စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Friday, June 5, 2020

အရပ်ခြောက်ပါး

အရပ်ခြောက်ပါး 
••••••••••••••••••

"လူ့ဘဝမှာ ဘယ်လိုနေကြ" ဆိုပြီး လူနေမှုစနစ်တစ်ခုကို ဗုဒ္ဓက 
ဟောကြားထားတာရှိတယ်။

အိမ်တစ်လုံးမှာ အကာခြောက်ခုရှိတယ်။
နံရံလေးဘက် အမိုး အခင်းတွေပေါ့။

လူ့ဘဝ လူ့လောကမှာ နေကြတဲ့
အခါလည်း အကာခြောက်ခုနဲ့
တူတဲ့ အရပ်ခြောက်ပါးရှိတယ်။

အထက်အရပ်မှာ အမိုးနဲ့
တူတဲ့ ရဟန်းသံဃာကိုထား

အရှေ့အရပ်မှာ အရှေ့ဘက်
နံရံနဲ့တူတဲ့ မိဘကိုထား

အနောက်အရပ်မှာ အနောက်ဘက်
နံရံနဲ့တူတဲ့ ဇနီးမယားကိုထား

တောင်အရပ်မှာ တောင်ဘက်
နံရံနဲ့တူတဲ့ ဆရာသမားကိုထား

မြောက်အရပ်မှာ မြောက်ဘက်နံရံနဲ့
တူတဲ့ မိတ်ဆွေအပေါင်းအသင်းကိုထား

အောက်အရပ်မှာ အောက်အခင်းနဲ့
တူတဲ့ အလုပ်သမား အစေအပါးကိုထား

မိဘကို ဘယ်မှာထားကြရမလဲ 
ဆိုရင် အရှေ့အရပ် ရှေ့တန်းမှာ
ထားကြရမယ်။

သားမယားကို နောက်တန်းမှာ
ထားရမယ်။ ပြောင်းပြန်မလှန်
မိကြစေနဲ့။ အဲဒါပျက်စီးသွားမယ်။

ဒါဖြင့် အဲဒီအရပ်ခြောက်ပါး 
လုံခြုံဖို့အတွက် 

အရှေ့အရပ်ကို မကျိုးမပေါက်ဖို့
မိဘနဲ့သားသမီး အပြန်အလှန်
ကျေပွန်ရမယ့် ဝတ္တရား ၅ပါးဆီရှိတယ်။

အဲဒီဝတ်တရား ၅ပါးစီ 
အပြန်အလှန် ကျေပွန်ကြမှ 
အရှေ့အရပ် လုံခြုံရေးရကြမယ်။

အဲဒီလိုပဲ ကျန်တဲ့အရပ်တွေမှာလဲ
အပြန်အလှန် ကျေပွန်ကြရမယ့် 
ဝတ္တရား ၅ပါးစီ ရှိတယ်။

အရပ်ခြောက်ပါးလုံး အပြန်အလှန် ဝတ္တရားကျေပွန်ကြမှသာ အရပ်
ခြောက်ပါးလုံး လုံခြုံရေးရကြမယ်။

တစ်ခုမတူတာက သံဃာတော်အရှင်
သူမြတ်တွေက ဒကာ ဒကာမတွေအပေါ်
တုံ့ပြန်ရမယ့် ဝတ္တရားက ၆ ပါးရှိတယ်။

အားလုံးပေါင်း အရပ်ခြောက်ပါးမှာ
အပြန်အလှန် ကျေပွန်ကြရမယ့် 

ဝတ္တရားတွေ ကျင့်ဝတ်တွေ
စုစုပေါင်း (၆၁) ခု ရှိတယ်။

♠️ မိဘကျင့်ဝတ် (၅) ပါး

မကောင်းမြစ်တာ ကောင်းရာ
ညွှန်လတ် အတတ်သင်စေ 
ပေးဝေ နှီးရင်း ထိမ်းမြားခြင်း။

♠️ သားသမီးကျင့်ဝတ် (၅) ပါး

ကျွေးမွေးမပျက် ဆောင်ရွက်စီမံ
မွေခံထိုက်စေ လှူမျှဝေ၍ 
စောင့်လေ မျိုးနွယ်။

♠️ တပည့်ကျင့်ဝတ် (၅)ပါး

ညီညာထကြွ ဆုံးမနာယူ လာမူကြိုဆီး
ထံနီးလုပ်ကျွေး သင်တွေးအံရွတ်။

♠️ ဆရာကျင့်ဝတ် (၅) ပါး

အတတ်လည်းသင် ပဲ့ပြင်ဆုံးမ 
သိပ္ပမချန် ဘေးရန်ဆီးကာ 
သင့်ရာ အပ်ပို့။

♠️ခင်ပွန်းယောက်ျား ကျင့်ဝတ် (၅) ပါး

မထီမဲ့ကင်း အပ်နှင်းဥစ္စာ မိစ္ဆာမမှား
ဝတ်စားဆင်ယင် မြတ်နိုးကြင်

♠️ ဇနီးမယား ကျင့်ဝတ် (၅) ပါး

အိမ်တွင်းမှုလုပ် သိမ်းထုပ် သေချာ
မိစ္ဆာရှောင်ကြဉ် လျော်အောင်ဖြန့်ချိ 
ပျင်းရိမမူ

♠️မိတ်ဆွေကျင့်ဝတ် (၅) ပါး

ပေးကမ်းချီးမြှင့် ကိုယ်နှင့်ယှဉ်ထား
စီးပွား ဆောင်ရွက် နှုတ်မြွက်ချိုသာ 
သစ္စာမှန်စေ။

♠️အလုပ်ရှင် ကျင့်ဝတ် (၅) ပါး

ဝစွာကျွေးမွေး ပြုရေးစီရင် 
နာလျှင် ကုစေ ငှဝေရသာ 
အခါကိုလွှတ်

♠️အလုပ်သမားကျင့်ဝတ် (၅) ပါး

အိပ်သော် နောက်ကျ 
ထသော်ကား ရှေး ပေးမှယူအပ် 
စေ့စပ်ဆောင်ရွက် ကျေးဇူးမြွက်

♠️ဒါယကာ ကျင့်ဝတ် (၅) ပါး

မေတ္တာစိတ်သက် ဆောင်ရွက်ချစ်ခင်
ခင်မင်နှုတ်ချို လိုလျှင်ဖိတ်ထား 
တတ်အားလှူစေ

♠️ရဟန်းကျင့်ဝတ် (၆) ပါး

မကောင်းမြစ်တာ ကောင်းရာညွှန်လစ်
အသစ်ဟောကျူး နာဖူးထပ်မံ 
နတ်ထံတင်ရာ မေတ္တာလည်းပြု

အားလုံးပဲ အရပ်ခြောက်ပါးလုံး 
လုံခြုံအောင် မိမိတို့ရဲ့ဆိုင်ရာ
ကျင့်ဝတ်များ ကျင့်သုံးနိုင်ပါစေ။

သီတဂူဆရာတော်ဘုရားကြီး
 

#credit

1 comment:

  1. Zawgyi နဲ့လည်း ရေးသင့်ပါတယ် ဖတ်မရလို့ပါ။

    ReplyDelete