"တရားဆောင်သူ တရားရှိသူ"
*********************
မြတ်စွာဘုရားလက်ထက်တော်က တစ်ဂါထာတည်းပဲရပြီးတော့ အဲဒီတစ်ဂါထာတည်းကိုပဲ ဟောပြီး
တောထဲမှာ တရားကျင့်နေတဲ့
မထေရ်အိုတစ်ပါး ရှိပါတယ်..
`တစ်ဂါထာမထေရ်´က အဲဒီဂါထာနဲ့ပဲ တရားဟောတော့ နတ်ဗြဟ္မာတွေက တစ်တောလုံး ပဲ့တင်ထပ်အောင် သာဓုခေါ်ကြလေ့ရှိပါတယ်..
တစ်နေ့ကျတော့ သာဝတ္ထိမြို့က ပိဋကတ်သုံးပုံ အာဂုံဆောင်ထားတဲ့ မထေရ်နှစ်ပါး
(တစ်ပါးကို အခြံအရံတပည့် ငါးရာစီနဲ့ဆိုတော့
စုစုပေါင်းသံဃာ တစ်ထောင့်နှစ်ပါး)
ကြွလာပါတယ်..
တစ်ဂါထာမထေရ်က ဝမ်းမြောက်ဝမ်းသာဖြင့် ခရီးဦးကြိုဆိုပြီး မထေရ်နှစ်ပါးအား တောထဲမှာ တရားဟောပေးဖို့ လျှောက်ပါတယ်..
တိပိဋကဆရာတော်နှစ်ပါးကလည်း ပလ္လင်နှစ်လုံးခင်းပြီးတော့ တစ်ပါးက ပါဠိရွတ် တစ်ပါးက အနက်အဓိပ္ပာယ် သာဓကတွေနဲ့ ရှင်းပြလိုက်နဲ့ ပိဋကတ်သုံးပုံက အဆီအနှစ်တွေကို ထုတ်ပြီးတော့ မြိုင်မြိုင်ဆိုင်ဆိုင်ကြီး ဟောကြပါတော့တယ်..
ဒါပေမယ့် တရားသာဆုံးသွားတယ်..
သာဓုခေါ်သံက တစ်ချက်မှကို ထွက်မလာပါဘူး..
ဒီတော့-
"ငါ့ရှင် ငါ့ရှင်ပြောတော့ တရားဆုံးရင် တစ်တောလုံး ပဲ့တင်ထပ်အောင် သာဓုခေါ်တယ်ဆို အခု တစ်ခွန်းမှလည်း မကြားပါလား"
"ခါတိုင်း တပည့်တော် တရားဟောရင် သာဓုခေါ်သံတွေ အကြီးအကျယ်ပါပဲဘုရား ဒီကနေ့ ဘာဖြစ်လို့ သာဓုခေါ်သံမကြားရသလဲ ဆိုတာတော့ တပည့်တော်လည်း နားမလည်နိုင်ပါဘူး"
"ဒါဖြင့် ငါ့ရှင် ခါတိုင်းဟောနေကျ တရားလေး ဟောစမ်းပါဦး"ဆိုတော့ တစ်ဂါထာမထေရ်လည်း
သူဟောနေကျ ဂါထာကို ဟောတော့တာပါပဲ..
အဓိစေတသော အပ္ပမဇ္ဇတော
မုနိနော မောနပထေသု သိက္ခတော။
သောကာ န ဘဝန္တိ တာဒိနော
ဥပသန္တဿ သဒါ သတီမတော။
ဂါထာလေးလည်းဆုံးရော ခေါ်လိုက်ကြတဲ့ သာဓုသံတွေဟာ တစ်တောလုံး ပဲ့တင်ထပ်သွားပါတယ်..
[တစ်ဂါထာမထေရ်ရဲ့ တစ်ဂါထာ အဓိပ္ပာယ်မှာ-
အကြောင်းရော အကျိုးရော နှစ်မျိုးလုံးပါပါတယ်..
အကြောင်းက ကျင့်စဉ်
အကျိုးက ကျင့်စဉ်ကြောင့်ရမယ့် ချမ်းသာ
အကြောင်းဖြစ်တဲ့ ကျင့်စဉ်က..
(၁)အဆင့်မြင့်စိတ် ရှိရမယ်
(၂)သတိရှိရမယ်
(၃)ဉာဏ်ရှိရမယ်
(၄)ဉာဏ်ဖြစ်ကြောင်း သီလ သမာဓိရှိရမယ်
အကျိုးဖြစ်တဲ့ ချမ်းသာက..
(၁)ဘာစိုးရိမ်သောက စိတ်ဆင်းရဲမှုမှ
မဖြစ်တော့ဘူး
(၂)ဘယ်လောကဓံနဲ့ ကြုံကြုံ မတုန်လှုပ်တော့ဘူး
(၃)ရာဂ ဒေါသစတဲ့ ကိလေသာတွေ
ငြိမ်းအေးသွားမယ်
(၄)သတိအမြဲရှိတဲ့ ရဟန္တာ ဖြစ်သွားမယ်]
ဒီတော့ တိပိဋကဆရာတော်နှစ်ပါးရဲ့ တပည့်တွေက-
"ဒီတောထဲက နတ်တွေ မျက်နှာသိပ်လိုက်တာပဲ တို့ဆရာတော်နှစ်ပါး အားရပါးရ အကျယ်တဝင့် မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ဟောတုန်းကတော့ သာဓု တစ်ခွန်းမှ မခေါ်ပဲနဲ့ ဘာမဟုတ်တဲ့ ဒီမထေရ်အို တောထွက်ကိုယ်တော်ကြီး တစ်ဂါထာလေး ဟောတာကျတော့ သာဓုခေါ်တယ် မကျေနပ်ဘူး ဘုရားဆီ သွားတိုင်မယ်"ဆိုပြီးတော့ တစ်ခါတည်း ဘုရားဆီ သွားလျှောက်ကြတော့တာပါပဲ..
အမှန်ကတော့ တိပိဋက ဆရာတော်နှစ်ပါးဟာ ပိဋကတ်သုံးပုံ အာဂုံဆောင်ထားပေမယ့် ပုထုဇဉ်ဘဝပဲရှိနေသေးလို့ ကိလေသာစော်နံလို့ ဆိုပြီးတော့ နတ်တွေက သာဓုမခေါ်တာပါ..
သာဓု မခေါ်ခြင်းအားဖြင့် သူတို့တစ်တွေ အမြင်မှန်ရပြီးတော့ ကိလေသာကင်းအောင် တရားထူးတရားမြတ်ရအောင် ကျင့်ကြံကြပါစေ သိတဲ့အတိုင်းကျင့်ကြပါစေ ဆိုတဲ့ စေတနာနဲ့ နတ်တွေက သာဓု မခေါ်တာပါ..
ဒါနဲ့ မြတ်စွာဘုရားဆီသွားလျှောက်တော့ မြတ်စွာဘုရားက-
န တာဝတာ ဓမ္မဓရော
ယာဝတာ ဗဟု ဘာသတိ။
ယော စ အပ္ပမ္ပိ သုတွာန
ဓမ္မံ ကာယေန ပဿတိ။
သ ဝေ ဓမ္မဓရော ဟောတိ
ယော ဓမ္မံ နပ္ပမဇ္ဇတိ။
"တရားတွေအများကြီး သင်ကြားနေရုံ ဟောပြောနေရုံ ပို့ချနေရုံနဲ့ တရားဆောင်သူအစစ် မဖြစ်သေးပါဘူး တစ်ပုဒ်တစ်ဂါထာပဲ သင်ကြားထားပေမယ့် အဲဒီ တစ်ပုဒ်တစ်ဂါထာအတိုင်း ကျင့်လို့ရှိရင် တရားဆောင်တဲ့သူဖြစ်ပါတယ် ကျင့်လို့ သစ္စာလေးပါးမြတ်တရားကို ထိုးထွင်းပြီးတော့ သိတယ် နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တယ်ဆိုရင် တရားကိုဆောင်တဲ့သူ ဖြစ်ပါတယ်"ဆိုပြီးတော့ ဂါထာတစ်ပုဒ်နဲ့ တရားဟောလိုက်ပါတယ်..
ဟောလိုက်တဲ့တရားအတိုင်း လိုက်နာ ကျင့်ကြံကြတဲ့အတွက် တရားထူး တရားမြတ်တွေ ရသွားကြပါတယ်..
တရားဗဟုသုတ နည်းလို့ ဆိုပြီး အားငယ်နေစရာမလိုပါဘူး..
ကိုယ်သိသလောက် တရားဗဟုသုတလေးအတိုင်း
(နည်းလမ်းမှန်ဖို့တော့လိုပါတယ်)
ကျင့်နေဖို့က အဓိကပါ..
ကျင့်နေရင် ရတာက သူ့အလိုလိုပါလာမှာပါပဲ..
'တရားရှိ'ဆိုတဲ့ ခေါင်းစဉ်အောက်မှာ
'တရားသိ တရားကျင့် တရားရ'ဆိုတဲ့
အချက်အလက်(၃)ခု ရှိပါတယ်..
တရားသိရုံနဲ့ တရားရှိသူ မဖြစ်သေးပါဘူး..
တရားဗဟုသုတရှိသူပဲ ဖြစ်နိုင်ပါတယ်..
တရားကျင့်မှ တရားရမှ တရားရှိသူ ဖြစ်တာပါ..
တရားကျင့်တယ်ဆိုတာ-
တရားနည်းလမ်းတကျ စိတ်ထားတတ်တာ.. ဘယ်အာရုံနဲ့ကြုံကြုံ စိတ်ချမ်းသာအောင် ကုသိုလ်ဖြစ်အောင် နှလုံးသွင်းတတ်တာ.. မွန်မြတ်သန့်စင်တဲ့စိတ်နဲ့ ကုသိုလ်အလုပ်တွေ လုပ်နေတာ..
တရားဘာဝနာတွေ ပွားများနေတာကို ပြောတာပါ..
တရားရတယ်ဆိုတာ မဂ်ဉာဏ်ဖိုလ်ဉာဏ်နဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုတာကို ပြောတာပါ..
တရားကျင့် တရားရဖို့အတွက် တရားသိဖို့လည်း အရေးကြီးပါတယ်..
သိမှ ကျင့်နိုင်မှာ ဖြစ်တဲ့အတွက်
သိအောင်လည်း ကြိုးစားပါ..
သိတဲ့အတိုင်းလည်း ကျင့်ပါ..
သိလည်းသိ ကျင့်လည်းကျင့်ရင်
ရဖို့က သေချာပြီးသားပါပဲ..
ဒီဂါထာမှာပါတဲ့ `တရားဆောင်သူ တရားရှိသူ´ ဆိုတဲ့ အချက်အလက်အတွက် တစ်ဂါထာမထေရ်ရဲ့ အဖြစ်အပျက်က အထင်ရှားဆုံးသက်သေပါပဲ..
`တစ်ဂါထာမထေရ်´ဟာ တစ်ဂါထာတည်း သိပေမယ့် တစ်ကယ်ကျင့်ခဲ့ပါတယ်..
ကျင့်တဲ့အတိုင်းလည်း တရားရခဲ့ပါတယ်..
ဒါကြောင့် `တစ်ဂါထာမထေရ်´ဟာ
တရားဆောင်သူ အစစ် တရားရှိသူ အစစ်ပါပဲ..
---------------------------------------
သာသနာနှင့် လောကနှစ်ပါးလုံး၌
အရေးကြီးသောအမှုမှာ သိမှုနှင့်ကျင့်မှု ဖြစ်သည်..
အမှန်ကိုသိ၍ အမှန်ကိုကျင့်လျှင် မဂ်ဖိုလ်နိဗ္ဗာန်သို့ (မလွဲ)ဆိုက်ရောက်နိုင်၏..
"သိမှု ကျင့်မှု ဤနှစ်ခု အထူး အားထုတ်ပါ..
အားထုတ်ပါက နိဗ္ဗာန မုချရမည်သာ"
(ဆင်ရင်ဆရာတော်)
ကိုးကား-အရှင်ဆန္ဒာဓိက
ဦးတော်(အမရပူရ)
စေတနာမေတ္တာအရင်းခံဖြင့်-
Credit to Ohmar Shin.
No comments:
Post a Comment