စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Thursday, January 8, 2026

သောတာပန်ဖြစ်ကြောင်းတရားလေးပါး

သောတာပန်ဖြစ်ကြောင်းတရား လေးပါး
_______🌳🍃🌳__________

ဘုန်းဘုန်းတို့ ဗုဒ္ဓဘာသာဝင်မှန်ရင် .. ထိုက်သင့်တဲ့ ဘာသာရေးအသိဉာဏ် ရှိကြတဲ့သူတိုင်း .. ဘဝမှာ ဘာအဖြစ်ချင်ဆုံးလဲလို့ မေးရင် .. မဆိုင်းမတွဖြေကြမယ် ထင်ပါတယ်။ "သောတာပန်ဖြစ်ချင်တယ်"လို့ ဖြေကြလိမ့်မယ်နဲ့ တူတယ်နော်။

သောတာပန်ဖြစ်ပြီ ဆိုလို့ရှိရင် အပါယ်လေးပါး ပူစရာမလိုတော့ဘူး။ ငါသေရင် အပါယ်ဘုံများရောက်ရဦးမှာလေလားလို့ တွေးပူစရာမရှိတော့ဘူး။ 

ကိုယ့်ရဲ့အနာဂတ်ဟာ အလွန်တရာမှ သေချာသွားပြီ။ အနာဂတ်ကောင်းတဲ့ အနေအထားတွေဟာ ခိုင်မြဲသွားပြီ။ အထက်မဂ်သုံးပါးလျှင် သေချာပေါက် လဲလျောင်းရာရှိတယ် တဲ့။

သောတာပန်ဖြစ်ပြီ ဆိုလို့ရှိရင် .. ဘဝဟာ စိတ်ချရပြီပေါ့နော်။ ဒါကြောင့် ဘာသာရေးအသိဉာဏ် အထိုက်အလျောက်ရှိကြတဲ့ ပုဂ္ဂိုလ်တိုင်း အလွန်မှဖြစ်ချင်ကြတာ သောတာပန်မဟုတ်လား။

အဲဒီ သောတာပန်ဖြစ်ချင်တယ်ဆိုလို့ရှိရင် ဘယ်လိုတရားတွေနဲ့ ပြည့်စုံရမှာတုန်း။ သောတာပန် ဖြစ်ကြောင်းတရားဆိုပြီးတော့ မြတ်စွာဘုရားဟောထားတာရှိတယ်။အဲဒါကို ဒီကနေ့ ယောဂီတို့ကို ဘုန်းဘုန်းပြောပြဖို့ စီစဉ်ထားတယ်ပေါ့နော်။

ဘုန်းဘုန်းတို့ "မဟာဝဂ္ဂသံယုတ် ပါဠိတော်" ထဲက "ဒုတိယသာရိပုတ္တသုတ္တန်"မှာ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက ရှင်သာရိပုတ္တရာကို မေးတာ။

ဘာမေးတုန်းဆိုတော့ သာရိပုတ္တရတဲ့ .. သောတာပန်ဖြစ်ကြောင်းတရားက ဘယ်အရာတွေတုန်းတဲ့။ ဘယ်အရာတွေကို သောတာပန်ဖြစ်ကြောင်းတရားလို့ ပြောတာတုန်းတဲ့။

အဲဒီတော့ ရှင်သာရိပုတ္တရာက .. မြတ်စွာသောဘုရား

၁။ သူတော်ကောင်းတို့နဲ့ ပေါင်းသင်းခြင်းဟာ သောတာပန်ဖြစ်ကြောင်းတရား ပထမတရားပါဘုရားတဲ့။

၂။ သူတော်ကောင်းတရားကို နာယူခြင်းဟာ သောတာပန်ဖြစ်ကြောင်း ဒုတိယတရားပါတဲ့။

၃။ ယောနိသောမနသိကာရ - သင့်တင့်လျောက်ပတ်မှန်ကန်စွာ တွေးတောဆင်ခြင် သုံးသပ်နိုင်တယ် ဆိုတဲ့ "ယောနိသောမနသိကာရ"ဟာ သောတာပန်ဖြစ်ကြောင်း တတိယတရားပါဘုရားတဲ့။

၄။ ဓမ္မာနုဓမ္မပဋိပတ္တိ - လောကုတ္တရာတရား ကိုးပါးအားလျော်သော တရားထူးတရားမြတ်ကို ရစေနိုင်တဲ့ သတိပဌာန်တရား၊ မဂ္ဂင်ရှစ်ပါး အကျင့်မြတ်တွေကို ကျင့်သုံးခြင်းဟာလည်း သောတာပန်ဖြစ်ကြောင်းတရားပါတဲ့။

မြတ်စွာဘုရားက ဆက်ပြီးတော့မေးတယ်။ သာရိပုတ္တရာ .. သောတသောတ - ရေအလျဉ်,ရေအလျဉ်လို့ ပြောကြတယ်။ ရေတွေစီးနေတယ်ဆိုရင် ဒီရေတွေဟာ တစ်နေရာရာကိုတော့ ရောက်သွားမှာပဲလေ။

အဲဒီလိုပဲ၊ နိဗ္ဗာန်ချမ်းသာဆီကို သေချာပေါက် ဆိုက်ရောက်သွားတော့မဲ့..၊ အထက်မဂ်သုံးပါးလျှင် သေချာပေါက် ဆိုက်ရောက်ရာရှိတဲ့ ရေအလျဉ်။ အဲဒီ သောတဆိုတဲ့ ရေအလျဥ်ကို ရောက်သွားတဲ့ပုဂ္ဂိုလ်ကို သောတာပန်လို့ပြောတာ။

အဲဒီတော့ မြတ်စွာဘုရားက သောတဆိုတာ ဘာကိုပြောတာတုန်းလို့မေးတာ။ မေးတဲ့အခါကျတော့ ရှင်သာရိပုတ္တရာက .. မြတ်စွာဘုရား, သောတဆိုတာ မဂ္ဂင်ရှစ်ပါးကိုပြောတာပါဘုရားတဲ့။ အဲဒါကို မြတ်စွာဘုရားကလည်း ဟုတ်တယ်ဆိုပြီးတော့ ရှင်သာရိပုတ္တရာပြောတဲ့အတိုင်း ထောက်ခံပြီးတော့ ပြောတယ်။

ထပ်ပြီးတော့ မြတ်စွာဘုရားက သုံးကြိမ်မြောက်မေးတယ်။ သာရိပုတ္တရာ .. သောတာပန်ပုဂ္ဂိုလ်ဆိုတာ ဘယ်လိုပုဂ္ဂိုလ်ကို ပြောတာတုန်း။ အဲဒီတော့ ရှင်သာရိပုတ္တရာက .. မြတ်စွာဘုရား, သောတာပန်ပုဂ္ဂိုလ်ဆိုတာ ဟောဒီ မဂ္ဂင်ရှစ်ပါးနဲ့ပြည့်စုံသွားတဲ့ပုဂ္ဂိုလ်ကို သောတာပန်ပုဂ္ဂိုလ်လို့ ခေါ်တာပါဘုရားတဲ့။

မေးခွန်းသုံးချက်နော်။ သောတာပန်ဖြစ်ကြောင်းတရားရယ်၊ သောတဆိုတာရယ်၊ သောတာပန်ပုဂ္ဂိုလ်ဆိုတာရယ်။

အဲဒါကို မြတ်စွာဘုရားကလည်း ရှင်သာရိပုတ္တရာဖြေတဲ့အတိုင်း ထပ်ပြီးတော့ထောက်ခံ ဟောပြောပြီးတော့ အဲဒီသုတ္တန်ကို အတည်ပြုထားတယ်ပေါ့။

ဘုန်းဘုန်းတို့တတွေ သောတာပန်ဖြစ်ချင်ကြတဲ့ပုဂ္ဂိုလ်တွေ .. သောတာပန်ဖြစ်ချင်တယ်ဆိုရင် .. ပြည့်စုံရမယ့်အကြောင်းတရား ဘယ်နှစ်ပါးတုန်း။ လေးပါး။

 သူတော်ကောင်းကို ပေါင်းသင်းဆက်ဆံရမယ်။

 သူတော်ကောင်းတရားကို နာယူရမယ်။

 နှလုံးသွင်း မှန်ကန်ရမယ်။

 သူတော်ကောင်းတရားအားလျော်တဲ့ အကျင့်မြတ်ကို ကျင့်သုံးရမယ်။

သစ္စာရွှေစည်ဆရာတော် အရှင်ဥတ္တမ

🙏🙏🙏🙏🙏

No comments:

Post a Comment