စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Sunday, February 5, 2017

မြန်မာနိုင်ငံနှင့် ထေရဝါဒအုတ်မြစ်

#မြန်မာနိုင်ငံနှင့်ထေရဝါဒအုတ်မြစ်

    နိုင်ငံတော်အစိုးရသည် ယနေ့မြန်မာနိုင်ငံ၌ ဘက်စုံဖွံ့ဖြိုး
တိုးတတ်မှုအတွက် အားသွန်ခွန်စိုက် ဆောင်ရွက်လျှက်ရှိ
သည်ကို တွေ့ရ၏။ထိုဆောင်ရွက်ချက်ထဲမှာ စေတီ ပုထိုးနှင့်
ကျောင်းကန်များ ပြုပြင်တည်ဆောက်ခြင်းသည် ရှေးခေတ်
ပုဂံပြည်ကို အမှတ်ရစေပါ၏။ထိုအခါ ရှေးခေတ်ပုဂံပြည်နှင့်
ယနေ့မြန်မာနိုင်ငံကို နှိုင်းယှဉ်ကြည့်လိုသော စိတ်ကိုဖြစ်ပေါ်
စေပါ၏။
    ပုဂံပြည်တွင် ထေရဝါဒအုတ်မြစ်ကို ခိုင်မာစွာချသူများထဲ
တွင် ဆရာများဘက်မှ အရှင်အရဟံ ဦးဆောင်၏။ဒါယကာများ
ဘက်မှ အနော်ရထာဦးဆောင်၏။ထိုအုတ်မြစ်သည်မည်မျှ
ခိုင်မာလေသနည်း။
     ထိုအုတ်မြစ်ကြောင့်ပင် ပုဂံ၌ မင်းမြတ်အနော်ရထာအား
ဓမ္မဝနိယနှင့်အညီ မှန်ကန်စွာလမ်း ညွှန်နိုင်သောရှင်အရဟံ
လိုရဟန်းတော်များကို တွေ့ရခြင်းဖြစ်၏။မင်းမြတ်အနော်ရထာ
လို နိုင်ငံတော်ကို ဦးဆောင်နိုင်သော ခေါင်းဆောင်ကောင်းများ
ကိုတွေ့ရခြင်းဖြစ်၏။မင်းအဖြစ်တင်မြောက်ခြင်းခံရပါလျှက်
ငြင်းပယ်သော ကျန်စစ်သားလို သူရဲကောင်းများကိုတွေ့ရခြင်း
ဖြစ်၏။သူ့ကျေးဇူးကို အလွန်သိတတ်သော ရာဇကုမာရမင်းသား
လို သူတော်စင်များကိုလည်း တွေ့ရ၏။
      ဤဖြစ်ရပ်ကို ကြည့်ရခြင်းအာဖြင့် မြန်မာနိုင်ငံသားတို့
သည် အစဉ်အလာအားဖြင့် အလွန်ယဉ်ကျေးသူများဖြစ်ကြောင်း
ထင်ရှားပါ၏။ခိုင်မာသော ထေရဝါဒ အုတ်မြစ်ကြောင့် ယနေ့
မြန်မာနိုင်ငံ၌လည်း ရှင်အရဟံလို ဓမ္မဝိနိယနှင့်အညီ
မှန်ကန်စွာလမ်းညွှန်နိုင်သော ရဟန်းကောင်း ရဟန်းမြတ်များ
မရှိသလော ရှိပါ၏။နိုင်ငံတော်ကို ဦးဆောင်နိုင်သောမင်းမြတ်
အနော်ရထာလို ခေါင်းဆောင်ကောင်းများ မရှိသလော ရှိပါ၏။
မင်းအဖြစ်တင်မြောက်ခြင်းခံရပါလျှက် ငြင်းပယ်သော
ကျန်စစ်သားလို သူရဲကောင်းများ မရှိသလော ရှိမည်သာ
ဖြစ်ပါ၏။သူ့ကျေးဇူးကို အလွန်သိတတ်သော ရာဇကုမာရ
မင်းသားလို သူတော်စင်များ မရှိသလော ရှိမည်သာဖြစ်ပါ၏။
ထိုသို့ရှိကြောင်းကို ယနေ့မြန်မာနိုင်ငံ၌ ကျောင်းကန်ဘုရားနှင့်
စေတီပုထိုးများကို တည်ဆောက်မွန်မံခြင်းက သက်သေပြပါ၏။
      မြန်မာနိုင်ငံသည် ဘာသာရေးအရလည်း အစဉ်အလာကြီး
သောနိုင်ငံဖြစ်၏။မိမိ၏မိသားစုကို ချစ်တတ်၏။မိမိမိသားစုမှ
တစ်ပါး အခြားသောနိုင်ငံသားများကိုလည်း ချစ်တတ်
ပါ၏။ကမ္ဘာမှာ လူသားအားလုံးနှင့် သတ္တဝါများကိုလည်း
ချစ်တတ်ပါ၏။ထို့ကြောင့် မြန်မာနိုင်ငံသည် ဘာသာရေး
အရလည်း အစဉ်လာကြီးသော နိုင်ငံဖြစ်သည်ဟုဆိုပါ၏။

     ယဉ်ကျေးမှုအရလည်း မြန်မာနိုင်ငံသည် အစဉ်အလာ
ကြီးပါ၏။အဆောက်အအုံပိုင်းဆိုင်ရာ ဗိသုကာပညာရပ်နှင့်
ပတ်သက်လျှင်လည်း ရှေးခေတ်ပုဂံပြည်၏ စေတီများနှင့်
ကျောင်းဘုရားများ၏ တည်ရှိမှုများက သက်သေခံလျှက်
ရှိပါ၏။ဤသည်မှာ ရုပ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုရှု့ထောင့်မှ
ဖော်ပြခြင်းဖြစ်ပါ၏။
  
    နာမ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုနှင့် ပတ်သက်လျှင်လည်း
လက်ရှိစာပေအပေါ်၌ ဗုဒ္ဓဘာသာစာပေနှင့် နိုင်ငံခြားစာပေ
တို့၏သြဇာသည် များစွာလွမ်းမိုးလျှက်ရှိပါသည်။ဗုဒ္ဓစာပေ
အရဆိုလျှင် ခံစားမှုဆိုင်ရာ အပိုင်း၌လည်းကောင်းသိမှုဆိုင်
ရာအပိုင်းတို့၌လည်းကောင်း တီထွင်မှုဆိုင်ရာအပိုင်းတို့၌
လည်းကောင်း ကျင့်ကြံမှုဆိုင်ရာအပိုင်းတို့၌လည်းကောင်း
ကိုယ်ကျင့်သိက္ခာ မြင့်မားမှုကို ဦးစားပေ၍ ဖော်ပြ၏။
သွန်သင်၏။ဆုံးမ၏။
    ကိုယ်ကျင့်သိက္ခာမြင့်မားပါမှ စိတ်သည်ယဉ်ကျေးမည်
ဖြစ်၏။စိတ်သည်ယဉ်ကျေးပါမှ ချမ်းသာကိုဆောင်နိုင်မည်
ဖြစ်၏။ဤသည်ကိုရည်၍ စိတ္တံ ဒန္တံ သုခါဝဟံ ဟူ၍ကျမ်းများ
၌ဖော်ပြခြင်းဖြစ်၏။
      ဗုဒ္ဓစာပေအရ စိတ်ကို ယဉ်ကျေးအောင်ဆောင်ရွက်ရာ
တွင် စိတ်ကိုအထိန်အကွတ်မရှိဘဲ လွတ်ပေးခြင်းနည်းကို
လည်းအသုံးမပြု။ထိုနည်းသည်လည်း အစွန်းတစ်ဖက်ကို
ရောက်၏။စိတ်ကို အတင်းအတ္တမ ထိန်းကွတ်ခြင်းနည်း
ကိုလည်းအသုံးမပြု ထိုနည်းသည်လည်း အစွန်းတစ်ဖက်
သို့ရောက်သည်ပင်ဖြစ်။
       ထို့ကြောင့်ထိုနည်းမျိုးကို ရှောင်၍ သတိ
သမ္ပဇဉ်ဖြင့်ထိန်းသိမ်းသောနည်းကို အသုံးပြုသည်။
ထိုနည်းသည်သာလျှင် အစွန်းနှစ်ဖက်လွတ်သော မဇ္ဈိမပဋိပဒါ
နည်းဖြစ်၏။ဤနည်းသောစိတ်ကို ယဉ်ကျေးအောင်ဆုံးမပါ၏။
ထို့ကြောင့် မြန်မာနိုင်ငံ၏ နာမ်ပိုင်းဆိုင်ရာယဉ်ကျေးမှုသည်လည်း
ဒုစရိုက်ကင်း၍ သုစရိုက်ဖြစ်ပေါ်လာရေးသို့ ဦးတည်သဖြင့်
မြင့်မားပါ၏။သို့ဖြစ်၍ ယဉ်ကျေးမှုအရလည်း မြန်မာနိုင်ငံသည်
အစဉ်အလာကြီးသည်ဟု ဆိုပါ၏။ပစ္စည်းဘဏ္ဍာထိန်းသိမ်း
ရေးနှင့်ပတ်သက်လျှင် လည်းကောင်း စားရေးသောက်ရေး
နေရေးထိုင်ရေးနှင့်ပက်သက်၍လည်းကောင်း  လိုက်နာကျင့်
သုံးရန်ရှင်သာမဏေဘဝ၌ စုဒ္ဒသ ခန္ဓကဝတ် နှင့် သေခိယ
သိက္ခာပုဒ်များကို သင်ကြားပေးလိုက်၏။ဘဝနေနည်းနှင့်ပတ်
သက်၍လည်း လိုက်နာကျင့်သုံးနိုင်ရန် မင်္ဂလာသုတ်
သင်္ဂါလောဝါဒသုတ် တို့ကိုသင်ကြားပေးလိုက်ပါ၏။
       ထိုသို့သင်ကြားပေးရာ၌ ယနေ့ခေတ်ကျောင်းသင်ဘာသာ
ရပ်များလို သင်ကြားပေးခြင်းမျိုးတော့မဟုတ် ကိုယ်ကျင့်
သိက္ခာဖြူစင်မှု သီလဝိသုဒ္ဓိ စိတ်ထားဖြူစင်မှု စိတ္တဝိသုဒ္ဓိ
အမြင်ကြည်လင်မှု ဒိဋ္ဌိဝိသုဒ္ဓိ တို့အပေါ်၌ အခြေခံ၍ သင်
ကြားပေးခြင်းမျိုးဖြစ်၏။
       မြန်မာနိုင်ငံသည် ဤစာပေသင်ခြင်းကို ရှေးခေတ်က
အစဉ်တစိုက် လိုက်နာကျင့်သုံးခဲ့ပါ၏။ထို့ကြောင့်မြန်မာနိုင်ငံ
သည် ထေရဝါဒအုတ်မြစ်ခိုင်မာသော နိုင်ငံဖြစ်သဖြင့် ခေါင်း
ဆောင်ကောင်းများ သူရဲကောင်းများ သူတော်စင်များကို
မွေးထုတ်နိုင်ခြင်းဖြစ်သည်ဟု ယုံကြည်နိုင်ပါ၏။
တပည့်ကောင်းရှိပါက ဆရာကောင်း ရှိ၍သာဟူသော
နိယာမအတိုင်း ဆရာကောင်းများလည်းရှိခဲ့ပါ၏။
      သို့ဖြစ်လျှင် ယနေ့မြန်မာနိုင်ငံ၌ ထေရဝါဒအုတ်မြစ်
သည် ခိုင်မာပြီလားဟူ၍ မေးရန်ရှိပါ၏။ခိုင်မာသင့်သ
လောက်တော့ခိုင်မာ၏။မပြိုပျက်အောင်တော့ မခိုင်မာသေး။
မပြိုပျက်လောက်အောင် ခိုင်မာရန် ဆက်၍အားထုတ်ဖို့
ရှိသေး၏။ဤသို့ပင် ဖြေရမည်ဖြစ်၏။
 
    မြန်မာနိုင်ငံသည် ကိုယ့်မင်းကိုယ်ချင်း ဘဝမှ သူတစ်ပါး
လက်အောက်သို့ ကျရောက်သွားသောဒဏ်ကို ခံခဲ့ရ၏။
ကျရောက်သွားခြင်းကြောင့်ခံရသော ဒဏ်များအနက် ကိုယ်ကျင့်
သိက္ခာယိုယွင်းမှုဆိုင်ရာ ဒဏ်များသည် များစွာပြင်းထန်းပါ၏။
ထိုဒဏ်ကိုကုစားရပေအုံးမည်။ထိုဒဏ်ကိုကုစားရာ၌
ထေရဝါဒဆိုင်ရာ ကိုယ်ကျင့်သိက္ခာ တည်ဆောက်မှုတည်းဟူသော
ဆေးကောင်းဖြင့် ကုစားယုံမှတစ်ပါး အခြားကုနည်းဟူ၍
မရှိကောင်းချေ။
      မြန်မာနိုင်ငံ၌ စာရိတ္တယိုယွင်းမှုဒဏ်ကြောင့် ထေရဝါဒ
ဗုဒ္ဓဘာသာဝင်ဖြစ်သူများသည် မိစ္ဆာဒိဋ္ဌိ၏အမူအကျင့်များအတိုင်း
ကျင့်ကြံကြသည်ကိုတွေ့ရ၏။
      ဤနေရာ၌ မိစ္ဆာဒိဋ္ဌိဟူသည်မှာ နတ္ထိကဒိဋ္ဌိ နှင့်
အဟေတုကဒိဋ္ဌိ တို့ကိုဆိုလိုခြင်းဖြစ်၏။နတ္ထိကဒိဋ္ဌိ
၏ မူရင်းဝါဒရှင်မှာ အဇိတကေသကမ္ဗလ သည် မြတ်စွာ
ဘုရားလက်ထက်တော်အခါက ထင်ရှားသောတိတ္ထိကြီး
၆ ယောက်တို့အနက် တစ်ယောက်အပါအဝင်ဖြစ်၏။
သူ၏ဝါဒမှာကံ၏အကျိုး ကမ္မဖလ ကိုမယုံကြည်သော
ဝါဒဖြစ်သည်။ပစ္စုပ္ပန်တည့်တည့်ကိုသာ အာရုံစိုက်၏။
အနာဂါတ်ကို ရှိသည်ဟူ၍ မခံယူပါချေ။
       နောက်တနည်းမှာ ပုရာဏကဿပ ၏နည်းဖြစ်၏။
ပုရာဏကဿပ သည်လည်း မြတ်စွာဘုရားလက်ထက်က
ထင်ရှားသော တိတ္ထိ ၆ယောက်အနက်တစ်ယောက်အပါအဝင်
့ဖြစ်၏။ပုရာဏကဿပ ၏ဝါဒကို အကြိယဒိဋ္ဌိဟုခေါ်
၏။အကြိယဒိဋ္ဌိ သည်ကံကိုမယုံ လိုအပ်သောမကျိုးကို
ရလျှင်ပြီးရော ဘယ်လိုပဲရရ ရခြင်းသည်သာ ပဓာနဖြစ်၏။
ဤသို့သာ ယုံကြည်၏။ဤနည်းကို မက္ခိယဗေလိ မည်သော
အိတလီနိုင်ငံရေး သုခမိန်ကလည်း သုံးသပ်သည်ဟုဆို
ကြ၏။
        အကျိုးကိုရမည်ဆိုလျှင် ဘာကိုပဲ လုပ်ရ လုပ်ရ လုပ်မည်
သာဖြစ်၏။အခြားကိစ္စတွင်လည်း အလားတူသဘောထားကြ၏။
ဆောင်ရွက်ကြ၏။အကြောင်း မှန် မမှန်ကို အကျိုးတရား
ရခြင်းဖြင့် တိုင်းတာကြ၏။အကယ်၍ လိုအပ်သော မကျိုးကို
ရိုးမှန်လျှင် အကြောင်းမှန်၍သာ ဖြစ်သည်ဟူသောသဘောဖြစ်
၏။
        အကယ်၍ အဇာတသတ်လို အဖကိုသတ်သဖြင့်
ထီးနန်းကိုရလျှင် အဖကိုသတ်လျှင်မှန်ကန်သည်ဟု
ဟူ၍ ခံယူသောဝါဒဖြစ်၏။ဤဝါဒသည်လည်း ကိုယ်ကျင့်
သိက္ခာကို ဖျက်စီးသောဝါဒဖြစ်သဖြင့် ယင်းဝါဒကိုလည်း
ဤမြန်မာနိုင်ငံ၌ မထွန်းကားအောင် ဆောင်ရွက်ရန် တာဝန်
ရှိ၏။ကြိုးပမ်းရန်တာဝန်ရှိပါ၏။တာဝန်ရှိသည့် အားလျှော်စွာ
ဆောင်ရွက်ရမည် ဖြစ်ပါ၏။ကြိုးပမ်းကြရမည်ဖြစ်၏။
       နောက်ဝါဒတစ်ခုမှာ အကြောင်းမဲ့ ဝါဒဖြစ်၏။ပါဋ္ဌိဝေါဟာရ
အားဖြင့် အဟေတုဒိဋ္ဌိ ဟူ၍ဆို၏။ဤဝါဒကို တည်
ထောင်သူမှာ မက္ခိလိဂေါသာလ ဖြစ်၏။မက္ခိလိဂေါသာလ
သည်လည်း မြတ်စွာဘုရားလက်ထက်တော်အခါက
တိတ္ထိကြီး ၆ယောက်တွင် တစ်ယောက်အပါအဝင်ဖြစ်၏။
ဤဝါဒကို အိန္ဒိယ ဒဿနကျမ်းများ၌ စာရဝက အမည်ဖြင့်
လည်းတွေ့ရ၏။ဤဝါဒအရ လောကတွင်လည်း အကြောင်း
ဟူသည်မရှိ အကျိုးဟူလည်း မရှိ အကြောင်းနှင့်အကျိုး
တို့၏ ဆက်သွယ်မှုလည်းမရှိ။အမှန်အားဖြင့် လောကဟူသည်
ကစားကွင်း ကီဋ္ဌာထလ သာဖြစ်၏။ထို့ကြောင့်လောကတည်း
ဟူသောကစားကွင်း၌ အနိုင်ရအောင် ကစားကြရမည်ဖြစ်၏။
အနိုင်ရကြရေးကိုသာ ဦးတည်ကြရမည်ဖြစ်၏။သက်မဲ့နှင့်
လည်း ကစားကြရသည့်အခါရှိ၏။ဘာနဲ့ပဲ ကစား ကစား
နိုင်အောင်သာ ကစားရန် ကြိုးပမ်းရမည်ဟု ဤဝါဒကသွန်သင်၏။
        ဤဝါဒအရ မိမိတို့အသက်ရှင်နေသ၍ ကာလပတ်လုံး
ဂုဏ်တွေ သိက္ခာတွေ ကိုယ့်ကျင့်တရားတွေ ပတ်ဝန်းကျင်တွေ
စည်းကမ်းဥပဒေတွေကို လိုက်နာစရာမလို အကယ်၍ လိုက်နာ
နေလျှင် အနိုင်ရရေးအတွက် နှောင့်နှေးနေမည်သာဖြစ်၏။
ထို့ကြောင့် အခြေအနေအရ လစ်ရင်လစ်သလိုသာ ဆောင်ရွက်
ရန်ဖြစ်၏။သို့မှသာ မြန်မြန်အနိုင်ရရှိမည်ဖြစ်၏။
အနိုင်ရရှိမှုသည်သာလျှင် ပန်းတိုင်ဖြစ်၏။
      အမြီးကျက်လျှင် အမြီးကို စားနေသူများရှိ၏။
ခေါင်းကျက်လျှင် ခေါင်းကိုစားနေသူများရှိ၏။သူတို့၌
စောင့်စည်းမှုဟူ၍ဘာမျှမရှိ။သစ္စာဟူသည် ဝေးလေ နေသေး၏။
ဤဝါဒ ဤအမြင် ဤအယူအဆသည်လည်း ဗုဒ္ဓဘာသာ
မြန်မာနိုင်ငံ၌သာမက လူ့လောက၌ မရှိသင့် မကောင်းသော
ဝါဒ အမြင် အယူ ဖြစ်ပါ၏။
       ထို့ကြောင့် ဤဝါဒ ဤအမြင် ဤအယူကို မြန်မာ
နိုင်ငံ၌ မရှိရလေအောင် အာထုတ်ရမည်ဖြစ်၏။
လူ့လောကတွင် မရှိအောင် အားထုတ်ရာတွင်လည်း
မြန်မာနိုင်ငံက ပံ့ပိုးရမည်ဖြစ်၏။
 
    ထေရဝါဒ ဗုဒ္ဓဘာသာအရ ဤလောက၌ လူဖြစ်
လာရခြင်းသည် လောက ကမိမိကိုအသုံးချခြင်း မဟုတ်ဘဲ
မိမိကိုယ်သာ လောကအတွက် အသုံးချရန်ဖြစ်၏။ထိုသို့
အသုံးချရာတွင် ထိရောက်စွာအသုံးချနိုင်ရေး အတွက်မိမိ
ကိုယ်ကို ထက်မြတ်အောင် လေ့ကျင့်အပ်၏။လေ့ကျင့်ခြင်း
ဟူသည် ပါရမီ ကုသိုလ်မြောက်အောင် အားထုတ်ခြင်း
ပင်ဖြစ်၏။
     ပါရမီ ကုလ်သိုလ်မြောက်အောင် အားထုတ်ခြင်းဟူသည်
၁။ လိုအပ်သော အကူအညီကို စွမ်းနိုင်သလို ပေးခြင်း။
၂။ ကိုယ်ကျင့် သိက္ခာကို မြင့်မားအောင် ထိန်းသိမ်းစောင့်
    ရှောက်ခြင်း။
၃။ တုန့်ပြန်မှုကို မျှော်လင့်ခြင်းမရှိဘဲ စေတနာ သန့်သန့်ဖြင့်
    ဆောင်ရွက်ခြင်း။
၎။ အသိဉာဏ်တိုးတတ်၍ ထက်မြတ်လာအောင်
    အားထုတ်ခြင်း။
၅။ မလျှော့သော ဇွဲလုံ့လ ရှိခြင်း။
၆။ အရာရာကို သည်းခံခွင့်လွတ်ခြင်း။
၇။ သစ္စာရှိခြင်း။
၈။ အဓိဋ္ဌာန်ဖြင့် ဆောင်ရွက်ခြင်း။
၉။ လောကကို ချစ်တတ်ခြင်း။
၁၀။ဘက်မလိုက်ဘဲ တစ်သက်မတ်တည်းနှင့် တည့်တည့်
      မတ်မတ်ဆောင်ရွက်ခြင်းတို့ပင်ဖြစ်သည်။
     ထေရဝါဒ ဗုဒ္ဓဘာသာအရ ဤကဲ့သို့ ပါရမီမြောက်
အောင် အားထုတ်ရင်း အားထုတ်ရင်း မိမိကိုယ်ကို ထက်မြတ်
အောင် ပြုအပ်၏။မိမိကိုယ်တိုင် ထက်မြတ်ပါမှ ပတ်ဝန်းကျင်
၏ အကျိုးကို ဆောင်ရွက်ရာ၌ ထိရောက်စွာ ဆောင်ရွက်နိုင်
မည်ဖြစ်၏။
       ထိုသို့သော ပုဂ္ဂိုလ်များ မြန်မာနိုင်ငံ၌ ပေါများလာပါမှ
မြန်မာနိုင်ငံသည် ဒုစရိုက်များ တဖြည်းဖြည်း ပပျောက်ပြီး
သုစရိုက်များ တဖြည်းဖြည်း တိုးပွားလာမည် ဖြစ်ပါ၏။
သုစရိုက်များ တိုးပွားလာသည်နှင်အမျှ မြန်မာနိုင်ငံသည်
ငြိမ်းချမ်းသာယာ လာမည်ဖြစ်၏။
        ထိုသို့ဖြစ်လာနိုင်စေရန် လူတိုင်း ပုဂ္ဂိုလ်တိုင်း၌
ကိုယ့်ကျင့်သိက္ခာ မြင့်မားအောင် တည်ဆောက်မှုကို
အလေးအနက်ထားသော ထေရဝါဒ အုတ်မြစ်ကို မြန်မာ
နိုင်ငံ၌ ခိုင်မာသည်ထက် ခိုင်မာအောင် တည်ဆောက်ရန်
မှတစ်ပါး အခြားနည်းကောင်းဟူ၍ မရှိပါကြောင်း အလေး
အနက် ခံယူအပ်ပါ၏။
  
   ဦးရွှေအောင် (မဟာဝိဇ္ဇာ သက္ကတ)
            ဝဋံသကာနှင့် သိရောမဏိ
         ဗုဒ္ဓဝါဒပေါ်ထွန်းခြင်း စာအုပ်မှ
#LayNyoeShin၏postကို  သစ္စာရှင် ပြန်လည်တင်ဆက်သည်

No comments:

Post a Comment