ကိုယ့်စိတ်ထဲမှာ ...
မကောင်းတဲ့အုပ်စုနဲ့ ကောင်းတဲ့အုပ်စု
အမြဲတမ်း ယှဉ်ပြိုင်တိုက်ခိုက်မှု ရှိနေတယ်။
ကောင်းတဲ့စိတ်က ဝင်လာလိုက်
မကောင်းတဲ့စိတ်က ဝင်လာလိုက်၊
မကောင်းတဲ့ စိတ်ကို
ကောင်းတဲ့ စိတ်နဲ့ တွန်းလှန်ရမယ်။
မတွန်းလှန်နိုင်ဘူး ဆိုရင်
နောက်က စစ်ကူလာဖို့ လိုတယ်။
ဝီရိယနဲ့ ကူလိုက်မယ် ဆိုရင်
မကောင်းတဲ့စိတ်တွေ တန့်သွားနိုင်တယ်ပေါ့။
ဝီရိယနဲ့ ကျားကန်ပေးထားလိုက်လို့ရှိရင်
ကုသိုလ်တရားတွေဟာ ဆုတ်ယုတ်မသွားဘူး လို့
မြတ်စွာဘုရားကိုယ်တိုင်ကိုက ဟောခဲ့တာ ရှိတယ်။
ချစ်သားရဟန်းတို့ ... ဝီရိယရှိတဲ့ ပုဂ္ဂိုလ်ဟာ
မကောင်းတဲ့စိတ်ကို ဖယ်ရှားနိုင်ပြီး
ကောင်းတဲ့စိတ်ကို ဖြစ်ပွားစေနိုင်တယ်။
အပြစ်ရှိတဲ့ သဘာဝတရားတွေ
ကိုယ့်သန္တာန်မှာ ဖယ်ရှားပစ်ပြီး၊
အပြစ်ကင်းတဲ့ သဘာဝတရားတွေ
ကိုယ့်သန္တာန်မှာ ဖြစ်ပေါ်စေတယ်။
ကိုယ့်ရဲ့စိတ်ကို သန့်သန့်ပြန့်ပြန့်ရှိအောင်
ဆောင်ရွက်နိုင်တယ်။
ကြည့်လေ၊
သမ္မပ္ပဓာန် လေးပါးဆိုတာ
ဝီရိယရဲ့စွမ်းဆောင်မှု လေးချက်ကို ပြောတာ။
မဂ္ဂင်ရှစ်ပါးထဲမှာ မြတ်စွာဘုရားက
သမ္မာဝါယာမလို့ ဟောထားတယ်။
သမ္မာဝါယာမ -
မှန်မှန်ကန်ကန် ကြိုးစားမှုဆိုတာ ဘာတုန်း ...
(၁) သံဝရ -
ကိုယ့်သန္တာန်မှာ မကောင်းတဲ့စိတ်
မဖြစ်ရအောင် ဆို့ပိတ်ဖို့ ကြိုးစားခြင်း
ကိုယ့်စိတ်ထဲမှာ မကောင်းတဲ့ အတွေးတွေ
မဝင်အောင် ဆို့ပိတ်ဖို့ ကြိုးစားရမယ်။
ဒါလည်း ဝီရိယပဲ။
(၂) ဆို့ပိတ်တဲ့အခါမှာ မနိုင်ဘူးဆိုရင်
ပဟာန - ဖယ်ရှားဖို့ ကြိုးစားရမယ်။
ကိုယ့်သန္တာန်မှာ ဒေါသမဖြစ်သေးဘူးဆိုရင်
မဖြစ် အောင်ထိန်း၊ ဖြစ်လာပြီဆိုရင်
ဒေါသကိုလည်း ကိုယ့်သန္တာန်မှာ
မနေနိုင်အောင်လို့ မောင်းထုတ်လိုက်။
အဲဒီလို ကြိုးစားတာဟာ
အကုသိုလ်ဘက်က မကောင်းတာကို
ဖယ်ရှားဖို့အတွက် ကြိုးစားမှု နှစ်ရပ်လို့ ခေါ်တယ်။
နောက်တစ်ခါ ကောင်းတဲ့ဘက်က ကြည့်လို့ရှိရင်
မကောင်းတာကို ဖယ်ရှားသလို
ကောင်းတာကို မွေးမြူဖို့ လိုတယ်။
အလုပ်က နှစ်ခု လုပ်ရမယ်နော်။
ကောင်းတာကျတော့
(၃) ဘာဝနာ - ကိုယ့်သန္တာန်မှာ မေတ္တာစိတ်
မဖြစ်သေးရင် ဖြစ်အောင် ကြိုးစား။
(၄) အနုရက္ခဏာ - ဖြစ်လာတဲ့ မေတ္တာစိတ်ကို
ထိန်းသိမ်းဖို့ ကြိုးစား။
အဲဒီလို ကောင်းတဲ့စိတ်အနေအထားတွေ
ဖြစ်ပေါ် လာအောင် ကြိုးစားခြင်း၊
ကောင်းတဲ့စိတ်ကို ဖြစ်အောင်
တိုးပွားအောင် ကြိုးစားခြင်းဆိုတာ
ကောင်းတဲ့ဘက်က တိုးမြှင့်ပေးတဲ့ အချက်နှစ်ချက်။
မကောင်းတာနဲ့ ပတ်သက်ပြီး ကြိုးစားမှုက နှစ်ခု၊
ကောင်းတာနဲ့ ပတ်သက်ပြီး ကြိုးစားမှုက နှစ်ခု၊
အားလုံး လေးခု။
အဲဒါကို သမ္မာဝါယာမ သို့မဟုတ်
သမ္မပ္ပဓာန်တရားလေးပါးလို့ ခေါ်တာ။
မြတ်စွာဘုရားက ဟောတယ် ...
ဝီရိယရှိရင် အကုသိုလ်ကို ဖယ်ရှားနိုင်တယ်။
ကောင်းကျိုးကိုပေးမယ့် ကုသိုလ်တွေကို
ကိုယ့်သန္တာန်မှာ ဖြစ်ပွားစေနိုင်တယ်။
အပြစ်ရှိတဲ့အရာတွေ
ကိုယ့်သန္တာန်မှာ ဖယ်ရှားပြီး
အပြစ်ကင်းတဲ့အရာတွေ
ကိုယ့်သန္တာန်မှာ ဖြစ်ပေါ်စေနိုင်တယ်။
ကိုယ့်ကိုယ်ကို မကောင်းမှုတွေကနေ
စင်ကြယ်အောင်လုပ်ပြီး ထားနိုင်တယ်။
ဒီလိုဆိုလိုတယ်နော်။
#ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ 🙏🙏🙏
No comments:
Post a Comment