စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Thursday, September 10, 2020

၂၄ပစ္စည်း မြန်မာပြန်အမှား

#ပဋ္ဌာန်း၂၄ပစ္စည်းမြန်မာပြန်အမှား
_________________________

"လူမှုကွန်ရက်(Facebook)"၏
Page တစ်ခုနှင့် FB သုံးစွဲသူ
Acc အတော် များများသည် -

"ပဋ္ဌာန်(၂၄ ပစ္စည်း)"ကို မြန်မာပြန်၍

၁။ ဟေတုပစ္စယော = အကုသိုလ်ကင်း၍
ကုသိုလ်နှင့် ယှဉ်တွဲရပါစေသား။

၂။ အာရမ္မဏပစ္စယော = မျက်စိနှင့်
နားသည် နိဗ္ဗာန်သို့
မျက်မှောက်ပြုရပါစေသား။

၃။ အဓိပတိပစ္စယော = ရုပ်၊နာမ်နှစ်ပါးကို
စောင့်ရှောက်ထိန်းသိမ်းနိုင်ရပါစေသား။

၄။ အနန္တရပစ္စယော = များလှစွာသော
ကုသိုလ်တရားကို
မျက်မှောက်ပြုရပါစေသား။

၅။ သမနန္တရပစ္စယော = ရုပ်နှင့်နာမ်
အတူရှိသောတရားတို့ကို
မျက်မှောက် ပြုရပါစေသား။
- စသည်ဖြင့် အမျိုးမျိုးအဖုံဖုံ
"မတန်မရာ"ရေးသား၍
ဖြန့်ဝေနေကြ, Share နေကြသည်ကို
တွေ့လိုက်ရပါ၏။

"ပဋ္ဌာန်" ရွတ်လျှင် -
"ဘေးအန္တရာယ်ကင်းသည်။"
"ဘုန်းကြီးသည်။"
"ကုသိုလ်ရသည်"ဟုသာ
သာမန်မျှ သိသော
"ပဋ္ဌာန်"ကြည်ညို သူတို့အဖို့ -

"သြော် -
ဟေတု - ဆိုတာ ဒီလိုလား။
အာရမ္မဏ - ဆိုတာ လက်စသတ်တော့
ဒီလိုကိုး" ဟူ၍
အပိုင်မှတ်ယူ လက်ခံသွားလျှင်
ခက်ပေလိမ့်မည်။

မူလအစဉ်အလာကိုလွန်ပြီး
ကွန့်လိုက်သော် -
မှန်လျှင် ကောင်းပါ၏။
မမှန်လျှင်(မမှန်ဖို့က များ၏။)
မသိနားမလည်သူများအပေါ်
"အပါယ်"သို့တွန်းချဘိသကဲ့သို့
ဖြစ်ပေလိမ့်မည်။

"ကြမ်းပေါက်ကျွံလျှင် နုတ်၍ရ၏။
စကားကျွံသော် နုတ်၍မရ"

"ဘာသာရေး ကလောင်" ကျွံသော်
ထို့ထက် ပိုဆိုးပေလိမ့်မည်။

"ဘာသာရေး"တွင်
"ဘွားတေး( sorry )"မရှိ။
"ဘွာ"ခတ်၍ မရ။
"ဘာသာရေး"မှာ ဝင်၍
"စတန့် မထွင်ထိုက်။"

ဤသို့ စွဲမြဲစွာ သဘောထားလျှက်
"ပေါ့ပေါ့တန်တန်"မရေးဘဲ
အစဉ်အလာ
"ဘုရားဟောကျမ်းဂန်နှင့်အညီ"
ရေးသားသင့်ပေ၏။

"ဗုဒ္ဓ"၏ဒေသနာတော်များသည်
"အတိဂမ္ဘီရကြီး(၄)ပါး"နှင့်ပြည့်စုံပါ၏။

"ဗုဒ္ဓခေတ်"အပါအဝင်
"ဘုန်းကံကြီးမားသူ"တို့မှ အပ -
"နှောင်းခေတ် လူတိုင်း"အတွက်မူ
နားလည်ရန်ခက်ခဲသဖြင့်
"ပါဠိတော်များ"ကို
"ဗုဒ္ဓ အလိုတော်ကျ
"အနက် အဓိပ္ပါယ် ဖွင့်ဆို
ရှင်းလင်းမှသာ အကျိုးများပေမည်။

#ပဋ္ဌာန်၏အဓိပ္ပါယ်
----------------------
"ပဋ္ဌာန်"ဟူသည်
"ပဋ္ဌာန" မှလာခြင်းဖြစ်ပြီး
"ပဋ္ဌာန"၏ အဓိပ္ပါယ်သည် -

ပ = မျိုးစုံ, အမျိုးမျိုး၊
ဋ္ဌာန = အကြောင်းတရား။

ပဋ္ဌာန( "ပဋ္ဌာန်"အမျိုးမျိုးသော
အကြောင်းတရားများက စုပေါင်းပြီး
အကျိုးတရားများ ထုတ်လုပ်နေပုံကို
အကြောင်းအမျိုးမျိုးနှင့်
ရှင်းလင်းပြသော ဒေသနာတော်"ဟု
ဖွင့်ဆိုပါ၏။
( ကျမ်းကိုး -
ဒေါက်တာနန္ဒမာလာဘိဝံသ၏
"ပဋ္ဌာန်မြတ်ဒေသနာ" )

"ပဋ္ဌာန်တရားတော်"၌
"လူ နတ် ဗြဟ္မာ"
ဘုံတွေအကြောင်း မပါဝင်ဘဲ
ရုပ်-နာမ်များ၏
အကြောင်းအထောက်အပံ့
အကျိုး အထောက်အပံ့များကိုသာ
သီးခြား ဟောသည့် တရားဖြစ်၏။

"အကြောင်းနှင့် အကျိုး"ကို
အကျယ်ချဲ ့သောအခါ"ပဋိစ္စသမုပ္ပါဒ်"
"ပဋိစ္စသမုပ္ပါဒ်"ကို အကျယ်ထပ်ချဲ့ရင်
"ပဋ္ဌာန်တရား"ဟု ဆိုပါ၏။

"ရုပ် နာမ် ဓမ္မ"တို့၏
"သဘာဝဖြစ်စဉ်"ကို
ကြောင်းကျိုးယှဉ် တင်ပြထားသော
"ပဋ္ဌာန်ဒေသနာ"ကို လေ့လာခြင်းဖြင့်
ဖြစ်စဉ် ဖြစ်ရပ်မှန်သမျှ
အကြောင်းမဲ့ ဖြစ်ပေါ်လာခြင်းမဟုတ်၊
"အကြောင်းကြောင့် -
အကျိုး ဖြစ်ပေါ်လာခြင်းသာဖြစ်၏"ဟု
အမှန်ကို အမှန်အတိုင်း မြင်၍၊
အရှိကို အရှိအတိုင်း သိ၍၊
အရာရာကို ကြောင်းကျိုး
ဆင်ခြင်နိုင်ကြစေရန်
"ယထာဘူတဉာဏ်"ကို အခြေခံကာ
တရားအဆင့်ဆင့်မြင့်တက်လျက်
ဘဝ၏ အနှစ်သာရဖြစ်သော
"မဂ်ဉာဏ်,ဖိုလ်ဉာဏ်"ကို
အထောက်အကူပြုနိုင်ရန်
လေ့လာအပ်သော တရားဖြစ်ပါ၏။

သို့ဖြစ်ရာ
"သုတ်, ဝိနည်း, အဘိဓမ္မာ"တို့တွင်
"အဘိဓမ္မာ"သည် တစ်ခက်။
ထို"အဘိဓမ္မာ"(၇)ကျမ်း"၌
"ပဋ္ဌာန်ကျမ်းကြီး"သည်လည်း တစ်ခက်။

ဤသို့ ခက်ခဲနက်နဲသော
"ပဋ္ဌာန်ကျမ်ကြီး"ကို
သာမန် ထင်သလို ရေးနေကြခြင်းမှာ
"ဆန်တစ်စလယ်ဖြင့်
ငါးကြင်းခေါင်း တက်ကိုင်"
နေသကဲ့သို့ ဖြစ်ပေ၏။

ထို့ကြောင့် -
၁။ ဟေတုပစ္စယော = အကုသိုလ်ကင်း၍ ကုသိုလ်နှင့် ယှဉ်တွဲရပါစေသား။

၂။ အာရမ္မဏပစ္စယော = မျက်စိနှင့်
နားသည် နိဗ္ဗာန်သို့ မျက်မှောက်
ပြုရပါစေသား။
ဟူသော အရေးအသားသည်
"အဘိဓမ္မာ သဂြိုဟ်"တက်ဖူးသူတိုင်း
"အမှန်လား? အမှား လား?"
ကောင်းစွာ သိကြပါ၏။
"သဗ္ဗညုတဉာဏ်တော်"၏
အရာသာဖြစ်သော
သင်္ဂါယနာ အဆက်ဆက်၊
ဆရာ အဆက်ဆက်၊
ပညာရှိ အဆက်ဆက်တို့က
ပမာဏပြုခဲ့သော
နက်နဲ သိမ်မွေ့လှသည့်
ပဋ္ဌာန်တရား ဖြစ်ပါ၏။

ပိဋကတ်ကျမ်းဂန်ကို
ကိုယ်လိုရာဆွဲပြီး မှားမှားယွင်းယွင်း
ရေးသားထားသည်ရှိသော်
အပါယ်ချသည့်အလုပ်ကို
လုပ်မိလျက်သား ဖြစ်ပေလိမ့်မည်။

ဗုဒ္ဓဘာသာဝင်အများစု၏
ကြုံတောင့်ကြုံခဲ လူ့ဘဝကို ရရှိထားပြီး
ဘုရားသာသနာနှင့် ကြုံခိုက်
ဆန်းသစ်သော အတွေးအခေါ်လိုလိုနှင့်
လူပြိန်းကြိုက် ရေးသားသည့်
လက်ချက်ကြောင့်
အယူမှားရလေသော် -
"စားခါနီးထမင်းလုပ်ကို ပုတ်အချခံရဘိ"
သကဲ့သို့အကျိုးကြီး
နည်းရှာမည်ဖြစ်ပါ၏။

တရားဓမ္မနယ်၌
ဓမ္မက္ခန္ဓာကို ပမာဏ မပြုဘဲ
အမှန်ကို ဇောက်ထိုးဖြစ်စေသော 
"ဝိပ္ပလ္လာသ မျက်လုံး"ဖြင့်
"မျက်ကန်းတစ္ဆေမကြောက်"
ကိုယ်ထင်ရာ ပေါ့ပေါ့တန်တန် ရေးသော် 
"ငရဲ ငွေပေးဝယ်"ရသကဲ့သို့
"နစ်နာမည်"ဟု ကောင်းစွာသိစေအပ်၏။
........................................

#ပဋ္ဌာန်၂၄ပစ္စည်း
အနက်, အဓိပ္ပါယ်
အစစ်အမှန်၏ အကျဉ်းချုပ်
-------------------------------

၁။ ဟေတုပစ္စယော။
"ဟိတ်ခြောက်ပါး"ဖြစ်၍
"ပစ္စယုပ္ပန်တရား"တို့အား အမြစ်သဖွယ်
ကျေးဇူးပြုတတ်သော တရား။
(ရေသောက်မြစ်လျှင်၊ ယင်းသစ်ပင်ကို၊
စည်ပင်စေမှု၊ ကျေးဇူးပြု၊
ဟေတုပစ္စည်းခေါ်)

၂။ အာရမ္မဏပစ္စယော။
"အာရုံခြောက်ပါး"ဖြစ်၍
ကျေးဇူးပြုတတ်သော တရား။
(တောင်ဝှေးကြိုးတန်း၊ သူမစွမ်းကို၊
မပန်းရစေ၊ ထိုင်ထစေမှု၊
ကျေးဇူးပြုပြန်-အာရမ္မဏခေါ်)

၃။ အဓိပတ္တိပစ္စယော။
"အကြီးအမှူး"ဖြစ်၍
ကျေးဇူးပြုတတ်သော တရား။
(စကြာမင်းရှင်၊ အုပ်စိုးသွင်သို့၊
ပြိုင်ရှင်မရှိ၊ စိုးအုပ်ဘိ - အဓိပတိခေါ်)

၄။ အနန္တရပစ္စယော။
"အခြားမဲ့ (တဆက်တည်း အကြားမရှိ)"
ဖြစ်၍ ကျေးဇူးပြုတတ်သော တရား။
(စကြာမင်းဖျား၊ နတ်ရွာလားသော်၊
သားကြီးနန်းရ၊ ဖြစ်ရပမာ၊
ခြားရာမရှိ-ကျေးဇူးရှိ)

၅။ သမနန္တရပစ္စယော။
"ကောင်းစွာ အခြားမဲ့"
(တဆက်တည်း အကြားမရှိ)ဖြစ်၍
ကျေးဇူးပြုတတ်သော တရား။
(စကြာမင်းဖျား၊ တောထွက်သွားသော်၊
သားကြီးနန်းရ၊ ဖြစ်ရပမာ၊
ခြားရာမရှိ-ကျေးဇူးရှိ)

၆။ သဟဇာတပစ္စယော။
"အတူတကွ" ဖြစ်၍
ကျေးဇူးပြုတတ်သော တရား။
(ဆီမီး တောက်သော်၊ အလင်းပေါ်သို့၊
ထို့တူတသီး၊ ပစ္စည်းပစ္စယုပ္ပန်-
အတူဖြစ်ဟန်ကို)

၇။ အညမညပစ္စယော။
"အချင်းချင်းအပြန်လှန်
ကျေးဇူးပြုတတ်"သော တရား။
(သစ်သား သုံးခွ၊ ချင်းချင်းမသို့၊
အညမညံ၊ ပြန်လှန်သမှု-ကျေးဇူးပြု)

၈။ နိဿယပစ္စယော" 
"မှီရာဖြစ်၍"
ကျေးဇူးပြုတတ်သော တရား။
(သစ်ပင်တည်ရာ၊ မြေပမာလျှင်၊
မှီရာတည်မှု-ကျေးဇူးပြု)

၉။ ဥပနိဿယပစ္စယော။
"အားကြီးသော အကြောင်းဖြစ်၍"
ကျေးဇူးပြုတတ်သော တရား။
(မိုးကြီးပမာ၊ သတ္တဝါတွေ၊
တည်နေနိုင်မှု၊ ကျေးဇူးပြု၊ -
ဥပနိဿယခေါ်)

၁၀။ ပုရေဇာတပစ္စယော။
"ရှေး၌ ဖြစ်နှင့်၍"
ကျေးဇူးပြုတတ်သော တရား။
(ကမ္ဘာဦးက၊ နေနှင့်လသို့၊
ရှေ့ကဖြစ်လာ၊ နောက်ကဖြစ်လာသည့်
တရားစုစု-ကျေးဇူးပြု)

၁၁။ ပစ္ဆာဇာတပစ္စယော။
"နောက်၌ဖြစ်၍"
ကျေးဇူးပြုတတ်သော တရား။
(ဠင်းတ ငယ်သော်၊ အစာမျှော်သို့၊
နောက်ပေါ်လာသည့်၊
ပစ္စည်းတရားစု-ကျေးဇူးပြု)

၁၂။ အာသေဝနပစ္စယော။
"အဖန်တလဲလဲ မှီဝဲထုံအပ်သည်ဖြစ်၍"
ကျေးဇူးပြုတတ်သော တရား။
(ရှေးရှေးထုံထား၊ နံ့သာလားသို့၊
ရှေ့ဖျားကျမ်းဂန်၊ လေ့လာသန်လပ်၊
နောက်ထပ်ကျမ်းဂန်၊ အမြင်သန်သည် -
ဧကန် အာသေဝန သဘောတည်း။)

၁၃။ ကမ္မပစ္စယော။
"အကြောင်းကံဖြစ်၍"
ကျေးဇူးပြုတတ်သော တရား။
(မျိုးစေ့အလား၊ ပမာထား၍၊
နှစ်ပါးသောကံ၊ အခြေခံကာ၊
ဝေဘန်သမှု-ကျေးဇူးပြု)

၁၄။ ဝိပါကပစ္စယော။
"အကျိုးဖြစ်၍"
ကျေးဇူးပြုတတ်သော တရား။
(ချမ်းရိပ်နားနေ၊ သွန်းလေပြေသို့၊
ကံနေအလား၊ အဖြစ်များမှု-ကျေးဇူးပြု)

၁၅။ အာဟာရပစ္စယော။
"ထောက်ပံ့ ခိုင်ခံစေတတ်သည်ဖြစ်၍"
ကျေးဇူးပြုတတ်သော တရား။
(အိမ်ကို ကျားကန်၊ ဖြစ်ရဟန်သို့၊
သဏ္ဍာန်တူစွ၊ ထောက်ပံ့မသည့်၊
အာဟာရဖြစ်မှု-ကျေးဇူးပြု။)

၁၆။ ဣနြ္ဒိယပစ္စယော။
"အစိုးရသည်ဖြစ်၍"
ကျေးဇူးပြုတတ်သော တရား။
(မိမိဆိုင်ရာ၊ ကိစ္စမှာလျှင်၊
ကောင်းစွာစိုးရ၊ ဖြစ်ရစင်စစ်၊
ပဒေသရာဇ်-စိုးအုပ်လှစ်သို့)

၁၇။ စျာနပစ္စယော။
"ကမ္မဋ္ဌာန်းအာရုံသို့ကပ်၍ စူးစူးစိုက်စိုက်
ရှုတတ်သည်၏ အဖြစ်"ဖြင့်
ကျေးဇူးပြုတတ်သော တရား။
(သစ်ပင်တောင်ငူ၊ တတ်သသူသည်၊
အောက်သူတို့အား-ကြည့်ပြောငြားသို့။)

၁၈။ မဂ္ဂပစ္စယော။
"သံသရာမှ ထွက်မြောက်ကြောင်းနည်
လမ်းဖြစ်၍" ကျေးဇူးပြုတတ်သောတရား။
(ပမာကူသို့၊ ဆောင်ယူပို့သို့၊
ထို့တူနိဗ္ဗာန်၊ ရောက်ကြောင်းမှန်ပြု၊
-ကျေးဇူးပြု။)

၁၉။ သမ္ပယုတ္တပစ္စယော။
"ယှဉ်သည်ဖြစ်၍"
ကျေးဇူးပြုတတ်သော တရား။
(စတုမဓူ၊ ရောသည့်တူပေ၊
စိတ်စေနှစ်ပါး၊ ခွဲခြားမရ၊
ယှဉ်ကြသမှု-ကျေးဇူးပြု။)

၂၀။ ဝိပယုတ္တပစ္စယော။
"မယှဉ်သည်ဖြစ်၍"
ကျေးဇူးပြုတတ်သော တရား။
(ရသခြောက်ပါး၊ ရောစပ်ထားသို့၊
ခြားနားမတူ၊ ဖြစ်ဟန်မူသို့၊
ထို့တူမခြား-ကျေးဇူးပြု။)

၂၁။ အတ္ထိပစ္စယော။
"ထင်ရှားရှိဆဲဖြစ်၍"
ကျေးဇူးပြုတတ်သော တရား။
(မြင့်မိုရ်မြေကြီး၊ ထောက်ပံ့နည်းသို့၊
ပစ္စည်းသတ္တိ၊ ကျေးဇူးရှိ-
အတ္ထိပစ္စည်းခေါ်။)

၂၂။ နတ္ထိပစ္စယော။
"မရှိသည်ဖြစ်၍"
ကျေးဇူးပြုတတ်သော တရား။
(ငြိမ်းသေလေပြီး၊ ဆီမီးတန္တု
ကျေးဇူးပြုသို့၊ ထို့တူမှတ်ဘိ၊
မရှိသမှု-ကျေးဇူးပြု။)

၂၃။ ဝိဂတပစ္စယော။
"ကင်းမဲ့ချူပ်ပျောက်သည်ဖြစ်၍"
ကျေးဇူးပြုတတ်သော တရား။
(နေရောင်ပျောက်ကင်း၊
လရောင်လင်းသို့၊
ချုပ်ကင်းလေမှု-ကျေးဇူးပြု။)

၂၄။ အဝိဂတပစ္စယော။
"မကင်းသည်ဖြစ်၍"
ကျေးဇူးပြုတတ်သော တရား။
(သမုဒ္ဒရာ၊ ငါးပျော်ရာသို့၊
မကင်းသောအား၊
ယင်းတရားစု-ကျေးဇူးပြု။)

ဣတိ = ဤသို့၊
စတုဝီသတိ ပစ္စယာ = နှစ်ဆယ့်လေး
ပစ္စည်းတို့သည်၊
မဟာပကရဏေ = အနန္တနယ
သမန္တ မဟာပဋ္ဌာန်းကျမ်းကြီး၌၊
ဌိတာ = တည်ကုန်သည်၊
ဟောန္တိ = ဖြစ်ကုန်၏။
----------------------------------------------

ရေးသားပြီးစီးချိန် -
(30. 9 . 2018) Sunday
3 : 15 PM
သတ္တဝါမှန်သ၍ တရားတွေ့
ချမ်းမြေ့သာယာ ရှိပါစေ။
သူငါချပ်သိမ်း တရားကိမ်း
ငြိမ်းအေးကြပါစေ။
        - Ashin Pan Dita -

No comments:

Post a Comment