ရှင်အာနန္ဒ သာ၀တ္ထိပြည်
ဇေတ၀န်ကျောင်းတော်မှာ
သီတင်းသုံးနေတဲ့အချိန်
ဓမ္မကထိက အရာမှာ ဧတဒဂ်ရတဲ့
ရှင်ပုဏ္ဏရဲ့ တရားကို နာပြီးတော့
ရှင်အာနန္ဒ သောတာပန် ဖြစ်လာပါတယ်။
ရှင်အာနန္ဒက ရဟန်းတွေကို
ပြန်ပြောပြပါတယ် ...
ငါ့ရှင်တို့၊ အရှင်ပုဏ္ဏဟာ တို့အဖို့
အလွန်ကျေးဇူး ကြီးမားတဲ့ ပုဂ္ဂိုလ်ပါ၊
ဒို့လို သာသနာ့ဘောင် ၀ငျလာခါစ
ရဟန်းငယ်တွေ အတွက်
အင်မတန်မှ အားကိုးရတဲ့ ပုဂ္ဂိုလ်ပဲ။
တို့တစ်တွေဟာ အရှင်ပုဏ္ဏက တရားကို
အသေးစိတ်ရှင်းပြတာနာရလို့
တရားထူး တရားမြတ်ရခဲ့ကြတယ်လို့
ရှင်းပြပြီး... အရှင်ပုဏ္ဏက
ဘယ်လို တရားဟောခဲ့သလဲ ဆိုတာ
ဆက်ပြီးရှင်းပြပါတယ်။
အရှင်ပုဏ္ဏ ဟောခဲ့တဲ့ တရားက -
ဥပါဒါယ အာဝုသော အသ္မီတိ ဟောတိ
နော အနုပါ ဒါယ တဲ့။
ရိုးရိုးရှင်းရှင်းလေးပါ။
ငါ ဆိုတဲ့ အတွေးဟာ
တစ်စုံတစ်ခုကို မှီပြီးတော့မှ
ပေါ်လာတာပါ။
အမှီမရှိဘဲ၊ အမှီမပြုဘဲ မပေါ်ပါ တဲ့။
လောကလူတွေရဲ့ ငါဆိုတဲ့ အတွေး၊
ငါ့ဟာဆိုတဲ့ အတွေးဟာ
ဘာကိုစွဲမှီပြီးတော့
တွေးနေကြတာလဲ ဆိုရင် ..
အရှင်ပုဏ္ဏက ရှင်းပြပုံက -
ငါ့ရှင် အာနန္ဒ၊ ငါဆိုတဲ့ အတွေးဟာ
စွဲမှီပြီးတော့ ပေါ်လာတာ၊
မစွဲမှီဘဲ ပေါ်လာတာ မဟုတ်။
ဘာကို စွဲမှီပြီး ပေါ်လာတာလဲ ဆိုရင်
ဟောဒီ ခန္ဓာငါးပါးကို စွဲမှီပြီး
ပေါ်လာတာ ဖြစ်ပါတယ်။
- ရုပ်ကို စွဲမှီပြီးတော့ ငါဆိုတဲ့ အတွေး
ပေါ်လာတယ်။
- ခံစားချက်ကို စွဲမှီပြီးတော့
ငါဆိုတဲ့ အတွေး ပေါ်လာတယ်။
- စိတ်ထဲက မှတ်သားမှုဆိုတဲ့
အမှတ်သညာကို စွဲမှီပြီးတော့
ငါဆိုတဲ့အတွေး ပေါ်လာတယ်။
- အေး ကြံတွေးခြင်း၊ သိခြင်း စတဲ့
စိတ်ရဲ့ လှုပ်ရှားမှုဆိုတဲ့
သင်္ခ ါရတွေကို စွဲမှီပြီးတော့
ငါဆိုတဲ့ အတွေး ပေါ်လာတာ ဖြစ်ပါတယ်။
- အသိစိတ်ဆိုတဲ့ ဝိညာဏ်ကို စွဲမှီပြီးတော့
ငါဆိုတဲ့အတွေး ပေါ်လာတာ ဖြစ်တယ်။
အဲဒီ ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊
ဝိညာဏ် လို့ဆိုတဲ့
ခန္ဓာငါးပါးကို မမှီဘဲနဲ့
ငါဆိုတဲ့အတွေး မပေါ်နိုင်ပါ။
ခန္ဓာငါးပါးဟာ လောကလူတွေ
ငါလို့ ထင်မှတ်စရာပဲ။
ငါ ဆိုတဲ့အတွေးဟာ
မာနအတွေး၊
ငါ့ဟာ ဆိုတဲ့ အတွေးဟာ
တဏှာအတွေး။
အဲဒီ တဏှာ၊ မာန ဆိုတဲ့
ဒီမှားယွင်းနေတဲ့ အတွေးတွေဟာ
မိမိတို့ သန္တာန်မှာရှိတဲ့
ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊
ဝိညာဏ်တို့ကို စွဲမှီပြီး
ဖြစ်ပေါ်လာတဲ့ အတွေးတွေ ဖြစ်ပါတယ်။
ဥပမာနဲ့ ရှင်းပြပုံက -
လူငယ်လူရွယ်တွေဟာ
ကိုယ့်ကိုယ်ကိုယ် အလှပြင်တဲ့အနေနဲ့
ကြေးမုံတို့၊ မှန်ပြင်တို့မှာ ကြည့်ကြတယ်။
အဲဒီ ကြေးမုံ၊ မှန်ပြင်ကို ကြည့်ပြီး
မိမိရဲ့မျက်နှာရိပ်ကို
အပြစ်အနာအဆာ
ရှိတယ်၊ မရှိဘူးဆိုတာကို
ဆင်ခြင်သုံးသပ်ကြတယ်။
အဲဒီလို ဆင်ခြင်သုံးသပ်ရတဲ့
မျက်နှာပုံရိပ်ကလေးဟာ
မှန်ဆိုတဲ့ မှီရာမရှိဘဲနဲ့ ပေါ်လာပါ့မလား ?
မပေါ်နိုင်ပါ။
မှန်ဆိုတဲ့ မှီရာကိုမှီပြီး
အရိပ်ဆိုတာ ပေါ်လာတာဖြစ်တယ်။
ထို့အတူ ...
ငါဆိုတဲ့ အတွေးဟာလည်းပဲ
ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊
ဝိညာဏ်လို့ဆိုတဲ့ မိမိသန္တာန်မှာရှိတဲ့
ခန္ဓာငါးပါး ရုပ်နာမ်တရားတွေကို
မှီပြီးတော့သာ ပေါ်လာရတာပါလို့
အရှင်ပုဏ္ဏ က ရှင်းပြပါတယ်။
ဒါကြောင့် တရားချစ်ခင်
ဓမ္မမိတ်ဆွေအပေါင်းတို့ကလည်း
ငါဆိုတဲ့ အတွေးဟာလည်းပဲ
ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊
ဝိညာဏ်လို့ဆိုတဲ့ မိမိသန္တာန်မှာရှိတဲ့
ခန္ဓာငါးပါး ရုပ်နာမ်တရားတွေကို
မှီပြီးတော့မှသာ ပေါ်လာရတာပါလို့
ကိုယ်စီကိုယ်ငှ နားလည်သဘောကျပြီး...
ရှင်အာနန္ဒ မထေရ်မြတ်ကဲ့သို့
တရားထူး တရားမြတ်ရအောင်
ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေ
ကုန်သတည်း ...။
🙏🙏🙏
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
ဟောကြားအပ်သော
အရှင်အာနန္ဒ၏ ဝိပဿနာ
တရားဒေသနာတော်မှ
ကောက်နုတ်ရေးသား ပူဇော်ပါသည်။
(ဓမ္မလက်ဆောင်)
Credit
No comments:
Post a Comment