ပါမောက္ခချုပ်ဆရာတော်ကြီး ရှင်းပြထားသလို ဝိပဿနာဉာဏ်ဖြစ်ပုံကို သဘောပေါက်နားလည်သွားပြီဆိုရင် တရားအားထုတ်ရတာလွယ်ကူချောမွေ့သွားပါပြီ....။
ဝိပဿနာဉာဏ်ဆိုတာ..
🍁🍁🌿🍁🍁🌿🍁🍁🌿
ဝိပဿနာ၏အာရုံသည် ပညတ်တွေမဟုတ်ဘူး။
ရုပ်နှင့်နာမ်သာဖြစ်သည်။
ဘယ်နေရာမှာပဲဖြစ်ဖြစ်
သမုဒါစာရ လောဘစိတ် မဖြစ်ဘဲ ကုသိုလ်စိတ်သာ ဖြစ်ရမယ် ဆိုတဲ့ အလေ့အကျင့်လေး လုပ်ထားဖို့ လိုအပ်တယ်ပေါ့။ အလေ့အကျင့်လေး လုပ်ထား။
အလေ့အကျင့်ကြောင့် လူတွေမှာ ထက်မြက်တဲ့ပညာဉာဏ်တွေ ဖြစ်သွားတာမျိုးရှိတယ်။
ဒါကြောင့်မို့ အလေ့အကျင့် ကောင်းတွေကို ကိုယ်ကိုယ်တိုင်က လုပ်ထားဖို့ လိုအပ်တယ်ပေါ့။
ငါတစ်ယောက်တည်း အားနေတယ်... ဘာနှလုံးသွင်းမလဲ ဆိုတဲ့ အလေ့အကျင့်ကောင်းတစ်ခု လုပ်ထား။
အားနေရင် တောင်တွေးမြောက်တွေး တွေးမှာပဲလေ။ လူဆိုတာ တွေးနေကျဆီ တွေးမှာပဲ။
သေသေချာချာ ကိုယ့်ကိုယ်ကို လေ့လာဆန်းစစ်ကြည့်။
အိပ်ရာထဲအိပ်တော့မလို့ အိပ်ရာဝင်ပြီဆိုရင်တစ်ယောက်တည်း ဘာတွေတွေးလေ့ရှိသတုန်း ကိုယ့်ဟာကိုမေးပြီး မင်းဘာတွေစဉ်းစားတုန်းလို့ ကိုယ့်ဘာသာကိုယ် အဖြေထုတ်ထား နေ့တိုင်း။
အဲ့သလို မေးလိုက်ရင် အဖြေထွက်လာမှာပဲ ကိုယ်စဉ်းစားနေတာတွေဟာ ဘာတွေတုန်းဆိုတာ။ အထူးအဆန်းမရှိလို့ရှိရင် စဉ်းစားနေကျတွေ ပြန်စဉ်းစားနေတယ် အဲ့ဒီ့အချိန်။
အဲ့တော့ အဲ့ဒီ့အချိန်လေးမှာ တန်ဖိုးရှိတာတွေ ပြန်တွေးလိုက်မယ် နော်။
အဲ့တော့ တန်ဖိုးရှိအောင် ဘယ်လိုတွေးရတုန်းဆိုတော့
အဋ္ဌကထာမှာ အသမ္မောဟ သမ္ပဇဉ်ညဆိုတာနဲ့ ပတ်သက်ပြီးတော့ တွေးတောဆင်ခြင်ပုံလေးကို "နည်းလမ်း" ပေးထားတာ ရှိတယ်။
ခေါင်းအုံးပေါ် ခေါင်းလှဲပြီးတော့ ချလိုက်တယ်။ အဲ့ဒီအချိန် စိတ်ထဲကနေ ခေါင်းအုံးကို သတိထားလိုက်တယ်။
ဪ.... ခေါင်းအုံးလေးဟာ သူ့အနေနဲ့ ငါ့အပေါ် လူတစ်ယောက်ရဲ့ ခေါင်းကြီး တင်နေပါလားလို့ သူမသိဘူးတဲ့။ ဟောဒီ ဦးခေါင်းကလည်း သူဟာ ခေါင်းအုံးပေါ်ရှိနေပါလားလို့ သူ မသိဘူးတဲ့။
အိပ်ရာကြီးကလည်း ငါ့အပေါ် လူတစ်ယောက် အိပ်နေပါလားလို့ သူမသိဘူးတဲ့။
ခန္ဓာကိုယ်ကြီးကလည်း သူဟာ အိပ်ရာကြီးအပေါ် လှဲအိပ်နေပါလားလို့ မသိဘူးတဲ့။
သိတာက သူ့သန္တာန်မှာဖြစ်တဲ့ နာမ်တရားကသာ သိတယ်။
ဟော... ရုပ်နဲ့နာမ်ကို ခွဲပြီးကြည့်တာ နော်။
အဲ့သလို ကြည့်လို့ရှိရင်လည်း အသမ္မောဟ သမ္ပဇဉ်ဉာဏ် ဆိုတာတဲ့ သတိ သမ္ပဇဉ်ဉာဏ်ဖြစ်တယ် လို့ ဆိုလိုတယ်။
လုပ်ကြည့်ပေါ့ ဒီအလေ့အကျင့်တစ်ခု။ ဒါလည်း ဝိပဿနာတရားပဲ။
ဒါတွေကို အားမထုတ်ဘဲနဲ့ ရိပ်သာသွားပြီးတရားထိုင်၊ တရားစခန်းဝင်ကြတယ်။ ဝင်ပြီးလျှင် များသောအားဖြင့် အဲ့အချိန်လေးသမာဓိလေးရအောင် လောက်သာ ကြိုးစားပြီး ပြန်လာကြတယ်ပေါ့ နော်။
သမာဓိဆိုတာ ထွက်လေဝင်လေစတဲ့ အာရုံလေးတစ်ခုအပေါ် စိတ်ကိုကပ်ထားတဲ့အချိန်လေးပဲ ဖြစ်တာ။ သမာဓိဆိုတာ အာရုံနဲ့ စိတ်ဖြုတ်လိုက်တာနဲ့ တပြိုင်နက် ပျောက်သွားပြန်ရော။
ဝိပဿနာဆိုတာက အဲ့သလိုပျောက်သွားတာမဟုတ်ဘူး။ ဝိပဿနာဆိုတာ အသိဉာဏ်။ ဆင်ခြင်စဉ်းစားပြီး မှန်ကန်တဲ့အတွေးနဲ့ ကပ်နေတာ။
ဒါကြောင့်မို့ မြတ်စွာဘုရားဟောတဲ့ မဂ္ဂင်ရှစ်ပါးမှာ သမ္မာဒိဋ္ဌိနဲ့ သမ္မာသင်္ကပ္ပက ကပ်နေတာ။ အတွေးနဲ့ အမြင်ဆိုတာ ကပ်နေတာ။ အဲ့တော့ တရားနဲ့ပတ်သက်ပြီး များများတွေးပေးရတယ်။ များများတွေးပေးရင် သိတဲ့အသိတွေဟာ ထင်ထင်ရှားရှားကြီးဝင်လာတယ်။
ဝိပဿနာအလုပ်ဆိုတာ တွေးကို တွေးရတယ်။
အချိန်မရှိလို့ တရားအားမထုတ်နိုင်ဘူးလို့ ဆင်ခြေမပေးနဲ့နော်။
ဝိပဿနာတရားဆိုတာ ဘယ်နေရာဖြစ်ဖြစ်၊ စားရင်းဖြစ်ဖြစ်၊ သွားရင်းဖြစ်ဖြစ် အားထုတ်လို့ရတယ် နော်။
တီရဏပရိညာ ဝိပဿနာ တရားတော် (၂၈.၁၀.၂၀၁၆)
ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
#ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
🙏🙏🙏
No comments:
Post a Comment