မြောက်ရာလမ်းအတွက် Road Map တခု ဖြစ်ရုံသာမက သာမန်လူတိုင်းအတွက် နေ့စဉ်ဘဝမှာ ဘယ်လိုလက်တွေ့အသုံးချနိုင်တဲ့ လမ်းညွှန်တခုလဲဆိုတာ ပြောပါရစေ။
သီလ အနေနဲ့ သမ္မာဝါစာ၊သမ္မာကမ္မန္တ ၊သမ္မာအာဇီဝ
သမာဓိ အနေနဲ့ သမ္မာဝါယာမ ၊ သမ္မာသတိ ၊ သမ္မာသမာဓိ နဲ့
ပညာ ပိုင်း အနေနဲ့ ကျတော့ သမ္မာဒိဋ္ဌိ ၊ သမ္မာသင်္ကပ္ပ
ဆိုပြီး မဂ္ဂင် ၈-ပါးကို သီလ၊သမာဓိ၊ပညာ (၃)ပါး ပေါ်မှာ အခြေခံပြီး တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။
ဒီမဂ္ဂင်ရှစ်ပါး ကို နေ့စဉ်ဘဝရဲ့ ရိုးရှင်းတဲ့ လုပ်
ဆောင်မှုတွေထဲ ဘယ်လိုထည့်သွင်းနိုင်မလဲဆိုတာလေးကို ပြောပြချင်ပါတယ်။
၁။မှန်ကန်စွာ နားလည်ခြင်း (သမ္မာဒိဋ္ဌိ)
ဘဝမှာ ဖြစ်ပေါ်နေတဲ့ အရာတွေရဲ့ သဘောသဘာဝကို နားလည်ဖို့က မဂ္ဂင်ရှစ်ပါးရဲ့ ပထမဆုံး ခြေလှမ်းပါပဲ။တနည်းပြောရရင် ဘဝရဲ့ သဘောတရားတွေဖြစ်တဲ့ ကံ၊ အကျိုးအဆက်၊ ဒုက္ခဆိုတာကို မှန်ကန်စွာ နားလည်တဲ့ အမြင်ထားရှိဖို့ပါ။
ကျနော်တို့ လူ့ဘဝရလာ ရခြင်းဟာ မသိမှု(အဝိဇ္ဇာ) တွေကြောင့် ဖြစ်တယ်လို့ နားလည်ထားရင်၊ လောကဓံ (၈)ပါးဖြစ်တဲ့ အဆိုးအကောင်းတွေ ကြုံလာတဲ့အချိန်မှာတောင် သမ္မာဒိဋ္ဌိရှိနေရင် ဖြစ်လာသမျှ အကြောင်းအကျိုးတွေကို မမေ့မလျော့စောင့်ကြည့် ဆင်ခြင်နိုင်ပြီး အမှန်မြင်နိုင်ပါတယ်။
တခါတလေ ကိုယ့်ရဲ့အလုပ်က အောင်မြင်တာလဲရှိနိုင်သလို၊ အကြောင်းကြောင်း ကြောင့် ဆုံးရှူံးရတတ်တာလဲရှိနိုင် ပါတယ်။ကိုယ့်ကသာ သမ္မာဒိဋ္ဌိရှိနေရင် အောင်
မြင်တဲ့အပေါ်မှာလဲ မာနမထားသလို ၊ ဆုံးရှူံးသွားတဲ့အပေါ်မှာလဲ စိတ်ဓါတ်မကျဘဲ အကြောင်းအကျိုးအတိုင်း သတိထားကြည့်နိုင်ပါလိမ့်မယ်။
ဥပမာ ကိုယ်က အပြင်သွားရင်း လမ်းမှာ လမ်းပိတ်နေလို့ စိတ်ဆိုးမိတဲ့အခါ ဒါက ငါ့ကို စိတ်ရှည်ဖို့ သင်ပေးနေတာပဲ လို့ အမြင်ပြောင်းကြည့်ပါ။
ဒါမှမဟုတ် အလုပ်မှာ ပြဿနာတခုနဲ့ ရင်ဆိုင်ရတဲ့အခါ ဒါက ငါ့ကို အတွေ့အကြုံသစ်ရဖို့ အခွင့်အရေးပေးနေတာ လို့ မြင်လိုက်ပါ။ ဒီလိုအမြင်ပြောင်းလဲမှုက စိတ်ကို အေးချမ်းစေပြီး ပိုမိုကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်စေတယ်။
မနက်မိုးလင်းတိုင်း ၁ မိနစ်လောက် တွေးကြည့်ပါ။ ဒီနေ့ ကြုံလာမယ့် အခက်အခဲတွေကို ဘယ်လိုသင်ခန်းစာအဖြစ် မြင်နိုင်မလဲ?စိတ်မကျေနပ်မှုတခုပေါ်လာတဲ့အခါ ဒီအရာက ငါ့ကို ဘာသင်ပေးနေတာလဲ? လို့ မေးကြည့်ပါ။
၂။ မှန်ကန်စွာ တွေးတောခြင်း (သမ္မာသင်္ကပ္ပ)
ကျနော် ခဏခဏ ပြောဖြစ်တဲ့စကားလေး တခွန်းရှိပါတယ်။ "What You Think ,You Become"တဲ့။ဟုတ်ပါတယ် ကျနော်တို့ ရဲ့ အတွေးတွေဟာ ကျနော်တို့ရဲ့ဘဝကို ပုံဖော်ပေးပါတယ်။ ဒါကြောင့် အတွေးတွေကို မှန်ကန်အောင် ထိန်းညှိဖို့ လိုအပ်ပါတယ်။ မေတ္တာ၊ ကရုဏာ အပြည့်နဲ့ သူတပါးကိုရော၊ကိုယ့် ကိုယ်ကိုအတွက်ပါ အကျိုးပြုဖို့ ရည်ရွယ်တဲ့ စိတ်ထားထားရှိဖို့ပါပဲ။ဒေါသထွက်တာ၊ မနာလိုဖြစ်တာ၊ လောဘစိတ်တွေကို လျှော့ချပြီး၊ ကိုယ့်ကိုယ်ကိုယ်ရော သူများကိုပါ အကျိုးပြုမယ့် အတွေးတွေကို ပြုစုပျိုးထောင်ရမှာပါ။
ကိုယ့်ရဲ့ သူငယ်ချင်းတယောက်က ကိုယ့်ထက် ပိုအောင်မြင်နေတယ်လို့ မြင်လာတဲ့အခါ မနာလိုဖြစ်ပြီး ဘာလို့ သူက ငါထက်သာနေရတာလဲ လို့ တွေးမယ့်အစား၊ သူအောင်မြင်တာကို ဝမ်းသာပေးရပါမယ်၊ ငါလည်း ကြိုးစားရင် အောင်မြင်နိုင်တယ် လို့ အတွေးပြောင်းလဲလိုက်ပါ။ ဒီလို အပြုသဘောဆောင်တဲ့ အတွေးတွေက ကျနော်တို့ရဲ့စိတ်ကို ကြည်လင်စေပြီး၊ ဘဝမှာ ပိုမိုအကျိုးဖြစ်ထွန်းစေပါတယ်။
မနက်မိုးလင်းတဲ့အခါ ဒီနေ့ တယောက်ယောက်ကို အကျိုးပြုမယ် လို့ စိတ်ထဲ ရည်ရွယ်ထားတာမျိုး လုပ်ကြည့်ပါ။
၃။မှန်ကန်စွာ ပြောဆိုခြင်း (သမ္မာဝါစာ)
ကိုယ့်ရဲ့ စကားတခွန်းဟာ တပါးသူအတွက် ဆေးလည်း ဖြစ်နိုင်သလို၊ အဆိပ်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် မပြောခင် ကိုယ်ပြောမယ့် စကားကို သေချာလေး စဥ်းစားဖို့လိုပါတယ်။လိမ်ညာ၊ ကဲ့ရဲ့၊ ကုန်းချောပြောဆို၊ အချည်းနှီးပြောဆိုတာတွေကို ရှောင်ပြီး ရိုးသားပြီး အကျိုးရှိတဲ့ စကားကိုသာ ပြောဖို့ပါ။
မြတ်စွာဘုရားရဲ့ လမ်းညွှန်ချက်အတိုင်း စကားတခွန်းဟာ မှန်ကန်ရမယ်၊ အကျိုးဖြစ်ထွန်းရမယ်၊ အချိန်
ကိုက်ရမယ်၊ ပြီးတော့ တဖက်လူအတွက် လက်ခံနိုင်ဖွယ်ရှိရပါမယ်။
ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တယောက်က အလုပ်မှာ အမှားလုပ်မိခဲ့ရင် မင်းကလည်း ဒါလေးတောင် မလုပ်နိုင်ဘူးလား လို့ ပြောလိုက်မယ့်အစား၊ ဒီအပိုင်းလေးကို ဒီလိုလုပ်ရင် ပိုကောင်းမယ်ထင်တယ်၊ ငါတို့ အတူတူလုပ်ကြည့်ရအောင် လို့ ပြောကြည့်ပါ။ ဒီလိုပြောဆိုမှုက သူတပါးကို အားပေးတာလဲဖြစ်သလို ဆက်ဆံရေးကိုလည်း ပိုမိုကောင်းမွန်စေပါတယ်။
နေ့တနေ့မှာ မနက်မိုးလင်းကတည်းက ကိုယ့် ကိုယ်ကို "ငါ ဒီနေ့ ဖရုဿဝါစာတွေ မပြောဘူး။အကျိုးရှိတဲ့စကားမျိုးပဲပြောမယ်။ဒေါသထွက်စရာကိစ္စမျိုးကြုံလာရင်တောင် ရုန့်ရင်းကြမ်းတမ်းတဲ့စကားမျိုး မပြောဘဲ ထိန်းသိမ်းမယ်" ဆိုပြီး သံန္ဓိဌာန်ချထားကြည့်ပါ။
၄။မှန်ကန်စွာ ဆောင်ရွက်ခြင်း (သမ္မာကမ္မန္တ)
အပြောထက် အလုပ်က ပိုအရေးကြီးပါတယ်။ မှန်ကန်တဲ့ လုပ်ရပ်ဆိုတာ သူများကို မထိခိုက်စေတဲ့၊ ကိုယ်ကိုယ်တိုင်လည်း သိက္ခာရှိရှိ လုပ်ကိုင်တဲ့ လုပ်ရပ်တွေကို ဆိုလိုပါတယ်။ဒါဟာ ငါးပါးသီလနဲ့ ကျင့်ကြံနေထိုင်တတ်အောင် လမ်းညွှန်ထားခြင်းလဲဖြစ်ပါတယ်။
ကိုယ်က စျေးဆိုင်တခုမှာ အလုပ်လုပ်နေတယ်ဆိုပါစို့။ ဈေးဝယ်တယောက်က ပိုက်ဆံပိုပေးမိလို့ ပြန်အမ်းဖို့ လိုတယ်။ ဒီအခါမှာ သူပိုပေးလိုက်တာပဲ၊ ငါယူထားလိုက်မယ် လို့ မတွေးဘဲ၊ ဒါ သူများပိုက်ဆံ၊ ပြန်အမ်းရမယ် လို့ လုပ်ဆောင်တာက မှန်ကန်တဲ့ လုပ်ရပ်ပါပဲ။ ဒီလိုလုပ်ရပ်တွေက ကိုယ့်ကိုယ်ကို ယုံကြည်မှုကိုလည်း တိုးပွားစေပါတယ်။
သူတပါးကို ထိခိုက်စေမယ့် လုပ်ရပ်မျိုးမလုပ်မိအောင် ရှောင်ကြဉ်ရပါမယ်။ အနည်းဆုံးအနေနဲ့ တယောက်ယောက်ရဲ့ ပစ္စည်းကို ခွင့်ပြုချက်မရဘဲ မယူမိအောင် သတိထားတာကစလို့ နေထိုင်ကျင့်ကြံကြည့်တာမျိုးပေါ့။ ဒီလိုရိုးရှင်းတဲ့ လုပ်ရပ်တွေက ကိုယ်ကျင့်
တရားကိုလဲ ပို ပိုပြီးကောင်းမွန်လာစေပါတယ်။
၅။မှန်ကန်စွာ အသက်မွေးခြင်း (သမ္မာအာဇီဝ)
အသက်မွေးဝမ်းကျောင်းမှုဆိုတာ ကျနော်တို့ဘဝရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတခုပါ။ သူတစ်ပါးကို ထိခိုက်နစ်နာစေတဲ့ အလုပ်ကို ရှောင်ပြီး မှန်ကန်တဲ့ အသက်မွေးဝမ်းကျောင်းမှုကို လုပ်ကိုင်ဖို့ပါပဲ။ကိုယ်က အလုပ်တခုကို ရွေးချယ်တဲ့အခါ သူများကို ထိခိုက်စေတဲ့၊ မတော်မတရား နည်းလမ်းတွေနဲ့ မလုပ်ကိုင်ဖို့ လိုပါတယ်။
ကိုယ်ဟာ စီးပွားရေးလုပ်ငန်းတခုကိုလုပ်ကိုင်တဲ့အခါ ကိုယ့်ရဲ့ Customer တွေကို လိမ်ညာပြီး အမြတ်ရဖို့ မကြိုးစားဘဲ၊ သင့်တင့်မျှတတဲ့ နည်းလမ်းနဲ့ ရောင်းချတာက မှန်ကန်တဲ့ အသက်မွေးဝမ်းကျောင်းမှုပါ။ ဒီလိုလုပ်တာက ကိုယ့်ကိုယ်ကို ဂုဏ်ယူစရာဖြစ်စေတဲ့အပြင် လူမှုအသိုင်းအဝိုင်းထဲမှာလည်း ယုံကြည်မှုကို ပိုမိုရရှိစေပါတယ်။
ကိုယ့်အလုပ်မှာ ရိုးသားမှုကို ဦးစားပေးပါ။ကိုယ့်ရဲ့ Customer ကို မလိုအပ်တဲ့ ပစ္စည်းတွေ ဝယ်ခိုင်းမယ့်အစား သူတို့လိုအပ်တာကိုသာ အကြံပေးတာမျိုး၊တပတ်မှာ တခါလောက် ကိုယ့်အလုပ်က တခြားသူတွေကို အကျိုးပြုနေရဲ့လားလို့ ပြန်သုံးသပ်တာမျိုး လုပ်ကြည့်ပါ။
၆။မှန်ကန်စွာ အားထုတ်ခြင်း (သမ္မာဝါယာမ)
ကြိုးစားအားထုတ်မှုက ဘဝမှာ မရှိမဖြစ်ပါ။ မှန်ကန်တဲ့ အားထုတ်မှုဆိုတာ မကောင်းတဲ့ အတွေးတွေ၊ အလုပ်တွေကို ရှောင်ကြဉ်ပြီး၊ ကောင်းမွန်တဲ့ အတွေးတွေ၊ လုပ်ရပ်တွေကို ပြုစုပျိုးထောင်ဖို့ အားထုတ်တာပါ။
ကိုယ် ဟာ ဆိုရှယ်မီဒီယာမှာ အချိန်ဖြုန်းနေတာများနေတာ ကို သတိပြုမိရင် ဒီအချိန်တွေကို စာအုပ်ဖတ်တာ၊ ကိုယ်လက်လှုပ်ရှားမှုလုပ်တာနဲ့ အစားထိုးမယ် လို့ ဆုံးဖြတ်လိုက်တာက မှန်ကန်တဲ့ အားထုတ်မှုပါ။ ဒီလိုအားထုတ်မှုက ကိုယ့်အတွက် ပိုမိုအကျိုးဖြစ်ထွန်းတဲ့ ဘဝဆီ ဦးတည်စေပါတယ်။
တနေ့မှာ အနည်းဆုံး ၅ မိနစ်လောက် ကောင်းတဲ့ အလေ့အကျင့်တခုကို စမ်းကြည့်ပါ။ ဥပမာ၊ အသက်ရှူလေ့ကျင့်ခန်းလုပ်တာ ဒါမှမဟုတ် တယောက်ယောက်ကို ကူညီပေးတာမျိုးပါ။မကောင်းတဲ့ အတွေးတစ်ခုပေါ်လာခဲ့ရင်ခဏရပ်ပြီး အဲဒီအတွေးကို ပြောင်းပြီး ကောင်းတဲ့ အတွေးနဲ့ အစားထိုးကြည့်ပါ။
၇။မှနျကနျစှာ သတိထားခြင်း (သမ္မာသတိ)
သတိဆိုတာ ဘဝရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းတခုပါ။ သတိမထားမိရင် မတော်မတရား လုပ်မိတာ၊ ပြောမိတာတွေ ဖြစ်လာနိုင်ပါတယ်။ လက်ရှိအချိန်မှာ သတိထားပြီး နေထိုင်ဖို့ပါ။ ကိုယ့်ရဲ့ စိတ်၊ ကိုယ်၊ ခံစားချက်တွေကို သိမြင်နေဖို့ပါ။သတိထားခြင်းဆိုတာ ကိုယ့်ရဲ့ ကိုယ်ခန္ဓာ၊ စိတ်ခံစားမှု၊ အတွေးတွေနဲ့ ပတ်ဝန်းကျင်ကို အချိန်တိုင်း သတိထားပြီး စောင့်ကြည့်နေတာပါ။
ကိုယ်ဟာ စိတ်ဆိုးနေတဲ့ အချိန်မှာ အသိမိတ်ဆွေယောက်ကို စကားပြောဖို့ ကြုံလာခဲ့ရင် ဒါကိုသတိထားပြီး ငါအခု စိတ်ဆိုးနေတာ၊ ဒီစိတ်နဲ့ပြောရင် မတော်မတရား ပြောမိနိုင်တယ် လို့ ဆင်ခြင်ပြီး စိတ်ကို အေးအေးထားလိုက်ပါ။ ဒီလို သတိထားမှုက မလိုအပ်တဲ့ ပြဿနာတွေကို ရှောင်ရှားနိုင်စေပါတယ်။
တနေ့ တနေ့ Stop, Breathe, Notice နည်းလေးနဲ့ ၅ မိနစ်လောက် သတိတရားလေ့ကျင့်ပါ။ ဥပမာ၊ အသက်ရှူသံကို သတိထားပြီး လက်ရှိခံစားမှုကို သိအောင်လုပ်ပါ။နေ့စဉ်လုပ်နေတဲ့ လုပ်ရပ်တခုကို သတိထားလုပ်ကြည့်ပါ။လက်ဆေးရင်း ရေထိတဲ့ ခံစားချက်ကို သတိထားကြည့်တာမျိုးကစပြီးတော့ လေ့ကျင့်ကြည့်ပါ။
၈။မှန်ကန်စွာ တည်ကြည်ခြင်း (သမ္မာသမာဓိ)
သတိရှိမှ စိတ်တည်ကြည်မှုကို ရရှိစေပါတယ်။ စိတ်
တည်ကြည်ခြင်းဆိုတာ ကိုယ့်ရဲ့စိတ်ကို တနေရာတည်းမှာ အာရုံစူးစိုက်ထားနိုင်ပြီး၊ အပြင်က အာရုံတွေကြောင့် ယိမ်းယိုင်မသွားတာကို ဆိုလိုပါတယ်။ ဒါဟာ တရားထိုင်တာနဲ့သာ ဆက်စပ်တယ်လို့ ထင်ရပေမယ့်၊ နေ့စဉ်ဘဝမှာလည်း အသုံးဝင်ပါတယ်။
ကိုယ်ဟာ အလုပ်မှာ အရေးကြီးတဲ့ Project တခုကို လုပ်နေတဲ့အချိန်မျိုးမှာ ဆိုရှယ်မီဒီယာက အာရုံပြောင်းလဲမှုတွေ၊ ဖုန်းက မက်ဆေ့ချ်တွေကြောင့် အာရုံမစူးစိုက်နိုင်ဖြစ်နေတဲ့အခါ ဖုန်းကို ခဏထားလိုက်ပြီး၊ အလုပ်တခုတည်းကိုပဲ အာရုံစိုက်လုပ်ကြည့်ပါ။ ဒီလိုလုပ်တာက စိတ်တည်ကြည်မှုကို ဖြစ်ပေါ်စေပြီး၊ အလုပ်ရဲ့ ထိရောက်မှုကို မြှင့်တင်ပေးနိုင်ပါတယ်။
တနေ့မှာ ၃၀ မိနစ်လောက် Meditationလုပ်ကြည့်ပါ။ အသက်ရှူသံ ဒါမှမဟုတ် သဘာဝအသံတခု ပေါ်မှာ အာရုံစူးစိုက်ထားပါ။အလုပ်တခုကို အာရုံမပြတ်ဘဲ ပြီးဆုံးအောင်လုပ်ကြည့်ပါ။ ဥပမာ၊ စာရေးရင်း ဖုန်းမကြည့်ဘဲ အပြီးသတ်လုပ်ကြည့်တာမျိုးပေါ့။
မဂ္ဂင် ၈-ပါးကို နေ့စဉ်ဘဝထဲ ထည့်သွင်းလုပ် ဆောင်နိုင်ဖို့ ရိုးရှင်းတဲ့ လမ်းညွှန်တခုကို ဖန်တီးပေးထားပါတယ်။ ဒီ Checklist ကို နေ့စဉ်လိုက်နာရင် မဂ္ဂင် ၈-ပါးဟာ ကိုယ့်ဘဝထဲမှာ သဘာဝကျကျ လုပ်ဆောင်ပြီးသား ဖြစ်လာနိုင်ပါလိမ့်မယ်။
မနက်မိုးလင်းချိန်မှာ ကိုယ့်အနေနဲ့ သမ္မာဒိဋ္ဌိ နဲ့နေမယ်။ဘယ်လို နေမလဲဆိုရင် ဒီနေ့ ကြုံလာမယ့် အခက်အခဲတွေက သင်ခန်းစာတွေပဲ လို့ စိတ်ထဲမှာ ပြင်ဆင်ထားပါ။ သမ္မာသင်္ကပ္ပ နဲ့လဲ နေလို့ရပါ သေးတယ်။ "ဒီနေ့ ကုသိုလ်တရားနဲ့ ကိုယ့် ကိုယ်ကို အတွက် အကျိုးရှိအောင် နေထိုင်မယ် လို့ ရည်ရွယ်ထားတာမျိုးပေါ့။
နေ့လယ်ဘက် အလုပ်လုပ်နေတဲ့အချိန်မျိုးမှာသမ္မာဝါစာနဲ့ နေ့ကြည့်လို့ ရပါတယ်။ စကားပြောခင် ခဏရပ်ပြီး ဒီစကားက အကျိုးရှိမလား? လို့ မေးကြည့်ပါ။ ဥပမာ၊ မင်းလုပ်တာ မကောင်းဘူး အစား ဒီလိုလုပ်ရင် ပိုကောင်းမယ်ထင်တယ် လို့ ပြောတာမျိုးပေါ့။သမ္မာကမ္မန္တာ မှန်ကန်သောလုပ်ရပ်အဖြစ် ကိုယ့်အတွက်ရော တခြားသူတွေအတွက်ပါ မထိခိုက်စေမယ့် လုပ်ရပ်မျိုးတွေလုပ်လို့လဲရပါတယ်။ သမ္မာအာဇီဝဖြစ်တဲ့ကိုယ့်အလုပ်က တခြားသူတွေကို အကျိုးပြုနေရဲ့လားလို့ ပြန်စဉ်းစားပါ။
နေ့လယ်အနားယူချိန်မှာလဲ သမ္မာဝါယာမနဲ့ နေကြည့်လို့ရတာပါပဲ။ကိုယ့်စိတ်ထဲမကောင်းတဲ့ အတွေးတခုပေါ်လာရင် ဖယ်ထုတ်ပြီး ကောင်းတဲ့ အတွေးနဲ့ အစားထိုးလိုက်တာမျိုး။သမ္မာသတိလေးနဲ့ နေရင်း ထမင်းစားတဲ့အခါ ဖုန်းမကြည့်ဘဲ အစာရဲ့ အရသာကို သတိထားစားကြည့်ပါ။ ဒါမှမဟုတ် လမ်းလျှောက်ရင်း ခြေလှမ်းတွေကို သတိထားပါ။
ညအိပ်ရာဝင်ချိန် ရောက်လာရင်လဲ သမ္မာသမာဓိ လေးဖြစ်အောင်လို့ မအိပ်ခင် လေးမှာမိနစ်၂၀လောက်ဖြစ်ဖြစ် အသက်ရှူသံပေါ် အာရုံစူးစိုက်ပြီး တရားထိုင်ပါ။
ဒီလို လုပ်ရင်းနဲ့ နေ့တနေ့မှာ ကိုယ့်အနေနဲ့ မဂ္ဂင် ၈-ပါးထဲက ဘယ်အချက်ကို အောင်မြင်ခဲ့လဲ၊ ဘယ်အချက်ကိုတော့ နောက်တနေ့ ပိုကောင်းအောင် လုပ်နိုင်မလဲဆိုတာ စဉ်းစားကြည့်ပါ။
ဒီ Checklist ကို နေ့စဉ်မနက်မှာ စာအုပ်လေးထဲ ရေးမှတ်ထားပါ။ တနေ့ပြီးရင် အောင်မြင်ခဲ့တဲ့ အချက်တွေကို ခြစ်ပြီး ကိုယ်ကိုယ် ကို ချီးကျူးလိုက်ပါ။
တနေ့မှာ အနည်းဆုံး အချက် ၃ ချက်ကို ခြစ်နိုင်ရင်၊ မိတ်ဆွေတို့ရဲ့ နေ့စဉ်ဘဝဟာ တဖြည်းဖြည်း ပိုမိုအဓိပ္ပာယ်ရှိလာပါလိမ့်မယ်။
တကယ်တော့ မဂ္ဂင် ၈-ပါးဟာ စာအုပ်ထဲမှာပဲ ပိတ်ထားရမယ့် အရာမဟုတ်ပါဘူး။ ဒါဟာ ကိုယ့်ရဲ့နေ့စဉ်ဘဝထဲမှာ ငြိမ်းချမ်းမှု၊ ကိုယ်ကျင့်တရားနဲ့ ဉာဏ်ပညာကို တဖြည်းဖြည်း စိုက်ပျိုးပေးမယ့် လက်တွေ့လမ်းညွှန်တခုပါ။
ဒီ Checklist လိုမျိုး ရိုးရှင်းတဲ့ အလေ့အကျင့်လေးတွေနဲ့ စတင်လိုက်ရင်၊ မိတ်ဆွေတို့ရဲ့ဘဝဟာ တဖြည်းဖြည်းနဲ့ အလင်းထဲ ဝင်လာမှာပါ။ တနေ့မှာ တဆင့်ချင်း လုပ်ဆောင်ရင်း၊ မြတ်စွာဘုရားရဲ့ လမ်းညွှန်မှုကို မိတ်ဆွေတို့ရဲ့ ဘဝထဲ အသက်သွင်းလုပ်ဆောင်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်ခင်ဗျာ။
#NobleEightfoldPath
#DharmaWheel
#PathToEnlightenment
No comments:
Post a Comment