{အတွေ့အကြုံ}
"ဘယ်အတွေ့အကြုံမှ တစ်ခဏနဲ့ရတာမဟုတ်ဘူး၊ ဘဝနဲ့ရင်းယူရတာ၊ မြတ်စွာဘုရားတို့ရဲ့ အတွေ့အကြုံကတော့ တစ်ဘဝ နှစ်ဘဝနဲ့တောင် ရတာမဟုတ်ဘူး၊ လေးသင်္ချေ ကမ္ဘာတစ်သိန်းဆိုတဲ့ ဘဝပေါင်း များစွာနဲ့ ရင်းထားတာ၊ ဒါကြောင့် ပြည့်ပြည့်စုံစုံ တိတိကျကျ ဆုံးမဟောပြနိုင် တာပေါ့"
(မိတ္ထီလာ တောမဓမ္မာရုံ ဆရာတော်ဘုရားကြီး)
၁၃၄၉ ခု နှစ်ဦးပိုင်းလောက်က တောင်ကြီးမြို့ သိမ်တောင်ပရိယတ္တိ စာသင်တိုက်မှာ သာမဏေကျော် ပဉ္စင်းလောင်းတစ်ပါးရဲ့ ရဟန်းခံပွဲမှာ မိတ္ထီလာမြို့နားက သက်တော် (၉၀)ရှိပြီဖြစ်တဲ့ တောမဓမ္မာရုံ ဆရာတော်ဘုရားကြီးလဲ ကြွရောက်ချီးမြှောက်ပါတယ်။
ဆရာတော်ကြီးက မင်းကွန်း တိပိဋကဓရဆရာတော်ကြီး ကိုရင်ဘဝကတည်းက ရဟန်းတော်အဖြစ်နဲ့ မင်းကွန်းမှာ အတူစာသင်ဘက်ဖြစ်လို့ မင်းကွန်းဆရာတော်ကြီးနဲ့လဲ တွေ့ရအောင်ဆိုပြီး ကြွလာတာပါ။
ညပိုင်းမှာ ဆရာတော်ကြီးကို ဝတ်ပြုပေးရင်း စာကြောင်းပေကြောင်း စပ်မိရာက သိင်္ဂါလောဝါဒသုတ်အကြောင်း ရောက်သွားတယ်။
အဲဒီမှာ မိမိကလဲ လူတက်ကြီးလုပ်ပြီး...
"ဆရာတော်၊ သိဒ္ဓတ္ထမင်းသားဟာ အသက်ငယ်ငယ်လေးနဲ့ တောထွက်သွားတာ၊ နန်းတော်ထဲမှာ နေတုန်းကလဲ လောကကြီးနဲ့ သိပ်ပြီး ကျယ်ကျယ် ပြန့်ပြန့်ထိတွေ့လေ့လာနိုင်တာ မဟုတ်ဘူး၊ နန်းတော်ပြတင်းပေါက်လောက်ကပဲ လောကကြီးကို ကြည့်ခဲ့တာ၊ ဘုရားအဖြစ်ရောက်လို့ သိင်္ဂါ လောဝါဒသုတ်ကို ဟောလိုက်တဲ့အခါကျတော့ မိဘနဲ့သားသမီး၊ ဆရာနဲ့တပည့်ကစပြီး သခင်နဲ့ကျေးကျွန်အထိ အပြန် အလှန်ဝတ္တရားတွေကို ဟောလိုက်တာ ထောင့်ကိုစုံစေ့နေတာပဲ၊ အဲဒါ သဗ္ဗညုတဉာဏ်တော်ရဲ့ အစွမ်းကြောင့်လို့ ဆိုရမှာပဲထင်တယ်"လို့ လျှောက်ထားမိတယ်။
ဆရာတော်ဘုရားကြီးက "သဗ္ဗညုတရွှေဉာဏ်တော်ဆိုတာ သိသင့်သမျှကို သိတော်မူတဲ့ဉာဏ်ဆိုတော့ အဲဒါ သဗ္ဗညုတဉာဏ်တော်ရဲ့ အစွမ်းမဟုတ်ဘူးလို့တော့ မပြောနိုင်ဘူးပေါ့ကွာ၊ ဒါပေမယ့် 'စာ'ဆိုတာ ဒီလောက်ကျဉ်းကျဉ်း မြောင်းမြောင်းလေးတင် မယူရဘူး၊ ကျယ်ကျယ် ပြန့်ပြန့်ရှိရင် ရှိသလောက် ထောက်ဆယူရတယ်၊ အတွေ့အကြုံဆိုတာ ဘယ်အတွေ့အကြုံမှ တစ်ခဏနဲ့ရတာမဟုတ်ဘူး၊ ဘဝနဲ့ရင်းယူရတာ၊ မြတ်စွာဘုရားရှင်တို့ရဲ့ အတွေ့အကြုံကတော့ တစ်ဘဝ၊ နှစ်ဘဝနဲ့တောင် ရတာမဟုတ်ဘူး၊ လေးသင်္ချေ ကမ္ဘာတစ်သိန်းဆိုတဲ့ ဘဝပေါင်းများစွာနဲ့ ရင်းထားတာ၊ ဒါကြောင့် ပြည့်ပြည့်စုံစုံတိတိကျကျ ဟောပြ နိုင်တာပေါ့။
ငါးရာငါးဆယ်ဇာတ်တော်တွေ ကြည့်ပါလား။
ဘုရားအလောင်းရဲ့ ဘဝပေါင်းက အစုံပဲမဟုတ်လား။
ဖအေလဲဖြစ်ဖူး၊ သားလဲဖြစ်ဖူး၊ ဆရာ၊ တပည့်၊ သခင်၊ ကျွန်၊ မင်း၊ အမတ်၊ ရသေ့၊ ရဟန်း ဘဝတွေတင်မကဘူး၊ တိရစ္ဆာန်ဘဝတော်တော် မျိုးစုံတောင်ဖြစ်ဖူးတယ် မဟုတ်လား။
ဒါတွေကို ပုဗ္ဗေနိဝါသာနုဿတိ အဘိညာဉ်နဲ့ ပြန်ကြည့်လိုက်တော့ ဘဝမျိုးစုံရဲ့ လိုအပ်ချက်တွေ ချွတ်ယွင်းချက်တွေ၊ ပြည့်စုံရမယ့် အချက်တွေအားလုံး သိလာတာပေါ့။
ဒါကြောင့် သိင်္ဂါလောဝါဒသုတ်ကြီးကို ဒီလောက် ပြည့်ပြည့်စုံစုံဟောတော်မူနိုင်တာလို့ ဒီလိုအဓိပ္ပါယ်ယူလိုက်ရင် ပိုပြီး မပြည့်စုံဘူးလား" တဲ့။
ဆရာတော်ဘုရားကြီးရဲ့ အဓိပ္ပါယ်ကောက်ယူကြံဆပုံကို အံ့သြဝမ်းသာ ကြည်ညိုရင်း မိမိရဲ့ မတောက်တစ်ခေါက် ဉာဏ်အမြင်ကလေးအတွက် ခပ်ရှက်ရှက်နဲ့ပဲ အသာလေး ခေါင်းငုံ့ပြီး'မှန်ပါဘုရား'လို့ ဝန်ခံလိုက်ရတော့တယ်။
[ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)
မထေရ်မြတ်တို့ စကားဝိုင်း စာအုပ် စာ ၁၂၆၊ ၁၂၉ မှ ]
No comments:
Post a Comment