စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Tuesday, February 28, 2017

အားဖို့မလို သိဖို့လိုသည်

အားဖို့ မလို သိဖို့လိုသည်...

မနေ့က တောင်ကြီးက အသိဒကာမတစ်ဦးက gtalk
ကနေ ဦးဇင်းကို မေးခွန်းလေးတွေ မေးချင်တယ် ဆိုပြီး
သောတပန်ဆိုတာဘယ်လိုပုဂ္ဂိုလ်လဲ  လို့စမေးပါတယ်။

ဦးဇင်းက-
သောတပန်မဟုတ်ပါဘူး သောတာပန်ပါ၊ အရိယာပုဂ္ဂိုလ်
လေ…။ စင်ကြယ်သူလို့ အဓိပ္ပာယ်ရတယ်၊
ကိလေသာတွေ စင်ကြယ်တာပါ ဆိုပြီး အဖြေပေးလိုက်
တော့ ဒီခေတ် ဖြစ်နိုင်သေးသလား တဲ့
တရားကို တကယ်မှန်မှန်ကန်ကန် အားထုတ်ရင် ဖြစ်နိုင်
တယ်လို့ ဘုရားဟောထားတာရှိပါတယ်လို့အဖြေပေးလိုက်
ပါတယ်။

တပည့်တော်တို့က စီးပွားရေးမှာနှစ်မြုပ်ထားရသူတွေဆို
တော့ အကုသိုလ်တွေတော့ မကင်းနိုင်သေးဘူးပေါ့ဘုရား၊
ဒါပေမယ့် ကုသိုလ်တရားတွေကိုတော့ များနိုင်သမျှများ
အောင် ကြိုးစားမှာပါ တဲ့၊

ဦးဇင်းက ကုသိုလ်တာများအောင် အားထုတ်ရမှာ မဟုတ်
ဘူး၊ အကုသိုလ်တွေ ပါးအောင်လည်း အားထုတ်ဖို့ လိုအပ်
သေးတယ်လေ လို့ ပြန်ပြောလိုက်ပါတယ်။

အဲဒီတော့ သူက  အကုသိုလ် လုပ်တိုင်း ငရဲကျနိုင်သလား
တဲ့

ဦးဇင်း ။    ။     အင်း…ကြီးလေးတဲ့ ကံ (၅)မျိုးကို လုပ်မိရင်
တော့ သေချာပေါက်ငရဲကျမှာပါ၊ ကျန်တဲ့ အကုသိုလ်ကံတွေ
ကတော့ မသေချာပါဘူး…။ ကုသိုလ်ကံတွေက အကျိုးပေးခွင့်
ရသွားရင်ပေါ့..။
မေးသူ ။     ။   (၅)မျိုးက ဘာတွေလဲ ဘုရား…။
ဦးဇင်း ။     ။
(၁) အမေသတ်တဲ့ကံ၊(မာတုဃာတက)
(၂) အဖေသတ်တဲ့ကံ၊(ပိတုဃာတက)
(၃) ရဟန္တာသတ်တဲ့ကံ၊(အရဟန္တဃာတက)
(၄) ဘုရားသွေးစိမ်းတည်အေင်လုပ်တဲ့ကံ၊(လောဟိတုပ္ပါဒက)
(၅)သံဃာသင်းခွဲတဲ့ကံ(သံဃဘေဒက)။
အဲဒီကံတွေက ကြီးလေးတဲ့ ကံတွေလို့ ခေါ်တယ်..၊
ပါဠိလိုတော့ ပဉ္စာနန္တရိယကံပေါ့…။
(ပဉ္စ-ငါးပါး+အနန္တရိယ-အခြားမဲ့ဘ၀၌+ဣယ-အကျိုးပေးသောကံ)
မေးသူ ။    ။    အော် …. ကျန်တဲ့ အကုသိုလ်ကံတွေ
ကကော ဘုရား….။
ဦးဇင်း ။     ။    အကုသိုလ်ဆိုတာ ကျောက်ခဲနဲ့တူပါတယ်၊
သေးသေး ကြီးကြီး အောက်နစ်မှာပါပဲ။ ဒါပေမယ့် အဲဒီ
ကျောက်ခဲရဲ့ဝန်ကို နိုင်နိုင်တဲ့ လှေစတဲ့ အခံရှိရင် မနစ်မြုပ်
နိုင်ပါဘူး..။
မေးသူ ။     ။   တင်ပါ..။
ဦးဇင်း ။      ။   ဒီလိုပါပဲ အကုသိုလ်တွေလုပ်ခဲ့ပေမယ်
ကုသိုလ်တွေများများလုပ်ရင် ကုသိုလ်ကံတွေကအကျိုး
ပေးခွင့်ရရင် အကုသိုလ်ကံက အကျိုးမပေးရင် အောက်
အပါယ်ဘုံကိုမရောက်နိုင်ပါဘူး…။ ခုနပြောတဲ့ (၅)ပါးက
တော့ အင်မတန်ကြီးလေးတဲ့ ၀န်လိုဘယ်ဟာမှ ခံမထား
နိုင်ဘူးလေ..။
မေးသူ ။      ။ တင်ပါ… တပည့်တော် သဘောပေါက်ပါ
တယ် ဘုရား…။
ဦးဇင်း ။     ။    ဥပမာလေး ပြောပြဦးမယ်…။
မေးသူ ။     ။   တင်ပါ… ပြောပြပါဦးဘုရား….။
ဦးဇင်း ။     ။    ဦးဇင်းတို့ စာပေမှာ (အင်္ဂုတ္တိုရ်-ပ-၂၅၀)
မှာ လောဏကပလ္လသုတ်ဆိုတာရှိတယ်။ မြန်မာလိုတော့
ဆားခွက်သုတ္တန်ပေါ့။ အဲဒီမှာ ပါတဲ့ ဥပမာလေးပါ။
ဆိုပါစို့ ဆားတစ်ပိဿာကို မြစ်ထဲ သွန်ချကြည့် ရေ
အရသာ ပျက်သွားပါ့မလား..။
မေးသူ ။     ။   ဘယ်ပျက်မလဲ ဘုရား….။
ဦးဇင်း ။     ။    အေး အဲဒီသဘောပဲ ကုသိုလ်ကံ
အများကြီးရှိနေသူဟာ အကုသိုလ်ကံ အနည်းငယ်
လေးက အရာမထင် အရသာမပေါ်နိုင်တော့ဘူးပေါ့…။
မေးသူ ။    ။    တင်ပါ မှတ်သားစရာကောင်းလှပါတယ်
ဘုရား…။
ဦးဇင်း ။     ။    နောက်…ရေအိုးအသေးစားလေးထဲ ကို
ဆားတစ်ပိဿာထည့်ကြည့် ဘယ်လိုဖြစ်မလဲ…။
မေးသူ ။     ။   အင်မတန်ငန်ပီး ရေအရသာတောင် ရ
တော့မှ မဟုတ်ပါဘူး ဘုရား..။
ဦးဇင်း ။     ။    အေး ဟုတ်တယ် ရေကနဲ့ပြီး ဆားက
များနေတာကိုး အဲဒီလိုပဲ ကုသိုလ်ကံနည်းနည်းလေး
သာ ရှိတဲ့သူဟာ အထိုက်အလျောက် အကုသိုလ်ဖြစ်
လိုက်ရင်တောင် ရှိတဲ့ ကုသိုလ်ကံသတ္တိလေးတွေ
ပျက်ပြားသွားတတ်တယ်..။
မေးသူ ။    ။    တင်ပါဘုရား….တပည့်တော်လည်း
တရားဘောင်ထဲ ၀င်ဖို့ စိတ်ကူးရှိတယ်ဘုရား..
ဒါပေမယ့် အိမ်ကို သံယောဇဉ် မပြတ်နိုင်သေးဘူး
ဘုရား…။
ဦးဇင်း ။     ။    ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ ကုသိုလ်
ဆိုတာတော့ ယူတတ်ရင် ရပါတယ်။
မေးသူ ။    ။    ပြောပြပါဦးဘုရား….။
ဦးဇင်း ။    ။     အခု နေ့စဉ် စားဝတ်နေရေးမှာ စိတ်
ကလေး ပြောင်းထားလိုက်ရင်ကုသိုလ်ဖြစ်တယ်လေ..၊
ဥပမာ…..ညီတွေ ညီမတွေကို ကိုယ်က ထမင်းခူးကြွေး
တယ်ဆိုပါစို့… ညီတွေ ညီမတွေ အပေါ်စေတနာကလေး
ထားပီး သူတို့လေးတွေကောင်းကောင်း မွန်မွန်စားသောက်
နိုင်ကြပါစေ…လို့ စိတ်ထားလိုက်ရင်“မေတ္တာဘာဝနာ”
ကုသိုလ်ရတယ်၊ ကိုယ်က စေတနာနဲ့ ကျွေးမွေးတော့
“ ဒါန” လည်းဖြစ်နေတာပါပဲ၊ အလှူကြီးတွေ ပေးနေမှ
ဒါန ကုသိုလ်ခေါ်တာ မဟုတ်ဘူးလေ…။
မေးသူ ။    ။    တင်ပါ သဘောပေါက်ပါတယ်ဘရား…။
ဦးဇင်း ။    ။     အမေ အဖေတွေကို ထမင်းပွဲပြင်ပေးရင်း
လဲ ဒါနကုသိုလ် ဝေယျာဝစ္စခေါ်တဲ့ သီလကုသိုလ် မေတ္တာ
ဘာဝနာ ကုသိုလ်တွေ ယူနိုင်အောင် ယောနိသောမနသိ
ကာရ ဆိုတဲ့ နှလုံးသွင်းလေး ထားရင် ဘာလုပ်လုပ်
ကုသိုလ်ဘာပဲ။
မေးသူ ။    ။    တင်ပါ ဘုရား…။
ဦးဇင်း ။    ။     အခု အင်တာနက်ဆိုင်မှာ အလုပ်လုပ်တယ်
ဆိုတော့ သုံးစွဲသူတွေ အဆင်ပြေစေချင်တဲ့ စိတ်ကလေးနဲ့
မေတ္တာထား ကုသိုလ်ဖြစ်တယ်လေ၊ ဒါကြောင့် ဦးဇင်းက
ပြောနေတာပေါ့ “ တာဝန်ကျေရုံ မလုပ်နဲ့ ၊ နည်းနည်း ပိုလုပ်”
လို့…။
မေးသူ ။    ။    ဒါဆို ဘာပဲ လုပ်လုပ် မေတ္တာ ထားရမယ်ဆို
တဲ့ သဘောလား…။
ဦးဇင်း ။    ။     အင်း မေတ္တာဆိုတာက မအောင်မြင်နိုင်တဲ့
အရာရယ်လို့ မရှိဘူးလေ…၊ ဦးဇင်းတို့ ကိုရင်ဘ၀က ကျက်ခဲ့
ဖူးတဲ့ စာလေးရှိသေးတယ်၊ ပြောပြဦးမယ်…။
“ယေ တတ္ထ ပါဏာ တေ တေန ယာပေန္တု “ (အင်္ဂုတ္တိုရ်၊ ၁၆၂)တဲ့၊
အဓိပ္ပာယ်က ဒီနေရာမှာ ရှိတဲ့ သတ္တ၀ါလေးတွေ ငါစွန့်လိုက်တဲ့
ထမင်းကျန်ဟင်းကျန်တွေနဲ့ သူတို့ရဲ့ ခန္ဓာကိုယ် မျှတနိုင်ကြပါစေ-
လို့ ဆိုလိုတာပါ။ ထမင်းပန်းကန် ဟင်းပန်းကန်ဆေးတဲ့ အခါ
မှာလဲ အဲဒီလိုလေးတွေ စိတ်ထားပြီး ဆေးမယ် ဆိုရင် ကုသိုလ်
ဖြစ်တယ်လို့ မြတ်စွာဘုရားကိုယ်တော်တိုင် ဟောတော်မူခဲ့တယ်
လေ…။
မေးသူ ။    ။    တင်ပါ့ဘုရား…။
ဦးဇင်း ။    ။     စိတ်ကလေးသာ ကုသိုလ်ဘက်ကို ပြောင်း
လိုက်ပါ ယူစရာကုသိုလ်တွေ မကုန်နိုင်ပါဘူး….၊  (ကုသလံ)
ယောနိသော မနသိကာရပဒဋ္ဌာနံ(အဘိ.ဋ္ဌ-၁၊ ၁၀၅) ကုသိုလ်
ဆိုတာ နှလုံးသွင်းမှန်ကန်ခြင်းဟာ နီးသောအကြောင်းပါတဲ့…
ဒါကြောင့် ဘယ်အရာမဆို မေတ္တာထား ကောင်းတဲ့ စေတနာ
နဲ့ လုပ်ရင်ကုသိုလ်ဆိုတာ နေ့စဉ်စားဝတ်နေရေးမှာ ယူစရာ
အများကြီးပဲလေ….။ နောက်ဆုံး ၀ိပဿနာကုသိုလ်ကိုလဲ
သွားရင်း လာရင်း ရောင်းရင်းဝယ်ရင်းနဲ့ သတိထားပြီး လုပ်
ရင် ရတာပါပဲ..။ ဒါကြောင့် ယောဆရာတော်က-
တရားဆိုတာ အားဖို့မလို …၊ သိဖို့လိုသည်… လို့ မိန့်တော်မူ
တာပေါ့ ။
မေးသူ ။    ။    တင်ပါ…ကျေးဇူးတင်ပါတယ် ဘုရား….။

#သစ္စာရှင်>>>>ပြန်လည်တင်ဆက်သည်။
CREDIT- ရနံ့စံအိမ်

No comments:

Post a Comment