စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Friday, September 11, 2020

တော်လေးဝဝင်ဆိူသည်မှာ

''တော်လေးဝဝင်ဆိုသည်မှာ''
####################

တော်လေးဝဝင် ဟူသော စကားကို မြန်မာ့စာပေ၊
သီချင်း၊ဝတ္ထု၊ ကဗျာ များမှာ မကြာခဏကြားဖူးကြမှာပါ။
မိမိချစ်သူ လင်ယောက်ျားပေါ် သစ္စာ မေတ္တာ ကြီးမားစွာနဲ့
စောင့်ထိန်းပြီး မယားဝတ္တရား ကျေပွန့်သည့် အမျိုးသမီးတို့အား တင်စားသည့်အခါမျိုးတွင် 
သုံးလေ့ရှိပါသည်။

တော်လေးဝဝင် ဟု သတ်မှတ်ခြင်း ခံရသော
အမျိုးကောင်း အမျိုးမြတ် အမျိုးသမီးလေးဦးမှာ
ရှေးနိပါတ်တော်များတွင် ပါဝင်သည့်
အမရာ၊ကိန္ဒရီ၊မဒ္ဒီ၊သမ္ဘူလတို့ ဖြစ်သည်။

#အမရာဒေဝီ (မဟော်သဓာ၏ ဇနီး)
************************************

ဝိဒေဟရာဇ်မြို့တော် မြောက်ဘက် ဥတ္တရယဝမဇ္ဇျဂုံးရွာသူ ဖြစ်ပြီး မဟော်သဓာကို ပါရမီဖြည့်ဖက်ပီပီ လုပ်ကျွေးပြုစုခဲ့သူဖြစ်သည်။

ရွှေ၊ငွေ တို့ဖြင့်ဖျားယောင်းသော်လည်း ခင်ပွန်းအပေါ် 
တစ်ချက်ကလေးမှ သစ္စာမပျက်ပဲ ကိုယ်ကျင့်တရားစောင့်ထိန်းခဲ့သည့် ဇနီးကောင်းဖြစ်သည်။

#စန္ဒကိန္ဒရီ (စန္ဒကိန္ဒရာ၏ ဇနီး)

ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းကြီးလက်ထက်
ဘုရားလောင်း စန္ဒကိန္ဒရာသည် ဇနီးကိန္ဒရီ နှင့်
ပေါင်းသင်းနေထိုင်သည်။

တစ်နေ့ ဗြဟ္မဒတ်မင်းကြီးက ယောက်ျားဖြစ်သူ
စန္ဒကိန္ဒရာ အား မြှားဖြင့်ပစ်ခွင်းပြီး စန္ဒကိန္ဒရီ အား
ချစ်ရေးဆိုသည်။ ရွှေငွေ မိဖုရားရာထူးတို့ဖြင့်
ဆွဲဆောင်သော်လည်း လုံးဝလက်မခံပဲ
လင်ဖြစ်သူ စန္ဒကိန္ဒရာ အသက်ရှင်ရေးကိုသာ
သစ္စာပြုခဲ့သည်။ သစ္စာမှန်ကန်သည့် အတွက်
ယောက်ျားဖြစ်သူ စန္ဒကိန္ဒရာမှာမြှားဆိပ့်ပြေခဲ့သည်။

ဗြဟ္မဒတ်မင်းကြီးကလည်း သစ္စာကြီးမားလှသည့်
ဇနီးမောင်နှံအား ပြန်လည်
ပေါင်းသင်းစေပြီး အသက်ဘေးမှ လွှတ်ပေးခဲ့သည်။

#မဒ္ဒီဒေဝီ (ဝေသနတရာ၏ ဇနီး)
..............................................................................
သီဝိတိုင်းမှ ဝေသန္တရာမင်း၏ ဇနီးဖြစ်သည်။
ခင်ပွန်းဖြစ်သူဝေသန္တရာမင်းကြီးမှာ အလွန်
အလှူတန်းရက်ရောပြီး တိုင်းပြည်၏ ရတနာဖြစ်သော 
ဆင်ဖြူတော်ကိုပါ လှူဒါန်းလိုက်သဖြင့် ပြည်သူတို့၏
ငြိုငြင်မှု့ကိုခံရပြီး တိုင်းပြည်မှနှင်ထုပ်ခံရသည်။
မြိုင်ရပ်သို့ထွက်ခွာရာတွင် မဒ္ဒီဒေဝီအား နန်းတော်မှာပဲ
အေးချမ်းစွာနေခဲ့ရန် အတန်တန်တားသော်လည်း 
ဖဝါးထပ်မျှမခွာပဲ နောက်တော်မှ လိုက်ပါခဲ့သူဖြစ်သည်။

တောထဲတွင် ရသေ့ဝတ်သော ခင်ပွန်းသည်အား
ပြုစုကျွေးမွေးခဲ့သည်။ ခင်ပွန်းသည်က သားတော် 
သမီးတော်များသာမက နောက်ဆုံး သူမကိုပါ လှူဒါန်းခဲ့ရာ
ပါရမီဖြည့်ဘက်ဖြစ်သူ မဒ္ဒီဒေဝီသည် ကြည်ဖြူစွာ
လက်ခံခဲ့လေသည်။

#သမ္ဘူလ (သောတ္ထိသေန၏ ဇနီး)
...............................................................................

ဗာရာဏသီ ဗြဟ္မဒတ်မင်း၏သားတော် သောတ္ထိသေန၏
ဇနီးဖြစ်သည်။ ခင်ပွန်းဖြစ်သူ နူနာဖြစ်ပြီး
တောသို့ထွက်ရာတွင် နောက်ပါမှ
လိုက်ပါကာစောင့်ရှောက်ပြုစုခဲ့သူဖြစ်သည်။
သမ္ဘူလ၏ သစ္စာကို လင်သားက မယုံကြည်ပဲ
အခြားယောက်ျားနဲ့ဖောက်ပြန်သည်ဟု စွတ်စွဲသည့်အခါ
''မိမိယောက်ျားမှလွဲ၍ မည်သူတစ်ဦးတစ်ယောက်နှင်မျှ
မဖောက်ပြားခဲ့ပါ၊ သစ္စာမှန်ခဲ့ပါက လင်ယောက်ျား၏
နူနာရောဂါပျောက်ကင်းပါစေ''ဟု သစ္စာ ဆိုသည့်အခါ
သစ္စာမှန်ကန်ခဲ့သဖြင့် မင်းသား၏ နူနာရောဂါများ
ပျောက်ကင်းခဲ့လေသည်။

ဤကား ဇာတ်တော်လာ တော်လေးဝဝင် အမျိုးသမီးလေးဦးအကြောင်းအကျဉ်းချုပ်ပင် ဖြစ်သည်။

ကျေးဇူးတင်ပါတယ်🙏🙏🙏
...........................................................................................
10-9-2020

No comments:

Post a Comment