ဓမ္မစကြာ ပါဠိ + မြန်မာ + အနက်ပြန် နှင့်🪷🪷
အသံထွက် လေ့လာနိုင်ပါသည်🌷🌻🌷🌻
===============================
(ဓမ္မစကြာအမွှန်း)
(က-ခ) သစ္စာလေးရပ် တရားမြတ်ကို ထင်ရှားမသွေ ပြတော်မူပေသော, လူတို့၏ ကိုးကွယ်ရာအစစ် ဖြစ်တော်မူသော မြတ်စွာဘုရားသည် သဟမ္ပတိ အမည်ရှိမြတ်သောဗြဟ္မာမင်း၏ တရားဟောကြားရန် တောင်းပန်မှုကြောင့် ဘုရား, ပစ္စေကဗုဒ္ဓါ အရိယာတို့၏ ကောင်းကင်မှ သက်ရာ, ကောင်းကင်သို့ တက်ရာဖြစ်၍ ဣသိပတန အမည်ရှိသော, သားတို့အား ဘေးမဲ့ပေးရာ မိဂဒါဝုန် သားပေါင်းစုံသည့် ရဂုံသာမော ဘေးမဲ့တော၌ ငါးယောက်အစုရှိခြင်းကြောင့် ပဉ္စဝဂ္ဂီအမည်ရှိကုန်သော ကောဏ္ဍည၊ ဝပ္ပ၊ ဘဒ္ဒိယ၊ မဟာနာမ်၊ အဿဇိ ရဟန်းတို့အား တဏှာကင်းမှန် မြတ်နိဗ္ဗာန်သို့ ရောက်စေတတ်သော တရားဒေသနာတော်မြတ်ကို တရားဦးအနေ ဟောကြားတော်မူလေပြီ။
(ဂ) ခပ်သိမ်းကုန်သော နတ်,ဗြဟ္မာတို့သည် နှစ်လိုအပ်သော, ခပ်သိမ်းသော လောကီ,လောကုတ်, ပစ္စုပ်, သံသရာ စည်းစိမ်ချမ်းသာကို ပြီးစေတတ်သော ထိုတရားအဦး မည်ထူးမှန်စွာ ဓမ္မစကြာဒေသနာတော်ကို ခပ်သိမ်းကုန်သော ဗြဟ္မာ, နတ်, လူ သုံးဘုံသူတို့ ပူမျိုးစုံပျောက် အေးငြိမ်းခြင်း အစီးအပွားသို့ ရောက်စေခြင်းအကျိုးငှာ စုဝေးလာငြောင်း အို.. သူတော်ကောင်းအပေါင်းတို့ ငါတို့သည် ဌာန်, ကရိုဏ်း, ပယတ် ဖြတ်တောက်သန့်စင် ရွှင်ကြည် နှစ်လို ရွတ်ဆိုကြပါကုန်စို့။
(၁) ဓမ္မစကြာနိဒါန်း
အရှင်မဟာကဿပဘုရား- တပည့်တော် အာနန္ဒာသည် မြတ်စွာဘုရားထံမှ ဤသို့ နာကြား မှတ်သားလိုက်ရပါသည်။ မြတ်စွာဘုရားသည် ဗာရာဏသီပြည် ဣသိပတနအမည်ရသော သားသမင်တို့အား ဘေးမဲ့ပေးရာဖြစ်သော မိဂဒါဝုန်အမည်ရှိသော ရဂုံတော၌ သီတင်းသုံးနေတော်မူသောအခါ ပဉ္စဝဂ္ဂီရဟန်းတို့ကို ဟောတော်မူ၏။
(၂) မမှီဝဲသင့်သော အဖို့အစွန်း(၂)ပါး
ရဟန်းတို့ ရဟန်းဖြစ်သူသည် ဤအစွန်းနှစ်ပါးတို့ကို မမှီဝဲအပ်ကုန်။ ထိုနှစ်ပါးတို့မှာ-
၁။ ယုတ်ညံ့၍ ရွာသူတို့၏ အကျင့်ဖြစ်သော ပုထုဇဉ်တို့၏ အလေ့အကျင့်သာဖြစ်၍ အရိယာတို့၏ အလေ့အကျင့်မဟုတ်သော အကျိုးစီးပွားနှင့်မစပ်ယှဉ်သော ကာမဂုဏ်တို့၌ ကာမချမ်းသာကို ကပ်ငြိသောအားဖြင့် အဖန်တလဲလဲ လိုက်စားအားထုတ်ခြင်း။
၂။ ကိုယ်, စိတ်ဆင်းရဲခြင်းကို ဖြစ်စေတတ်သော အရိယာတို့၏ အကျင့်မဟုတ်သော အကျိုးစီးပွားနှင့် မစပ်ယှဉ်သော ကိုယ်ပင်ပန်းမှုကို အားထုတ်ခြင်းတို့ ဖြစ်သည်။
(၃) မဇ္ဈိမပဋိပဒါနှင့် ယင်း၏အကျိုး
ရဟန်းတို့ ထိုအစွန်းနှစ်ပါးတို့ကို မကပ်ရောက်မူ၍ ငါဘုရားသည် အထူးသဖြင့် သိတော်မူအပ်သော ပညာမျက်စိကို ပြုတတ်သော ဉာဏ်အမြင်ကို ပြုတတ်သော အလယ်အလတ်ဖြစ်သောအကျင့်သည် ကိလေသာငြိမ်းရန်အလို့ငှာ ဖြစ်၏။ ထူးသောဉာဏ်ဖြင့် သိရန်အလို့ငှာ ဖြစ်၏။ (သစ္စာလေးပါးကို) သိရန်အလို့ငှာ ဖြစ်၏။ နိဗ္ဗာန်ကို မျက်မှောက်ပြုရန်အလို့ငှာ ဖြစ်၏။
ရဟန်းတို့ ငါဘုရားသည် အထူးသဖြင့် သိတော်မူအပ်သော ပညာမျက်စိကို ပြုတတ်သော ဉာဏ်အမြင်ကိုပြုတတ်သော ကိလေသာငြိမ်းခြင်း၊ ထူးသောဉာဏ်ဖြင့် သိခြင်း၊ (သစ္စာလေးပါးကို) သိခြင်း၊ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းငှာ ဖြစ်သော ထိုအလယ်အလတ်ဖြစ်သော အကျင့်ကား အဘယ်နည်း။
(၁) မှန်စွာသိမြင်ခြင်း သမ္မာဒိဋ္ဌိ၊
(၂) မှန်စွာကြံခြင်း သမ္မာသင်္ကပ္ပ၊
(၃) မှန်စွာပြောဆိုခြင်း သမ္မာဝါစာ၊
(၄) မှန်စွာပြုလုပ်ခြင်း သမ္မာကမ္မန္တ၊
(၅) မှန်စွာအသက်မွေးခြင်း သမ္မာအာဇီဝ၊
(၆) မှန်စွာအားထုတ်ခြင်း သမ္မာဝါယာမ၊
(၇) မှန်စွာအောက်မေ့ခြင်း သမ္မာသတိ၊
(၈) မှန်စွာတည်ကြည်ခြင်း သမ္မာသမာဓိ
ဟူသောအင်္ဂါရှစ်ပါးရှိသော အရိယာမဂ်တို့ ဖြစ်ပါသည်။
ရဟန်းတို့ ငါဘုရားသည် အထူးသဖြင့် သိတော်မူအပ်သော ပညာမျက်စိကို ပြုတတ်သော, ဉာဏ်အမြင်ကို ပြုတတ်သော, အလယ်အလတ်ဖြစ်သော အကျင့်သည် ကိလေသာငြိမ်းရန်အလို့ငှာ ဖြစ်၏။ ထူးသောဉာဏ်ဖြင့် သိရန်အလို့ငှာ ဖြစ်၏။ (သစ္စာလေးပါးကို) သိရန် အလို့ငှာဖြစ်၏။ နိဗ္ဗာန်ကို မျက်မှောက်ပြုရန်အလို့ငှာ ဖြစ်၏။
(၄) ဒုက္ခသစ္စာ
ရဟန်းတို့ ဤသည်ကား ဆင်းရဲဖြစ်သော အရိယာတို့၏ အမှန်တရား “ဒုက္ခအရိယသစ္စာ”ပေတည်း။ ပဋိသန္ဓေတည်နေရခြင်းသည်လည်း ဆင်းရဲ၏။ အိုရခြင်းသည်လည်း ဆင်းရဲ၏။ နာရခြင်းသည်လည်း ဆင်းရဲ၏။ သေရခြင်းသည်လည်း ဆင်းရဲ၏။ မချစ်သောသူတို့နှင့် အတူနေရခြင်းသည်လည်း ဆင်းရဲ၏။ ချစ်သောသူတို့နှင့် ကွေကွင်းရခြင်းသည်လည်း ဆင်းရဲ၏။ လိုချင်ရာကို မရခြင်းသည်လည်း ဆင်းရဲ၏။ အကျဉ်းအားဖြင့် စွဲလမ်းရာအာရုံဖြစ်သော ခန္ဓာငါးပါး (ခန္ဓာကိုယ်ကြီး) သည်လည်း ဆင်းရဲ၏။
(၅) သမုဒယသစ္စာ
ရဟန်းတို့ ဤသည်ကား ဆင်းရဲ၏ အကြောင်းဖြစ်သောအရိယာတို့၏ အမှန်တရား “သမုဒယအရိယသစ္စာ”ပေတည်း။ အကြင်တဏှာသည် ဘဝသစ်၌ ဖြစ်စေတတ်၏။ နှစ်သက်ခြင်း တပ်မက်ခြင်းနှင့်တကွ ဖြစ်၏။ ထိုထိုအာရုံ၌ လွန်စွာ နှစ်သက်တတ်၏။ ထိုတပ်မက်မှု တဏှာဟူသည်-
၁။ ကာမဘုံတို့၌ တပ်မက်မှုတဏှာ ကာမတဏှာ၊
၂။ တည်မြဲ၏-ဟု ယူသော သဿတဒိဋ္ဌိနှင့်တကွဖြစ်သော တပ်မက်မှုတဏှာ ဘဝတဏှာ၊
၃။ သေလျှင်ပြတ်၏-ဟု ယူသော ဥစ္ဆေဒဒိဋ္ဌိနှင့်တကွဖြစ်သော တပ်မက်မှုတဏှာ ဝိဘဝတဏှာ-တို့တည်း။
(၆) နိရောဓသစ္စာ
ရဟန်းတို့ ဤသည်ကား ဆင်းရဲ၏ ချုပ်ရာဖြစ်သော အရိယာတို့၏ အမှန်တရား “နိရောဓအရိယသစ္စာ”ပေတည်း။ ယင်းဆင်းရဲ၏ ချုပ်ငြိမ်းရာဟူသည် ထိုတပ်မက်မှု တဏှာ၏သာလျှင် အကြွင်းမဲ့ စွဲမက်မှုကင်းပျောက်ချုပ်ငြိမ်းရာ စွန့်လွှတ်ရာ တဖန်စွန့်ပယ်ရာ လွတ်မြောက်ရာ မကပ်ငြိရာပင်ဖြစ်၏။
(၇) မဂ္ဂသစ္စာ
ရဟန်းတို့ ဤသည်ကား ဆင်းရဲ၏ချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ဖြစ်သော အရိယာတို့၏ အမှန်တရား “မဂ္ဂအရိယသစ္စာ”ပေတည်း၊ ဤအရိယာမဂ်သည် အင်္ဂါရှစ်ပါးရှိ၏။ အင်္ဂါရှစ်ပါးဟူသည်ကား - (၁) မှန်စွာ သိမြင်ခြင်း သမ္မာဒိဋ္ဌိ၊ (၂) မှန်စွာ ကြံခြင်း သမ္မာသင်္ကပ္ပ၊ (၃) မှန်စွာ ပြောဆိုခြင်း သမ္မာဝါစာ၊ (၄) မှန်စွာ ပြုလုပ်ခြင်း သမ္မာကမ္မန္တ၊ (၅) မှန်စွာ အသက်မွေးခြင်း သမ္မာအာဇီဝ၊ (၆) မှန်စွာ အားထုတ်ခြင်း သမ္မာဝါယာမ၊ (၇) မှန်စွာ အောက်မေ့ခြင်း သမ္မာသတိ၊ (၈) မှန်စွာ တည်ကြည်ခြင်း သမ္မာသမာဓိ တို့တည်း။
(၈) ဒုက္ခသစ္စာ၌ သစ္စဉာဏ်
ရဟန်းတို့ “ဤတရားသည် ဆင်းရဲဖြစ်သော အရိယာတို့၏ အမှန်တရား “ဒုက္ခအရိယသစ္စာ”မည်၏ဟု (ဘုရားမဖြစ်မီ) ရှေးက မကြားဘူးကုန်သော (ဒုက္ခသစ္စာ)တရားတို့၌ ငါဘုရား၏ (ပညာ) မျက်စိသည် ထင်ရှားဖြစ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏၊ အပြားအားဖြင့် သိတတ်သော ဉာဏ်ပညာသည် ထင်ရှားဖြစ်၏၊ ထိုးထွင်း၍ သိသောဉာဏ် “ဝိဇ္ဇာ”သည် ထင်ရှားဖြစ်၏၊ အလင်းရောင်သည် ထင်ရှားဖြစ်၏။
(၉) ဒုက္ခသစ္စာ၌ ကိစ္စဉာဏ်
ရဟန်းတို့ ငါဘုရားသည် ထိုဆင်းရဲဖြစ်သော အရိယာတို့၏ အမှန်တရား “ဒုက္ခအရိယသစ္စာ”ကို စင်စစ်ပိုင်းခြား၍ သိထိုက်၏-ဟု (ဘုရားမဖြစ်မီ) ရှေးက မကြားဘူးကုန်သော (ဒုက္ခသစ္စာ)တရားတို့၌ ငါဘုရား၏ (ပညာ) မျက်စိသည် ထင်ရှားဖြစ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏၊ အပြားအားဖြင့် သိတတ်သော ဉာဏ်ပညာသည် ထင်ရှားဖြစ်၏၊ ထိုးထွင်း၍ သိသောဉာဏ် “ဝိဇ္ဇာ”သည် ထင်ရှားဖြစ်၏၊ အလင်းရောင်သည် ထင်ရှားဖြစ်၏။
(၁၀) ဒုက္ခသစ္စာ၌ ကတဉာဏ်
ရဟန်းတို့ ငါဘုရားသည် ထိုဆင်းရဲဖြစ်သော အရိယာတို့၏ အမှန်တရား “ဒုက္ခအရိယသစ္စာ”ကို ပိုင်းခြား၍ သိခဲ့ပြီးပြီဟု (ဘုရားမဖြစ်မီ) ရှေးက မကြားဘူးကုန်သော (ဒုက္ခသစ္စာ)တရားတို့၌ (ပညာ) မျက်စိသည် ထင်ရှားဖြစ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏၊ အပြားအားဖြင့် သိတတ်သော ဉာဏ်ပညာသည် ထင်ရှားဖြစ်၏၊ ထိုးထွင်း၍ သိသောဉာဏ်“ဝိဇ္ဇာ”သည် ထင်ရှားဖြစ်၏၊ အလင်းရောင်သည် ထင်ရှားဖြစ်၏။
(၁၁) ဒုက္ခသစ္စာ၌ သစ္စဉာဏ်
ရဟန်းတို့ “ဤတရားသည် ဆင်းရဲခြင်း၏ အကြောင်းဖြစ်သော အရိယာတို့၏ အမှန်တရား “သမုဒယအရိယသစ္စာ”မည်၏ဟု (ဘုရား မဖြစ်မီ) ရှေးက မကြားဘူးကုန်သော (သမုဒယသစ္စာ)တရားတို့၌ (ပညာ)မျက်စိသည်ထင်ရှားဖြစ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏၊ အပြားအားဖြင့် သိတတ်သော ဉာဏ်ပညာသည် ထင်ရှားဖြစ်၏၊ ထိုးထွင်း၍သိသောဉာဏ် “ဝိဇ္ဇာ”သည် ထင်ရှားဖြစ်၏၊ အလင်းရောင်သည် ထင်ရှားဖြစ်၏။
(၁၂) သမုဒယသစ္စာ၌ ကိစ္စဉာဏ်
ရဟန်းတို့ ငါဘုရားသည် “ထိုတရားသည် ဆင်းရဲခြင်း၏ အကြောင်းဖြစ်သောအရိယာတို့၏ အမှန်တရား “သမုဒယအရိယသစ္စာ”ကို ပယ်အပ်၏ဟု (ဘုရားမဖြစ်မီ) ရှေးက မကြားဘူးကုန်သော (ဒုက္ခသစ္စာ)တရားတို့၌ ငါဘုရား၏ (ပညာ) မျက်စိသည် ထင်ရှားဖြစ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏၊ အပြားအားဖြင့် သိတတ်သော ဉာဏ်ပညာသည် ထင်ရှားဖြစ်၏၊ ထိုးထွင်း၍ သိသောဉာဏ် “ဝိဇ္ဇာ”သည် ထင်ရှားဖြစ်၏၊ အလင်းရောင်သည် ထင်ရှားဖြစ်၏။
(၁၃) သမုဒယသစ္စာ၌ ကတဉာဏ်
ရဟန်းတို့ ငါဘုရားသည် “ထိုတရားသည် ဆင်းရဲခြင်း၏ အကြောင်းဖြစ်သော အရိယာတို့၏ အမှန်တရား “သမုဒယအရိယသစ္စာ”ကို ပယ်ပြီးပြီ-ဟု (ဘုရား မဖြစ်မီ) ရှေးအဘို့က မကြားဘူးကုန်သော (သမုဒယသစ္စာ)တရားတို့၌ ငါဘုရား၏ (ပညာ)မျက်စိသည် ထင်ရှားဖြစ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏၊ အပြားအားဖြင့် သိတတ်သောဉာဏ်“ပညာ”သည် ထင်ရှားဖြစ်၏၊ ထိုးထွင်း၍ သိသောဉာဏ် “ဝိဇ္ဇာ”သည် ထင်ရှားဖြစ်၏၊ အလင်းရောင်သည် ထင်ရှားဖြစ်၏။
(၁၄) နိရောဓသစ္စာ၌ သစ္စဉာဏ်
ရဟန်းတို့ “ဤနိဗ္ဗာန်သည် ဆင်းရဲခြင်း၏ ချုပ်ရာဖြစ်သော အရိယာတို့၏ အမှန်တရား “နိရောဓအရိယသစ္စာ”မည်၏ဟု (ဘုရား မဖြစ်မီ) ရှေးက မကြားဘူးကုန်သော (နိရောဓသစ္စာ)တရားတို့၌ (ပညာ)မျက်စိသည် ထင်ရှားဖြစ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏၊ အပြားအားဖြင့် သိတတ်သော ဉာဏ်ပညာသည် ထင်ရှားဖြစ်၏၊ ထိုးထွင်း၍ သိသောဉာဏ် “ဝိဇ္ဇာ”သည် ထင်ရှားဖြစ်၏၊ အလင်းရောင်သည် ထင်ရှားဖြစ်၏။
(၁၅) နိရောဓသစ္စာ၌ ကိစ္စဉာဏ်
ရဟန်းတို့ ငါဘုရားသည် “ထို ဆင်းရဲ၏ ချုပ်ရာဖြစ်သော ဤအရိယာတို့၏ အမှန်တရား “နိရောဓအရိယသစ္စာ”ကို မျက်မှောက်ပြုအပ်၏- ဟု (ဘုရားမဖြစ်မီ) ရှေးက မကြားဘူးကုန်သော (ဒုက္ခသစ္စာ)တရားတို့၌ ငါဘုရား၏ (ပညာ) မျက်စိသည် ထင်ရှားဖြစ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏၊ အပြားအားဖြင့် သိတတ်သော ဉာဏ်ပညာသည် ထင်ရှားဖြစ်၏၊ ထိုးထွင်း၍ သိသောဉာဏ် “ဝိဇ္ဇာ”သည် ထင်ရှားဖြစ်၏၊ အလင်းရောင်သည် ထင်ရှားဖြစ်၏။
(၁၆) နိရောဓသစ္စာ၌ ကတဉာဏ်
ရဟန်းတို့ ငါဘုရားသည် “ထိုဆင်းရဲခြင်း၏ ချုပ်ရာဖြစ်သော ဤအရိယာတို့၏ အမှန်တရား “နိရောဓအရိယသစ္စာ”ကို မျက်မှောက်ပြုပြီးပြီဟု (ဘုရား မဖြစ်မီ) ရှေးက မကြားဘူးကုန်သော (နိရောဓသစ္စာ)တရားတို့၌ ငါဘုရား၏ (ပညာ) မျက်စိသည် ထင်ရှားဖြစ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏၊ အပြားအားဖြင့် သိတတ်သော ဉာဏ်ပညာသည် ထင်ရှားဖြစ်၏၊ ထိုးထွင်း၍ သိသောဉာဏ်“ဝိဇ္ဇာ”သည် ထင်ရှားဖြစ်၏၊ အလင်းရောင်သည် ထင်ရှားဖြစ်၏။
(၁၇) မဂ္ဂသစ္စာ၌ သစ္စဉာဏ်
ရဟန်းတို့ “ဤတရားသည် ဆင်းရဲခြင်း၏ ချုပ်ရာနိဗ္ဗာန်သို့ ရောက်ကြောင်း ဖြစ်သောအရိယာတို့၏ အမှန်တရား “မဂ္ဂအရိယသစ္စာ” မည်၏ ဟု (ဘုရားမဖြစ်မီ) ရှေးက မကြားဘူးကုန်သော (မဂ္ဂသစ္စာ)တရားတို့၌ (ပညာ)မျက်စိသည် ထင်ရှားဖြစ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏၊ အပြားအားဖြင့် သိတတ်သော ဉာဏ်ပညာသည် ထင်ရှားဖြစ်၏၊ ထိုးထွင်း၍ သိသောဉာဏ်“ဝိဇ္ဇာ”သည် ထင်ရှားဖြစ်၏၊ အလင်းရောင်သည် ထင်ရှားဖြစ်၏။
(၁၈) မဂ္ဂသစ္စာ၌ ကိစ္စဉာဏ်
ရဟန်းတို့ ငါဘုရားသည်“ထိုဆင်းရဲ၏ ချုပ်ရာနိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ဖြစ်သော ဤအရိယာတို့၏ အမှန်တရား “မဂ္ဂအရိယသစ္စာ”ကို ပွားများအပ်၏ဟု (ဘုရားမဖြစ်မီ) ရှေးက မကြားဘူးကုန်သော (မဂ္ဂသစ္စာ)တရားတို့၌ (ပညာ)မျက်စိသည် ထင်ရှားဖြစ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏၊ အပြားအားဖြင့် သိတတ်သော ဉာဏ်ပညာသည် ထင်ရှားဖြစ်၏၊ ထိုးထွင်း၍ သိသောဉာဏ်“ဝိဇ္ဇာ”သည် ထင်ရှားဖြစ်၏၊ အလင်းရောင်သည် ထင်ရှားဖြစ်၏။
(၁၉) မဂ္ဂသစ္စာ၌ ကတဉာဏ်
ရဟန်းတို့ ငါဘုရားသည် “ထိုဆင်းရဲခြင်း၏ ချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ဖြစ်သော ဤအရိယာတို့၏ အမှန်တရား “မဂ္ဂအရိယသစ္စာ”ကို ပွားများပြီးပြီ”ဟု (ဘုရားမဖြစ်မီ) ရှေးက မကြားဘူးကုန်သော (မဂ္ဂသစ္စာ) တရားတို့၌ (ပညာ)မျက်စိသည် ထင်ရှားဖြစ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏၊ အပြားအားဖြင့် သိတတ်သော ဉာဏ်ပညာသည် ထင်ရှားဖြစ်၏၊ ထိုးထွင်း၍ သိသောဉာဏ်“ဝိဇ္ဇာ”သည် ထင်ရှားဖြစ်၏၊ အလင်းရောင်သည် ထင်ရှားဖြစ်၏။
(၂၀) ရှေးက ဘုရားဖြစ်ကြောင်း ဝန်မခံခဲ့ပုံ
ရဟန်းတို့ ဤအရိယာတို့၏ အမှန်တရားလေးပါးတို့၌ ဤသို့ သုံးပါးသော အပြန် တစ်ဆယ့်နှစ်ပါးသော အခြင်းအရာရှိသော မှန်ကန်သော ဉာဏ်အမြင် မကြည်လင်သေးသမျှ ကာလပတ်လုံး ငါဘုရားသည် နတ်, မာရ်နတ်, ဗြဟ္မာတို့နှင့် တကွသော နတ်လောကနှင့် သမဏ ဗြဟ္မဏမင်းများ လူများနှင့်တကွသော လူလောက၌ “အတုမရှိသော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိသော အရဟတ္တမဂ်ဉာဏ်ကို သိပြီ”ဟူ၍ ဝန်မခံခဲ့ချေ။
(၂၁) ယခုမှ ဘုရားအဖြစ်ကြောင်း ဝန်ခံပုံ
ရဟန်းတို့ ဤအရိယာတို့၏ အမှန်တရားလေးပါးတို့၌ ဤသို့သုံးပါးသော အပြန် တစ်ဆယ့်နှစ်ပါးသော အခြင်းအရာရှိသော မှန်ကန်သော ဉာဏ်အမြင် ကြည်လင်လာသောအခါ၌သာလျှင် ငါဘုရားသည် နတ်, မာရ်နတ်, ဗြဟ္မာတို့နှင့် တကွသော နတ်လောကနှင့် သမဏ, ဗြဟ္မဏမင်းများ လူများနှင့်တကွသော လူလောက၌ “အတုမရှိသော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာသိသော အရဟတ္တမဂ်ဉာဏ်ကို သိပြီ”ဟူ၍ ဝန်ခံခဲ့၏။
(၂၂) ပစ္စဝေက္ခဏာဉာဏ်ဖြင့် သိမြင်ပုံ
ငါ၏ ကိလေသာတို့မှ လွတ်မြောက်မှုသည် မပျက်စီးနိုင်ပြီ၊ ဤကား အဆုံးစွန်သော ဘဝတည်း၊ ယခုအခါ ဘဝသစ်၌ ဖြစ်ခြင်း မရှိတော့ပြီဟု ငါ့အား ဉာဏ်အမြင် (ပစ္စဝေက္ခဏာဉာဏ်)သည်လည်း ထင်ရှားဖြစ်ပေါ်ခဲ့ပြီ-ဟု မိန့်တော်မူ၏။
(၂၃) ပဥ္စဝဂ္ဂီရဟန်းတို့ တရားနှစ်သက်ကြပုံ
မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူလတ်သော် ပဉ္စဝဂ္ဂီရဟန်းတို့သည် နှစ်လိုကုန်သည်ဖြစ်၍ မြတ်စွာဘုရား၏ စကားကို ဝမ်းမြောက်စွာ လက်ခံကြလေကုန်သတည်း။
(၂၄) အရှင်ကောဏ္ဍည သောတာပန်ဖြစ်ပုံ
ဤဒေသနာတော်ကို ဟောကြားတော်မူလတ်သော် အရှင်ကောဏ္ဍညအား “ဖြစ်ခြင်းသဘောရှိသော တရားအလုံးစုံသည် ချုပ်ခြင်းသဘောရှိ၏”ဟု (ကိလေသာ)မြူအညစ်အကြေးကင်းသော တရားမျက်စိ “သောတာပတ္တိမဂ်ဉာဏ်”သည် ဖြစ်ပေါ်လာ၏။
(၂၅) နတ်ဗြဟ္မာတို့ ကောင်းချီးပေးပုံ
ဤသို့ မြတ်စွာဘုရားသည် ဓမ္မစကြာတရားကို ဟောတော်မူလတ်သော် “ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တောဝယ် လောက၌ ရဟန်း, ပုဏ္ဏား, နတ်, မာရ်နတ်, ဗြဟ္မာ တစ်စုံတစ်ယောက်မျှ မဟောနိုင်သော အတုမရှိသော ဤဓမ္မစကြာတရားတော်ကို မြတ်စွာဘုရား ဟောတော်မူအပ်ပြီ”ဟု ဘုမ္မစိုးနတ်တို့သည် ကောင်းချီးပေးသံကို အဆင့်ဆင့် ကြွေးကြော်ကုန်၏။
ဘုမ္မစိုးနတ်တို့၏ ကောင်းချီးပေးသံကို ကြား၍ စာတုမဟာရာဇ်နတ်တို့ကလည်း “ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တောဝယ် လောက၌ ရဟန်း, ပုဏ္ဏား, နတ်, မာရ်နတ်, ဗြဟ္မာ တစ်စုံတစ်ယောက်မျှ မဟောနိုင်သော အတုမရှိသော ဤဓမ္မစကြာ တရားတော်ကို မြတ်စွာဘုရား ဟောတော်မူအပ်ပြီ”ဟု ကောင်းချီးပေးသံကို အဆင့်ဆင့် ကြွေးကြော်ကုန်၏။
စာတုမဟာရာဇ်နတ်တို့၏ ကောင်းချီးပေးသံကို ကြား၍ တာဝတိံသာနတ်တို့ကလည်း “ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တောဝယ် လောက၌ ရဟန်း, ပုဏ္ဏား, နတ်, မာရ်နတ်, ဗြဟ္မာ တစ်စုံတစ်ယောက်မျှ မဟောနိုင်သော အတုမရှိသော ဤဓမ္မစကြာ တရားတော်ကို မြတ်စွာဘုရား ဟောတော်မူအပ်ပြီ”ဟု ကောင်းချီးပေးသံကို အဆင့်ဆင့် ကြွေးကြော်ကုန်၏။
တာဝတိံသာနတ်တို့၏ ကောင်းချီးပေးသံကို ကြား၍ ယာမာနတ်တို့ကလည်း “ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တောဝယ် လောက၌ ရဟန်း, ပုဏ္ဏား, နတ်, မာရ်နတ်, ဗြဟ္မာ တစ်စုံတစ်ယောက်မျှ မဟောနိုင်သော အတုမရှိသော ဤဓမ္မစကြာ တရားတော်ကို မြတ်စွာဘုရား ဟောတော်မူအပ်ပြီ”ဟု ကောင်းချီးပေးသံကို အဆင့်ဆင့် ကြွေးကြော်ကုန်၏။
ယာမာနတ်တို့၏ ကောင်းချီးပေးသံကို ကြား၍ တုသိတာနတ်တို့ကလည်း “ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တောဝယ် လောက၌ ရဟန်း, ပုဏ္ဏား, နတ်, မာရ်နတ်, ဗြဟ္မာ တစ်စုံတစ်ယောက်မျှ မဟောနိုင်သော အတုမရှိသော ဤဓမ္မစကြာ တရားတော်ကို မြတ်စွာဘုရား ဟောတော်မူအပ်ပြီ”ဟု ကောင်းချီးပေးသံကို အဆင့်ဆင့် ကြွေးကြော်ကုန်၏။
တုသိတာနတ်တို့၏ ကောင်းချီးပေးသံကို ကြား၍ နိမ္မာနရတီနတ်တို့ကလည်း “ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တောဝယ် လောက၌ ရဟန်း, ပုဏ္ဏား, နတ်, မာရ်နတ်, ဗြဟ္မာ တစ်စုံတစ်ယောက်မျှ မဟောနိုင်သော အတုမရှိသော ဤဓမ္မစကြာ တရားတော်ကို မြတ်စွာဘုရား ဟောတော်မူအပ်ပြီ”ဟု ကောင်းချီးပေးသံကို အဆင့်ဆင့် ကြွေးကြော်ကုန်၏။
နိမ္မာနရတီနတ်တို့၏ ကောင်းချီးပေးသံကို ကြား၍ ပရနိမ္မိတဝသဝတ္တီနတ်တို့ကလည်း “ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တောဝယ် လောက၌ ရဟန်း, ပုဏ္ဏား, နတ်, မာရ်နတ်, ဗြဟ္မာ တစ်စုံတစ်ယောက်မျှ မဟောနိုင်သော အတုမရှိသော ဤဓမ္မစကြာ တရားတော်ကို မြတ်စွာဘုရား ဟောတော်မူအပ်ပြီ”ဟု ကောင်းချီးပေးသံကို အဆင့်ဆင့် ကြွေးကြော်ကုန်၏။
ပရနိမ္မိတဝသဝတ္တီနတ်တို့၏ ကောင်းချီးပေးသံကို ကြား၍ ဗြဟ္မာ့ပြည်၌ဖြစ်သော ဗြဟ္မာတို့သည်လည်း “ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တောဝယ် လောက၌ ရဟန်း, ပုဏ္ဏား, နတ်, မာရ်နတ်, ဗြဟ္မာ တစ်စုံတစ်ယောက်မျှ မဟောနိုင်သော အတုမရှိသော ဤဓမ္မစကြာ တရားတော်ကို မြတ်စွာဘုရား ဟောတော်မူအပ်ပြီ”ဟု ကောင်းချီးပေးသံကို အဆင့်ဆင့် ကြွေးကြော်ကုန်၏။
ဤသို့လျှင် ထိုအချိန် ထိုအခါကာလတွင် (အကနိဋ္ဌ) ဗြဟ္မာ့ပြည်တိုင်အောင် ကောင်းချီးသံသည် ပြန့်နှံ့၍တက်၏။
(၂၆) တစ်သောင်းသော လောကဓာတ် တုန်လှုပ်ပုံ
ဤတစ်သောင်းသော လောကဓာတ်သည်လည်း တုန်လှုပ်၏၊ ပြင်းစွာ တုန်လှုပ်၏၊ ထက်ဝန်းကျင် တုန်လှုပ်၏၊
(၂၇) အရောင်အလင်းဖြစ်ပေါ်လာပုံ
အတိုင်းအရှည်မရှိ ကြီးမားသော အလင်းရောင်သည်လည်း လောက၌ နတ်တို့၏ အာနုဘော်ကို ကျော်လွန်၍ ထင်ရှားဖြစ်ပေါ်၏။
(၂၈) မြတ်စွာဘုရား ဥဒါန်းကျူးပုံ
ထိုအခါ မြတ်စွာဘုရားသည် “ရဟန်းတို့ ကောဏ္ဍညသည် သစ္စာလေးပါး တရားကို သိလေပြီတကား၊ ရဟန်းတို့ ကောဏ္ဍညသည် သစ္စာလေးပါးတရားကို သိလေပြီတကား”ဟု ဥဒါန်းကျူးရင့်တော်မူ၏။ ဤသို့ ဥဒါန်းကျူးရင့်တော်မူသောကြောင့် အရှင်ကောဏ္ဍညအား “အညာသိကောဏ္ဍည”ဟူ၍သာလျှင် အမည်တွင်၏။
(၂၉) အရှင်ကောဏ္ဍည ရဟန်းအဖြစ်တောင်းပုံ
ထို့နောက် အရှင်အညာသိကောဏ္ဍညသည် တရားကို မြင်ပြီးသည်ဖြစ်၍ တရားသို့ ရောက်ပြီး, သက်ဝင်ပြီးသည်ဖြစ်၍ ယုံမှားခြင်းကို ကူးမြောက်ပြီး သို့လော သို့လော (တွေးတောခြင်း) ကင်းပြီးသည်ဖြစ်၍ မြတ်စွာဘုရား သာသနာ၌ ရဲရင့်ခြင်းသို့ ရောက်ကာ ဘုရားမှတပါး ကိုးစားထိုက်သူ မရှိသည်ဖြစ်၍ မြတ်စွာဘုရားကို “အရှင်ဘုရား အကျွန်ုပ်သည် မြတ်စွာဘုရားအထံ၌ ရှင်အဖြစ်ကို ရလိုပါ၏၊ ရဟန်းအဖြစ်ကို ရလိုပါ၏”ဟု လျှောက်၏။
(၃၀) ဧဟိဘိက္ခု ရဟန်းဖြစ်ပုံ
“ရဟန်း လာလော့၊ တရားကို ကောင်းစွာ ဟောအပ်ပြီ၊ ဆင်းရဲခြင်း၏ အဆုံးကို ပြုခြင်းငှာ မြတ်သောအကျင့်ကို ကောင်းစွာကျင့်လော့”ဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏။ ထိုစကားတော်သည်ပင်လျှင် ထိုအရှင်အညာသိကောဏ္ဍည၏ ပဉ္စင်းအဖြစ်ပြီးလေ၏။
ဓမ္မစကြာ မြန်မာပြန်ပြီး၏။
မှတ်ချက် - ပြန်လည် ကူးယူတင်ပါက မူရင်းကို အမှတ်ပြုပါ။
#အားလုံးရွင်လန်းချမ်းမြေ့ကြပါစေ
#ပြန်လည်_မျှဝေခြင်းဖြင့်ဓမ္မဒါနပြုပါသည်
မေတ္တာဖြင့်📝ရေးသား၍မျှဝေသည်။
No comments:
Post a Comment