ပဉ္စဝဂ္ဂီငါးပါးပြီးရင် ခြောက်ပါးမြောက် ရဟန္တာဖြစ်တဲ့ ယသသူဌေးသားရဲ့ အတိတ်ဘဝက ပါရမီကုသိုလ် တန်ဖိုးရှိတဲ့သံဝေဂအတွေးလေးများ
ပါချုပ်ဆရာတော်ဘုရားဟောကြားသောဘဝဆည်းဆာ ကရုဏာတရားတော်မှ
ယသ သူဌေးသားရဲ့ အတိတ်ဘဝက ကံအကြောင်းကို အားလုံး သိကြမယ်ထင်တယ်။ ယသ ဆိုတာ ဗာရာဏသီပြည်က ဖြစ်တယ်။
ပဉ္စဝဂ္ဂီငါးပါးကို ဓမ္မစကြာတရား ဟောပြီးတဲ့နောက်မှာ ခြောက်ပါး မြောက် ရဟန္တာဖြစ်တာက ယသ သတို့သား ဖြစ်တယ်။
အဲဒီ ယသ သတို့သားဟာ ဗာရာဏသီ ပြည်မှာ အလွန်ချမ်းသာတဲ့ သူဌေးသားတစ်ယောက် ဖြစ်တယ်။
အဲဒီ သူဌေးသားဟာ တစ်ညလုံး ကပြဖျော်ဖြေ နေတဲ့ ကပွဲပြုလုပ်ရာ အခန်းထဲမှာ အိပ်ပျော်သွားတာ ပေါ့။
ညသန်းခေါင်ကျော် နိုးလာတဲ့အခါမှာ သူဌေးသား ရဲ့စိတ်ထဲမှာ အိပ်နေသူတွေကြည့်ပြီး သုသာန်ထဲ ရောက်နေတယ်လို့ ထင်သွားတယ်။ ထင်သွားပြီးတော့ မိုးမလင်းခင်မှာပဲ သုသာန်ဘက်ကို ထွက်ခွာသွားခဲ့တယ်။
မြတ်စွာဘုရားက သုသာန်ဘက်မှာ သီတင်းသုံး နေတယ်။
ဘုရားဆီကို ရောက်သွားတယ်။
လောကကြီးဟာ နှိပ်စက်ခံနေရတယ် ဆိုပြီး အိမ်မှာမပျော်တော့လို့ ထွက်သွားတာနော်။
ဘုရားနဲ့ တွေ့တဲ့အခါကျတော့ ဘုရားက အေး ... နှိပ်စက် မခံချင်ရင်၊ ငြိမ်းချမ်းမှုကို လိုလားရင် ထိုင်ပါ၊ ငါ နည်းလမ်းပေးမယ် ဆိုပြီးတော့ တရားဟောလိုက်တာ သူလည်းပဲ ရဟန္တာဖြစ်သွားတယ်ပေါ့။
အဲဒီ သူ့ရဲ့ရှေးကောင်းမှုလေးက ဘာလဲဆိုတော့ အခု သုခကာရီအသင်း တို့လိုမျိုး လူမှုကူညီရေးအသင်း တွေ ရှေးကရှိတယ်။
သင်္ဂြိုဟ်စရိတ်မရှိလို့ အခက်အခဲ တွေ့နေတဲ့ ပုဂ္ဂိုလ်တွေကို စေတနာ့ဝန်ထမ်း သင်္ဂြိုဟ် ပေးတဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ အဖွဲ့အစည်းဖွဲ့ပြီးတော့ သင်္ဂြိုဟ်ပေးကြတယ်။
အဲဒီ လုပ်ငန်းဟာ ကရုဏာကို အခြေခံတဲ့ ကူညီမှုတစ်မျိုးပဲ ဖြစ်တယ်။
ကရုဏာကို အခြေခံတဲ့ ဝေယျာဝစ္စကုသိုလ်တစ်မျိုးပဲ ဖြစ်တယ်။
ဒါပေမယ့် တစ်ခုသိထားရမှာက ယသသတို့သား ရဟန္တာဖြစ်သွားတာက အဲဒီကုသိုလ်ကြောင့်တင် မကဘူး။
တစ်နေ့တော့ အလောင်း တစ်လောင်းကို သူ သင်္ဂြိုဟ်တယ်။
သင်္ဂြိုဟ်ရင်းနဲ့ စိတ်ထဲမှာ ဘာသွားပြီး ဖြစ်လဲဆိုတော့ -
အလောင်းရဲ့ ရုပ်ပျက်ဆင်းပျက် ဖြစ်နေ တာကို ကြည့်ပြီး အေး ငါ့ရဲ့ ခန္ဓာကိုယ်ကြီး ... ဟာလည်းပဲ မတင့်တယ်ဘူးဆိုတဲ့ အတွေး၊ ငါလည်း တစ်နေ့ကျရင် ဒီလိုဖြစ်ရဦးမှာပဲဆိုတဲ့အတွေးနဲ့ ရှုမြင် သုံးသပ်တဲ့ ဉာဏ်ရည်ဉာဏ်သွေး သူ့သန္တာန်မှာ ဖြစ်လာတယ်။
အသိဉာဏ်လေး ဝင်လာတယ်ပေါ့။ အဲဒီကုသိုလ်ဟာ အဓိကဖြစ်တယ်။
အဲဒီတော့ လူမှုကူညီရေးလုပ်နေတဲ့ အချိန်မှာ သာမန် ဝေယျာဝစ္စ ကုသိုလ်မျှမက အသုဘသညာ ပွားမိဖို့ အရေးကြီးတယ်နော်။
အခုခေတ်မှာ အသုဘ လိုက်ပို့ကြတယ်၊ အချင်းချင်း စကားလေးပြော၊ ယပ်တောင်လေးခပ်ပြီးတော့ ပြန်လာကြတာပါပဲ။ ရယ်ရယ်မောမောပဲနော်။
ဩော် . . ဒီလူတော့ ခန္ဓာကို စွန့်သွားရပြီ၊ ငါ့ခန္ဓာကိုယ်ကြီးဟာလည်း ဒီလိုပဲ ဖြစ်ရ မှာပါလား၊ ငါ့ခန္ဓာကိုယ်နဲ့ သူ့ခန္ဓာကိုယ်နဲ့ အတူတူ ပါပဲလား။ ဒီလို နှိုင်းယှဉ်ပြီးတော့ သံဝေဂတရားဖြစ်ပွားတဲ့ပုဂ္ဂိုလ်ဟာ အလွန်နည်းပါးလိမ့်မယ်။
အဲဒီ ကုသိုလ်မျိုးကိုလည်းပဲ အမှတ်တမဲ့ မနေရဘူးတဲ့။
ယသ သတို့သားဟာ အလောင်းကောင်ကြီးကို သင်္ဂြိုဟ်ရင်းကနေပြီးတော့ အသုဘသညာ ပွားခဲ့မိတာ ကတစ်ခု၊
နောက်တစ်ခုက သေခြင်းတရားကို ဆင်ခြင် စဉ်းစားမိတာကတစ်ခု၊
ဒီ(၂)ခုကြောင့် ရဟန္တာ ဖြစ်သွား ရတယ်။
အဲဒီတော့ လူမှုကူညီရေးအသင်း လုပ်နေတဲ့ အချိန်မှာ ဒီ(၂)ခုကို ဘာဝနာတရားအနေနဲ့ ပွားနေ ရမယ်။
မရဏဿတိ နဲ့ အသုဘသညာ ကို ဘယ်လို ပွားမလဲဆိုတော့ -
မရဏဓမ္မောမှိ မရဏံအနတီတော
အေး ... ဒီပုဂ္ဂိုလ်တစ်ယောက်တော့ ဆုံးသွားပြီ၊ ငါလည်းပဲ သေခြင်းတရားကို ကျော်လွှားပြီး မသွားနိုင် ဘူး။ သေခြင်းသဘောဟာ ငါ့မှာလည်း ရှိတယ်၊ တို့လည်း တစ်နေ့ကျရင် သေရဦးမှာပဲဆိုတဲ့ သံဝေဂ စိတ်ကလေးဖြစ်ပါစေ။
အဲဒါက ဘာဝနာကုသိုလ်၊ ပါရမီ ကုသိုလ်တွေဖြစ်ပြီး သံသရာက ကျွတ်ဖို့ရာ အထောက် အကူ ဖြစ်သွားတယ်။
အဲဒီလိုမဟုတ်ဘဲနဲ့ ဝေယျာဝစ္စကုသိုလ်လောက်ပဲ ယူမယ်ဆိုရင် အဲဒီအတွေးမျိုးမပေါက်ဘဲနဲ့ သာမန် ကုသိုလ်လောက်ပဲ ရမယ်ပေါ့။
အဲဒီအတွေးဟာ အရေးကြီးတယ်။ နာရေးကိစ္စကို ကူညီပြီဆိုကတည်းက-
မရဏဓမ္မောမှိ မရဏံအနတီတော ငါလည်း တစ်နေ့ ကျရင် သေရဦးမှာပဲ၊ သေခြင်းတရားကနေ မလွတ် မြောက်နိုင်ဘူး။ ဒါက မရဏနုဿတိ ဘာဝနာကုသိုလ် ရတယ်။
တစ်ဖန် ရုပ်အလောင်းကိုကြည့်ပြီး ငါ့ရဲ့ခန္ဓာကိုယ် ဟာ သေဆုံးပြီး (၃)ရက်ကျော် (၄)ရက်ရောက်လာတဲ့ အခါမှာ ပုပ်ပွခြင်းဆိုတဲ့ ဒီသဘောကို မကျော်လွှား နိုင်ဘူးဆိုတဲ့ အသုဘသညာ ကို ပွားဖြစ်အောင် ပွားရ မယ်တဲ့။
အဲဒီလို ပွားလိုက်လို့ရှိရင် မရဏနုဿတိ တို့၊ အသုဘသညာ တို့ တစ်ကြိမ်တစ်ခါ ရင်ထဲနှလုံးထဲ ရောက်လာပြီဆိုရင် ပါရမီကုသိုလ် ရသွားပြီ။
(ခုခေတ် စကားနဲ့ ပြောရရင် Online ပေါ့)။
ကြည့်လေ ယသ သတို့သား အလောင်းအလျာဟာ တစ်ဘဝတုန်းကOnline ဖြစ်သွားတာ။
ဂေါတမ မြတ်စွာဘုရား လက်ထက်ရောက်လို့ သူဌေးသား ဖြစ်သွားတဲ့အခါ အင်မတန်မှ သာယာတဲ့ ပြသာဒ်ထဲမှာ နေရသော် လည်း သုသာန်ထဲမှာ ရောက်နေတယ်လို့ ခံစားရတာ ဟာ အဲဒီတုန်းကအတွေးတွေ ပြန်ရောက်လာတာ ဖြစ်တယ်။
တစ်ချိန် တစ်ခါတုန်းက တွေးထားတဲ့ အတွေးတွေ ပြန်ရောက်လာတာနော်။
#တရားဓမ္မအသိတိုးပွားကြပါစေ
#သိသည့်အားလျော်စွာကျင့်နိုင်ပါစေ
#ကျင့်နိုင်သည့်အားလျော်စွာမဂ်ဖိုလ်နိဗ္ဗာန်ရဲ့အထောက်အပံ့ကောင်းတွေရသွားပါစေ
No comments:
Post a Comment