စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Friday, January 30, 2026

ခွေးပျင်းနှင့်ဝက်ပျင်း

"ခွေးပျင်းနှင့် ဝက်ပျင်း"
++++++++++++ 

တစ်ခါတုန်းက လွင်ပြင်တစ်ခုမှာ ဝက်ကြီး တစ်ကောင် အစာရှာလှည့်နေသတဲ့။ အဲဒီအခါမှာ ခွေး တစ်ကောင်က ရောက်လာပြီး ဝက်ကြီးကို မြင်တာနဲ့ ကိုက်သတ်စားမယ်ဆိုပြီး အပြေးလိုက်သတဲ့။ ဒါပေမယ့် တိတ်တိတ်ကလေး မလိုက်ဘဲ ခွေးသံပေးပြီး ဟောင်ဖွာဟောင်ဖွာနဲ့ လိုက်သတဲ့။

ဒါနဲ့ ဝက်ကြီးကလည်း နောက်ကို လှည့်ကြည့်လိုက်တော့ ကိုက်သတ်ဖို့ ခွေးလိုက်လာတာ မြင်တာနဲ့ အော်ပြီး ပြေးတော့တာပဲ။ အဲဒီလို ဝက်ကြီးက ရှေ့ကနေပြီး အတော်အတန် ပြေးလိုက်ရင်ပဲ နောက်ကလိုက်လာတဲ့ ခွေးက ``ဟာ- မီမှာ မဟုတ်တော့ပါဘူး ဆိုပြီး ဆက်မလိုက်တော့ဘဲ အရှိန်လျော့ပြီး ရပ်နေရစ်သတဲ့။

ဒီအခါ ရှေ့ကပြေးနေတဲ့ ဝက်ကြီးကလည်း နောက်က ခွေးဆက်မလိုက်မှန်း သိတာနဲ့ ``ဒီခွေးလောက်များ ဘာအရေးစိုက်စရာ လိုသေးသလဲ ဆိုတဲ့ သဘောနဲ့ ဆက်ပြီး မပြေးတော့ဘဲ အေးအေးဆေးဆေး အစာရှာနေတယ်။

အဲဒီအခါ ခွေးက အနီးရောက်လာပြီး တစ်ခါ ကိုက်သတ်မယ်ဆိုပြီး အပြေးလိုက်ပြန်တယ်။ ခွေးကလိုက်ပြန်တော့ ဝက်ကြီးကလည်း ပြေးပြန်တာပါပဲ။ ဝက်ကြီး ပြေးပြီဆိုရင် ခွေးကလည်း ဆက်မလိုက်တော့ဘဲ ရပ်နေရစ်ရောတဲ့။

ဒီလိုနဲ့ ခွေးက လိုက် လိုက်၊ ဝက်က ပြေးလိုက် ပြေးလိုက်၊ ခွေးက ရပ်လိုက်၊ ဝက်က ရပ်လိုက်နဲ့ ဝက်ကြီးကလည်း တကယ် လွတ်ကျွတ်အောင် မပြေးဘူး၊ ခွေးကလည်း တကယ်မီအောင် မလိုက်ဘူး။ ခွေးရော ဝက်ကြီးပါ အပျင်းတွေချည်းပဲတဲ့။

ဤပုံပြင်အတိုင်းပင် လူ့စိတ်သဘာဝလည်း လောကဓံဒုက္ခခပ်ဆိုးဆိုးများ နောက်က ထပ်ကြပ်လိုက်လာမှ ကုသိုလ်ကို လုပ်လိုပေသည်။ ကုသိုလ်ကို အမြန် ပြေးယူလိုပေသည်။ တက်ကြွနိုးကြားလာတတ်ပေသည်။

လောကဓံဒုက္ခများ သက်သာရပ်တန့်သွားလျှင် ကုသိုလ်ကို မေ့သွားတတ်သည်။ အလုပ်လမ်းစ ပျောက်သွားတတ်သည်။ ပစ္စုပ္ပန် တမလွန် ကိုယ့်အကျိုးစီးပွား ကိုယ့်ကိစ္စများကို တိုးတက်အောင် မလုပ်လိုဘဲ အပို အလုပ်များ၊ အပျော်အပါးကိစ္စများဖြင့်သာ အချိန် ဖြုန်းတီးနေတတ်သည်။

ပုံပြင်ထဲက ဝက်ပျင်းပမာ လောကဓံဒုက္ခဆိုးများ မိမိနောက်က အဆက်မပြတ်လိုက်နေမှ ကုသိုလ်ကောင်းမှုကို အဆက်မပြတ် လုပ်တတ်သည့်သဘော သက်ရောက်နေတတ်ပေသည်။

အမှန်မှာ ဤသို့မဖြစ်သင့်ပေ။ `ဆင်းရဲ၏နောက် ချမ်းသာရောက် ဟူသော သဘောအရ ဆင်းရဲတွေ့လျှင် လက်မှိုင်ချမနေဘဲ ကြိုးစားရမည်ဖြစ်သကဲ့သို့ တကယ်တမ်း ချမ်းသာသုခ ဖြစ်ပေါ်လာသော ကာလတွင်လည်း မမေ့မလျော့ ကြိုးစားရမည် ဖြစ်ပေသည်။

လောက၏သဘာဝမှာ ကြီးမားသောချမ်းသာကို ရလိုလျှင် ချမ်းသာငယ်ကို ရဲရဲအနစ်နာခံ စွန့်ရမည်သာဖြစ်၍ ကြီးမားလှသောဆင်းရဲကို ကြောက်လျှင်လည်း ဆင်းရဲငယ်ကို ချုပ်တည်းအောင့်အည်း သည်းခံရမည်သာ ဖြစ်ပေသည်။

တိပိဋကဓရ၊ ဓမ္မဘဏ္ဍာဂါရိက
ယော ဆရာတော်ကြီး

ဤအကြောင်းနှင့်ပတ်သက်၍ မြင်းလေမျိုးနှင့် တူသော လူလေးမျိုးကို နာယူမှတ်သားထားသင့်၏။

(၁) မြင်းလိမ္မာသည် မြင်းလှည်းမောင်းသူက တုတ်ကိုထောင်ပြလျှင် အရိပ်အကဲ နားလည်၍ အလိုက်သိစွာ ပြေးသွားသကဲ့သို့ ဒုက္ခရောက်သူ၊ သေဆုံးသူအကြောင်းကို တစ်ဆင့်စကား ကြားရလျှင်ပင် အချို့ပုဂ္ဂိုလ်များသည် အသိဉာဏ်၊ သံဝေဂ ပေါ်ပေါက်လာ၍ တရားအလုပ်ကို အချိန်မဆွဲဘဲ ချက်ချင်း အားထုတ်တတ်လေသည်။

(၂) အချို့မြင်းသည် တုတ်ထောင်ပြရုံမျှဖြင့် မြင်းလှည်းကို မဆွဲသေးဘဲ အမွေးကျွတ်အောင် ရိုက်သောအခါမှသာ နာသဖြင့် ပြေးတတ်၊ ရုန်းတတ်သကဲ့သို့ အချို့လူတို့သည် တစ်ဆင့်ကြားမျှဖြင့် တရားအသိ မပေါ်သေးဘဲ ဒုက္ခရောက်သူ၊ သေဆုံးသူကို ကိုယ်တိုင် မျက်ဝါးထင်ထင် တွေ့မြင်ရခါမှသာ ``ဟယ်-ဆင်းရဲဒုက္ခကြီး ငါ့မျက်စိအောက် ရောက်နေပါပြီကော။ တော်နေကြာတော့ ငါ့ထံလည်း ရောက်လာလိမ့်မယ်။ မရောက်သေးမီ အမြန် အားထုတ်မှဖြစ်မယ် ဟု အသိဉာဏ် လေးနက်စွာ ပေါ်ပေါက်ကာ ကောင်းမှုအလုပ်ကို အချိန်မီ ကြိုးစားလုပ်ဆောင်တတ်ပေသည်။

(၃) အချို့မြင်းကား အမွေးကျွတ်အောင် ရိုက်ရုံမျှဖြင့် မပြေးဘဲ ပေကတ်နေကာ အရေစုတ်အောင် အရိုက်ခံရမှသာ အလွန်နာသဖြင့် ရုန်းတတ်၊ ပြေးတတ်သကဲ့သို့ အချို့လူသည်လည်း မိမိမျက်စိဖြင့် သေသူ၊ ဒုက္ခရောက်သူကို မြင်တွေ့ရစေကာမူ တရားအသိ၊ သံဝေဂမျက်စိဖြင့် မြင်အောင် မကြည့်နိုင်ဘဲ ပြီးပြီးပျောက်ပျောက်ဖြစ်သွားကာ မိမိ၏ သွေးသားအရင်း ဆွေမျိုးပုဂ္ဂိုလ်များ ဒုက္ခရောက်လာ၊ သေဆုံးကာမှသာ ``ဟယ်- ဆင်းရဲဒုက္ခကြီး ငါ့လက်တစ်လှမ်း ရောက်နေပါပြီကော။ မကြာမီ ငါ့ဆီလည်း ရောက်ရတော့မည် ဟု ဉာဏ်အမြင် ပေါ်လာ၍ အချိန်မနှောင်းမီ လျင်မြန်စွာ ကြိုးစားတတ်လေသည်။

(၄) အချို့မြင်းမှာ အရေစုတ်အောင် အရိုက်ခံရသော်လည်း မရုန်းမပြေးဘဲ အလွန် ပေကတ်နေတတ်သည်။ အရိုးကွဲအောင် အရိုက်ခံရသောအခါ၌သာ အလွန်နာလွန်းသဖြင့် ``တော်နေကြာတော့ သေအောင် ရိုက်ချေရဲ့။ ရုန်းတာပဲ ကောင်းတယ် ဟု မြင်းလှည်းကို ဆွဲတတ်ရှာသည်။

သို့သော်လည်း အလွန်ပင်ပန်း၍ ခရီးလည်း မတွင်ကျယ်တော့ချေ။ ထို့အတူ အချို့လူသည်လည်း ဆွေမျိုးရင်းများ ဒုက္ခရောက်၍ မိမိရှေ့မှောက်၌ သေဆုံးစေကာမူ တရားအသိ သံဝေဂဉာဏ် မပေါ်လာဘဲ မေ့မေ့ပျောက်ပျောက် နေလာရာက မိမိ၏ခန္ဓာကိုယ်ပေါ်၌ သေလုမတတ် ဆိုးဝါးပြင်းထန်သော အနာရောဂါကြီး ရောက်ရှိလာသောအခါမှသာ ``ဆင်းရဲဒုက္ခကြီး ငါ့အပေါ် ရောက်လာပါပြီကော။ တော်နေကြာတော့ ရောဂါက သေအောင် နှိပ်စက်ဖျက်ဆီးချေရဲ့။ အားကိုးစရာ အမြန်ရှာမှဖြစ်မယ် ဟု အသိတရား ပေါ်ကာ ကောင်းမှုကို ပြုတတ်ပေသည်။

သို့ရာတွင် ကျန်းမာသန်စွမ်းတုန်းကကဲ့သို့ တွင်လည်းမတွင်၊ အလွန်လည်း ပင်ပန်းသည့်ပြင် ကြည်ကြည်လင်လင် အားတက်သရောလည်း မရှိတော့ချေ။

သို့ဖြစ်၍ စာရှုသူအပေါင်းလည်း ဝက်ပျင်းပမာ မကျင့်ကြံဘဲ ကျန်းမာသန်စွမ်းတုန်း, ခန္ဓာကို လိုသလို ခိုင်း၍ ဖြစ်နေတုန်း သတိဉာဏ် ရှေ့ထား၍ အမြန်ကြိုးစားနိုင်ကြပါစေ။

တော်ဝင်နွယ်
(ယောဆရာတော်၏ ဓမ္မပုံပြင်များ)

No comments:

Post a Comment