေထုတ်ထား နေ့တိုင်း။ 

အဲ့သလို မေးလိုက်ရင် အဖြေထွက်လာမှာပဲ ကိုယ်စဉ်းစားနေတာတွေဟာ ဘာတွေတုန်းဆိုတာ။ အထူးအဆန်းမရှိလို့ရှိရင် စဉ်းစားနေကျတွေ ပြန်စဉ်းစားနေတယ် အဲ့ဒီ့အချိန်။ 

အဲ့တော့ အဲ့ဒီ့အချိန်လေးမှာ တန်ဖိုးရှိတာတွေ ပြန်တွေးလိုက်မယ် နော်။ 

အဲ့တော့ တန်ဖိုးရှိအောင် ဘယ်လိုတွေးရတုန်းဆိုတော့
အဋ္ဌကထာမှာ အသမ္မောဟ သမ္ပဇဉ်ညဆိုတာနဲ့ ပတ်သက်ပြီးတော့ တွေးတောဆင်ခြင်ပုံလေးကို "နည်းလမ်း" ပေးထားတာ ရှိတယ်။ 

ခေါင်းအုံးပေါ် ခေါင်းလှဲပြီးတော့ ချလိုက်တယ်။ အဲ့ဒီအချိန် စိတ်ထဲကနေ ခေါင်းအုံးကို သတိထားလိုက်တယ်။ 

ဪ.... ခေါင်းအုံးလေးဟာ သူ့အနေနဲ့ ငါ့အပေါ် လူတစ်ယောက်ရဲ့ ခေါင်းကြီး တင်နေပါလားလို့ သူမသိဘူးတဲ့။ ဟောဒီ ဦးခေါင်းကလည်း သူဟာ ခေါင်းအုံးပေါ်ရှိနေပါလားလို့ သူ မသိဘူးတဲ့။ 

အိပ်ရာကြီးကလည်း ငါ့အပေါ် လူတစ်ယောက် အိပ်နေပါလားလို့ သူမသိဘူးတဲ့။ 

ခန္ဓာကိုယ်ကြီးကလည်း သူဟာ အိပ်ရာကြီးအပေါ် လှဲအိပ်နေပါလားလို့ မသိဘူးတဲ့။ 

သိတာက သူ့သန္တာန်မှာဖြစ်တဲ့ နာမ်တရားကသာ သိတယ်။ 

ဟော... ရုပ်နဲ့နာမ်ကို ခွဲပြီးကြည့်တာ နော်။ 

အဲ့သလို ကြည့်လို့ရှိရင်လည်း အသမ္မောဟ သမ္ပဇဉ်ဉာဏ် ဆိုတာတဲ့ သတိ သမ္ပဇဉ်ဉာဏ်ဖြစ်တယ် လို့ ဆိုလိုတယ်။ 

လုပ်ကြည့်ပေါ့ ဒီအလေ့အကျင့်တစ်ခု။ ဒါလည်း ဝိပဿနာတရားပဲ။ 

ဒါတွေကို အားမထုတ်ဘဲနဲ့ ရိပ်သာသွားပြီးတရားထိုင်၊ တရားစခန်းဝင်ကြတယ်။ ဝင်ပြီးလျှင် များသောအားဖြင့် အဲ့အချိန်လေးသမာဓိလေးရအောင် လောက်သာ ကြိုးစားပြီး ပြန်လာကြတယ်ပေါ့ နော်။ 

သမာဓိဆိုတာ ထွက်လေဝင်လေစတဲ့ အာရုံလေးတစ်ခုအပေါ် စိတ်ကိုကပ်ထားတဲ့အချိန်လေးပဲ ဖြစ်တာ။ သမာဓိဆိုတာ အာရုံနဲ့ စိတ်ဖြုတ်လိုက်တာနဲ့ တပြိုင်နက် ပျောက်သွားပြန်ရော။ 

ဝိပဿနာဆိုတာက အဲ့သလိုပျောက်သွားတာမဟုတ်ဘူး။ ဝိပဿနာဆိုတာ အသိဉာဏ်။ ဆင်ခြင်စဉ်းစားပြီး မှန်ကန်တဲ့အတွေးနဲ့ ကပ်နေတာ။ 

ဒါကြောင့်မို့ မြတ်စွာဘုရားဟောတဲ့ မဂ္ဂင်ရှစ်ပါးမှာ သမ္မာဒိဋ္ဌိနဲ့ သမ္မာသင်္ကပ္ပက ကပ်နေတာ။ အတွေးနဲ့ အမြင်ဆိုတာ ကပ်နေတာ။ အဲ့တော့ တရားနဲ့ပတ်သက်ပြီး များများတွေးပေးရတယ်။ များများတွေးပေးရင် သိတဲ့အသိတွေဟာ ထင်ထင်ရှားရှားကြီးဝင်လာတယ်။ 

ဝိပဿနာအလုပ်ဆိုတာ တွေးကို တွေးရတယ်။ 

အချိန်မရှိလို့ တရားအားမထုတ်နိုင်ဘူးလို့ ဆင်ခြေမပေးနဲ့နော်။ 

ဝိပဿနာတရားဆိုတာ ဘယ်နေရာဖြစ်ဖြစ်၊ စားရင်းဖြစ်ဖြစ်၊ သွားရင်းဖြစ်ဖြစ် အားထုတ်လို့ရတယ် နော်။

တီရဏပရိညာ ဝိပဿနာ တရားတော် (၂၈.၁၀.၂၀၁၆) 
ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
#ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
🙏🙏🙏

#ပါချုပ်ဆရာတော် #တရားမှတ်စု #KhinThuThuAungSan

တကယ့်အန္တရာယ်

တကယ့်အန္တရာယ်
-------🍂🍃🍂------

စိတ်ပူတယ်ဆိုတာ 
တကယ်တော့ စိတ်က ပူတာ မဟုတ်ဘူး။ 

စိတ်ထဲမှာ ဖြစ်တဲ့ ကိလေသာတွေကြောင့် ပူတာ။

လူတွေဟာ စိတ်ပူတတ်ကြတယ်။
 
အဲဒီစိတ်ပူတာတွေဟာ ကိလေသာတွေ မပယ်နိုင်သေးလို့ စိတ်ပူတာပဲဖြစ်တယ်။

တဏှာကို ဖယ်ရှားလိုက်မယ်၊ သံသယကို ဖယ်ရှားလိုက်မယ်။

ကျန်တဲ့ ကိလေသာတွေကို ဖယ်ရှား လိုက်မယ်ဆိုရင် 
ဘယ်အတွက်မှ စိတ်ပူစရာမရှိဘူး။

စိတ်နှလုံးဟာ အေးချမ်းသွားမှာပဲ ဖြစ်တယ် ဘယ်အတွက်မှ ဘေးရန်အန္တရာယ်တွေ ဖြစ်နေတာ မရှိတော့ဘူး။

ဘေးရန်ကင်းကွာ,အန္တရာယ်ဆိုတာမရှိတော့ဘူး။

အန္တရာယ်ဆိုတဲ့အထဲမယ် အတွင်းအန္တရာယ်၊ အပြင်အန္တရာယ်လို့ ဒီလို ၂-ခုမှတ်သားရမယ်။

အဲဒီအန္တရာယ် ၂-ခုထဲမှာ အတွင်းအန္တရာယ်က
ပိုကြောက်စရာကောင်းတယ်။

ဆိုလိုတာက လူတွေဟာ အတွင်း အန္တရာယ်ကို 
သိပ် မကြောက်ဘူး။

အပြင်အန္တရာယ်ကိုပဲ ကြောက်နေတယ်။ဘေးရန်ဆိုလို့ရှိရင်လည်း အပြင်ကလာတဲ့ဘေးရန်ကိုပဲ ကြောက်တယ်။

အတွင်းမှာရှိတဲ့ရန်က ပိုကြောက်ရမှာဖြစ်တယ်။ 

ဘာလဲဆိုရင် ကိုယ့်စိတ်မှာ မပယ်နိုင်သေးတဲ့ လောဘတွေ၊ဒေါသတွေ၊ မောဟတွေ။ 

အဲဒီ ကိလေသာတွေဟာ တကယ့် အန္တရာယ်ပြုမယ့်
 ဘေးရန်တွေပဲ ဖြစ်တယ်ပေါ့။

အပြင်ကလာတဲ့ဘေးရန်အန္တရာယ်ဆိုတာ ကိုယ့်ကို အပါယ် ဆွဲမချနိုင်ဘူး။လုံခြုံအောင် နေလို့ရတယ်။
ရှောင်တိမ်းလို့ရတယ်။

အတွင်းရန်ဆိုတာ ရှောင်တိမ်းလို့မရဘူး။

ကိလေသာတွေ ဖယ်ရှားနိုင်အောင် ကြိုးစားမှအတွင်း ရန်ဆိုတာ အေးမယ်။ 

အဲဒီ အတွင်းရန်အေးမှ ငြိမ်းချမ်းတဲ့အဆင့်ကို
ရောက်နိုင်တယ်။

ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

#Crd

Saturday, January 24, 2026

ခန္ဓာဆိုတာ

*အငှားမျှသာ၊ဤခန္ဓာ ၊ချိန်ခါစေ့လျှင်
 ပြန်အပ်ရ။

ဒီခန္ဓာကြီးက မရဏထံက ခဏ ငှား
ထားတဲ့ ခန္ဓာကြီးဗျ၊ကန့်သတ်ချိန်စေ့
တော့ မရဏလက်ထဲ ပြန်အပ်လိုက်ရ
မှာ။

*အငှားကိုပင်၊အပိုင်ထင် ၊အမြင်လွဲ၍
 မေ့တတ်ကြ။

အငှားခန္ဓာကြီးကို အပိုင်ထင်ပြီးတော့
အမြင်တွေလွဲပြီး ကုသိုလ်အလုပ်, တ
ရားအလုပ် မခိုင်းဖြစ်ပဲ ဘုရားမေ့,တ
ရားမေ့,ကုသိုလ်မေ့ မေ့လျော့နေရင်-

အချိန်စေ့လို့ မရဏလက်ထဲ ပြန်အပ်
လိုက်ရတဲ့အချိန်မှာ ရှေ့ကိုလှမ်းမျှော်
ကြည့်တော့ အပါယ်ဘေးကြီးက ဆီး
ကြိုလို့၊

နောက်ကို လှမ်းမျှော်ကြည့်တော့လဲ
အားကိုးစရာ. ကောင်းမှုတရားစွမ်း
အားက ဘာဆိုဘာမှ ပါမလာ၊ခြေမ
ကိုင်မိ လက်မကိုင်မိ ပူလောင်ခြောက်
ခြားရတတ်တယ်ဗျ။

*လိမ္မာပါးနပ်၊အသုံးတတ်၊ပြန်အပ်ချိန်
 မှာ စိတ်အေးရ။

သိတတ်တဲ့ အရွယ်ကစလို့ ကောင်းမှု
တရားများကို အသိဥာဏ် ပါပါနဲ့ စိတ်
ဝင်တစား ပြုလုပ် ကြိုးစား အားထုတ်
ထားသူအတွက်တော့. " သေရမှာ ငါ
ဘာကြောက်ဖို့ လိုသေးလဲ"လို့ ကြုံးဝါး
ရဲအောင် သတ္တိရှိလာလိမ့်မယ်။

ကောင်းမှုတရားက အနေရဲစေတယ်၊
အသေရဲစေတယ်၊အသေဖြောင့်တယ်၊
ဘဝကူး စိတ်အေးရတယ်၊ သန်တုန်း,
မြန်တုန်း, ကျန်းမာရေးကောင်းတုန်း
ကောင်းမှုတရားတွေကို အစွမ်းကုန်
ပြုလုပ် စုဆောင်းထားကြဗျ။

နောက်ဆုံးတော့ ဒီခန္ဓာကြီးဟာ မြေ
မြှုပ် မီးရှို့ပစ်ရမှာ၊ဘာမှ အသုံးမကျ
တော့ဘူး၊အသုံးချလို့ ရတဲ့အချိန်လေး
မှာ လိမ္မာ ပါးနပ်စွာ အသုံးချထားမှဖြ
စ်မှာ။

မရဏက အချိန်မရွေး, အရွယ်မရွေး
လာခေါ်နိုင်တယ်ဗျ၊မရဏ လာခေါ်ချိ
န် ကောင်းမှုတရားအပြည့်နဲ့ လိုက်ပါ
နိုင်အောင် ကောင်းမှုတရားများကို ရ
သလောက် ခြစ်ကုတ်ယူထားကြဗျ။

မရဏလာခေါ်တဲ့အခါ ဘယ်သူမှငြင်း
ပယ်ခွင့်မရှိဘူး၊"ကောင်းမှုတရား မပြ
ည့်စုံသေးလို့ နောက်ထပ် တစ်နှစ်လောက်
 ကောင်းမှုတရားပြုလုပ်ဖို့ ဆိုင်းငံ့ပေးပါ

"ကျွန်တော်,ကျွန်မတို့မှာ သားလေး,
သမီးလေး ငယ်နေသေးလို့ပါ ဆိုင်း
ငံ့ပေးပါဦး"လို့ လုပ်လို့မရတော့ဘူး
ဗျ။
မရဏကလဲ ပြန်ပြောမှာပေါ့၊"အချိန်ရှိ
စဥ်တုန်းက ကောင်းမှုတရား မပြုလုပ်
ပါနဲ့လို့ ဘယ်သူ တားထားလို့လဲ " ငါ
လိုက်ခဲ့ဆို လိုက်ခဲ့၊ငါ့ကို ဘာမှ ဆင်
ခြင်မပေးနဲ့လို့ ပြောပြီး အတင်းဆွဲ
ခေါ်သွားမှာပဲဗျ။

သေခြင်းတရားဆိုတာ အဝေးကြီးမှာ
မဟုတ်ဘူးနော်၊ကိုယ့်ရဲ့ လက်တကမ်း
လေးမှာ အမြဲ ရှိနေတယ်ဆိုတာလေး
လဲ အမြဲ သတိပြု ဆင်ခြင်ကြဗျ။

  တိပိဋက ယောဆရာတော် ဩဝါဒ
       အရှင်ပညာတိက္ခ(ယော)

Friday, January 23, 2026

ကိုယ်ချည်သလောက် ကိုယ်ပြန်ဖြည်ရလိမ့်မယ်

ကိုယ်ချည်သလောက်
      ကိုယ် ပြန်ဖြည်ရလိမ့်မယ်  
  =================

များများ ပိုင်တော့
များများ ထားခဲ့ရမှာပဲလေ။
များများ ထားခဲ့ရရင်
များများ စိတ်ဆင်းရဲရမှာနော်။

ပုထုဇဉ်သဘာဝကို 
ပြောပြတာ ဟုတ်လား?
စဉ်းစားကြည့် စဉ်းစားကြည့်-

တစ်ချို့လူတွေဟာ 
ကိုယ့်ဟာကိုယ် အသေခက်အောင် လုပ်နေတာလေ။

သံယောဇဉ်တွေ များသထက်
များအောင် လုပ်တယ်။
ပိုင်ဆိုင်မူတွေ များသထက်
များအောင် လုပ်တယ်။
သေခါနီး အဲဒါတွေ ခွဲရမှာ။

ခွဲရပြီးဆိုတော့ နဂိုတုန်းကမှ
လိုချင်လွန်းလို့ ရှာထားတဲ့ကိစ္စ
အဲဒါ ဒုက္ခရောက်တော့တာပဲ။

ဒါကြောင့် ကိုယ်ချည်သလောက် 
ကိုယ်ပြန် ဖြည်ရလိမ့်မယ်။

ကိုယ် ရှုပ်သလောက်
ကိုယ် ပြန်ရှင်းရလိမ့်မယ် ဆိုတာ
 တွက်ထား။

သစ္စာရွှေစည်ဆရာတော်

Credit >> Original uploader >> thanks

မိဘဂုဏ် ၁၃ ပါး

မိဘဂုဏ်(၁၃)ပါး
🌸🍃🌸🍃🌸🍃
(၁) သုဟဒယဂုဏ်
     - အရိုး ၊အကြော ၊အသွေးသားထဲက စိမ့်ပြီး
       သားသမီးကို ချစ်ခြင်း။

(၂) ဗြဟ္မာဂုဏ်
    - မတျတော ၊ကရုဏာ၊ မုဒိတာ၊ ဥပကျခော 
      လေးပါးနှင့် စောင့်ရှောက်ခြင်း။

(၃) ဇနေတ္တိဂုဏ်
 - အသက်စွန့်ပြီး မွေးသော အမေ 
 - အသက်စွန့်ပြီးရှာကျွေးသော အဖေဖြစ်ခြင်း။

(၄) ပေါသကဂုဏ်
 - အေးမြပြီး သန့်ရှင်းကြည်လင်သော 
     မိဘနှစ်ပါးဧ။် အရိပ် ရခြင်း။

(၅) ပေါသနန္တိဂုဏ်
 - လေပူနေပူ အအေးဒဏ်မျိုးစုံကို 
     ကာကွယ်ပြီးပြုစု စောင့်ရှောက်ပေးခြင်း။

(၆) ဒထောရာဂုဏ်
 - စကားပြောသင်ခြင်းမှအစ ဘုရားရှိခိုးနည်း 
      ဆွမ်းကပ်နည်း ကြီးသူကိုရိုသေ 
      ငယ်သူကိုညှာတာတတ်အောင် သင်ကြားပေးခြင်း။

(၇) အာပါဒကာဂုဏ်
- ဘေးရန်းကင်းစေရန် အသက်စွန့်ပြီး 
    ကာကွယ်စောင့်ရှောက်ခြင်း။

(၈) တေသယန္တိဂုဏ်
  - တေးသီချင်းတို့ဖြင့် သံငြိမ့်ညူးရင်း 
      နှစ်သိမ့်တတ်ခြင်း။

(၉) ပုဗ္ဗာဒေဝတာဂုဏ်
      အိမ်ဦးနတ် ဖခင် ၊ မိခင် ဖြစ်ခြင်း။

(၁၀) ပုဗ္ဗာစရိယဂုဏ်
  - လက်ဦးဆရာမည်ထိုက်စွာ 
စာရိတ္တမပျက်စီးစေရန် ဘာသာရေးနှင့်သိမ်းသွင်းခြင်း။

(၁၁) ဂေါပါယန္တိဂုဏ်
  - စားဝတ်နေရေး ပညာရေး 
        မပူပင်ရအောင် လုပ်ဆောင်ပေးသော
        အေးသောအရိပ်ပေးခြင်း။

(၁၂) အာယုနေယျဂုဏ်
  - ပစ္စည်း လေးပါးဖြင့် ကန်တော့ခံရသည့် 
        ပုဂ္ဂိုလ်ဖြစ်ခြင်း။

(၁၃) အနာမဋ္ဌဂုဏ်
ရဟန်းဆွမ်းဘုဉ်းမပေးမီ မိဘနှစ်ပါးအား အရင်ဆုံး
ဆွမ်းစားစေခြင်း အခွင့်ရရှိသော မိဘနှစ်ပါး
ဖြစ်ခြင်းတို့ ဖြစ်ဧ။်

        Natkan Temple
CRD....... original writer

ငွေကြေးမရှိသော်လည်းလှူ ဒါန်းနိုင်သော အလှူ ဒါန (၇)မျိူး

ငွေကြေးမရှိသော်လည်းလှူ ဒါန်းနိုင်သော အလှူ ဒါန (၇)မျိူး
************************

အခါတပါး၌ လူငယ်တစ်ယောက်သည်
မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ "အကျွန်ုပ်သည်
မည့်သည့်အရာကိုပဲလုပ်လုပ် မအောင်မမြင် ဖြစ်နေပါသည်။ အဘယ်ကြောင့် မအောင်မမြင် ဖြစ်နေပါသနည်း"ဟု မေးလျှောက်သည်။
ထိုအခါ မြတ်စွာဘုရားက "အသင်သည်
အလှူ ဒါန မပြုတက်၍ ဖြစ်သည်"ဟု ဖြေကြားတော်မူသည်။

"ငွေကြေး တစ်ပြားတစ်ချပ်မျှ မရှိသောဆင်းရဲသား ကျွန်ုပ်အဖို့ မည်ကဲ့သို့ အလှူ ဒါန ပြုနိုင်ပါမည်နည်း"ဟု လူငယ်က ပြန်လည် လျှောက်တင်သောအခါ -

"အသင် ဤသို့မဟုတ်သည်ကို မှတ်သားလော့။
တစ်ဦးတစ်ယောက်သောသူသည် ငွေကြေးမရှိသော်လည်း သူတစ်ပါးကို ပေးကမ်းနိုင်သောအလှူ ဒါန (၇)မျိူးရှိသည်"။
ထို(၇)မျိူးမှာ -

(၁) မျက်နှာဟန်အမူအရာဖြင့် အလှူ ဒါနပြုခြင်း
-------------------------------------------------
- အပြုံးဖြင့်ဖော်ရွေစွာ ဆက်ဆံခြင်း။

(၂) နှုတ်ဖြင့် အလှူ ဒါနပြုခြင်း
------------------------------
- အားပေးစကား၊ နှစ်သိမ့်စကား၊ ချီးကျူးစကား ညှာတာစကား၊ နွေးထွေးသောစကားများ ပြောဆိုခြင်း။

(၃) စိတ်ဖြင့် အလှူ ဒါနပြုခြင်း
------------------------------
- စိတ်တံခါးကိုဖွင့်၍ သူတစ်ပါးကို ပွင့်လင်းရိုးသားစွာ ဆက်ဆံခြင်း။

(၄) အမြင်ဖြင့် အလှူ ဒါနပြုခြင်း
--------------------------------
- ကောင်းသောစေတနာ အမြင်ဖြင့် သူတပါးကိုကြည့်မြင်တတ်ခြင်း။

(၅) ကာယလုပ်အားဖြင့် အလှူ ဒါနပြုခြင်း
------------------------------------------
- ကိုယ်နိုင်နင်းသော လုပ်ဆောင်ပေးမှုဖြင့်
သူတစ်ပါးကို ကူညီခြင်း။

(၆) နေရာထိုင်ခင်း အလှူ ဒါနပြုခြင်း
-------------------------------------
- လှေစီး၊ ကားစီးသည့်အခါ မိမိထိုင်ခုံနေရာကိုအိုမင်းမစွမ်းသူ၊ ကိုယ်ဝန်ရှိသူနှင့် ကလေးငယ်တို့အား မိမိ၏ထိုင်ခုံနေရာကို ထိုင်စေခြင်း။

(၇) နေအိမ် အလှူ ဒါနပြုခြင်း
------------------------------
- မိမိ၏ အိမ်နေရာကို သူတပါးတို့ အနားယူရန်ပေးကမ်းခြင်း။

မည်သူမဆို ဤအလှူ ဒါန (၇)မျိုးသောကောင်းမှုကုသိုလ်ကို ပေးကမ်းလေ့ရှိသည့် အကျင့်ကောင်းရှိလျှင် အောင်မြင်ခြင်းသည် ထက်ကြပ်မကွာ လိုက်ပါလာမည်သာဖြစ်ပါသည်။

ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ။

Thursday, January 22, 2026

ခြောက်ပါးမြောက် ရဟန္တာဖြစ်တဲ့ ယသသူဌေးသား

ပဉ္စဝဂ္ဂီငါးပါးပြီးရင် ခြောက်ပါးမြောက် ရဟန္တာဖြစ်တဲ့ ယသသူဌေးသားရဲ့ အတိတ်ဘဝက ပါရမီကုသိုလ် တန်ဖိုးရှိတဲ့သံဝေဂအတွေးလေးများ

ပါချုပ်ဆရာတော်ဘုရားဟောကြားသောဘဝဆည်းဆာ ကရုဏာတရားတော်မှ

ယသ သူဌေးသားရဲ့ အတိတ်ဘဝက ကံအကြောင်းကို အားလုံး သိကြမယ်ထင်တယ်။ ယသ ဆိုတာ ဗာရာဏသီပြည်က ဖြစ်တယ်။ 

ပဉ္စဝဂ္ဂီငါးပါးကို ဓမ္မစကြာတရား ဟောပြီးတဲ့နောက်မှာ ခြောက်ပါး မြောက် ရဟန္တာဖြစ်တာက ယသ သတို့သား ဖြစ်တယ်။ 

အဲဒီ ယသ သတို့သားဟာ ဗာရာဏသီ ပြည်မှာ အလွန်ချမ်းသာတဲ့ သူဌေးသားတစ်ယောက် ဖြစ်တယ်။ 

အဲဒီ သူဌေးသားဟာ တစ်ညလုံး ကပြဖျော်ဖြေ နေတဲ့ ကပွဲပြုလုပ်ရာ အခန်းထဲမှာ အိပ်ပျော်သွားတာ ပေါ့။ 

ညသန်းခေါင်ကျော် နိုးလာတဲ့အခါမှာ သူဌေးသား ရဲ့စိတ်ထဲမှာ အိပ်နေသူတွေကြည့်ပြီး သုသာန်ထဲ ရောက်နေတယ်လို့ ထင်သွားတယ်။ ထင်သွားပြီးတော့ မိုးမလင်းခင်မှာပဲ သုသာန်ဘက်ကို ထွက်ခွာသွားခဲ့တယ်။ 

မြတ်စွာဘုရားက သုသာန်ဘက်မှာ သီတင်းသုံး နေတယ်။ 

ဘုရားဆီကို ရောက်သွားတယ်။ 

လောကကြီးဟာ နှိပ်စက်ခံနေရတယ် ဆိုပြီး အိမ်မှာမပျော်တော့လို့ ထွက်သွားတာနော်။ 

ဘုရားနဲ့ တွေ့တဲ့အခါကျတော့ ဘုရားက အေး ... နှိပ်စက် မခံချင်ရင်၊ ငြိမ်းချမ်းမှုကို လိုလားရင် ထိုင်ပါ၊ ငါ နည်းလမ်းပေးမယ် ဆိုပြီးတော့ တရားဟောလိုက်တာ သူလည်းပဲ ရဟန္တာဖြစ်သွားတယ်ပေါ့။ 

အဲဒီ သူ့ရဲ့ရှေးကောင်းမှုလေးက ဘာလဲဆိုတော့ အခု သုခကာရီအသင်း တို့လိုမျိုး လူမှုကူညီရေးအသင်း တွေ ရှေးကရှိတယ်။ 

သင်္ဂြိုဟ်စရိတ်မရှိလို့ အခက်အခဲ တွေ့နေတဲ့ ပုဂ္ဂိုလ်တွေကို စေတနာ့ဝန်ထမ်း သင်္ဂြိုဟ် ပေးတဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ အဖွဲ့အစည်းဖွဲ့ပြီးတော့ သင်္ဂြိုဟ်ပေးကြတယ်။ 

အဲဒီ လုပ်ငန်းဟာ ကရုဏာကို အခြေခံတဲ့ ကူညီမှုတစ်မျိုးပဲ ဖြစ်တယ်။ 

ကရုဏာကို အခြေခံတဲ့ ဝေယျာဝစ္စကုသိုလ်တစ်မျိုးပဲ ဖြစ်တယ်။ 

ဒါပေမယ့် တစ်ခုသိထားရမှာက ယသသတို့သား ရဟန္တာဖြစ်သွားတာက အဲဒီကုသိုလ်ကြောင့်တင် မကဘူး။ 

တစ်နေ့တော့ အလောင်း တစ်လောင်းကို သူ သင်္ဂြိုဟ်တယ်။ 

သင်္ဂြိုဟ်ရင်းနဲ့ စိတ်ထဲမှာ ဘာသွားပြီး ဖြစ်လဲဆိုတော့ -

အလောင်းရဲ့ ရုပ်ပျက်ဆင်းပျက် ဖြစ်နေ တာကို ကြည့်ပြီး အေး ငါ့ရဲ့ ခန္ဓာကိုယ်ကြီး ... ဟာလည်းပဲ မတင့်တယ်ဘူးဆိုတဲ့ အတွေး၊ ငါလည်း တစ်နေ့ကျရင် ဒီလိုဖြစ်ရဦးမှာပဲဆိုတဲ့အတွေးနဲ့ ရှုမြင် သုံးသပ်တဲ့ ဉာဏ်ရည်ဉာဏ်သွေး သူ့သန္တာန်မှာ ဖြစ်လာတယ်။ 

အသိဉာဏ်လေး ဝင်လာတယ်ပေါ့။ အဲဒီကုသိုလ်ဟာ အဓိကဖြစ်တယ်။ 

အဲဒီတော့ လူမှုကူညီရေးလုပ်နေတဲ့ အချိန်မှာ သာမန် ဝေယျာဝစ္စ ကုသိုလ်မျှမက အသုဘသညာ ပွားမိဖို့ အရေးကြီးတယ်နော်။ 

အခုခေတ်မှာ အသုဘ လိုက်ပို့ကြတယ်၊ အချင်းချင်း စကားလေးပြော၊ ယပ်တောင်လေးခပ်ပြီးတော့ ပြန်လာကြတာပါပဲ။ ရယ်ရယ်မောမောပဲနော်။ 

ဩော် . . ဒီလူတော့ ခန္ဓာကို စွန့်သွားရပြီ၊ ငါ့ခန္ဓာကိုယ်ကြီးဟာလည်း ဒီလိုပဲ ဖြစ်ရ မှာပါလား၊ ငါ့ခန္ဓာကိုယ်နဲ့ သူ့ခန္ဓာကိုယ်နဲ့ အတူတူ ပါပဲလား။ ဒီလို နှိုင်းယှဉ်ပြီးတော့ သံဝေဂတရားဖြစ်ပွားတဲ့ပုဂ္ဂိုလ်ဟာ အလွန်နည်းပါးလိမ့်မယ်။ 

အဲဒီ ကုသိုလ်မျိုးကိုလည်းပဲ အမှတ်တမဲ့ မနေရဘူးတဲ့။ 

ယသ သတို့သားဟာ အလောင်းကောင်ကြီးကို သင်္ဂြိုဟ်ရင်းကနေပြီးတော့ အသုဘသညာ ပွားခဲ့မိတာ ကတစ်ခု၊ 

နောက်တစ်ခုက သေခြင်းတရားကို ဆင်ခြင် စဉ်းစားမိတာကတစ်ခု၊ 

ဒီ(၂)ခုကြောင့် ရဟန္တာ ဖြစ်သွား ရတယ်။ 

အဲဒီတော့ လူမှုကူညီရေးအသင်း လုပ်နေတဲ့ အချိန်မှာ ဒီ(၂)ခုကို ဘာဝနာတရားအနေနဲ့ ပွားနေ ရမယ်။ 

မရဏဿတိ နဲ့ အသုဘသညာ ကို ဘယ်လို ပွားမလဲဆိုတော့ -

မရဏဓမ္မောမှိ မရဏံအနတီတော 

အေး ... ဒီပုဂ္ဂိုလ်တစ်ယောက်တော့ ဆုံးသွားပြီ၊ ငါလည်းပဲ သေခြင်းတရားကို ကျော်လွှားပြီး မသွားနိုင် ဘူး။ သေခြင်းသဘောဟာ ငါ့မှာလည်း ရှိတယ်၊ တို့လည်း တစ်နေ့ကျရင် သေရဦးမှာပဲဆိုတဲ့ သံဝေဂ စိတ်ကလေးဖြစ်ပါစေ။ 

အဲဒါက ဘာဝနာကုသိုလ်၊ ပါရမီ ကုသိုလ်တွေဖြစ်ပြီး သံသရာက ကျွတ်ဖို့ရာ အထောက် အကူ ဖြစ်သွားတယ်။

အဲဒီလိုမဟုတ်ဘဲနဲ့ ဝေယျာဝစ္စကုသိုလ်လောက်ပဲ ယူမယ်ဆိုရင် အဲဒီအတွေးမျိုးမပေါက်ဘဲနဲ့ သာမန် ကုသိုလ်လောက်ပဲ ရမယ်ပေါ့။ 

အဲဒီအတွေးဟာ အရေးကြီးတယ်။ နာရေးကိစ္စကို ကူညီပြီဆိုကတည်းက-

မရဏဓမ္မောမှိ မရဏံအနတီတော ငါလည်း တစ်နေ့ ကျရင် သေရဦးမှာပဲ၊ သေခြင်းတရားကနေ မလွတ် မြောက်နိုင်ဘူး။ ဒါက မရဏနုဿတိ ဘာဝနာကုသိုလ် ရတယ်။ 

တစ်ဖန် ရုပ်အလောင်းကိုကြည့်ပြီး ငါ့ရဲ့ခန္ဓာကိုယ် ဟာ သေဆုံးပြီး (၃)ရက်ကျော် (၄)ရက်ရောက်လာတဲ့ အခါမှာ ပုပ်ပွခြင်းဆိုတဲ့ ဒီသဘောကို မကျော်လွှား နိုင်ဘူးဆိုတဲ့ အသုဘသညာ ကို ပွားဖြစ်အောင် ပွားရ မယ်တဲ့။ 

အဲဒီလို ပွားလိုက်လို့ရှိရင် မရဏနုဿတိ တို့၊ အသုဘသညာ တို့ တစ်ကြိမ်တစ်ခါ ရင်ထဲနှလုံးထဲ ရောက်လာပြီဆိုရင် ပါရမီကုသိုလ် ရသွားပြီ။ 

(ခုခေတ် စကားနဲ့ ပြောရရင် Online ပေါ့)။ 

ကြည့်လေ ယသ သတို့သား အလောင်းအလျာဟာ တစ်ဘဝတုန်းကOnline ဖြစ်သွားတာ။ 

ဂေါတမ မြတ်စွာဘုရား လက်ထက်ရောက်လို့ သူဌေးသား ဖြစ်သွားတဲ့အခါ အင်မတန်မှ သာယာတဲ့ ပြသာဒ်ထဲမှာ နေရသော် လည်း သုသာန်ထဲမှာ ရောက်နေတယ်လို့ ခံစားရတာ ဟာ အဲဒီတုန်းကအတွေးတွေ ပြန်ရောက်လာတာ ဖြစ်တယ်။ 

တစ်ချိန် တစ်ခါတုန်းက တွေးထားတဲ့ အတွေးတွေ ပြန်ရောက်လာတာနော်။

#တရားဓမ္မအသိတိုးပွားကြပါစေ 
#သိသည့်အားလျော်စွာကျင့်နိုင်ပါစေ 
#ကျင့်နိုင်သည့်အားလျော်စွာမဂ်ဖိုလ်နိဗ္ဗာန်ရဲ့အထောက်အပံ့ကောင်းတွေရသွားပါစေ 
#ဤဓမ္မဒါနကုသိုလ်အားလည်းအမျှပေးဝေပါ၏

Monday, January 19, 2026

၅၂၈သွယ်မေတ္တာ

၅၂၈သွယ် မေတ္တာ
____🌸🍃🌸____

မေတ္တာဆိုတာ ကာယကံ မေတ္တာ, ဝစီကံ မေတ္တာ, မနောကံ မေတ္တာလို့ ဒီလို ၃-မျိုးရှိတယ်။

ခုနက ပြောခဲ့တဲ့အတိုင်း ကိုယ်ချင်းစာတရားနဲ့ သူတပါးအား ချမ်းသာအောင်လို့ သူ့အကျိုးကို ကိုယ်ထိလက်ရောက် ကူညီဆောင်ရွက်ပေးတာဟာ မေတ္တာကာယကံပါပဲ။ 

သူများ နားချမ်းသာအောင် ပြောဆိုတာ, ချမ်းသာပါစေလို့ ရွက်ဆိုပြီး မေတ္တာပို့တာ, သူ့အကျိုးကိစ္စ ပြီးမြောက်အောင် ညွှန်ကြားတာ, နှုတ်နဲ့ စီမံဆောင်ရွက်ပေးတာ ဒါတွေဟာ ဝစီကံမေတ္တာပါပဲ။ 

သူတပါးတွေကို ချမ်းသာကြပါစေလို့ စိတ်သက်သက်နဲ့ နှလုံးသွင်းနေတာဟာ မနောကံမေတ္တာပါပဲ။
 ဒီမနောကံမေတ္တာကိုတော့ အခါခပ်သိမ်း ပွါးများနိုင်ပါတယ်။

ဒီမနောကံမေတ္တာကို ပွါးများတာကလည်း ဈာန်ရအောင် ပွားများတာရယ်, ဘေးကင်း ရန်ကင်း ပါရမီဖြစ် ကုသိုလ်ဖြစ် ပွားများတာရယ် ဒီလို နှစ်မျိုးရှိပါတယ်။ 

ဈာန်ရအောင် ပွားများနည်းကိုတော့ ယခုလို တိုတောင်းတဲ့ အချိန်ကလေးမှာ ပြည့်စုံအောင် မပြောနိုင်ပါဘူး။
 ဒါကြောင့် ယခု ဘေးကင်း ရန်ကင်း ပါရမီဖြစ် ကုသိုလ်ဖြစ် ပွားများပုံကိုပဲ ပြောမယ်။

တွေ့မြင်ရသမျှ လူတွေကို အာရုံပြုပြီး "ချမ်းသာကြပါစေ၊ ချမ်းသာကြပါစေ"လို့ ဒီလိုလည်း ပွားများနိုင်ပါတယ်။ 

အမိအဘ ဆရာသမား စသည်ကို အာရုံပြုပြီးတော့ "ချမ်းသာကြပါစေ ချမ်းသာကြပါစေ"လို့ ဒီလိုလည်း ပွားများနိုင်ပါတယ်။

ကိုယ်မေတ္တာပို့ချင်တဲ့ လူတွေကို အာရုံပြုပြီးတော့ တို့အိမ်ကလူတွေ ချမ်းသာကြပါစေ၊ တို့အရပ်ကလူတွေ ချမ်းသာကြပါစေ၊ တို့မြို့က, တို့ရွာကလူတွေ ချမ်းသာကြပါစေ စသည်ဖြင့်လည်း ပွားများနိုင်ပါတယ်။ 

တစ်ဦးတစ်ယောက်ကို ဖြစ်စေ, အများကိုဖြစ်စေ အာရုံပြုပြီး ဒီလို တစ်ကြိမ်နှလုံးသွင်းလျှင် ပါရမီကုသိုလ် တစ်ကြိမ်ဖြစ်တယ်။
 ဆယ်ကြိမ် နှလုံးသွင်းလျှင် ဆယ်ကြိမ်ဖြစ်တယ်။ 
အကြိမ်တစ်ရာ နှလုံးသွင်းလျှင် အကြိမ်တစ်ရာ ဖြစ်တယ်။ 

သွားရင်း လာရင်းလည်း ဒီမေတ္တာကို ပွားများနိုင်ပါတယ်။ 
ဒါပေမယ့် အထူးသတိပြုဖို့ကတော့ ချမ်းသာကြပါစေလို့ စိတ်နဲ့သာ မေတ္တာပွားပြီးတော့ သူတပါးတွေ နားမချမ်းသာအောင် ဆင်းရဲဒုက္ခရောက်အောင် ပြောဆိုပြုလုပ်နေလျှင်တော့ အဲဒါဟာ မေတ္တာအစစ် မဖြစ်ဘူး။

စိတ်နဲ့ ချမ်းသာပါစေလို့ မေတ္တာပို့တဲ့အတိုင်း ကိုယ်နဲ့ နှုတ်နဲ့ရော သူတပါးချမ်းသာအောင် တတ်နိုင်သမျှ ဆောင်ရွက်နိုင်မှ မေတ္တာအစစ် အောင်အောင်မြင်မြင်ဖြစ်တယ်လို့လည်း မှတ်ရမယ်။

ယခု ထိုထက်ကျယ်ပြန့်တဲ့ ငါးရာ့နှစ်ဆယ် ရှစ်သွယ်မေတ္တာပို့ပုံကို အတိုချုံးပြီး ပြောဦးမယ်။

သဗ္ဗေ သတ္တာ၊ အားလုံးသော သတ္တဝါတွေ။ 

• အဝေရာ ဟောန္တု၊ ရန်ကင်းကြပါစေ။ ဒီလိုနှလုံးသွင်းတာက မေတ္တာတစ်ပါး၊ 

• အဗျာပဇ္ဇာ ဟောန္တု၊ စိတ်ဆင်းရဲ ကင်းကြပါစေ- ဒါကလည်း မေတ္တာတစ်ပါး။ 

(စိတ်ဆင်းရဲဆိုတာ စိတ်ညစ်တာ စိတ်ပူတာ ဝမ်းနည်းတာ ကြောက်လန့်တာ ချစ်တဲ့သူတွေနဲ့ ကွဲနေရလို့ စိုးရိမ်ပူဆွေးနေတာ စီးပွားဥစ္စာတွေ ဆုံးရှုံးပျက်စီးလို့ စိတ်နှလုံး ထိခိုက်နေတာ- ဒီလိုဟာတွေပါပဲ၊ အဲဒီလို စိတ်ဆင်းရဲတွေ ကင်းကြပါစေလို့ ဆိုလိုပါတယ်)

• အနီဃာ ဟောန္တု၊ ကိုယ်ဆင်းရဲ ကင်းကြပါစေ- ဒါကလည်း မေတ္တာတစ်ပါး။ 

• သုခီ အတ္တာနံ ပရိဟရန္တု၊ ချမ်းသာစွာနဲ့ မိမိတို့ခန္ဓာဝန်ကို ဆောင်ရွက်နိုင်ကြပါစေ- ဒါကလည်း မေတ္တာတစ်ပါး။ 

(သတ္တဝါတွေမှာ မိမိတို့ခန္ဓာဝန်ကို ဆောင်ရွက်နေကြရတာဟာ အင်မတန် ဝန်လေးပါတယ်၊ ဒီခန္ဓာဝန်အတွက် စားဝတ်နေရေး ကျန်းမာရေး ပြည့်စုံအောင် ရှာကြံနေကြရတာဟာ အင်မတန် ဆင်းရဲပါတယ်။ 
အဲဒီ ဆင်းရဲဒုက္ခတွေမှ ကင်းဝေးပြီး ချမ်းချမ်းသာသာနဲ့ မိမိတို့ ခန္ဓာဝန်ကို ဆောင်ရွက်နိုင်ကြပါစေလို့ ဆိုလိုပါတယ်) 

ယခုပြောခဲ့တာတွေဟာ သတ္တဝါအားလုံးကို အာရုံပြုပြီး မေတ္တာပွားပုံ ၄-ပါးတဲ့။

 ထို့အတူပဲ-
သဗ္ဗေ ပါဏာ၊ အားလုံး အသက်ရှိသူတွေ။ 
သဗ္ဗေ ဘူတာ၊ အားလုံး ထင်ရှားဖြစ်သူတွေ။ 
သဗ္ဗေ ပုဂ္ဂလာ၊ အားလုံး ပုဂ္ဂိုလ်တွေ။ 

သဗ္ဗေ အတ္တဘာဝပရိယာပန္နာ၊ အားလုံး ခန္ဓာကိုယ်အတ္တဘော ရှိသူတွေ-ဆိုတဲ့ ဒီ၄-ပုဒ်နဲ့လည်း ခုနက မေတ္တာပွားပုံ ၄-ပါးကို အသီးအသီးတွဲပြီး မေတ္တာပို့ရပါတယ်။

ဒါကြောင့် မူလပုဒ် ငါးခုကို ခုနက မေတ္တာလေးလီနဲ့ မြှောက်လိုက်လျှင် မေတ္တာပေါင်း ၂ဝ-ရပါတယ်။ အဲဒါတွေဟာ သတ္တဝါအားလုံးကိုချည်း ရည်ညွှန်းတဲ့အတွက် #အနောဓိသမေတ္တာ ခေါ်တယ်။ အပိုင်းအခြား အကန့်အသတ်မရှိတဲ့ မေတ္တာလို့ ဆိုလိုပါတယ်။
နောက်ပြီးတော့ သဗ္ဗာဣတ္ထိယော၊ အားလုံးသော အမျိုးသမီးတွေ စသည်ဖြင့် ၂-ပိုင်းစီခွဲပြီး ပို့တာက ၄-ပုဒ်၊ ၃-ပိုင်းခွဲပြီး ပို့တာက ၃-ပုဒ်၊ ပေါင်း ၇-ပုဒ်ရှိသေးတယ်၊ အဲဒီ ၇-ပုဒ်ကိုလည်း အဝေရာ ဟောန္တု၊ ရန်ကင်းကြပါစေ-အစရှိတဲ့ မေတ္တာပွားပုံ လေးလီနဲ့ မြှောက်လိုက်တော့ ၂၈-ရတယ်။ 

အဲဒီ ၂၈-ပါးကတော့ အမျိုးသမီးသန့်သန့်, အမျိုးသားသန့်သန့် စသည်ဖြင့် ပိုင်းခြားကန့်သတ်ပြီး ပို့တဲ့အတွက် #ဩဓိသမေတ္တာ လို့ ခေါ်တယ်။

အဲဒီ ဩဓိသ ၂၈-ပါးနဲ့ ခုနက အနောဓိသ ၂ဝ-ကို ပေါင်းလိုက်လျှင် မေတ္တာ ၄၈-ပါးရတယ်။

ထို့အတူ အရှေ့အရပ်က အားလုံးသတ္တဝါတွေ ရန်ကင်းကြပါစေ-စသည်ဖြင့် ပို့တာကလည်း ၄၈-ပါး၊ အနောက်အရပ်, မြောက်အရပ်, တောင်အရပ်, အရှေ့တောင်အရပ်, အနောက်မြောက်အရပ်, အရှေ့မြောက်အရပ်, အနောက်တောင်အရပ်, အောက်အရပ်, အထက်အရပ်တွေကလည်း နည်းတူပဲ ၄၈-ပါးစီရတယ်။
 ဒါကြောင့် အရပ်ဆယ်မျက်နှာမှာ မေတ္တာ ၄၈ဝ-ရပါတယ်။
 အဲဒါတွေက အရပ်မျက်နှာနဲ့ ပိုင်းခြားပြီး ဖြန့်တဲ့အတွက် #ဒိသာဖရဏမေတ္တာ လို့ ခေါ်တယ်။

အဲဒီ ၄၈ဝ-ထဲမှာ ခုနက အနောဓိသ ဩဓိသ မေတ္တာ ၄၈-ပါးကို ပေါင်းထည့်လိုက်လျှင် ၅၂၈-သွယ် မေတ္တာဖြစ်တယ်။

အဲဒီ ၅၂၈-သွယ် မေတ္တာအရ ဘုန်းကြီးက ယခု အသံလွှင့်ရုံကနေပြီး မေတ္တာပို့မယ်။ တရားနာနေကြတဲ့ ဓမ္မမာမကပုဂ္ဂိုလ်တွေ အားလုံးကလည်း စိတ်နဲ့ လိုက်ပြီး မေတ္တာပို့ကြပါ။

အားလုံးသတ္တဝါတွေ ဘေးရန် ကင်းကြပါစေ၊ 
စိတ်ဆင်းရဲ ကင်းကြပါစေ၊ 
ကိုယ်ဆင်းရဲ ကင်းကြပါစေ၊ 
ချမ်းသာစွာနဲ့ မိမိတို့ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ။

အားလုံး အသက်ရှိသူတွေ ဘေးရန် ကင်းကြပါစေ ။ပ။ ရွက်ဆောင်နိုင်ကြပါစေ။

အားလုံး ထင်ရှားဖြစ်သူတွေ ဘေးရန် ကင်းကြပါစေ ။ပ။ ရွက်ဆောင်နိုင်ကြပါစေ။

အားလုံးပုဂ္ဂိုလ်တွေ ဘေးရန် ကင်းကြပါစေ ။ပ။ ရွက်ဆောင်နိုင်ကြပါစေ။

အားလုံး ခန္ဓာကိုယ်အတ္တဘော ရှိသူတွေ ဘေးရန် ကင်းကြပါစေ ။ပ။ ရွက်ဆောင်နိုင်ကြပါစေ။

အဲဒါတွေက အနောဓိသမေတ္တာ ၂ဝ-တဲ့။

အားလုံး အမျိုးသမီးတွေ ဘေးရန် ကင်းကြပါစေ ။ပ။ ရွက်ဆောင်နိုင်ကြပါစေ။

အားလုံး အမျိုးသားတွေ ဘေးရန် ကင်းကြပါစေ ။ပ။ ရွက်ဆောင်နိုင်ကြပါစေ။

အားလုံး အရိယာပုဂ္ဂိုလ်တွေ ဘေးရန် ကင်းကြပါစေ ။ပ။ ရွက်ဆောင်နိုင်ကြပါစေ။

အားလုံး ပုထုဇဉ်ပုဂ္ဂိုလ်တွေ ဘေးရန် ကင်းကြပါစေ ။ပ။ ရွက်ဆောင်နိုင်ကြပါစေ။

အားလုံးနတ်ဗြဟ္မာတွေ ဘေးရန် ကင်းကြပါစေ ။ပ။ ရွက်ဆောင်နိုင်ကြပါစေ။

အားလုံး လူတွေ ဘေးရန်ကင်းကြပါစေ ။ပ။ ရွက်ဆောင်နိုင်ကြပါစေ။

အားလုံး အပါယ်ဘုံသူ အပါယ်ဘုံသားတွေ ဘေးရန် ကင်းကြပါစေ၊ စိတ်ဆင်းရဲ ကင်းကြပါစေ၊ ကိုယ်ဆင်းရဲ ကင်းကြပါစေ၊ ချမ်းသာစွာနဲ့ မိမိတို့ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ။ ဒါတွေဟာ ဩဓိသမေတ္တာ ၂၈-ပါးတဲ့။

ယခု အရပ်မျက်နှာ ၁ဝ-ပါးနဲ့ မေတ္တာပို့ပုံကို အတိုချုံးပြီး ပြောမယ်။ အရှေ့အရပ်က အားလုံးသတ္တဝါတွေ ဘေးရန် ကင်းကြပါစေ၊ စိတ်ဆင်းရဲ ကင်းကြပါစေ။ 
ကိုယ်ဆင်းရဲ ကင်းကြပါစေ၊ ချမ်းသာစွာနဲ့ မိမိတို့ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ။ ရှေးနည်းတူ ၄၈-ပါး အပြည့်အစုံပို့ရမယ်။ အနောက်အရပ်က အားလုံး သတ္တဝါတွေ ဘေးရန်ကင်းကြပါစေ၊ နည်းတူ ၄၈-ပါးပဲ။

ထို့အတူ မြောက်အရပ်က၊ တောင်အရပ်က၊ အရှေ့တောင်အရပ်က၊ အနောက်မြောက်အရပ်က၊ အရှေ့မြောက်အရပ်က၊ အနောက်တောင်အရပ်က၊ အောက်အရပ်က၊ အထက်အရပ်က၊ ၄၈-စီချည်းပဲ။ အားလုံးပေါင်း ၅၂၈-သွယ် မေတ္တာဖြစ်ပါတယ်၊ 

အချိန်မရှိလို့ နားလည်ရုံမျှချုံးပြီး ပြောလိုက်ရတယ်။ ယခု မြန်မာပြည်သူ ပြည်သားတွေကို အထူးမေတ္တာပို့ပြီး တရားသိမ်းတော့မယ်။ အားလုံး စိတ်နဲ့ လိုက်ပြီး မေတ္တာပို့ကြပါ။

ပြည်ထောင်စု မြန်မာနိုင်ငံသူ နိုင်ငံသားတွေ အားလုံး ဘေးရန်ကင်းကြပါစေ၊ စိတ်ဆင်းရဲ ကင်းကြပါစေ၊ ကိုယ်ဆင်းရဲ ကင်းကြပါစေ၊ ချမ်းသာစွာနဲ့ မိမိတို့ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ။

မဟာစည်ဆရာတော်ဘုရားကြီး

("ဗြဟ္မစိုရ်တရားတော်ကြီး" မှ )

Saturday, January 17, 2026

စိတ်

.     စိတ်
    🍃🌸🍃
လူ့စိတ် ပြောင်းရင်
စာရိတ္တ ပြောင်းသွားတယ် ။
စာရိတ္တ ပြောင်းရင်
အမြင် ပြောင်းသွားတယ် ။
အမြင် ပြောင်းရင်
ပတ်ဝန်းကျင် ပြောင်းသွားတယ်။

ပတ်ဝန်းကျင် ပြောင်းရင်
ကံကောင်းမှုတွေ စပီးပြောင်းလာတယ်
ကံကောင်းမှု ပြောင်းရင်
မိမိရဲ့ ကံဇာတာပြောင်းသွားတယ် ။
တကယ်ယုံကြည် အားထားရမှာကမိမိရဲ့စိတ်ပါ ။

ရက်ရာဇာတွေ ပြသဒါးတွေ မဟုတ်ဘူး၊
ကိုယ်မှာဆင်တဲ့ အဆောင်အယောင်တွေ၊
ပရိတ်ကြိုးတွေ၊ အထုံးအဖွဲ့တွေမဟုတ်ဘူး၊

စိတ်အတွင်းမှာသာ
စိတ်ကောင်းခြင်း ၊ နူးညံ့ခြင်း ၊ ခွင့်လွှတ်ခြင်း၊
သဘောထားကြီးခြင်း၊ ကိုယ်ချင်းစာခြင်း စတဲ့
စိတ်ရဲ့ Cosmetics တွေနဲ့ အလှဆင်မယ်၊
မေတ္တာကို စိတ်ထဲကပေါက်ဖွားမယ်၊
ပတ်ဝန်းကျင်ကို စိတ်နဲ့သဟဇာတဖြစ်အောင်လုပ်မယ်။

ရှေးလူကြီးတွေက ပြောတယ် -
စိတ်တစ်ချက် ကိုင်တတ်ပြီဆိုရင်
ကောင်းကင်နဲ့ မြေကြီးကအစ 
နားလည်တတ်လာတယ် တဲ့...၊
စိတ်ထဲက ကုသိုလ်၊ အကုသိုလ်ကို ထိန်းနိုင်ရင် 
တစ်ကိုယ်ကောင်း ဆန်မှုတွေ လျော့ပါးသွားတယ် ။

လူအချို့ကို ကြာပန်းလို....
ဝေးဝေးက ကြည့်မှ သူ့အလှမြင်တယ် ။

လူအချို့ကို လက်ဖက်ခြောက်လို
ကြာကြာနှပ်ထားမှ သူ့အရသာ အစစ်သိတယ် ။
လူအချို့ကို လေပြည်လို
ဂရုမစိုက်သင့် မစိုက်ဘဲနေရတယ် ။
လူအချို့ကို သစ်ပင်လိုမှီခိုသင့် မှီရတယ် ။
အားလုံးက ရေစက်ပဲလေ.

လူ့ဘဝဆိုတာ တရားကျင့်တာ၊
မိမိရဲ့ စိတ်နှလုံးသားတစ်ခုကို ကျင့်ယူရမှာ ။
စိတ်ပျော့ပျောင်းသွားပြီဆိုတာနဲ့
အရာရာဟာစပြီး လှပသွားပြီ ။
စိတ်သန့်စင်သွားပြီ...
ပတ်ဝန်းကျင် ကြည်လင်သွားပြီ ။
စိတ်ပျော်ရွှင်သွားပြီ....
ဘဝကြီး ချမ်းသာသုခပြည့်သွားပြီ ။

ဒီတစ်သက်မှာ
ဘဝက ဘယ်အခြေအနေပဲဖြစ်ဖြစ်
သူတပါးပေါ် မလွှဲချဘူး၊
ရှိသမျှ ပျော်၊ ဒေါ ၊ ညစ်၊ ပြုံး၊ မုန်း၊ 
အားလုံးက ကိုယ့်ကိုဖန်တီးတာ။
ဘဝဆိုတာ တိုက်ပွဲမဟုတ်ဘူး...... ပဲ့တင်သံ ။

သင့်ရဲ့အကောင်းဆုံးကို သူများကိုပေးကြည့်လိုက်၊ 
သူများရဲ့အကောင်းဆုံးက သင့်ဆီပြန်လာတယ် ။
သင်သူများကို ကူညီတာများလေလေ၊
သူများဆီက သင်အကူအညီပိုရလေလေ ။

သင်က အုတ်တံတိုင်းမြင့်မြင့် ကာလေလေ၊
နောက်ဆုံး အုတ်တံတိုင်းပတ်ပတ်လည်မှာ
သင်တစ်ယောက်တည်း ကျန်ခဲ့ရလေလေ ။

နှိမ့်ချကျိုးနွံမှု များများနဲ့
ချီးမွမ်း ထောပနာများများကို သင်အသုံးချတတ်မယ်ဆိုရင် လူ့ဘဝမှာနေရတာ သင် ပျော်ရွှင်ရတော့မယ် ။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ကြီးဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
🙏🙏🙏

နောက်ဘဝဘယ်ရောက်မလည်းမသိနိုင်

ဒီ ဘ၀••• ပြီးသွားရင်
ဘယ်••• ဘဝ တွေကို
    ရောက်မယ် ဆိုတာဟာ 
    သာမန် ပုထုဇဉ်တွေ မသိနိုင်ဘူး ။
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

 ۞ မြတ်စွာဘုရား တရားတော်တွေ 
       တို့"တတွေ နာခွင့်•••ရကြတယ်
       တရားတော်တွေ ဆိုတာ 
       ရောဂါပျောက်အောင် ကုသနိုင်တဲ့ 
       ဆေးနဲ့အလားတူပါတယ်.......

۞ ဆေး ဆိုတာ 
      မသောက်ဘဲ နေလို့ရှိရင်တော့ 
      ရောဂါ မပျောက်နိုင်ဘူးပေါ့......
      ရောဂါ ပျောက်ချင်တယ်ဆိုရင်တော့
     ဆေးကို မှန်မှန်သောက်ကြရပါမယ်....

۞ တရား ဆိုတာလည်း 
      ဘ၀မှ လွတ်မြောက်အောင် 
      မှန်မှန် နှလုံးသွင်းရပါတယ်......
         
۞ ကိုယ့် စိတ်ထဲမှာ နှလုံးသွင်းခြင်းဖြင့် 
      စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်တွေ 
      စိတ်ရဲ့ အညစ်အကြေးတွေဟာ 
      တဖြည်းဖြည်း သန့်စင်ပြီးတော့ 
      နောက်ဆုံးမှာတော့ ကိုယ့်စိတ်ဟာ 
      ကြံ့ခိုင်တဲ့ စိတ်ဓာတ်မျိုးကို 
      ရလာပါ့မယ်.......

۞ ကိုယ့် စိတ်ဓာတ်ကို ကြံ့ခိုင်လာအောင်
      ကိုယ်ဘဲ လုပ်ရပါတယ်......
         
۞ အဲဒါကြောင့် 
      မြတ်စွာဘုရားက 
      " အတ္တာဟိ အတ္တနော နာထော " လို့ 
      ကိုယ် လုပ်မှ ကိုယ်ရတယ် ဆိုတာ 
      အင်မတန်မှ လက်တွေ့လည်း 
      ကျပါတယ် ........

۞ တရားဟာ
      မိမိရဲ့ ဘ၀ပဲ ကိုယ့် ဘ၀ပဲ ......

 ۞ တရားလို့ ပြောလိုက်တာနဲ့ 
       စီးပွား ၊ ရာထူး ၊ သားသမီး ၊ 
       ဇနီးမယားကို စွန့်ပြီး 
       အမျိုးသမီးတွေက 
       မယ်သီလရှင် ၀တ်ဖို့ 
       အမျိုးသားတွေက 
      ဘုန်းကြီး ၀တ်ဖို့ မလိုဘူးနော်......

۞ မိသားစုနဲ့ နေရင်းလည်း 
      တရားဆိုတာက ရနိုင်ပါတယ် 
      ကျင့်ဖို့ရာ အဓိက ဖြစ်ပါတယ် ......

۞ နှလုံးသွင်း တရား " ဟာ 
      အင်မတန်မှ အရေးကြီးပါတယ် ......
         
۞ မြတ်စွာဘုရား လက်ထက်တုန်းက 
       မိသားစုနဲ့ နေရင်း ကပဲ
       သောတာပန်  
       သကဒါဂါမ်  
       အနာဂါမ် တွေဖြစ်တာရှိပါတယ် ......

۞ အနာဂါမ် ဖြစ်သည် အထိတောင်မှ 
       မိသားစု အသိုင်းအ၀န်းထဲမှာ 
       ရှိနေသေးပါတယ် ......

۞ နောက်ဆုံး ရဟန္တာ ဖြစ်သွားရင်တော့ 
      သူက မိသားစုနဲ့ မနေတော့ဘူးပေါ့ ...

۞ အဲဒီလို တရားဆိုတာ 
      ဘယ်လို ပုဂ္ဂိုလ်ဘဲ ဖြစ်ဖြစ် 
      ကျင့်တဲ့ ပုဂ္ဂိုလ်မှာ ရနိုင်ပါတယ်......
         
۞ ပစ္စည်း သံယောဇဉ်   
      သား သံယောဇဉ် 
      သမီး သံယောဇဉ် ဆိုတော့ ......

۞ ပစ္စည်းကို စွန့်ရမှာလား ......?
      သားကို စွန့်ရမှာလား ........?
      သမီးကို စွန့်ရမှာ လား........? လို့
      လူတွေက ထင်နေကြတယ် ........

۞ ဘယ်ဟာမှ စွန့်စရာ မလိုပါဘူး 
      စွန့်ရမှာက ကိုယ့် စိတ်ထဲမှာဖြစ်နေတဲ့ 
      တွယ်တာမှု့ ကို စွန့်ရမှာပါ.......

۞ အတွယ်အတာ မရှိဘဲနဲ့ နေတာဟာ
      မေတ္တာ နဲ့ နေတာပါ......

۞ အဲဒီတော့ 
      သား " စွန့်ဖို့•••လည်း မလိုပါ 
      သမီး " စွန့်ဖို့•••လည်း မလိုပါ 
      ရာထူး " စွန့်ဖို့•••လည်း မလိုပါ 
      တွယ်တာမှု့" စွန့်ဖို့သာပဲ••• လိုပါတယ် 

۞ အဲဒါကြောင့် 
     မြတ်စွာဘုရား ဟောကြားတော်မူခဲ့တဲ့ 
     တရားတော်တွေဟာ 
     သတိသမ္ပဇည တရား ကိုယ့်သန္တာန်မှာ
     ဖြစ်ပွားအောင် ကြိုးစားပြီးတော့ 
     အမှန်အကန် သိမယ်ဆိုရင်.......

 ۞ " ဘ၀ "မှာ နေပျော်ပြီး နောက်ဆုံးမှာ 
      " ဘ၀" က လွတ်မြောက်တဲ့ 
        နိဗ္ဗာန် ချမ်းသာကို 
       မျက်မှောက်ပြုနိုင်မှာ ဖြစ်တယ် ။

 ۞ ကိုယ်စီ ကိုယ်စီ သဘောကျကာ 
       ကျင့်ကြံ အားထုတ် နိုင်ကြပါစေ
        ကုန်သတည်း ။

( ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ )
🙏 🙏 🙏

Wednesday, January 14, 2026

ဓမ္မစကြာမြန်မာပြန်

ဓမ္မစကြာ ပါဠိ + မြန်မာ + အနက်ပြန် နှင့်🪷🪷
အသံထွက် လေ့လာနိုင်ပါသည်🌷🌻🌷🌻
===============================

(ဓမ္မစကြာအမွှန်း)

       (က-ခ) သစ္စာလေးရပ် တရားမြတ်ကို ထင်ရှားမသွေ ပြတော်မူပေသော, လူတို့၏ ကိုးကွယ်ရာအစစ် ဖြစ်တော်မူသော မြတ်စွာဘုရားသည် သဟမ္ပတိ အမည်ရှိမြတ်သောဗြဟ္မာမင်း၏ တရားဟောကြားရန် တောင်းပန်မှုကြောင့် ဘုရား, ပစ္စေကဗုဒ္ဓါ အရိယာတို့၏ ကောင်းကင်မှ သက်ရာ, ကောင်းကင်သို့ တက်ရာဖြစ်၍ ဣသိပတန အမည်ရှိသော, သားတို့အား ဘေးမဲ့ပေးရာ မိဂဒါဝုန် သားပေါင်းစုံသည့် ရဂုံသာမော ဘေးမဲ့တော၌ ငါးယောက်အစုရှိခြင်းကြောင့် ပဉ္စဝဂ္ဂီအမည်ရှိကုန်သော ကောဏ္ဍည၊ ဝပ္ပ၊ ဘဒ္ဒိယ၊ မဟာနာမ်၊ အဿဇိ ရဟန်းတို့အား တဏှာကင်းမှန် မြတ်နိဗ္ဗာန်သို့ ရောက်စေတတ်သော တရားဒေသနာတော်မြတ်ကို တရားဦးအနေ ဟောကြားတော်မူလေပြီ။

       (ဂ) ခပ်သိမ်းကုန်သော နတ်,ဗြဟ္မာတို့သည် နှစ်လိုအပ်သော, ခပ်သိမ်းသော လောကီ,လောကုတ်, ပစ္စုပ်, သံသရာ စည်းစိမ်ချမ်းသာကို ပြီးစေတတ်သော ထိုတရားအဦး မည်ထူးမှန်စွာ ဓမ္မစကြာဒေသနာတော်ကို ခပ်သိမ်းကုန်သော ဗြဟ္မာ, နတ်, လူ သုံးဘုံသူတို့ ပူမျိုးစုံပျောက် အေးငြိမ်းခြင်း အစီးအပွားသို့ ရောက်စေခြင်းအကျိုးငှာ စုဝေးလာငြောင်း အို.. သူတော်ကောင်းအပေါင်းတို့ ငါတို့သည် ဌာန်, ကရိုဏ်း, ပယတ် ဖြတ်တောက်သန့်စင် ရွှင်ကြည် နှစ်လို ရွတ်ဆိုကြပါကုန်စို့။

(၁) ဓမ္မစကြာနိဒါန်း
       အရှင်မဟာကဿပဘုရား- တပည့်တော် အာနန္ဒာသည် မြတ်စွာဘုရားထံမှ ဤသို့ နာကြား မှတ်သားလိုက်ရပါသည်။ မြတ်စွာဘုရားသည် ဗာရာဏသီပြည် ဣသိပတနအမည်ရသော သားသမင်တို့အား ဘေးမဲ့ပေးရာဖြစ်သော မိဂဒါဝုန်အမည်ရှိသော ရဂုံတော၌ သီတင်းသုံးနေတော်မူသောအခါ ပဉ္စဝဂ္ဂီရဟန်းတို့ကို ဟောတော်မူ၏။

(၂) မမှီဝဲသင့်သော အဖို့အစွန်း(၂)ပါး
       ရဟန်းတို့ ရဟန်းဖြစ်သူသည် ဤအစွန်းနှစ်ပါးတို့ကို မမှီဝဲအပ်ကုန်။ ထိုနှစ်ပါးတို့မှာ-
၁။ ယုတ်ညံ့၍ ရွာသူတို့၏ အကျင့်ဖြစ်သော ပုထုဇဉ်တို့၏ အလေ့အကျင့်သာဖြစ်၍ အရိယာတို့၏ အလေ့အကျင့်မဟုတ်သော အကျိုးစီးပွားနှင့်မစပ်ယှဉ်သော ကာမဂုဏ်တို့၌ ကာမချမ်းသာကို ကပ်ငြိသောအားဖြင့် အဖန်တလဲလဲ လိုက်စားအားထုတ်ခြင်း။
၂။ ကိုယ်, စိတ်ဆင်းရဲခြင်းကို ဖြစ်စေတတ်သော အရိယာတို့၏ အကျင့်မဟုတ်သော အကျိုးစီးပွားနှင့် မစပ်ယှဉ်သော ကိုယ်ပင်ပန်းမှုကို အားထုတ်ခြင်းတို့ ဖြစ်သည်။

(၃) မဇ္ဈိမပဋိပဒါနှင့် ယင်း၏အကျိုး
       ရဟန်းတို့ ထိုအစွန်းနှစ်ပါးတို့ကို မကပ်ရောက်မူ၍ ငါဘုရားသည် အထူးသဖြင့် သိတော်မူအပ်သော ပညာမျက်စိကို ပြုတတ်သော ဉာဏ်အမြင်ကို ပြုတတ်သော အလယ်အလတ်ဖြစ်သောအကျင့်သည် ကိလေသာငြိမ်းရန်အလို့ငှာ ဖြစ်၏။ ထူးသောဉာဏ်ဖြင့် သိရန်အလို့ငှာ ဖြစ်၏။ (သစ္စာလေးပါးကို) သိရန်အလို့ငှာ ဖြစ်၏။ နိဗ္ဗာန်ကို မျက်မှောက်ပြုရန်အလို့ငှာ ဖြစ်၏။

       ရဟန်းတို့ ငါဘုရားသည် အထူးသဖြင့် သိတော်မူအပ်သော ပညာမျက်စိကို ပြုတတ်သော ဉာဏ်အမြင်ကိုပြုတတ်သော ကိလေသာငြိမ်းခြင်း၊ ထူးသောဉာဏ်ဖြင့် သိခြင်း၊ (သစ္စာလေးပါးကို) သိခြင်း၊ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းငှာ ဖြစ်သော ထိုအလယ်အလတ်ဖြစ်သော အကျင့်ကား အဘယ်နည်း။
(၁) မှန်စွာသိမြင်ခြင်း သမ္မာဒိဋ္ဌိ၊
(၂) မှန်စွာကြံခြင်း သမ္မာသင်္ကပ္ပ၊
(၃) မှန်စွာပြောဆိုခြင်း သမ္မာဝါစာ၊
(၄) မှန်စွာပြုလုပ်ခြင်း သမ္မာကမ္မန္တ၊
(၅) မှန်စွာအသက်မွေးခြင်း သမ္မာအာဇီဝ၊
(၆) မှန်စွာအားထုတ်ခြင်း သမ္မာဝါယာမ၊
(၇) မှန်စွာအောက်မေ့ခြင်း သမ္မာသတိ၊
(၈) မှန်စွာတည်ကြည်ခြင်း သမ္မာသမာဓိ
ဟူသောအင်္ဂါရှစ်ပါးရှိသော အရိယာမဂ်တို့ ဖြစ်ပါသည်။

       ရဟန်းတို့ ငါဘုရားသည် အထူးသဖြင့် သိတော်မူအပ်သော ပညာမျက်စိကို ပြုတတ်သော, ဉာဏ်အမြင်ကို ပြုတတ်သော, အလယ်အလတ်ဖြစ်သော အကျင့်သည် ကိလေသာငြိမ်းရန်အလို့ငှာ ဖြစ်၏။ ထူးသောဉာဏ်ဖြင့် သိရန်အလို့ငှာ ဖြစ်၏။ (သစ္စာလေးပါးကို) သိရန် အလို့ငှာဖြစ်၏။ နိဗ္ဗာန်ကို မျက်မှောက်ပြုရန်အလို့ငှာ ဖြစ်၏။

(၄) ဒုက္ခသစ္စာ
       ရဟန်းတို့  ဤသည်ကား ဆင်းရဲဖြစ်သော အရိယာတို့၏ အမှန်တရား “ဒုက္ခအရိယသစ္စာ”ပေတည်း။ ပဋိသန္ဓေတည်နေရခြင်းသည်လည်း ဆင်းရဲ၏။ အိုရခြင်းသည်လည်း ဆင်းရဲ၏။ နာရခြင်းသည်လည်း ဆင်းရဲ၏။ သေရခြင်းသည်လည်း ဆင်းရဲ၏။ မချစ်သောသူတို့နှင့် အတူနေရခြင်းသည်လည်း ဆင်းရဲ၏။ ချစ်သောသူတို့နှင့် ကွေကွင်းရခြင်းသည်လည်း ဆင်းရဲ၏။ လိုချင်ရာကို မရခြင်းသည်လည်း ဆင်းရဲ၏။ အကျဉ်းအားဖြင့် စွဲလမ်းရာအာရုံဖြစ်သော ခန္ဓာငါးပါး (ခန္ဓာကိုယ်ကြီး) သည်လည်း ဆင်းရဲ၏။

(၅) သမုဒယသစ္စာ
       ရဟန်းတို့  ဤသည်ကား ဆင်းရဲ၏ အကြောင်းဖြစ်သောအရိယာတို့၏ အမှန်တရား “သမုဒယအရိယသစ္စာ”ပေတည်း။ အကြင်တဏှာသည် ဘဝသစ်၌ ဖြစ်စေတတ်၏။ နှစ်သက်ခြင်း တပ်မက်ခြင်းနှင့်တကွ ဖြစ်၏။ ထိုထိုအာရုံ၌ လွန်စွာ နှစ်သက်တတ်၏။ ထိုတပ်မက်မှု တဏှာဟူသည်-
၁။ ကာမဘုံတို့၌ တပ်မက်မှုတဏှာ ကာမတဏှာ၊
၂။ တည်မြဲ၏-ဟု ယူသော သဿတဒိဋ္ဌိနှင့်တကွဖြစ်သော တပ်မက်မှုတဏှာ ဘဝတဏှာ၊
၃။ သေလျှင်ပြတ်၏-ဟု ယူသော ဥစ္ဆေဒဒိဋ္ဌိနှင့်တကွဖြစ်သော တပ်မက်မှုတဏှာ ဝိဘဝတဏှာ-တို့တည်း။

(၆) နိရောဓသစ္စာ
       ရဟန်းတို့  ဤသည်ကား ဆင်းရဲ၏ ချုပ်ရာဖြစ်သော အရိယာတို့၏ အမှန်တရား “နိရောဓအရိယသစ္စာ”ပေတည်း။ ယင်းဆင်းရဲ၏ ချုပ်ငြိမ်းရာဟူသည် ထိုတပ်မက်မှု တဏှာ၏သာလျှင် အကြွင်းမဲ့ စွဲမက်မှုကင်းပျောက်ချုပ်ငြိမ်းရာ စွန့်လွှတ်ရာ တဖန်စွန့်ပယ်ရာ လွတ်မြောက်ရာ မကပ်ငြိရာပင်ဖြစ်၏။

(၇) မဂ္ဂသစ္စာ
       ရဟန်းတို့  ဤသည်ကား ဆင်းရဲ၏ချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ဖြစ်သော အရိယာတို့၏ အမှန်တရား “မဂ္ဂအရိယသစ္စာ”ပေတည်း၊ ဤအရိယာမဂ်သည် အင်္ဂါရှစ်ပါးရှိ၏။ အင်္ဂါရှစ်ပါးဟူသည်ကား - (၁) မှန်စွာ သိမြင်ခြင်း သမ္မာဒိဋ္ဌိ၊ (၂) မှန်စွာ ကြံခြင်း သမ္မာသင်္ကပ္ပ၊ (၃) မှန်စွာ ပြောဆိုခြင်း သမ္မာဝါစာ၊ (၄) မှန်စွာ ပြုလုပ်ခြင်း သမ္မာကမ္မန္တ၊ (၅) မှန်စွာ အသက်မွေးခြင်း သမ္မာအာဇီဝ၊ (၆) မှန်စွာ အားထုတ်ခြင်း သမ္မာဝါယာမ၊ (၇) မှန်စွာ အောက်မေ့ခြင်း သမ္မာသတိ၊ (၈) မှန်စွာ တည်ကြည်ခြင်း သမ္မာသမာဓိ တို့တည်း။

(၈) ဒုက္ခသစ္စာ၌ သစ္စဉာဏ်
       ရဟန်းတို့ “ဤတရားသည် ဆင်းရဲဖြစ်သော အရိယာတို့၏ အမှန်တရား “ဒုက္ခအရိယသစ္စာ”မည်၏ဟု (ဘုရားမဖြစ်မီ) ရှေးက မကြားဘူးကုန်သော (ဒုက္ခသစ္စာ)တရားတို့၌ ငါဘုရား၏ (ပညာ) မျက်စိသည် ထင်ရှားဖြစ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏၊ အပြားအားဖြင့် သိတတ်သော ဉာဏ်ပညာသည် ထင်ရှားဖြစ်၏၊ ထိုးထွင်း၍ သိသောဉာဏ် “ဝိဇ္ဇာ”သည် ထင်ရှားဖြစ်၏၊ အလင်းရောင်သည် ထင်ရှားဖြစ်၏။

(၉) ဒုက္ခသစ္စာ၌ ကိစ္စဉာဏ်
       ရဟန်းတို့ ငါဘုရားသည် ထိုဆင်းရဲဖြစ်သော အရိယာတို့၏ အမှန်တရား “ဒုက္ခအရိယသစ္စာ”ကို စင်စစ်ပိုင်းခြား၍ သိထိုက်၏-ဟု (ဘုရားမဖြစ်မီ) ရှေးက မကြားဘူးကုန်သော (ဒုက္ခသစ္စာ)တရားတို့၌ ငါဘုရား၏ (ပညာ) မျက်စိသည် ထင်ရှားဖြစ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏၊ အပြားအားဖြင့် သိတတ်သော ဉာဏ်ပညာသည် ထင်ရှားဖြစ်၏၊ ထိုးထွင်း၍ သိသောဉာဏ် “ဝိဇ္ဇာ”သည် ထင်ရှားဖြစ်၏၊ အလင်းရောင်သည် ထင်ရှားဖြစ်၏။

(၁၀) ဒုက္ခသစ္စာ၌ ကတဉာဏ်
       ရဟန်းတို့ ငါဘုရားသည် ထိုဆင်းရဲဖြစ်သော အရိယာတို့၏ အမှန်တရား “ဒုက္ခအရိယသစ္စာ”ကို ပိုင်းခြား၍ သိခဲ့ပြီးပြီဟု (ဘုရားမဖြစ်မီ) ရှေးက မကြားဘူးကုန်သော (ဒုက္ခသစ္စာ)တရားတို့၌ (ပညာ) မျက်စိသည် ထင်ရှားဖြစ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏၊ အပြားအားဖြင့် သိတတ်သော ဉာဏ်ပညာသည် ထင်ရှားဖြစ်၏၊ ထိုးထွင်း၍ သိသောဉာဏ်“ဝိဇ္ဇာ”သည် ထင်ရှားဖြစ်၏၊ အလင်းရောင်သည် ထင်ရှားဖြစ်၏။

(၁၁) ဒုက္ခသစ္စာ၌ သစ္စဉာဏ်
       ရဟန်းတို့ “ဤတရားသည် ဆင်းရဲခြင်း၏ အကြောင်းဖြစ်သော အရိယာတို့၏ အမှန်တရား “သမုဒယအရိယသစ္စာ”မည်၏ဟု (ဘုရား မဖြစ်မီ) ရှေးက မကြားဘူးကုန်သော (သမုဒယသစ္စာ)တရားတို့၌ (ပညာ)မျက်စိသည်ထင်ရှားဖြစ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏၊ အပြားအားဖြင့် သိတတ်သော ဉာဏ်ပညာသည် ထင်ရှားဖြစ်၏၊ ထိုးထွင်း၍သိသောဉာဏ် “ဝိဇ္ဇာ”သည် ထင်ရှားဖြစ်၏၊ အလင်းရောင်သည် ထင်ရှားဖြစ်၏။

(၁၂) သမုဒယသစ္စာ၌ ကိစ္စဉာဏ်
       ရဟန်းတို့ ငါဘုရားသည် “ထိုတရားသည် ဆင်းရဲခြင်း၏ အကြောင်းဖြစ်သောအရိယာတို့၏ အမှန်တရား “သမုဒယအရိယသစ္စာ”ကို ပယ်အပ်၏ဟု (ဘုရားမဖြစ်မီ) ရှေးက မကြားဘူးကုန်သော (ဒုက္ခသစ္စာ)တရားတို့၌ ငါဘုရား၏ (ပညာ) မျက်စိသည် ထင်ရှားဖြစ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏၊ အပြားအားဖြင့် သိတတ်သော ဉာဏ်ပညာသည် ထင်ရှားဖြစ်၏၊ ထိုးထွင်း၍ သိသောဉာဏ် “ဝိဇ္ဇာ”သည် ထင်ရှားဖြစ်၏၊ အလင်းရောင်သည် ထင်ရှားဖြစ်၏။

(၁၃) သမုဒယသစ္စာ၌ ကတဉာဏ်
       ရဟန်းတို့ ငါဘုရားသည် “ထိုတရားသည် ဆင်းရဲခြင်း၏ အကြောင်းဖြစ်သော အရိယာတို့၏ အမှန်တရား “သမုဒယအရိယသစ္စာ”ကို ပယ်ပြီးပြီ-ဟု (ဘုရား မဖြစ်မီ) ရှေးအဘို့က မကြားဘူးကုန်သော (သမုဒယသစ္စာ)တရားတို့၌ ငါဘုရား၏ (ပညာ)မျက်စိသည် ထင်ရှားဖြစ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏၊ အပြားအားဖြင့် သိတတ်သောဉာဏ်“ပညာ”သည် ထင်ရှားဖြစ်၏၊ ထိုးထွင်း၍ သိသောဉာဏ် “ဝိဇ္ဇာ”သည် ထင်ရှားဖြစ်၏၊ အလင်းရောင်သည် ထင်ရှားဖြစ်၏။

(၁၄) နိရောဓသစ္စာ၌ သစ္စဉာဏ်
       ရဟန်းတို့ “ဤနိဗ္ဗာန်သည် ဆင်းရဲခြင်း၏ ချုပ်ရာဖြစ်သော အရိယာတို့၏ အမှန်တရား “နိရောဓအရိယသစ္စာ”မည်၏ဟု (ဘုရား မဖြစ်မီ) ရှေးက မကြားဘူးကုန်သော (နိရောဓသစ္စာ)တရားတို့၌ (ပညာ)မျက်စိသည် ထင်ရှားဖြစ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏၊ အပြားအားဖြင့် သိတတ်သော ဉာဏ်ပညာသည် ထင်ရှားဖြစ်၏၊ ထိုးထွင်း၍ သိသောဉာဏ် “ဝိဇ္ဇာ”သည် ထင်ရှားဖြစ်၏၊ အလင်းရောင်သည် ထင်ရှားဖြစ်၏။

(၁၅) နိရောဓသစ္စာ၌ ကိစ္စဉာဏ်
       ရဟန်းတို့ ငါဘုရားသည် “ထို ဆင်းရဲ၏ ချုပ်ရာဖြစ်သော ဤအရိယာတို့၏ အမှန်တရား “နိရောဓအရိယသစ္စာ”ကို မျက်မှောက်ပြုအပ်၏- ဟု (ဘုရားမဖြစ်မီ) ရှေးက မကြားဘူးကုန်သော (ဒုက္ခသစ္စာ)တရားတို့၌ ငါဘုရား၏ (ပညာ) မျက်စိသည် ထင်ရှားဖြစ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏၊ အပြားအားဖြင့် သိတတ်သော ဉာဏ်ပညာသည် ထင်ရှားဖြစ်၏၊ ထိုးထွင်း၍ သိသောဉာဏ် “ဝိဇ္ဇာ”သည် ထင်ရှားဖြစ်၏၊ အလင်းရောင်သည် ထင်ရှားဖြစ်၏။

(၁၆) နိရောဓသစ္စာ၌ ကတဉာဏ်
       ရဟန်းတို့ ငါဘုရားသည် “ထိုဆင်းရဲခြင်း၏ ချုပ်ရာဖြစ်သော ဤအရိယာတို့၏ အမှန်တရား “နိရောဓအရိယသစ္စာ”ကို မျက်မှောက်ပြုပြီးပြီဟု (ဘုရား မဖြစ်မီ) ရှေးက မကြားဘူးကုန်သော (နိရောဓသစ္စာ)တရားတို့၌ ငါဘုရား၏ (ပညာ) မျက်စိသည် ထင်ရှားဖြစ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏၊ အပြားအားဖြင့် သိတတ်သော ဉာဏ်ပညာသည် ထင်ရှားဖြစ်၏၊ ထိုးထွင်း၍ သိသောဉာဏ်“ဝိဇ္ဇာ”သည် ထင်ရှားဖြစ်၏၊ အလင်းရောင်သည် ထင်ရှားဖြစ်၏။

(၁၇) မဂ္ဂသစ္စာ၌ သစ္စဉာဏ်
       ရဟန်းတို့ “ဤတရားသည် ဆင်းရဲခြင်း၏ ချုပ်ရာနိဗ္ဗာန်သို့ ရောက်ကြောင်း ဖြစ်သောအရိယာတို့၏ အမှန်တရား “မဂ္ဂအရိယသစ္စာ” မည်၏ ဟု (ဘုရားမဖြစ်မီ) ရှေးက မကြားဘူးကုန်သော (မဂ္ဂသစ္စာ)တရားတို့၌ (ပညာ)မျက်စိသည် ထင်ရှားဖြစ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏၊ အပြားအားဖြင့် သိတတ်သော ဉာဏ်ပညာသည် ထင်ရှားဖြစ်၏၊ ထိုးထွင်း၍ သိသောဉာဏ်“ဝိဇ္ဇာ”သည် ထင်ရှားဖြစ်၏၊ အလင်းရောင်သည် ထင်ရှားဖြစ်၏။

(၁၈) မဂ္ဂသစ္စာ၌ ကိစ္စဉာဏ်
       ရဟန်းတို့ ငါဘုရားသည်“ထိုဆင်းရဲ၏ ချုပ်ရာနိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ဖြစ်သော ဤအရိယာတို့၏ အမှန်တရား “မဂ္ဂအရိယသစ္စာ”ကို ပွားများအပ်၏ဟု (ဘုရားမဖြစ်မီ) ရှေးက မကြားဘူးကုန်သော (မဂ္ဂသစ္စာ)တရားတို့၌ (ပညာ)မျက်စိသည် ထင်ရှားဖြစ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏၊ အပြားအားဖြင့် သိတတ်သော ဉာဏ်ပညာသည် ထင်ရှားဖြစ်၏၊ ထိုးထွင်း၍ သိသောဉာဏ်“ဝိဇ္ဇာ”သည် ထင်ရှားဖြစ်၏၊ အလင်းရောင်သည် ထင်ရှားဖြစ်၏။

(၁၉) မဂ္ဂသစ္စာ၌ ကတဉာဏ်
       ရဟန်းတို့ ငါဘုရားသည် “ထိုဆင်းရဲခြင်း၏ ချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ဖြစ်သော ဤအရိယာတို့၏ အမှန်တရား “မဂ္ဂအရိယသစ္စာ”ကို ပွားများပြီးပြီ”ဟု (ဘုရားမဖြစ်မီ) ရှေးက မကြားဘူးကုန်သော (မဂ္ဂသစ္စာ) တရားတို့၌ (ပညာ)မျက်စိသည် ထင်ရှားဖြစ်၏၊  အသိဉာဏ်သည် ထင်ရှားဖြစ်၏၊ အပြားအားဖြင့် သိတတ်သော ဉာဏ်ပညာသည် ထင်ရှားဖြစ်၏၊ ထိုးထွင်း၍ သိသောဉာဏ်“ဝိဇ္ဇာ”သည် ထင်ရှားဖြစ်၏၊ အလင်းရောင်သည် ထင်ရှားဖြစ်၏။

(၂၀) ရှေးက ဘုရားဖြစ်ကြောင်း ဝန်မခံခဲ့ပုံ
       ရဟန်းတို့ ဤအရိယာတို့၏ အမှန်တရားလေးပါးတို့၌ ဤသို့ သုံးပါးသော အပြန် တစ်ဆယ့်နှစ်ပါးသော အခြင်းအရာရှိသော မှန်ကန်သော ဉာဏ်အမြင် မကြည်လင်သေးသမျှ ကာလပတ်လုံး ငါဘုရားသည် နတ်, မာရ်နတ်, ဗြဟ္မာတို့နှင့် တကွသော နတ်လောကနှင့် သမဏ ဗြဟ္မဏမင်းများ လူများနှင့်တကွသော လူလောက၌ “အတုမရှိသော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိသော အရဟတ္တမဂ်ဉာဏ်ကို သိပြီ”ဟူ၍ ဝန်မခံခဲ့ချေ။

(၂၁) ယခုမှ ဘုရားအဖြစ်ကြောင်း ဝန်ခံပုံ
       ရဟန်းတို့  ဤအရိယာတို့၏ အမှန်တရားလေးပါးတို့၌ ဤသို့သုံးပါးသော အပြန် တစ်ဆယ့်နှစ်ပါးသော အခြင်းအရာရှိသော မှန်ကန်သော ဉာဏ်အမြင် ကြည်လင်လာသောအခါ၌သာလျှင် ငါဘုရားသည် နတ်, မာရ်နတ်, ဗြဟ္မာတို့နှင့် တကွသော နတ်လောကနှင့် သမဏ, ဗြဟ္မဏမင်းများ လူများနှင့်တကွသော လူလောက၌ “အတုမရှိသော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာသိသော အရဟတ္တမဂ်ဉာဏ်ကို သိပြီ”ဟူ၍ ဝန်ခံခဲ့၏။

(၂၂) ပစ္စဝေက္ခဏာဉာဏ်ဖြင့် သိမြင်ပုံ
       ငါ၏ ကိလေသာတို့မှ လွတ်မြောက်မှုသည် မပျက်စီးနိုင်ပြီ၊ ဤကား အဆုံးစွန်သော ဘဝတည်း၊ ယခုအခါ ဘဝသစ်၌ ဖြစ်ခြင်း မရှိတော့ပြီဟု ငါ့အား ဉာဏ်အမြင် (ပစ္စဝေက္ခဏာဉာဏ်)သည်လည်း ထင်ရှားဖြစ်ပေါ်ခဲ့ပြီ-ဟု မိန့်တော်မူ၏။

(၂၃) ပဥ္စဝဂ္ဂီရဟန်းတို့ တရားနှစ်သက်ကြပုံ
       မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူလတ်သော် ပဉ္စဝဂ္ဂီရဟန်းတို့သည် နှစ်လိုကုန်သည်ဖြစ်၍ မြတ်စွာဘုရား၏ စကားကို ဝမ်းမြောက်စွာ လက်ခံကြလေကုန်သတည်း။

(၂၄) အရှင်ကောဏ္ဍည သောတာပန်ဖြစ်ပုံ
       ဤဒေသနာတော်ကို ဟောကြားတော်မူလတ်သော် အရှင်ကောဏ္ဍညအား “ဖြစ်ခြင်းသဘောရှိသော တရားအလုံးစုံသည် ချုပ်ခြင်းသဘောရှိ၏”ဟု (ကိလေသာ)မြူအညစ်အကြေးကင်းသော တရားမျက်စိ “သောတာပတ္တိမဂ်ဉာဏ်”သည် ဖြစ်ပေါ်လာ၏။

(၂၅) နတ်ဗြဟ္မာတို့ ကောင်းချီးပေးပုံ
       ဤသို့ မြတ်စွာဘုရားသည် ဓမ္မစကြာတရားကို ဟောတော်မူလတ်သော် “ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တောဝယ် လောက၌ ရဟန်း, ပုဏ္ဏား, နတ်, မာရ်နတ်, ဗြဟ္မာ တစ်စုံတစ်ယောက်မျှ မဟောနိုင်သော အတုမရှိသော ဤဓမ္မစကြာတရားတော်ကို မြတ်စွာဘုရား ဟောတော်မူအပ်ပြီ”ဟု ဘုမ္မစိုးနတ်တို့သည် ကောင်းချီးပေးသံကို အဆင့်ဆင့် ကြွေးကြော်ကုန်၏။

       ဘုမ္မစိုးနတ်တို့၏ ကောင်းချီးပေးသံကို ကြား၍ စာတုမဟာရာဇ်နတ်တို့ကလည်း “ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တောဝယ် လောက၌ ရဟန်း, ပုဏ္ဏား, နတ်, မာရ်နတ်, ဗြဟ္မာ တစ်စုံတစ်ယောက်မျှ မဟောနိုင်သော အတုမရှိသော ဤဓမ္မစကြာ တရားတော်ကို မြတ်စွာဘုရား ဟောတော်မူအပ်ပြီ”ဟု ကောင်းချီးပေးသံကို အဆင့်ဆင့် ကြွေးကြော်ကုန်၏။

       စာတုမဟာရာဇ်နတ်တို့၏ ကောင်းချီးပေးသံကို ကြား၍ တာဝတိံသာနတ်တို့ကလည်း “ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တောဝယ် လောက၌ ရဟန်း, ပုဏ္ဏား, နတ်, မာရ်နတ်, ဗြဟ္မာ တစ်စုံတစ်ယောက်မျှ မဟောနိုင်သော အတုမရှိသော ဤဓမ္မစကြာ တရားတော်ကို မြတ်စွာဘုရား ဟောတော်မူအပ်ပြီ”ဟု ကောင်းချီးပေးသံကို အဆင့်ဆင့် ကြွေးကြော်ကုန်၏။

       တာဝတိံသာနတ်တို့၏ ကောင်းချီးပေးသံကို ကြား၍ ယာမာနတ်တို့ကလည်း “ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တောဝယ် လောက၌ ရဟန်း, ပုဏ္ဏား, နတ်, မာရ်နတ်, ဗြဟ္မာ တစ်စုံတစ်ယောက်မျှ မဟောနိုင်သော အတုမရှိသော ဤဓမ္မစကြာ တရားတော်ကို မြတ်စွာဘုရား ဟောတော်မူအပ်ပြီ”ဟု ကောင်းချီးပေးသံကို အဆင့်ဆင့် ကြွေးကြော်ကုန်၏။

       ယာမာနတ်တို့၏ ကောင်းချီးပေးသံကို ကြား၍ တုသိတာနတ်တို့ကလည်း “ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တောဝယ် လောက၌ ရဟန်း, ပုဏ္ဏား, နတ်, မာရ်နတ်, ဗြဟ္မာ တစ်စုံတစ်ယောက်မျှ မဟောနိုင်သော အတုမရှိသော ဤဓမ္မစကြာ တရားတော်ကို မြတ်စွာဘုရား ဟောတော်မူအပ်ပြီ”ဟု ကောင်းချီးပေးသံကို အဆင့်ဆင့် ကြွေးကြော်ကုန်၏။

       တုသိတာနတ်တို့၏ ကောင်းချီးပေးသံကို ကြား၍ နိမ္မာနရတီနတ်တို့ကလည်း “ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တောဝယ် လောက၌ ရဟန်း, ပုဏ္ဏား, နတ်, မာရ်နတ်, ဗြဟ္မာ တစ်စုံတစ်ယောက်မျှ မဟောနိုင်သော အတုမရှိသော ဤဓမ္မစကြာ တရားတော်ကို မြတ်စွာဘုရား ဟောတော်မူအပ်ပြီ”ဟု ကောင်းချီးပေးသံကို အဆင့်ဆင့် ကြွေးကြော်ကုန်၏။

       နိမ္မာနရတီနတ်တို့၏ ကောင်းချီးပေးသံကို ကြား၍ ပရနိမ္မိတဝသဝတ္တီနတ်တို့ကလည်း “ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တောဝယ် လောက၌ ရဟန်း, ပုဏ္ဏား, နတ်, မာရ်နတ်, ဗြဟ္မာ တစ်စုံတစ်ယောက်မျှ မဟောနိုင်သော အတုမရှိသော ဤဓမ္မစကြာ တရားတော်ကို မြတ်စွာဘုရား ဟောတော်မူအပ်ပြီ”ဟု ကောင်းချီးပေးသံကို အဆင့်ဆင့် ကြွေးကြော်ကုန်၏။

       ပရနိမ္မိတဝသဝတ္တီနတ်တို့၏ ကောင်းချီးပေးသံကို ကြား၍ ဗြဟ္မာ့ပြည်၌ဖြစ်သော ဗြဟ္မာတို့သည်လည်း “ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တောဝယ် လောက၌ ရဟန်း, ပုဏ္ဏား, နတ်, မာရ်နတ်, ဗြဟ္မာ တစ်စုံတစ်ယောက်မျှ မဟောနိုင်သော အတုမရှိသော ဤဓမ္မစကြာ တရားတော်ကို မြတ်စွာဘုရား ဟောတော်မူအပ်ပြီ”ဟု ကောင်းချီးပေးသံကို အဆင့်ဆင့် ကြွေးကြော်ကုန်၏။

       ဤသို့လျှင် ထိုအချိန် ထိုအခါကာလတွင် (အကနိဋ္ဌ) ဗြဟ္မာ့ပြည်တိုင်အောင် ကောင်းချီးသံသည် ပြန့်နှံ့၍တက်၏။

(၂၆) တစ်သောင်းသော လောကဓာတ် တုန်လှုပ်ပုံ
       ဤတစ်သောင်းသော လောကဓာတ်သည်လည်း တုန်လှုပ်၏၊ ပြင်းစွာ တုန်လှုပ်၏၊ ထက်ဝန်းကျင် တုန်လှုပ်၏၊

(၂၇) အရောင်အလင်းဖြစ်ပေါ်လာပုံ
       အတိုင်းအရှည်မရှိ ကြီးမားသော အလင်းရောင်သည်လည်း လောက၌ နတ်တို့၏ အာနုဘော်ကို ကျော်လွန်၍ ထင်ရှားဖြစ်ပေါ်၏။

(၂၈) မြတ်စွာဘုရား ဥဒါန်းကျူးပုံ
       ထိုအခါ မြတ်စွာဘုရားသည် “ရဟန်းတို့ ကောဏ္ဍညသည် သစ္စာလေးပါး တရားကို သိလေပြီတကား၊ ရဟန်းတို့ ကောဏ္ဍညသည် သစ္စာလေးပါးတရားကို သိလေပြီတကား”ဟု ဥဒါန်းကျူးရင့်တော်မူ၏။ ဤသို့ ဥဒါန်းကျူးရင့်တော်မူသောကြောင့် အရှင်ကောဏ္ဍညအား “အညာသိကောဏ္ဍည”ဟူ၍သာလျှင် အမည်တွင်၏။

(၂၉) အရှင်ကောဏ္ဍည ရဟန်းအဖြစ်တောင်းပုံ
       ထို့နောက် အရှင်အညာသိကောဏ္ဍညသည် တရားကို မြင်ပြီးသည်ဖြစ်၍ တရားသို့ ရောက်ပြီး, သက်ဝင်ပြီးသည်ဖြစ်၍ ယုံမှားခြင်းကို ကူးမြောက်ပြီး သို့လော သို့လော (တွေးတောခြင်း) ကင်းပြီးသည်ဖြစ်၍ မြတ်စွာဘုရား သာသနာ၌ ရဲရင့်ခြင်းသို့ ရောက်ကာ ဘုရားမှတပါး ကိုးစားထိုက်သူ မရှိသည်ဖြစ်၍ မြတ်စွာဘုရားကို “အရှင်ဘုရား အကျွန်ုပ်သည် မြတ်စွာဘုရားအထံ၌ ရှင်အဖြစ်ကို ရလိုပါ၏၊ ရဟန်းအဖြစ်ကို ရလိုပါ၏”ဟု လျှောက်၏။

(၃၀) ဧဟိဘိက္ခု ရဟန်းဖြစ်ပုံ
       “ရဟန်း လာလော့၊ တရားကို ကောင်းစွာ ဟောအပ်ပြီ၊ ဆင်းရဲခြင်း၏ အဆုံးကို ပြုခြင်းငှာ မြတ်သောအကျင့်ကို ကောင်းစွာကျင့်လော့”ဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏။ ထိုစကားတော်သည်ပင်လျှင် ထိုအရှင်အညာသိကောဏ္ဍည၏ ပဉ္စင်းအဖြစ်ပြီးလေ၏။

ဓမ္မစကြာ မြန်မာပြန်ပြီး၏။

မှတ်ချက် - ပြန်လည် ကူးယူတင်ပါက မူရင်းကို အမှတ်ပြုပါ။

#အားလုံးရွင်လန်းချမ်းမြေ့ကြပါစေ 

#ပြန်လည်_မျှ‌ဝေခြင်းဖြင့်ဓမ္မဒါနပြုပါသည် 

မေတ္တာဖြင့်📝ရေးသား၍မျှဝေသည်။
#ashin_kaw_win_da/မကွေး/

Sunday, January 11, 2026

မြတ်ဘုရား၏အဆုံးအမ

- -. တစ်ခါသော် တန်ခိုးအရာ၌ ပြိုင်ဘက်ကင်းသော အရှင်မဟာမောဂ္ဂလာန်သည် ဆိတ်ငြိမ်ရာအရပ်၌ တရားအားထုတ်နေစဉ် စိတ်ထဲ၌ ထူးဆန်းသော စူးစမ်းလိုစိတ်တစ်ခု ပေါ်ပေါက်လာခဲ့သည်။ ၎င်းမှာ မိမိကိုးကွယ်သော ဆရာသခင် ဗုဒ္ဓမြတ်စွာ၏ စိတ်တော်သည် ယခုအချိန်တွင် မည်သည့်အာရုံ၌ တည်နေသနည်း၊ မည်မျှအထိ နက်နဲကျယ်ပြန့်သနည်း ဆိုသည်ပင် ဖြစ်သည်။ ဤစူးစမ်းမှုသည် ပြိုင်ဆိုင်လိုခြင်းကြောင့်မဟုတ်ဘဲ သမုဒ္ဒရာကြီး၏ အနက်ကို သိချင်သော ခရီးသည်တစ်ဦး၏ အံ့ဩကြည်ညိုစိတ်မျိုးဖြင့် စတင်ခဲ့ခြင်းဖြစ်သည်။ အရှင်မောဂ္ဂလာန်သည် မိမိ၏ အစွမ်းထက်လှသော စေတောပရိယဉာဏ်ကို အသုံးချကာ ဘုရားရှင်၏ စိတ်အစဉ်အတွင်းသို့ လှမ်း၍ ကြည့်လိုက်သည်။သို့သော် ထူးဆန်းသည်မှာ ဘုရားရှင်၏ စိတ်တော်သည် အတိုင်းအဆမဲ့သော ဟင်းလင်းပြင်ကြီးကဲ့သို့ ဖြစ်နေပြီး မည်သည့်အရိပ်အယောင်မျှ ရှာမတွေ့ခြင်းပင် ဖြစ်သည်။ ထိုအချိန်၌ ဘုရားရှင်သည် စိတ်နှင့် စေတသိက်တို့လုံးဝရပ်တန့်နေသည့် နိရောဓသမာပတ် ကို ဝင်စားနေချိန် ဖြစ်သဖြင့် သာဝကဉာဏ်ဖြင့် ကြည့်လျှင် ဘာမှမရှိသော အမှောင်ထုကြီး ထဲသို့ ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သို့သော် ထိုအမှောင်ထုထဲတွင် ဘုရားရှင်၏ အထူးကိစ္စဖြစ်သော အာသယာနုသယဉာဏ် တော်ကြီးကမူ သတ္တဝါတို့၏ ကံ၊ ဝါသနာနှင့် ဣန္ဒြေတို့ကို သိမ်မွေ့စွာ တွက်ချက်လျက်ရှိသည်။ အရှင်မောဂ္ဂလာန်၏ ဉာဏ်သည် ထိုနက်နဲမှု၏ အရိပ်အယောင်ကိုမျှ မမီနိုင်တော့ဘဲ လမ်းပျောက်သွားရလေသည်။ ဤဖြစ်ရပ်သည် မဟာသာဝကကြီး၏ ဉာဏ်တော်သည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းနှင့် တူပါက ဘုရားရှင်၏ ဉာဏ်တော်မှာ သမုဒ္ဒရာကြီးနှင့် တူကြောင်း လက်တွေ့သက်သေပြလိုက်ခြင်းပင် ဖြစ်သည်။ နောက်ပိုင်းတွင် ဘုရားရှင်က "မောဂ္ဂလာန်! သင်သည် ငါ၏ စိတ်တော်ကို အမြဲတမ်း လိုက်၍ မသိနိုင်" ဟု မိန့်ကြားတော်မူခဲ့သည်။ အရှင်မောဂ္ဂလာန်ကလည်း မိမိသည် ပြိုင်လိုစိတ်ဖြင့် မဟုတ်ဘဲ ကြည်ညိုလွန်း၍သာ စမ်းသပ်မိခြင်းဖြစ်ကြောင်း ဝန်ခံလျှောက်ထားခဲ့သည်။ အမှန်စင်စစ် ဤစူးစမ်းလိုစိတ်မှာ အရှင်မောဂ္ဂလာန်၏ အတိတ်ဘဝ ရသေ့ဘဝများစွာမှ ပါလာသော "ဝါသနာ" ဓာတ်ခံကြောင့် ဖြစ်သော်လည်း၊ ဘုရားရှင်က ထိုဝါသနာကိုပင် အသုံးချကာ အစိန္တေယျဖြစ်သော ဘုရားဉာဏ်နောက်သို့ လိုက်မနေဘဲ မိမိ၏ နိဗ္ဗာန်ရောက်ကြောင်း မဂ္ဂင်လမ်းကိုသာ အာရုံစိုက်ရန် လမ်းညွှန်ပေးခဲ့သည်။ ဤဖြစ်ရပ်သည် ကြှနျုပျတို့အတှကျ အဖိုးတန်သော သင်ခန်းစာတစ်ခု ပေးခဲ့ပါသည်။ မဟာသာဝကကြီးပင် ဘုရားဉာဏ်၏ အဆုံးကို မမြင်နိုင်လျှင် ငါတို့သည် ဘုရားရှင်၏ တရားတော်များကို မည်မျှပင် ယုံကြည်အားကိုးထိုက်သနည်း ဆိုသည့်အသိပင် ဖြစ်သည်။ ဘုရားရှင်၏ ဉာဏ်တော်သည် နက်ရှိုင်းသော သမုဒ္ဒရာကြီးနှင့်တူ၍ ကြှနျုပျတို့သညျ ထိုရေထု၏ အနက်ဆုံးကို မတိုင်းတာနိုင်ကြသော်လည်း ယုံကြည်မှုဖြင့် ခြေစွန်းချလိုက်ရုံမျှဖြင့် နိဗ္ဗာန်၏ အေးမြမှုကို လက်တွေ့ခံစားနိုင်မည်ဖြစ်ကြောင်း ဤအကြောင်းအရာက သက်သေပြနေပါတော့သည်။

(ဤဖြစ်ရပ်နှင့် ပတ်သက်၍ ကျမ်းဂန်အထောက်အထားများမှာ
- မူလကျမ်း သံယုတ္တနိကာယ် (SN 40.1)
- အဋ္ဌကထာ သံယုတ္တနိကာယ် အဋ္ဌကထာ (သာရတ္ထပကာသိနီ)၊ မူလပဏ္ဏာသ အဋ္ဌကထာ
- ဋီကာ သာရတ္ထဒီပနီဋီကာ
- အခြားကျမ်းများ ဓမ္မပဒ အဋ္ဌကထာ (ပါဠိ မောဂ္ဂလ္လာနဿ ဝါသနာ အာသိ)၊ မိလိန္ဒပဉှာ (ပါဠိ ဗုဒ္ဓစိတ္တဿ အစိန္တေယျတာ)

Friday, January 9, 2026

အရှင်အာနန္ဒာ၏ဝိပဿနာ

 ရှင်အာနန္ဒာကို တရားထူးရစေတဲ့ တရားတစ်ပုဒ် 

 ရှင်အာနန္ဒ သာ၀တ္ထိပြည်
 ဇေတ၀န်ကျောင်းတော်မှာ
 သီတင်းသုံးနေတဲ့အချိန်
 ဓမ္မကထိက အရာမှာ ဧတဒဂ်ရတဲ့   
 ရှင်ပုဏ္ဏရဲ့ တရားကို နာပြီးတော့
 ရှင်အာနန္ဒ သောတာပန် ဖြစ်လာပါတယ်။

 ရှင်အာနန္ဒက ရဟန်းတွေကို
 ပြန်ပြောပြပါတယ် ...

 ငါ့ရှင်တို့၊ အရှင်ပုဏ္ဏဟာ တို့အဖို့
 အလွန်ကျေးဇူး ကြီးမားတဲ့ ပုဂ္ဂိုလ်ပါ၊
 ဒို့လို သာသနာ့ဘောင် ၀ငျလာခါစ 
 ရဟန်းငယ်တွေ အတွက်
 အင်မတန်မှ အားကိုးရတဲ့ ပုဂ္ဂိုလ်ပဲ။ 
 တို့တစ်တွေဟာ အရှင်ပုဏ္ဏက တရားကို 
 အသေးစိတ်ရှင်းပြတာနာရလို့
 တရားထူး တရားမြတ်ရခဲ့ကြတယ်လို့ 
 ရှင်းပြပြီး... အရှင်ပုဏ္ဏက
 ဘယ်လို တရားဟောခဲ့သလဲ ဆိုတာ 
 ဆက်ပြီးရှင်းပြပါတယ်။

 အရှင်ပုဏ္ဏ ဟောခဲ့တဲ့ တရားက -

 ဥပါဒါယ အာဝုသော အသ္မီတိ ဟောတိ
 နော အနုပါ ဒါယ တဲ့။ 

 ရိုးရိုးရှင်းရှင်းလေးပါ။

 ငါ ဆိုတဲ့ အတွေးဟာ
 တစ်စုံတစ်ခုကို မှီပြီးတော့မှ
 ပေါ်လာတာပါ။
 အမှီမရှိဘဲ၊ အမှီမပြုဘဲ မပေါ်ပါ တဲ့။

 လောကလူတွေရဲ့ ငါဆိုတဲ့ အတွေး၊ 
 ငါ့ဟာဆိုတဲ့ အတွေးဟာ 
 ဘာကိုစွဲမှီပြီးတော့
 တွေးနေကြတာလဲ ဆိုရင် ..
 အရှင်ပုဏ္ဏက ရှင်းပြပုံက -

 ငါ့ရှင် အာနန္ဒ၊ ငါဆိုတဲ့ အတွေးဟာ
 စွဲမှီပြီးတော့ ပေါ်လာတာ၊
 မစွဲမှီဘဲ ပေါ်လာတာ မဟုတ်။
 ဘာကို စွဲမှီပြီး ပေါ်လာတာလဲ ဆိုရင်
 ဟောဒီ ခန္ဓာငါးပါးကို စွဲမှီပြီး
 ပေါ်လာတာ ဖြစ်ပါတယ်။ 

 - ရုပ်ကို စွဲမှီပြီးတော့ ငါဆိုတဲ့ အတွေး
 ပေါ်လာတယ်။

 - ခံစားချက်ကို စွဲမှီပြီးတော့
 ငါဆိုတဲ့ အတွေး ပေါ်လာတယ်။ 

 - စိတ်ထဲက မှတ်သားမှုဆိုတဲ့ 
 အမှတ်သညာကို စွဲမှီပြီးတော့
 ငါဆိုတဲ့အတွေး ပေါ်လာတယ်။

 - အေး ကြံတွေးခြင်း၊ သိခြင်း စတဲ့ 
 စိတ်ရဲ့ လှုပ်ရှားမှုဆိုတဲ့
 သင်္ခ ါရတွေကို စွဲမှီပြီးတော့ 
 ငါဆိုတဲ့ အတွေး ပေါ်လာတာ ဖြစ်ပါတယ်။

 - အသိစိတ်ဆိုတဲ့ ဝိညာဏ်ကို စွဲမှီပြီးတော့
 ငါဆိုတဲ့အတွေး ပေါ်လာတာ ဖြစ်တယ်။ 

 အဲဒီ ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ 
 ဝိညာဏ် လို့ဆိုတဲ့ 
 ခန္ဓာငါးပါးကို မမှီဘဲနဲ့ 
 ငါဆိုတဲ့အတွေး မပေါ်နိုင်ပါ။

 ခန္ဓာငါးပါးဟာ လောကလူတွေ
 ငါလို့ ထင်မှတ်စရာပဲ။ 

 ငါ ဆိုတဲ့အတွေးဟာ 
 မာနအတွေး၊ 
 ငါ့ဟာ ဆိုတဲ့ အတွေးဟာ 
 တဏှာအတွေး။ 

 အဲဒီ တဏှာ၊ မာန ဆိုတဲ့ 
 ဒီမှားယွင်းနေတဲ့ အတွေးတွေဟာ 
 မိမိတို့ သန္တာန်မှာရှိတဲ့
 ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ 
 ဝိညာဏ်တို့ကို စွဲမှီပြီး
 ဖြစ်ပေါ်လာတဲ့ အတွေးတွေ ဖြစ်ပါတယ်။

 ဥပမာနဲ့ ရှင်းပြပုံက -

 လူငယ်လူရွယ်တွေဟာ 
 ကိုယ့်ကိုယ်ကိုယ် အလှပြင်တဲ့အနေနဲ့
 ကြေးမုံတို့၊ မှန်ပြင်တို့မှာ ကြည့်ကြတယ်။ 

 အဲဒီ ကြေးမုံ၊ မှန်ပြင်ကို ကြည့်ပြီး 
 မိမိရဲ့မျက်နှာရိပ်ကို 
 အပြစ်အနာအဆာ
 ရှိတယ်၊ မရှိဘူးဆိုတာကို 
 ဆင်ခြင်သုံးသပ်ကြတယ်။ 

 အဲဒီလို ဆင်ခြင်သုံးသပ်ရတဲ့
 မျက်နှာပုံရိပ်ကလေးဟာ
 မှန်ဆိုတဲ့ မှီရာမရှိဘဲနဲ့ ပေါ်လာပါ့မလား ?
 မပေါ်နိုင်ပါ။ 

 မှန်ဆိုတဲ့ မှီရာကိုမှီပြီး
 အရိပ်ဆိုတာ ပေါ်လာတာဖြစ်တယ်။ 

 ထို့အတူ ...

 ငါဆိုတဲ့ အတွေးဟာလည်းပဲ
 ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ 
 ဝိညာဏ်လို့ဆိုတဲ့ မိမိသန္တာန်မှာရှိတဲ့
 ခန္ဓာငါးပါး ရုပ်နာမ်တရားတွေကို 
 မှီပြီးတော့သာ ပေါ်လာရတာပါလို့ 
 အရှင်ပုဏ္ဏ က ရှင်းပြပါတယ်။

 ဒါကြောင့် တရားချစ်ခင်
 ဓမ္မမိတ်ဆွေအပေါင်းတို့ကလည်း
 ငါဆိုတဲ့ အတွေးဟာလည်းပဲ
 ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ 
 ဝိညာဏ်လို့ဆိုတဲ့ မိမိသန္တာန်မှာရှိတဲ့ 
 ခန္ဓာငါးပါး ရုပ်နာမ်တရားတွေကို
 မှီပြီးတော့မှသာ ပေါ်လာရတာပါလို့ 
 ကိုယ်စီကိုယ်ငှ နားလည်သဘောကျပြီး...

 ရှင်အာနန္ဒ မထေရ်မြတ်ကဲ့သို့ 
 တရားထူး တရားမြတ်ရအောင်
 ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေ
 ကုန်သတည်း ...။
🙏🙏🙏
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ 
ဟောကြားအပ်သော 
အရှင်အာနန္ဒ၏ ဝိပဿနာ 
တရားဒေသနာတော်မှ 
ကောက်နုတ်ရေးသား ပူဇော်ပါသည်။
(ဓမ္မလက်ဆောင်)
Credit