စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Wednesday, January 7, 2026

အကျိုးရှိအောင် ဘယ်လိုနေမလဲ

အကျိုးရှိအောင် ဘယ်လိုနေမလဲ
🍁🌷🍁🍁🌷🍁🍁🌷🍁🍁

အကျိုးဆိုတာ ကောင်းကျိုးချမ်းသာ ရဖို့ကို ဆိုလိုတယ်။ ကောင်းကျိုးချမ်းသာရဖို့ အချက် (၄) ချက်နဲ့ ကိုယ့်ရဲ့ စိတ်စွမ်းအားတွေကို လေ့ကျင့်ပေးရမယ်။

၁။ ငါ့စိတ်ထဲ မှာ ကုသိုလ်စိတ်အမြဲ ဖြစ်စေရမယ်

ဒီဘဝရလာတဲ့အချိန်မှာ ကုသိုလ်စိတ်တွေ များများဖြစ်စေရမယ်။ ဘာဖြစ်လို့ ကုသိုလ် စိတ်များများ ဖြစ်စေရမှာလဲဆိုရင် ကုသိုလ်ဆိုတာ အဆိုးတရားတွေ ဖယ်ရှားပြီး အ ကောင်းတရားတွေကို ဖော် ဆောင်ပေးနိုင်တဲ့ တရားမျိုး ဖြစ်တယ်။

၂။ အလေ့အကျင့် လိုအပ်တယ်

ကုသိုလ်စိတ်ဖြစ်ဖို့အတွက် သမုဒါစာရ အလေ့အကျင့် လိုအပ်တယ်။ ဆိုပါစို့ - မနက်အိပ်ရာထရင် မျက်နှာသစ်မယ်၊ ဘုရားရှိခိုးမယ်ဆိုတဲ့ အလေ့အကျင့် လုပ်ထားရမယ်၊ ဘုရားရှိခိုးလို့ပြီးမှ မနက်စာ စားမယ်၊ ဘုရားမရှိခိုးဘဲနဲ့ နံနက်စာ မစားဘူးလို့ ဒီလို အလေ့အကျင့်တစ်ခု ထားရမယ်။

နောက် မေတ္တာပို့မယ်ပေါ့၊ ကိုယ့်ရဲ့ အိမ်သူအိမ်သား တွေကနေ စပြီးတော့ သတ္တဝါတွေ ကျန်းမာကြပါစေ ဆိုပြီး
မေတ္တာပို့မယ်ပေါ့နော်။ ကုသိုလ်စိတ် ဖြစ်အောင် လုပ်ထားရတယ် 

၃။ ကောင်းတဲ့ ဘက်ကို ညွှတ်နေရမယ်

ပရိဏာမန - အမြဲတမ်း ကိုယ့်ရဲ့ စိတ်ကလေးကို ကောင်းတဲ့ဘက်ကိုပဲ ညွှတ်နေအောင် ထားပေးရမယ်။ ဆိုပါစို့ - တစ်ယောက်တည်း အေးဆေးစွာနေမိရင် ဘာကိုတွေးသလဲဆိုတာ ပြန်ဆန်းစစ်ကြည့် ကိုယ့်စိတ်လေးဟာ ကောင်းတဲ့ဘက်ကို ညွှတ်နေရမယ်။ မကောင်းတဲ့ဘက်ကို ညွှတ်နေမိလို့ရှိရင် ကောင်းတဲ့ဘက်ကို သတိထားပြီး ညွှတ်မိအောင် ထိန်းသိမ်းလေ့ကျင့်ပေးရမယ်။

ကောင်းတဲ့ဘက်ကို အမြဲတမ်း ဦးလှည့်ပေးရမယ်။ မေတ္တာပွားဖို့ အတွက် ဦးလှည့်ပေးရမယ်။ ကောင်းကျိုးချမ်းသာ လိုလား သူ ဖြစ်ဖို့အတွက် ဦးလှည့်ပေးရမယ်။ ကုသိုလ်တရားရဖို့ ဦးလှည့်ပေးဂမယ်။ ဒါ လေ့ကျင့်ပေး
ရင် ရနိုင်တယ်။

၄။ နှလုံးသွင်းမှန်ရမယ်

အာဘုဇိတ - နှလုံးသွင်းတရား၊ နှလုံးသွင်း ဆင်ခြင်မှုက အလွန်အရေးကြီးတယ်။ ဒါကို မြတ်စွာဘုရားက ယောနိသော မနသိကာရ လို့ပြောတယ်။ မှန်မှန်ကန်ကန် စဉ်းစားတာ အသိဉာဏ်နဲ့ စဉ်းစားတာ နှလုံးသွင်းမှု မှန်ကန်တာ၊ လိမ္မာပါးနပ်စွာ စဉ်းစားတာ၊ ဒါကို ယောနိသော မနသိကာရ လို့ခေါ်တယ်။ 

ဘယ်ကိစ္စပဲဖြစ်ဖြစ် ယောနိသော မနသိကာရ မထားတတ်လို့ ရှိရင် ကုသိုလ်လုပ်နေတာတောင်မှ ကုသိုလ်မရဘဲ ဖြစ်တတ်တယ်။ ဒါကြောင့်စာပေမှာ ယေကေစိ ကုသလာဓမ္မ သဗ္ဗေတေ ယောနိ သော မနသိကာရ မူလကာ တဲ့၊ ကုသိုလ်မှန်သမျှတို့သည် ယောနိသော မနသိကာရပေါ်မှာ အခြေ ခံသည်...... ဒီလို မြတ်စွာဘုရားကဟောထားတယ်။

ဆိုပါစို့ မိမိသန္တာန်မှာ ဒေါသထွက်နေတဲ့အခါမှာ ကြမ်းကြမ်းတမ်းတမ်းစကား ပြောမိတယ်။ အဲဒီအခါ မိမိစိတ်ထဲမှာ တွေးကြည့်လိုက်စမ်းပါ ကြမ်းကြမ်းတမ်းတမ်းစကားကို မိမိကိုယ်တိုင်တောင် မနှစ်သက်ဘူး၊ သူ့ပြောရင် သူလည်း ကြိုက်မှာမဟုတ်ဘူး။

အဲဒီတော့ ချိုချိုသာသာ ပြောပြီးတော့ ဖျောင်းဖျမယ်၊ ဒီလို တွေးရမယ်၊ အဲဒီတော့ ကြမ်းကြမ်းတမ်းတမ်း ပြောလိုက်တဲ့စကားဟာ တစ်ဘက်သားကို နူးညံ့မသွားစေဘူး၊ ကြမ်းတမ်းသွားစေတယ်၊ ပြောတဲ့ ပုဂ္ဂိုလ်လည်းပဲ ကြမ်းတမ်းသွားမယ်။ နားထောင်တဲ့ ပုဂ္ဂိုလ်လည်းပဲ ကြမ်းတမ်းသွားမယ်။

အဲဒီ ၂- ခုကို နှလုံးသွင်း ဆင်ခြင်လိုက်မယ်ဆိုရင် ယောနိသောမန သိကာရနဲ့ စဉ်းစားလိုက်ရင် ကြမ်းကြမ်းတမ်းတမ်း ပြောတာကို ငါမကြိုက်သလို သူလည်းပဲ ကြိုက်မှာမဟုတ်ဘူး၊ ဒီတော့ ငါ ကြမ်းတမ်းတဲ့ စကားတွေကို မပြောဘူး နူးညံ့တဲ့စကားတွေကို ပြောမယ်၊ အကျိုးရှိအောင် ပြောမယ်လို့ နှလုံးသွင်း ဆင်ခြင် လိုက်ရင် ဒါကို ယောနိသော မနသိကာရလို့ ခေါ်တယ်။ 

ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

No comments:

Post a Comment