စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Sunday, November 30, 2025

စိတ်ကိုနိုင်ကြပါရဲ့လား

စိတ် ကို နိုင်ကြပါရဲ့လား
🍁🌷🍁🌷🍁🌷🍁🌷🍁

"ကမ္မဋ္ဌာန်းအလုပ်"-
စတင်လိုက်သည်နှင့် တစ်ပြိုင်နက်-
"စိတ်သည် ပေါက်လွှတ်ပဲစား 
နေတတ်ပါကလား"ဟု 
အသေအချာ သိရတော့၏။ 

"ကလေးဆိုး တစ်ယောက်"သည်-
"ကစားစရာအရုပ်"တစ်ခုပြီးတစ်ခု၊
လိုချင် တတ် သကဲ့သို့-

"လူ့စိတ်"ဆိုသည်မှာ-
"အာရုံတစ်ခုခုပေါ်မှာ စွဲမြဲစွာမနေနိုင်ဘဲ 
ဟိုရောက်၊သည်ရောက် ပြေးလွှားတတ်သောသဘော"ရှိ၍အမှန်တရားနှင့်ကင်းဝေးလျက်သာ
ရှိတတ်ပေသည်။

ဤသည်မှာ- 
"စိတ်၏"ချိုးကပ်နေသော သဘာဝ"ဖြစ်သည်။ 
ဤ စရိုက် အတိုင်းပင်လျှင်-
လူ့ဘဝ ကို ခြယ်လှယ်လျက် ရှိပေသည်။ 

သို့ရာတွင်-
"မိမိတို့၏ ပကတိ သဘာဝကို 
စူးစမ်းတော့မည်" ဆိုလျှင်
စိတ်၏ ပြေးလွှားလှုပ်ရှားတတ်သော၊
စရိုက်ဆိုး ကို ချိုးနှိမ်မှ ဖြစ်တော့မည်။ 

အထိန်းအကွပ်ကင်း သော စိတ်၏ စရိုက်ကို 
ထိန်းကွပ်ပြီးလျှင် ပကတိသဘာဝ ဆီသို့ 
ကပ်ရောက် စေရမည် ဖြစ်၏။ 

"ထိန်းကွပ်ခြင်း"ကို- 
"ဝင်လေ/ထွက်လေပေါ်မှာ အာရုံစိုက်ခြင်း"ဖြင့်ပင် 
စတင် ရပေသည်။

"စိတ်"သည်-
"ဝင်လေ/ထွက်လေမှ တစ်ပါးသော အာရုံသို့ 
ပျံ့လွင့်ကြောင်း"သိရှိသည့်အခါ"သတိ"ကပ်၍ 
"စိတ်ကို အာရုံ"ဆီသို့ ရောက် အောင် ပြန်၍
ဆွဲယူရမည်။ 

ဤသို့ ပြုလုပ်ရာ၌-
-စိတ်ရှည်ဖို့လိုသည်။ 
-စိတ်အေးအေးထားရန် လိုပါသည်။ 

စိတ် က ကိုယ်လိုသည့်အတိုင်း 
ထားရာမှာ မနေဘဲ ထပ်၍ လွင့်ပါးပါလိမ့်မည်။

ပြန် ထိန်းထားလိုက်၊ 
အပြင် ဘက် ထွက်သွားလိုက်နှင့်၊
အကြိမ်ကြိမ်လွင့်ပါးလျက် ရှိစေကာမူ-
-စိတ်ခုခြင်းမရှိ၊ 
-အပြုံးမပျက် ဆက်၍သာ ထိန်းနေ ရပါမည်။ 
"စိတ်ပျက်လက်လျော့ခြင်း" မပြုရပါ။

တစ်သက်တာလုံး ပေါက်လွှတ်ပဲစားနေခဲ့သော
ဤ"စိတ်"ကို မိနစ်အနည်းငယ်အတွင်း၊
သေဝပ် အောင် မစွမ်းနိုင်ခြင်းမှာ၊
စိတ်ပျက်စရာမဟုတ်ပါ။

"စိတ်ကို တည်ငြိမ်အောင်ပြုရသော အလုပ်"မှာ
မရပ်မနား ထပ်ကာထပ်ကာ လေ့ကျင့်ယူရသော
သဘောရှိပါသည်။ 

စိတ်ရှည်မှ ဖြစ်ပါသည်။
စိတ်အေးအေးထားပြီး လုပ်ရပါမည်။ 

ဤနည်း ဖြင့်ပင် မိမိ၏ အတွင်းသန္တာန်ကို 
စစ်မှန်သည့် အတိုင်း သိမြင်နိုင်သည်အထိ 
တရားကို ထူထောင်ရပါသည်။ 
ဤသည်ကား "သမ္မာကမ္မန္တ"ပင်ဖြစ်ပါသည်။ 

"ဘုရားရှင်"ဟောကြားတော်မူသော-
"သမ္မပ္ပဓာန်(၄)ပါး"တို့မှာ -

"မဖြစ်ပေါ်သေးသော အကုသိုလ်တရားများ"
မဖြစ်ပေါ်စေရန် လုံ့လ စိုက်ထုတ်ရခြင်း။

"ဖြစ်ပေါ်ပြီး အကုသိုလ်တရားများ"ကို 
ပယ်စွန့် ရခြင်း။

"ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားများ"ကို 
ရှင်သန်ပွားများ၍ အစွမ်းကုန်ဖွံ့ဖြိုးစေရန်-
ထိန်းသိမ်းစောက်ရှောက်ရခြင်း တို့ပင်
ဖြစ်ပါသည်။

"အာနာပါနကမ္မဋ္ဌာန်း အလုပ်"သည်-
အထက်ပါ"သမ္မပ္ပဓာန်(၄)ပါးကို တစ်ပြိုင်တည်း
ပွားများ စေသောနည်း ဖြစ်၏။ 

"ထွက်လေ၊ဝင်လေကိုစူးစိုက်၍ ရှုမှတ်ခြင်း"ဖြင့် "ကုသိုလ်စိတ်"ကို ဖြစ်စေ၍၊
ထိန်းသိမ်းခြင်းကို ပြု၏။ 

"သိမှတ်စိတ်ကို မလွတ်စေရအောင် 
စိတ်ပျံ့လွင့်မှုကို တားဆီးခြင်း"ဖြင့်၊
"အကုသိုလ်တရား"ကို မဖြစ်ပေါ်စေရန် ပြု၏။ 

"အမှန်တရားမှ ကင်းဝေးစေခြင်း"ကို
ပိတ်ပင်ခြင်းပြု၏။ 
ပြင်ပအာရုံဝင်လာလျှင်-
"၎င်းအာရုံကို စိတ်တွင်ဝင်စားခွင့်မပြု"ဟူ၍
"ဝင်သက်ထွက်သက်"ဆီသို့သာ-
"စိတ်"ကို ပြန်၍ စွဲမြဲစေ၏။ 

ဤနည်းအားဖြင့်-
"စိတ်ကို တစ်ခုတည်းသော အာရုံ"ပေါ်မှာသာ 
တည်စေ၍ အခြားအာရုံများဆီသို့၊
ပြောင်းရွေ့မသွားအောင် ပြု၏။ 

"သမာဓိ"ဆိုသည်မှာ-
-"စိတ်၏တည်တံ့မှု"နှင့်
-"မပျံ့လွင့်မှု"တို့ကိုပင် ဆိုလိုပေသည်။ ။

"ကမ္ဘာ့ဝိပဿနာ ဆရာကြီး ဦးဂိုအင်ကာ"
[Mr. Satya Narayan Goenka.]


မှီခိုရာ ကျမ်းကိုး

("The Art Of Living"
S.N Goenka.
"အနေတတ်ပါစေ"။
"ဦးတင်ဦး(မြောင်)" မြန်မာပြန် စာအုပ်။
စာ [၁၁၂/၁၁၃] မှ )

"ဓမ္မပဗ္ဗတ ဝိပဿနာ ရိပ်သာ"
နောင်ဆိုင်ရွာ ။ မူဆယ်- နမ့်ခမ်းမြို့။
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မြန်မာနိုင်ငံ။

သင်္ခါရနှင့်တွေ့လျှင် ခပ်တည်တည် နေကြ

သင်္ခါရနှင့်တွေ့လျှင် ခပ်တည်တည် နေကြ
~~~~~~~~~~~~~~~~~~~~~~~~~~~~~

သင်္ခါရနဲ့တွေ့လျှင်ခပ်တည်တည်နေကြ။

ကမ္ဘာကြီးကအစတည်းက အပျက်ကြီး။

ဓာတ်ကြီးလေးပါးတို့ စုပေါင်းမိမှအစိုင်အခဲအဖြစ် ပုံပေါ်လာတာ ....။

မြေ ရေ ဓာတ်မနှစ်ခုနဲ့
လေ မီး ဓာတ်ဖိုနှစ်ခုတို့ရဲ့ 
ပဋိပက္ခကြောင့် ....

အညှိကပ်သတ္တဝါဖြစ်ရာကနေ
လူ နတ် ဗြဟ္မာ တွေအထိ တိုးတက်လာတယ် ....။

အကြောင်းတရားတို့ ရှိလို့ အကျိုးပေါ်တယ်

ပြီးရင်ပျောက်တယ် ဒါ သင်္ခါရရဲ့ နိယာမပဲ ....။

အဲဒီမှာ သူ့အကြောင်းရှိလို့ အကျိုးပေါ်လာတာကို
ဒါ ငါ့ဟာ လို့ သွားအသိအမှတ် ပြုလိုက်တာနဲ့တစ်ပြိုင်နက် ......

သင်္ခါရတရားကြီးက " ဒုက္ခ " ဆိုတဲ့ 
ဂုဏ်ပုဒ်တစ်ခုနဲ့ ကမ်းတက်လာတော့တာ ....။

ငါတော့ပျက်ပါပြီ ငါ့ဟာပျက်ပါပြီ
ဒုက္ခပါပဲ ဆိုပြီးတော့ပေါ့ ....။

ကိုယ်က အသိအမှတ် မပြုရင် 
သူ့ဟာသူ ဖြစ်စရာအကြောင်းရှိ ဖြစ်ပေါ့
ပျက်စရာ အကြောင်းရှိ ပျက်ပေါ့
ဒါ သူ့အလုပ်ပဲ .....။

သူ့အလုပ် သူ လုပ်နေတာကို
ကိုယ်က ဝင်မရှုတ်သမျှ ကိုယ် ဒုက္ခမရောက်ဘူး

#တရား_အားထုတ်ရတယ်_ဆိုတာ
#ကိုယ့်အရှုပ်_ကိုယ်_ရှင်းနေရတာ
သင်္ခါရနဲ့ ဘာမှ မဆိုင်ဘူးရယ် ....။

သင်္ခါရဆိုတာ သတိကိုတော့ သိပ်ကြောက်တယ်

သတိနဲ့ စိုက်ကြည့်လိုက်ရင် 
အမှောင်ထဲကသူခိုး မီးနဲ့ အထိုးခံရသလို
တစ်ခါတည်း လစ်တော့တာပဲ  
ကိုယ်ကြည့်ချိန်မှာ သူက ပျက်ပြီလေ ....။

ဒါကြောင့် .....

သင်္ခါရနဲ့တွေ့ရင် သတိလေးနဲ့ ခပ်တည်တည်သာနေ

သွားပြာလောင်မခတ်နဲ့ ရောင့်တက်ပြီး
ကိုယ့်အပေါ် ဒုက္ခနဲ့ ဂုတ်ခွစီးသွားမယ် ....။

သူမစီးခင် ကိုယ်က အရင်စီးနိုင်အောင် လုပ်ထား
ကြားလား ....။

ရှင်းတဲ့ပုဂ္ဂိုလ်တွေ အတွက်တော့ ရှင်းပါတယ်
ကိုယ်က မခေါ်ဘဲနဲ့ ဒုက္ခရောက်လာတယ် ဆိုတာ
ရှိကို မရှိပါဘူး .....။

ဖြစ်လာတယ် .... ပျက်သွားပြီ .... ဒါပါပဲ ....။

                     ဓမ္မဘေရီဆရာတော်ကြီးအရှင်ဝီရိယ
                     အမရပူရမြို့ တူမောင်းတိုက်

Credit..

Saturday, November 29, 2025

ဝိပဿနာရှုပုံ

မေး
"ဒွါရ(၆)ပါး"ထဲက တစ်ပါးပါးမှာကွက်ပြီး 
ဝိပဿနာရှုရင် ဖြစ်နိုင်ပါ့မလား။ 

ဥပမာ-"မျက်စိနဲ့ ရူပါရုံ"၊
"နားနဲ့ အသံ"စသည်ဖြင့် ဆိုပါစို့။

ဆရာကြီး ဦးဂိုအင်ကာ

"ဖြစ်နိုင်တာပဲ။
သို့သော်လည်း-
ဘယ်"ဒွါရ"ကပဲ "အာရုံ"ကိုသိတာဖြစ်စေ
"ဝေဒနာ"ကို သိတာကတော့ ဖြစ်ရမှာပါ။ 

"မျက်စိ၊ နား၊နှာ၊ လျှာ၊ ကိုယ်၊ စိတ်"ဆိုတဲ့ 
"ဒွါရ(၆)ပါး"စလုံးမှာ"ဖဿ"ခေါ်တဲ့"အာရုံ"နဲ့ 
ထိခိုက်မိတိုင်း "ဝေဒနာ"ပေါ်ပါတယ်။

အဲဒီ"ဝေဒနာ"ကို မရှုမှတ်နိုင်လို့ လွတ်သွားရင်
"သင်္ခါရ"ခေါ်တဲ့ "တုံ့ပြန်မှုဖြစ်ပုံ"ကို 
မသိလိုက်ရပါ။

"ဒွါရ"တိုင်းမှာလည်း-
"အာရုံသိရတဲ့ အကြောင်း"က
အဆက်မပြတ် မဟုတ်ပါ။

ပြတ်တောင်း ပြတ်တောင်းသာ
ဖြစ်တတ်ပါတယ်။ 
ဥပမာ-"အသံ"ဆိုပါတော့၊ 
ကြားရတစ်ချက်၊မကြားရတစ်ချက်သာ 
ဖြစ်နေတာပါ။

သို့သော်လည်း-
"ပရမတ္ထရဲ့ သဘာဝ"အားဖြင့်တော့
"စိတ်နဲ့ရုပ်"တို့ဟာ အစဉ်အမြဲ ထိတွေ့
နေကြတာပါ။
ထိတွေ့မှုကြောင့် "ဝေဒနာတွေ"ဟာ 
အစဉ်မပြတ် ဖြစ်ပေါ်နေပါတယ်။ 

ဒါကြောင့် "ဝေဒနာ"ကို ရှုမှတ်ရတာဟာ 
"အနိစ္စရဲ့သဘော"ကို "ဒိဌဓမ္မ"သိနိုင်ဖို့
အလွယ်ဆုံး အရှင်းဆုံးဖြစ်ပါတယ်။ 

ဒီနည်းနဲ့ သိဖို့ကို ဦးစွာ ပိုင်နိုင် ထားတာ
ကောင်းပါတယ်။ 
ပိုင်နိုင်ပြီးရင် "တခြား ဒွါရတွေ"နဲ့ 
စမ်းကြည့်ချင် စမ်းကြည့်နိုင်ပါတယ်။

"ကမ္ဘာ့ဝိပဿနာ ဆရာကြီး ဦးဂိုအင်ကာ"
[Mr. Satya Narayan Goenka.]


မှီခိုရာ ကျမ်းကိုး

("The Art Of Living"
S.N Goenka.
"အနေတတ်ပါစေ"။
"ဦးတင်ဦး(မြောင်)" မြန်မာပြန် စာအုပ်။
စာ [၁၅၈] မှ )

"ဓမ္မပဗ္ဗတ ဝိပဿနာ ရိပ်သာ"
နောင်ဆိုင်ရွာ ။ မူဆယ်- နမ့်ခမ်းမြို့။
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မြန်မာနိုင်ငံ။

Friday, November 28, 2025

စိတ်ဓာတ်တွေညစ်နွမ်းနေသမျှ အရာအားလုံးကညစ်နွမ်းနေမှာပဲ

စိတ်ဓာတ်တွေ 
ညစ်နွမ်းနေသမျှ အားလုံးဟာ ညစ်နွမ်းနေမှာပဲ

ဘုန်းကြီးတို့ရဲ့ စိတ်တွေကိုကြည့် - လောဘဖြစ်လိုက်၊ ဒေါသဖြစ်လိုက်၊ မောဟဖြစ်လိုက်၊ အာရုံအားလျော်စွာ မာန်မာန တွေဖြစ်လိုက်၊ ဣဿာတွေဖြစ်လိုက်၊ မစ္ဆရိယတွေဖြစ်လိုက်နဲ့၊ စိတ်ထဲမှာ အညစ်အကြေးတွေ လှည့်ပြီးတော့ ဖြစ်နေတယ်၊ စိတ်ဓာတ်တွေ ညစ်နွမ်းနေသမျှ အားလုံးဟာ ညစ်နွမ်းနေမှာပဲ၊ စိတ်ဟာ ဖြူစင်မှုမရှိဘူး၊ စိတ်မှာ အညစ်အကြေးတွေဖြစ်နေပြီ၊ ဒီ အညစ်အကြေးတွေ ဖြူစင်သွားအောင်လုပ်နိုင်တာ ဒီသတိပဋ္ဌာန် ကျင့်စဉ်ပဲတဲ့၊ Mindfulness လုပ်ရမယ်တဲ့၊ ကာယ ဝေဒနာ စိတ္တ ဓမ္မ ဆိုတဲ့ အာရုံ ၄-ရပ် ပေါ်မှာကပ်နေတဲ့ သတိသည် သတ္တဝါတွေရဲ့ စိတ်ဓာတ်ကို ဖြူစင်စေတယ်။

လူတွေကပြောတယ်၊ ဒီလူကတော့ စိတ်ထားဖြူစင်တယ် ဆိုတာအပေါ်ယံပြောတာ၊ မြတ်စွာဘုရားပြောတဲ့ စိတ်ထားဖြူစင်မှုဆိုတာ ကိလေသာအညစ်အကြေးတွေ လုံးဝကင်းစင်သွားတဲ့ စိတ်ဓာတ်၊ စိတ်ဓာတ်သည် ပူပန်မှု မရှိဘူး၊ ညစ်နွမ်းမှုမရှိဘူး အမြဲတမ်းအေးချမ်းတယ်၊ အဲဒီအေးချမ်းပြီး ငြိမ်သက်နေတဲ့ စိတ် ကလေးဟာ ဖြူစင်နေတယ်၊ အဲဒီ စိတ်ဓာတ်ကလေး ဖြူစင်ဖို့ အတွက် ဒါဟာ တစ်ခုတည်းသော နည်းလမ်းပါပဲ။

သတိပဋ္ဌာန်ကျင့်စဉ်ကို ကျင့်ပြီဆိုရင် နံပါတ်(၁) ရနိုင်တဲ့ အကျိုးတရားက စိတ်ထဲမှာ ညစ်ထေးနေတဲ့ ကိလေသာအညစ်အကြေးတွေကို ဆေးကြောပစ်နိုင်တယ်၊ ဖြူစင်သွားနိုင်တယ်၊ မိမိတို့ဝတ်တဲ့အဝတ် မည်းညစ်နေပြီဆိုရင် ကောင်းတဲ့ဆပ်ပြာ အစွမ်းထက်တဲ့ဆပ်ပြာနဲ့ လျှော်ကြတယ်၊ အဲဒီတော့ အဝတ်ကလေး ဖြူဖွေးစင်ကြယ်သွားတယ်၊ အဲဒါလိုပဲ သတိပဋ္ဌာန်နဲ့ ဆေးကြောလိုက်ပြီဆိုရင် စိတ်ကလေးဟာ ဖြူစင်သွားတယ်၊ ရဟန္တာပုဂ္ဂိုလ်တွေမှာ စိတ် ဖြူစင်သွားတယ်ဆိုတာ ထာဝရဖြူစင်သွားတာ။

ဆိုပါစို့ - သောတာပန်ဖြစ်ပြီဆိုရင် ဒိဋ္ဌိဆိုတဲ့ မှားယွင်းတဲ့ အမြင် မလာတော့ဘူး၊ ဝိစိကိစ္ဆာဆိုတဲ့ ဓမ္မနဲ့ပတ်သက်တဲ့သံသယတွေ မလာတော့ဘူး၊ ဒီအညစ်အကြေး ၂-ခု လုံးဝကင်းသွားတယ်၊ ဒီလိုဖြူစင်သွားအောင် ဘယ်သူ့ရဲ့ စွမ်းဆောင်ချက်လဲ ဆို ရင် သတိအပါအဝင် မဂ္ဂင် ၈-ပါးရဲ့ စွမ်းဆောင်ချက်၊ သို့သော် ဒီနေရာမှာ သတိကိုဦးတည်ပြောတာ၊ ဟောဒီသတိပဋ္ဌာန်ကျင့်စဉ်ကိုကျင့်လိုက်လို့ အဲဒီအခြေအနေမျိုးကို ရတာတဲ့။

သကဒါဂါမိမဂ် အနာဂါမိမဂ်ရရင် ကာမရာဂစိတ်တွေ ကင်းသွားတယ်၊ ဗျာပါဒလို့ခေါ်တဲ့ ဒေါသတွေ ကင်းသွားတယ်။ ဆိုင်ရာဆိုင်ရာ အကုသိုလ်တရားတွေ အင်မတန်နည်းသွားတယ်။ အနာဂါမ်ပုဂ္ဂိုလ်ရဲ့ စိတ်ဟာ အလွန်ဖြူစင်သွားပြီ၊ ရဟန္တာဖြစ်လို့ အရဟတ္တမဂ်ပေါ်လာပြီဆိုတာနဲ့ စိတ်ရဲ့ အညစ်အကြေးကိလေသာ မှန်သမျှဟာ လုံးဝ ဖြူစင်သွားတယ်၊ အဲဒီလို စိတ်ဓာတ်လုံးဝဖြူစင်သွားတဲ့ အနေအထား ရောက်အောင် ဘာလုပ်ရမလဲဆိုရင် သတိပဋ္ဌာန်ကျင့်ရမယ်၊ သတိပဋ္ဌာန်ကျင့်ခြင်းဖြင့် စိတ်ကိုလုံးဝ ဖြူစင်စေတယ်ဆိုတာ အကျိုးတစ်ခု။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ကြီးဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
🙏🙏🙏

ကံပုံရိပ်

လူဖြစ်လာပြီး လောဘနဲ့နေမယ်၊ဒေါသနဲ့နေမယ်။ဘာမှမသိဘူး၊မောဟနဲ့နေမယ်ဆိုရင် စိတ် သဘော ထားအရ တိရစ္ဆာန် အဆင့်နဲ့တူမနေ ဘူးလား။

အဲဒါဆိုရင် ခဲခဲယဉ်းယဉ်း ရလာတဲ့ လူ့ဘဝ 
လူ ဖြစ်ကျိုးနပ်ပါ့မလား။မနပ်ပါဘူး။
အေး ဒါကြောင့်မို့ လူဖြစ်ရကျိုးနပ်ဖို့ ကိုယ့်ဘဝအရေးစဉ်းစားရမယ်။

ဒီအတိုင်းမှတ်တမဲ့ မနေရဘူး။
လူဖြစ်ကျိုးနပ်အောင်နေရမယ်။
အဲဒီတော့ လူဖြစ်ကျိုးနပ်အောင်နေဖို့ဆိုတာ 
ဘာတွေလုပ်ဖို့လိုလဲ၊ဘယ်လိုလုပ်မှ လူဖြစ်ကျိုး
နပ်မလဲဆိုတာသိရမယ်။

အရေးကြီးဆုံးကဘာလုပ်ရမလဲ။

နံပါတ်တစ်က လူဖြစ်လာပြီဆိုရင် အရေးကြီးဆုံး ခံယူချက်က ကမ္မဿကတာ သမ္မာဒိဌိဆိုတဲ့ မှန်ကန်တဲ့အမြင် ရအောင်လုပ်ရမယ်၊မရသေးရင် ရအောင်လုပ်ရမယ်။

ကမ္မဿကတာ သမ္မာဒိဋ္ဌိဆိုတာ ဘာပြောတာလဲ။
ကိုယ်လုပ်တာ ကိုယ်နဲ့သာဆိုင်တယ်ဆိုတဲ့ 
ခံယူ ချက်။

မြတ်စွာဘုရားက ဟောထားတယ်။

ယံကမမြံ ကရိ ဿနတြိ ကလှာထံ ဝါ ပါပကံ ဝါ တဿ ကမမြဿ ဒါယာဒါ။

ကောင်းတာလုပ်လုပ်၊ဆိုးတာလုပ်လုပ် ဘာပဲလုပ်လုပ် ကိုယ်ပဲဆိုင်တယ်။ကိုယ်ပဲအမွေခံရမယ်။
အဲဒီခံယူချက်ထားတာကို ကမ္မဿကတာ သမ္မာဒိဋ္ဌိခေါ်တယ်။

အဲဒီအမြင် ရှိရမယ်တဲ့။မှန်ကန်တဲ့ အဲဒီအမြင်မရှိရင် လူတော်လူကောင်းမဖြစ်နိုင်ဘူး။

ဒါကြောင့်မို့လို့ နံပါတ်(၁)လူဖြစ်လာလို့ရှိရင် 
ကမ္မဿကတာသမ္မာဒိဋ္ဌိ ရှိရမယ်။

မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်။ 
ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်လို့ ခံယူထားသည့်အတွက်ကြောင့်ကောင်းတာလုပ်ဖို့ပဲ ကြိုးစားလိမ့်မယ်။

မကောင်းတာလုပ်ဖို့ မကြိုးစားတော့ဘူး။
ဘာဖြစ်လို့လဲဆိုတော့ လူတိုင်းလူတိုင်းဟာ 
ကောင်းတာပဲရချင်လို့ပေါ့။
မကောင်းတဲ့ အမွေတွေတော့ ဘယ်သူမှ 
မခံချင်ဘူး။

ကောင်းတဲ့အမွေ ရအောင်ဆိုပြီး ကောင်းအောင်
နေလိမ့်မယ်တဲ့။
ဒါကကိုယ့်ကိုကိုယ် စဉ်းစားဖို့ လိုအပ်တဲ့အချက်ပဲ။

ဒီဘဝတင်ပဲကြည့်၊လူတိုင်းလူတိုင်းမှာ ကံရဲ့ပုံရိပ်အမှတ်တံဆိပ်တွေ ပေါ်နေတယ်တဲ့။

အမှတ်တမဲ့မနေနဲ့ ကံရဲ့ ပုံရိပ်အမှတ်တံဆိပ်တွေ
လူတိုင်းလူတိုင်းမှာရှိတယ်။

ကြည့်လေ ။ကံရဲ့ ပုံရိပ်တွေ ဘယ်လိုပေါ်လာလဲလို့ဆိုရင် တစ်ချို့ကျတော့ ရုပ်လှတယ်တဲ့။ 

တစ်ချို့ကတော့ရုပ်မလှဘူးတဲ့၊ ဒါဟာ ကံရဲ့ပုံရိပ်အမှတ် တံဆိပ်လေးပါပဲ။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
🙏🙏🙏

သောကဖယ်ရှားနည်း

“နှလုံးသားကို ပူလောင်စေတတ်တဲ့ သောကကို ဖယ်ရှားချင်ရင်”

သောကဆိုတာ ဖြစ်လာမယ့်အရာတွေးပြီးပူတယ်၊ ဖြစ်ပြီးသွားတဲ့ အရာပေါ်မှာ တွေးပြီးတော့ ပူတယ်၊ ပစ္စည်းအတွက် ပူတယ်၊ လူ အတွက် ပူတယ်၊ မဖြစ်သေးခင်လည်းတွေးပြီး ပူတယ်၊ ဖြစ်ပြီး သွားရင်လည်း ပူဆွေးတယ်၊ လူတွေမှာသောကရှိတယ်၊ သောက ဆိုတဲ့သဘောတရားဟာ စိတ်ထဲမှာ ပူလောင်တတ်တဲ့ သဘာဝ တရားတစ်ခုပဲ၊ စိတ်ရဲ့ ခံစားချက်တစ်ခု၊ ဆုံးရှုံးနစ်နာမှုတစ်ခုကို ကြည့်ပြီး ပူတာ။

ဆိုပါစို့ - လူတစ်ယောက်ဟာ ကိုယ့်ရဲ့ ပစ္စည်းဥစ္စာနဲ့ပတ် သက်ပြီး ဆုံးရှုံးမယ့်အနေအထားမျိုးတွေ ရောက်မယ်ဆိုရင် ပူတယ်၊ ဆုံးရှုံးသွားရင်လည်း နှမြောတသပြီး ပူနေတတ်တယ်။ ပုဂ္ဂိုလ်ရေးနဲ့ ပတ်သက်ရင်လည်း ကိုယ့်ဆွေမျိုးသားချင်း ရောဂါ ဝေဒနာ ဖြစ်လာမယ်ဆိုရင်၊ ထိခိုက်မယ်ဆိုရင် ပူတယ်၊ ထိခိုက်
တော့မယ့် အနေအထားရောက်ရင်လည်း ပူတယ်၊ ထိခိုက်သွားရင်လည်း ပူတယ်၊ နောက်ဆုံးမှာ ပူစရာဟာ ကိုယ့်ကိုယ်ကိုလည်း ပူတယ်၊ စိုးရိမ်စိတ်လို့ ခေါ်တယ်။

အဲဒီ စိုးရိမ်စိတ်ကလေးတွေဟာ အဘိဓမ္မာတရားကိုယ်နဲ့ ပြောမယ်ဆိုရင် ဒေါမနဿဝေဒနာ၊ စိတ်ထဲမှာ မခံချိမခံသာဖြစ်ပြီး ဒေါသနဲ့ယှဉ်တွဲလာတဲ့ ခံစားချက်တစ်မျိုးပဲ၊ အနေရခက်တဲ့ ခံစားချက်ပဲ၊ ဘာနဲ့ ဥပမာတင်စားလဲဆိုရင် တစ်စုံတစ်ခု ကြော်မလို့ ဆီတွေထည့်ထားတဲ့အခါ အောက်က မီးပြင်းပြင်း ထိုးထားတယ်၊ ဒယ်အိုးမှာ ဆီတွေ ဆူလာတယ်၊ ပူပြီးဆူလာတဲ့ ဆီတွေလိုပဲ လူတွေရဲ့ စိတ်နှလုံးဟာလည်း အဲဒီလိုဖြစ်လာတယ်၊ အဲဒီ သောကကို ပျောက်ချင်ရင် သတိပဋ္ဌာန်တရားပဲ ပွားရမယ်၊ နှလုံးသားကို ပူလောင်စေတတ်တဲ့သောကကို ဖယ်ရှားချင်ရင်တော့ ဒါဟာ တစ်ခုတည်းသောနည်းလမ်းပါပဲတဲ့၊ ဒီလမ်းကပဲ လျှောက် လှမ်းကြရမယ်။

သောကနဲ့တွဲဖက်ပြီးပရိဒေဝဆိုတာ လာတယ်၊ ရင်ထဲနှလုံးထဲမှာ ပူလောင်လာပြီဆိုရင် နှလုံးသားက ပူလောင်မှုကို မခံနိုင်တော့ဘူး။ မျက်လုံးကနေ မျက်ရည်တွေ ပေါက်ပေါက် ကျ လာတယ်၊ ပြင်းထန်တဲ့ သောကဒဏ်ကို မခံနိုင်လို့ ငိုကြွေးမှု ဆိုတဲ့ ပရိဒေဝ ဖြစ်ပေါ်လာတယ်၊ ပရိဒေဝဆိုတာ ငိုယိုတဲ့ အသံကြီးပဲ၊ အဲဒီပရိဒေဝကို ပျောက်ကင်းစေချင်တယ် ဆိုရင်လည်းဟောဒီ သတိတရားကိုပဲ ပွားများရမှာပဲ၊ ဒါတစ်ခုတည်းသော နည်းလမ်းပဲ။

ဒါဘုန်းကြီးတို့တတွေ စဉ်းစားကြည့်ပေါ့၊ နေ့စဉ်နဲ့အမျှ ကိုယ့်မှာ သောကမရှိတဲ့လူရယ်လို့ တစ်ယောက်မှမရှိဘူး၊ သူများ အတွက် ပူစရာမရှိရင် ကိုယ့်အတွက်ပူမှာပဲ၊ မပူဘူးလို့ ပြောတဲ့ လူလည်း ပူတာပဲ၊ ပူမှန်း မသိလို့သာ၊ တစ်စုံတစ်ခု ဖြစ်တော့ မယ်ဆိုရင် ပူလာတယ်၊ သတိတရားက သောကကိုလည်း ဖယ်ရှား နိုင်တယ်, ပရိဒေဝကိုလည်း ဖယ်ရှားနိုင်တယ်၊ ဉာတိဗျသန ဆွေတွေမျိုးတွေ ပျက်စီးတယ်၊ ဘောဂဗျသန-စည်းစိမ်ဥစ္စာတွေ ဆုံးရှုံးသွားတယ်၊ ရောဂဗျသန-ရောဂါဝေဒနာတွေ ဖြစ်လာတယ်၊ ကျန်းမာရေး ဆုံးရှုံးသွားတယ်၊ လူတွေမှာ ဗျသနတရား တွေ့ကြုံ လာရင် ပူတယ်၊ အဲဒီအပူတွေ ဖယ်ရှားပစ်ချင်ရင် သတိတရား ကို ဖြစ်ပွားအောင် ကြိုးစားအားထုတ်ရမယ်၊ ဒီလို ဆိုလိုတာ။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
🙏🙏🙏

တဏှာဖြစ်လာလျှင် ဖယ်ရှားနည်း

တဏှာဖြစ်လာလျှင် ဖယ်ရှားနည်း
🌸🌿🌿🌸🌿🌿🌸🌿🌿

 တရားဆိုတာက နေရာတိုင်း၊ 
 အချိန်တိုင်း ကျင့်လို့ရပါတယ်။ 
 ကမ္မဌာန်းထိုင်နေမှ 
 တရားကျင့်တာမဟုတ်ပါ။

 တရားဆိုတာ 
 ဣရိယာပုတ် လေးပါးစလုံးနဲ့
 ကိုယ်ရဲ့စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ 
 အညစ်အကြေးတွေကို 
 သန့်ရှင်းအောင်လုပ်တာဟာ
 တရားပါပဲ။ လက်တွေ့ 
 ကျင့်သုံးနေတယ်လို့ ခေါ်ပါတယ်။

 တရားထိုင်နေတဲ့ ပုဂ္ဂိုလ်သာ 
 တရားကျင့်တယ်လို့ မအောင့်မေ့နဲ့။ 
 အာရုံတွေနဲ့ တွေ့နေတဲ့အခါမှာ 
 မကောင်းတဲ့ အာရုံတွေကို
 ဖယ်ရှားပစ်နေတာလည်း 
 တရားကျင့်တာပါပဲ။

 မျက်စိက နှစ်သက်စရာအာရုံတွေ့လို့၊ 
 နားက နှစ်သက်စရာအသံကြားလို့၊ 
 ကျန်တဲ့အာရုံတွေကလည်း 
 နှစ်သက်စရာ ဆုံမိလို့
 တဏှာလောဘတွေ နှစ်သက်စရာတွေ
 တွေ့လာပြီဆိုရင် ဖယ်ရှားနိုင်ရပါမယ်။

 အဲဒီ နှစ်သက်စရာအာရုံဆိုတာ 
 သက်ရှိရှိတယ်၊ သက်မဲ့ရှိတယ်။
 သက်ရှိပေါ်မှာ တွယ်တာစိတ်၊ 
 ချစ်ခင်စိတ်၊ တဏှာလောဘပေါ်လာရင် 
 အသုဘ ဘာ၀နာပွားပြီး ဖယ်ရှားပစ်ပါ။

 တစ်ခါက ရှင်၀င်္ဂီသ 
 အရပ်ထဲ ဆွမ်းခံသွားတုန်း 
 နှစ်သက်စရာ 
 မာတုဂါမ တစ်ယောက်နဲ့ တွေ့လာလို့ 
 စိတ်တွေဖောက်ပြန်လာတဲ့အခါ 
 အရှင်အာနန္ဒာကို ဖွင့်ပြောတယ်။

 တပည့်တော်, ဘုရား
 ကာမဂုဏ်အာရုံတွေ လွှမ်းမိုးနေပါတယ်။
 အဲဒီ စိတ်တွေကြောင့်
 စိတ်ထဲမှာ ပူလောင်နေပါတယ်။
 တပည့်တော်ကို ငြိမ်းအေးအောင် 
 အရှင်ဘုရား ဆုံးမပါ တဲ့။

 အဲဒီတော့ ရှင်အာနန္ဒာက-

 အေး မင်း အမှတ်သညာလွှဲနေလို့ 
 ဒီလိုဖြစ်တာ၊ မင်း သညာလေးကို
 ပြောင်းလိုက်၊ စိတ်ထဲမှာ လှတယ်ဆိုတဲ့ 
 အတွေးကြောင့် ဒီလိုဖြစ်တာ၊
 မလှဘူးဆိုတာ ပေါ်အောင်တွေး၊
 တင့်တယ်တယ်ဆိုလို့ ဒီလိုဖြစ်တာ၊
 မတင့်တယ်ဘူးဆိုတာ ပေါ်အောင်တွေး၊
 မတင့်တယ်ဘူးဆိုတဲ့ ရွံ့စဖွယ်တွေကို 
 လိုက်ရှာတွေး"

 လူရဲ့ခန္ဓာကိုယ်မှာ ရွံ့စရာတွေ 
 အများကြီးရှိတယ်။
 ရွံ့စရာတွေမတွေးဘဲနဲ့ နှစ်သက်စရာတွေ
 တွေးနေရင်တော့ လောဘဖြစ်တယ်။

 အသုဘာယ စိတ္တံ ဘာဝေဟိ၊ 
 မာနာနုသယ မုဇ္ဇဟ တဲ့။
 ဒါဟာ တားဆီးတဲ့ နည်းတစ်ခုပဲ။
 အဲဒီနည်းနဲ့ ဖြေဖျောက်လိုက်တဲ့အခါမှာ 
 ပူလောင်နေတဲ့
 သူရဲ့တဏှာရာဂ စိတ်တွေဟာ
 ချိုးနှိမ်ပြီးသား ဖြစ်သွားတယ်။

 ကိုယ့်သန္တာန်မှာ လောဘဖြစ်ရင်
 ဖြစ်မှန်းသိရမယ်၊ 
 မဖြစ်အောင်ထိန်းရမယ်။ 
 မာနဖြစ်ရင် ဖြစ်မှန်းသိရမယ်။

 အဲဒီ စိတ်ရဲ့ အညစ်အကြေးတွေ၊ 
 သဘာဝတွေကို သိလာပြီဆိုလို့ရှိရင် 
 သူတို့ရဲ့ ထွက်ပေါက်ကို ရှာရမယ်။
 အဲဒီ ထွက်ပေါက်ရှာပြီး
 ဖယ်ရှားပစ်တာဟာ တရားကျင့်တာပါပဲ။

 ဒါကြောင့် တရားချစ်ခင် 
 သူတော်စင်တို့ အနေနဲ့
 ဗုဒ္ဓမြတ်စွာ ဟောထားတဲ့ ဓမ္မကို 
 လက်တွေ့ကျင့်သုံးခြင်းဖြင့် 
 သာသနာတော်နဲ့ ကြုံတွေ့ရကျိုးနပ်ပြီး
 ဓမ္မကိုကျင့်သုံးခြင်းကြောင့်
 မိမိတို့၏ စိတ်နေသဘောထားအားလုံး 
 အလွန်မွန်မြတ်ကာ မြတ်နိဗ္ဗာန်ကို 
 ရရောက်နိုင်ကြပါစေ ကုန်သတည်း။

ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

ပြန်လည်မျှဝေခြင်း၊ share ခြင်းဖြင့်
ကုသိုလ်ယူနိုင်ပါသည်။
* ဓမ္မဒါန *

Wednesday, November 26, 2025

အချိန်နဲ့အလုပ် အရှိန်နဲ့လုပ်ပါ

အချိန်နဲ့အလုပ် အရှိန်နဲ့လုပ်ပါ
~~~~~~~~~~~~~~~~~~~
#အတင်းလုပ်ပြီး မထင်ပေါ်ချင်နဲ့။
စေတနာမှန်၊ အလုပ်မှန်ရင် အချိန်တန်ရင် ထင်ပေါ်လာလိမ့်မယ်။

#အတင်းလုပ်ပြီး အရေးပေးမခံချင်နဲ့။
အရာရောက်လာရင် အရေးပေးလာလိမ့်မယ်။

#အတင်းလုပ်ပြီး ဂုဏ်ဆာပြမနေနဲ့။
သီလပညာဂုဏ်ရှိလာရင် အကုန်သိလာလိမ့်မယ်။

#အတင်းလုပ်ပြီး နာမည်မကြီးချင်နဲ့။
အလုပ်ကြီးလာ၊ အလုပ်မှန်လာရင် အချိန်ကျလာရင် အရှိန်ရလာလိမ့်မယ်။

#တကယ်တော့ တစ်ချို့အရာတွေက ဇွတ်အတင်းလုပ်ယူလို့ မရဘူး။ သူ့အကြောင်းတရားနဲ့၊ သူ့အချိန်နဲ့၊ သူ့အကျိုးပေးဆိုတာ သပ်သပ်ရှိပြီးသား လုပ်ယူတိုင်း ရချင်မှရတာ၊ ဖြစ်ချင်မှဖြစ်တာ၊ ရရင်ဖြစ်ရင်လည်း ခဏပဲ။ အမှန်မရရင် အမြန်ကျတာပဲ။ 

#အကောင်းဆုံးက ဘာကြီးဖြစ်ချင်တာ၊ ဘာကြီးရချင်တာဆိုတာထက် ဘယ်လောက်လုပ်နိုင်တာ၊ ဘယ်လိုမှန်ကန်တာပဲ ဖြစ်အောင်၊ အကြောင်းကောင်းအောင် ကျိုးစားတာ အကောင်းဆုံးပဲ။ အကြောင်းကောင်းတယ်၊ စေတနာမှန်တယ်၊ အလုပ်မှန်တယ်ဆိုရင် အချိန်တန်ရင် အကျိုးပေးလည်း မှန်လာမှာပဲပေါ့။

#မနာပ_ဒါယီ_ကိုရီးယားဆရာတော်

အသုံးချတတ်ရင် ရန်သူဟာမိတ်ဆွေဖြစ်တယ်

ဝေဒနာတစ်ခုခုခံစားရမယ် ဆိုရင်ဘယ်လို စိတ်ထားမျိုး နဲ့ ကြည့်မလဲ

ထုံတာ ကျင်တာပဲဖြစ်ဖြစ် ကိုက်ခဲတာပဲဖြစ်ဖြစ် စိတ် ကလေး အသာ လျှော့ထားပြီးတော့ သူ့အပေါ်မှာ လက်မခံချင်တဲ့စိတ် မဖြစ်စေဘဲ စိတ် အေးအေး နဲ့ အရှိကို အရှိအတိုင်း သိ သိ ပေးနေလို့ရှိရင်,

အဲဒီ နာကျင်မှု့ ဖောက်ပြန်မှု့ တွေဟာ ပြောင်း ,ပြောင်း သွားတာ တွေ့ရမယ်။

မပင်ပန်းပဲနဲ့ ကြည့်နိုင်လာမယ် ...။ 

ကိုယ်နာသော်လည်း စိတ်မနာ ဆိုတဲ့ အခြေအနေထဲ ရောက်လာမယ် ...။ 

ဒါကြောင့် ဘာပဲ ဖြစ်လာ ဖြစ်လာ စိတ်အေးအေးနဲ့ ကြည့်နိုင်ဖို့ လိုတယ် ...။

ဒီလို "သတိ" လေးနဲ့ အေးအေးကြည့်တဲ့  အကျင့် ရသွားရင် ဒီထက်ပိုဆိုးတဲ့  

နာကျင် ခံခက်မှု့မျိုး ကြုံလာရင် အေးအေး ကြည့်တတ်တဲ့ အရည်အချင်းဟာ တဖြည်းဖြည်း တိုးတက်လာမယ်။

စိတ် ကို ကျင့်တာ အာရုံကောင်း မကောင်း နဲ့ မဆိုင်ပါဘူး။

အခုဖြစ်တဲ့ "ဝေဒနာ" က 

ထိုင်တုန်း ခဏတဖြုတ် ဖြစ်တာပါ ...။ 

ခုချက်ချင်း ပြင်လိုက်ရင် ပျောက် သွားမှာပါ။

ဘယ်လောက်မှ မကြီးကျယ်ပါဘူး ...။ 

နောင်တစ်ချိန် ဆေးရုံမှာဖြစ်စေ  

ဆေးခန်းမှာဖြစ်စေ 

ဘယ်လိုနည်းနဲ့မှ ဖျောက်လို့မရတဲ့ 

ဝေဒနာ တစ်ခုခု နဲ့ ကြုံလာရင်

လှည့်လို့ ပြောင်းလို့မရတဲ့ အိပ်ယာထဲမှာ 

"ဝေဒနာတစ်ခုခု" ကြာရှည် ခံစားရမယ်ဆိုရင်,

"စိတ်မနာအောင်" ဘယ်လို နေမလဲ ...?

ဘယ်လို "စိတ်ထားမျိုး" နဲ့ ကြည့်မလဲ 

ကြိုတင် ပြင်ဆင်ထားဖို့ ခုကတည်းက 

လေ့ကျင့်ထားဖို့ လိုတယ် ။

"ဒုက္ခ" ကို တွန်းဖယ်ရင် "ဒုက္ခ" ဟာ ပိုဆိုးတယ် 

ဒါကြောင့် တွန်းဖယ်ဖို့ မကြိုးစားဘဲ  

လိုလိုချင်ချင်နဲ့ ကြည့်ပါ ။

တစ်ခါတလေ ကြည့်ရင်း 

လျော့သွား တာလည်း ရှိတယ် 

မသက်မသာ တိုးလာရင်  

စိတ်ထဲ တင်းကျပ်မှု့ များလာမယ် 

ကိုယ်ခန္ဓာလည်း တောင့်တင်းလာတယ်

စိတ်မကျေမနပ်လည်း ဖြစ်လာတတ်တယ် 

အဲဒီ "မကျေနပ်တဲ့စိတ်" ကို သိ , သိ ပြီးတော့ 

အသာကလေး နေပေး လိုက်ပါ။ 

ကိုယ် "နာ" ပေမယ့်  

စိတ်တင်းကျပ်မှု့ လျှော့လာမယ်

စိတ်တင်းကျပ်မှု့ ဖြစ်ရင် 

"စိတ်" ထဲမှာ တင်းတာကို 

အရင်သိအောင် ကြည့်ပါ။ 

ကြည့်ရင်း နဲ့ နောက်ဆုံးမှာ ဘယ်လိုနည်း နဲ့ မှ သည်းမခံ နိုင်ဘူး ဆိုရင်တော့ 

"သတိ" လေးနဲ့ သိပြီးတော့ 

"လက် , ခြေ " အနေအထား ပြင်ပါ ။  

ဝေဒနာ ရှုနည်း နဲ့ ပတ်သက်ပြီး 

နာကျင် ကိုက်ခဲ တာကိုပဲ အာရုံစိုက်  

ရှူ့ခိုင်းတာ များတယ်

နာလေလေ စူးစိုက်လေလေ

စိတ် ခံစားချက် ဘက်က ရှူ့ဖို့ မမေ့နဲ့  

သိပ်နာနေရင် သူ့ကို အာရုံမပြုနဲ့ 

မခံချင်တဲ့ ခံစားချက်ကို အာရုံပြုပေး

မကြိုက်ရင် မကြိုက်တဲ့ စိတ်ကလေးကို  

အာရုံပြုပေး သတိထားပေး

စိတ်ကောင်းရင် အားလုံးကောင်းသွားတယ်

မခံချင်တဲ့စိတ် ပျောက်ချင်တဲ့စိတ် ဖြစ်နေရင်  

အဲဒီစိတ်ကိုကြည့် ကြည့်ပေးရင် အေးချမ်းသွားမယ် 

နာတဲ့ နေရာကိုချည်း သွားမကြည့်နဲ့

နာတာကိုချည်း သွားကြည့်နေရင် 

နာတာကြီးကို ပုံကြီးချဲ့သလို ဖြစ်တယ်

မကြိုက်ရင် မကြိုက်တဲ့ စိတ်ကလေးကို ကြည့်

တင်းကျပ်တဲ့ စိတ်ကလေးကို လျှော့ပြီး သက်သက်သာသာနဲ့ ကြည့်ပေးပါ  
သည်းခံပြီး ကြည့် ပေးပါ

မရတော့လည်း ပြောင်းပြင်ရတာပေါ့ 
သတိထားပြီး ကြည့်နေပါ

နာတာကို "ခန္ဓာ" နဲ့ မရောစေနဲ့ 

ကိုယ်က သပ်သပ် စိတ်ခံစားမှု့က 
သပ်သပ် စီမှန်း သိအောင် ကြည့်ပါ။ 

ပညတ် ပရမတ် ခွဲခြားနားလည်ဖို့ ပြောတာပါ

ကိုယ် နဲ့ ခန္ဓာ မရောစေနဲ့ မရှိတာကို မကြည့်နဲ့

မရှိတာက "ပညတ်" 

ဒူး , ခါး , တင် , ရင် , ခြေ , လက် စသည့်များ

ရှိတာက ပရမတ် ... ရုပ် , နာမ် , သဘော ,သဘာဝ 

ဝိပဿနာတရား ရှူ့ရာမှာ 

ပညတ် ပရမတ် ကွဲဖို့ သိပ် အရေးကြီးတယ်

ဝေဒနာ ကို ဘာဖြစ်လို့ မကြိုက်တာလဲ

ဝေဒနာ နဲ့ ဖက်ပြီး သေရမှာပါ 

အသုံးချတတ်ရင် 

ရန်သူ ဟာ မိတ်ဆွေ ဖြစ်တယ်

ပေါင်းတတ်ဖို့ပဲ လိုပါတယ် ..။

ရွှေဥမင်တောရဆရာတော်ဘုရားကြီး

Sunday, November 23, 2025

သည်းခံခြင်းတရားရှိရမယ်

လောကကြီးမှာ လူတွေဟာ အပေါင်းအသင်းနဲ့ နေကြပေမယ်လို့ ခွင့်လွှတ်ခြင်းဆိုတဲ့စိတ် အလွန်အားနည်းတယ်၊၊

 သည်းခံခြင်း၊ ခွင့်လွှတ်ခြင်းဆိုတဲ့စိတ် ညီညွတ်တဲ့စိတ်ဓာတ် ဆိုတာလည်း အလွန်အားနည်းတယ်၊ အားလုံးဟာ နေရင်တော့ 
 အပေါင်းအသင်းနဲ့ နေကြတာချည်းပဲ။ 

 အဲဒါကို မြတ်စွာဘုရားက လူဆိုတာ
 အပေါင်းအသင်းနဲ့ နေရတာ မှန်တယ်၊
 အဲဒီလို အပေါင်းအသင်းနဲ့ နေပြီးတော့
 သည်းခံခြင်း ခွင့်လွှတ်ခြင်းဆိုတာတွေ ရှိဖို့လိုတယ်၊ 
 အပေါင်းအသင်းနဲ့ နေတယ်ဆိုတာ
 အခက်အခဲတွေ ကျော်လွှားဖို့သာ ဖြစ်ရမယ်လို့
 မြတ်စွာဘုရားက ဟောတယ်။ 

 သေစ လေဘထ နိပကံ သဟာယံ,
 သဒ်ဓိံ စရံ သာဓုဝိဟာရိ ဓီရံ -

 လူလူချင်း ပေါင်းသင်းဆက်ဆံကြပြီ ဆိုတဲ့အခါမှာ 
 ဘုရားက လူမိုက်နဲ့ ပေါင်းခိုင်းတာ မဟုတ်ဘူး၊
 အဆင်မပြေတဲ့ လူနဲ့ သည်းခံပြီးနေရမယ်လို့
 ဒီလိုပြောတာ မဟုတ်ဘူး။
 ဒါလည်းပဲ သတိထားစရာကောင်းတဲ့အချက်ပဲ။ 

 အန္တရာယ်ဖြစ်မယ့်အကောင်နဲ့ သည်းခံပြီးတော့
 ဒီလို နေရမယ်လို့ ဆိုလိုတာ မဟုတ်ဘူး၊
 တော်ကြာ တလွဲယူဆတတ်တာမျိုးတွေ ရှိတယ်၊
 ရောင့်ရဲရမယ်လို့ဆိုသည့် အတွက်ကြောင့်
 စီးပွားမရှာရဘူးလို့ မြတ်စွာဘုရားက
 ပြောတာ မဟုတ်ဘူး။ 

 ဒီမှာလည်းပဲ အတူတကွသည်းခံပြီးတော့
 နေရမယ်ဆိုတဲ့နေရာမှာ မကောင်းတဲ့လူနဲ့ သည်းခံပြီး 
 ဓားပြနဲ့ သူခိုးကို သည်းခံနေရမယ်
 ဒီလိုဆိုလိုတာ မဟုတ်ဘူး။

 သူခိုးဓားပြကို သည်းခံနေရမယ်၊ 
 လူဆိုးလူညစ်တွေကို သည်းခံနေရမယ်လို့
 ဒီလိုဆိုလိုတာ မဟုတ်ဘူး။ 

 အဲဒီလိုဆိုလို့ရှိရင် ကိုယ့်ကို ကိုက်မယ့်
 မြွေပွေးနဲ့ရော အတူတကွနေရမှာလား၊ 
 ကိုယ့်ကိုကိုက်မယ့် မြွေပွေးနဲ့တော့
 ဘယ်လိုလုပ် အတူတူနေလို့ရမလဲ၊လူဆိုးလူညစ်နဲ့လည်း ဘယ်လိုလုပ်အတူတူနေလို့ ရမလဲ၊
 သည်းခံခြင်း ခွင့်လွှတ်ခြင်းဆိုတာ
 အချင်းချင်း အပြန်အလှန် ရိုင်းပင်းကူညီ
 မတော်တဆ စိတ်အခန့်မသင့်တဲ့အခါ
 ဖြစ်တာမျိုးတွေမဖြစ်ဖို့ မြတ်စွာဘုရားက
 ဆုံးမသြဝါဒပေးတာ ဖြစ်တယ်။ 

 အဲဒါကြောင့်မို့လို့ ပေါင်းသင်းဆက်ဆံရေးနဲ့ပတ်သက်ပြီး မြတ်စွာဘုရားဆက်ဟောတာ

 သေစ လေဘထ နိပကံ သဟာယံ၊ 
 ပညာရှိတဲ့အဖော် လိုတယ်၊ လူတော်လူကောင်းတွေ လိုတယ်၊ နိပကဆိုတာ ဘယ်အရာပဲဖြစ်ဖြစ်
 စဉ်းစားတတ်တဲ့ ရင့်ကျက်တဲ့ပုဂ္ဂိုလ်တွေကို ဆိုလိုတာ။ 

 သဒ်ဓိံ စရံ သာဓုဝိဟာရိ ဓီရံ- သူနဲ့ နေလို့ ထိုင်လို့
 ပေါင်းသင်းဆက်ဆံလို့ ကောင်းတယ်၊
 မကောင်းတဲ့ လူနဲ့ ပေါင်းခိုင်းတာ မဟုတ်ဘူး၊
 မကောင်းတဲ့လူကျတော့ ရှောင်ရမယ် ဖယ်ရမယ်၊ 
 အပေါင်းအသင်း မလုပ်ရဘူး၊
 ဒါမှ အသေဝနာ စ ဗာလာနံဆိုတဲ့
 မင်္ဂလာတရားနဲ့ ကိုက်ညီတာ၊ ဒီလိုဆိုလိုတာ။ 

 အဘိဘုယ် သဗ္ဗာနိ ပရိဿယာနိ,
 စရေယျ တေနတ္တမနော သတီမာ-
 အဲဒီလို လူတော်လူကောင်းနဲ့ အတူတကွ
 ပေါင်းသင်းဆက်ဆံရမယ်၊

 လူတော်လူကောင်း ရမယ်ဆိုရင်တော့
 သူနဲ့အတူနေပါ၊ နေပြီးလို့ ရှိရင် ဘာလုပ်ရမလဲ၊
 အခက်ခဲတွေ ဘေးရန်အန္တရာယ်တွေကို
 သူနဲ့ အတူတကွ လက်တွဲပြီးတော့
 ဖြေရှင်းပါလို့ ဒီလိုဆိုလိုတာ။
 လူတိုင်းနဲ့အတူ ပေါင်းသင့်ဖို့ ပြောတာ မဟုတ်ဘူး။ 

 နောက်တစ်ခုက အဲ့ဒီလို လောကမှာ
 လူတော်လူကောင်းနဲ့ ပေါင်းသင်းဆက်ဆံဖို့,
 ကောင်းမြတ်တဲ့ အဖော်လုပ်သင့်တဲ့ ပုဂ္ဂိုလ်
 မတွေ့ဘူးဆိုလို့ရှိရင်တော့-

 ရာဇာဝ ရဋ္ဌံ ဝိဇိတံ ပဟာယ,
 ဧကော စရေ မာတင်္ဂရညေဝ နာဂေါ- 

 လောကမှာ ဆင်ပြောင်ကြီးဟာ
 တစ်ကောင်တည်း တောထဲမှာ ကျက်စားသလို,
 တိုင်းပြည်ကို စွန့်လွှတ်ပြီးတော့ ထွက်သွားပြီး
 တစ်ဦးတည်းကျင့်တဲ့ နေမိမင်းတို့၊
 တစ်ဦးတည်းကျင့်တဲ့
 ဇနကမင်းတို့ ဆိုတာမျိုးတွေလို
 တစ်ဦးတည်းနေတာဟာ ကောင်းတယ်။

 အဖော်ကောင်းမတွေ့ရင် 
 တစ်ဦးတည်းပဲ နေတာ ကောင်းတယ်။ 

 ဧကဿ စရိတံ သေယျာ,
 နတ္ထိ ဗာလေ သဟာယတာ-

 အဲဒီလိုကျတော့
 ဘယ်သူနဲ့မှ အပေါင်းအသင်းမလုပ်ဘဲနဲ့
 တစ်ယောက်တည်းနေတာဟာ ပိုကောင်းတယ်၊ 

 နတ္ထိ ဗာလေ သဟာယတာ၊ 
 မိုက်မဲပြီးတော့ အပြစ်ပြုတတ်တဲ့ပုဂ္ဂိုလ် ဗာလ၊ 
 ခုနက အဆိပ်အတောက်ရှိတဲ့
 မြွေဆိုးလို လူဆိုးတွေ၊ စိတ်ကောင်း မရှိတဲ့လူတွေ၊ 
 ဖျက်လိုဖျက်ဆီး လုပ်တတ်တဲ့ လူတွေ၊
 အဲဒီလိုပုဂ္ဂိုလ်မျိုး၊ 

 အသိပညာကင်းမဲ့တဲ့ ပုဂ္ဂိုလ်မျိုးတွေ
 နတ္ထိ ဗာလေ သဟာယတာ
 အဲဒီလိုအဆင့်မရှိတဲ့ ပုဂ္ဂိုလ်တွေမှာ 
 အပေါင်းအဖော်လုပ်ဖို့ဆိုတဲ့
 အရည်အချင်းတွေ သူတို့မှာ မရှိဘူး၊

 ပေါင်းသင်းဆက်ဆံဖို့ ကောင်းလောက်တဲ့
 အရည်အချင်း သူတို့မှာ မရှိသည့်အတွက်ကြောင့် 

 ဧကော စေရ န စ ပါပါနိ ကရိယာ- 

 ကိုယ်တစ်ယောက်တည်းနေ၊
 မဟုတ်တာတွေလည်း မလုပ်နဲ့၊ 

 အပ္ပေါဿုတ္ကော မာတင်္ဂ ရညေဝ နာဂေါ-
 ကိုယ်တစ်ယောက်တည်း လွတ်လွတ်လပ်လပ်
 တခြားသူတွေအတွက်
 တခြားအလုပ်တွေ မလုပ်ဘဲနဲ့ 
 ကိုယ့်ကျိုးကိုယ့်စီးပွားကို ကြိုးစားပြီးတော့
 အားထုတ်ရမယ်လို့ မြတ်စွာဘုရားက
 ဟောကြားတော်မူခဲ့ပါတယ်။ 

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
🙏🙏🙏

ပျက်စီးချိန်တန်ရင်ဘုရားသော်မှ ဟောမရဘူး

ပျက်စီးချိန်တန်ရင်ဘုရား
သော်မှ  ဟောမရဘူး
🌿🌿🌸🌿🌿🌸🌿🌿🌸

အကြင်လူများ၊ ယောက်ျားမိန်းမ၊ စသည်ထိုထို၊ ပျက်စီးလိုက၊ အဆိုအသွား၊ အမှားမှားဖြင့်၊ဘုရားသော်မှ၊ ဟောမရဘူး။
(မဃဒေဝ၊ ပိုဒ်ရေ၊ ၂၂၉)

ယောက်ျားမိန်းမ မည်သူမဆို
ပျက်စီးတော့မည်ဆိုလျှင်စကားပြောတဲ့ နေရာမှာပဲဖြစ်ဖြစ်, လုပ်တဲ့ကိုင်တဲ့ နေရာမှာပဲ ဖြစ်ဖြစ် အရာရာ၌ အမှားမှား အယွင်းယွင်းတွေ ဖြစ်နေတတ်သည်။

သတ္တဝါတွေကို ဆုံးမတဲ့နေရာမှာ အတုမရှိဖြစ်တော်မူသော ဘုရားရှင်တောင် ထိုပုဂ္ဂိုလ်တို့ကို အသိတရားရအောင် ချေချွတ် ဆုံးမလို့ မရခေတ်။

အဘယ့်ကြောင့် ဆိုသော်
ပျက်စီးတော့မည် ဖြစ်သောကြောင့် ဖြစ်ပေသည်။

လူ့လောက၌ လူသားတို့ ပ်က်စီးဖို့ရာ အကြောင်းများစွာ ရှိပေသည်။
ထိုတွင်အပြောအဆို,အလုပ်အကိုင်တို့၌ ကမောက်ကမဖြစ်ခြင်း, မှားမှားယွင်းယွင်း ဖြစ်ခြင်းတို့သည်လည်း ပျက်စီးဖို့ရာ အကြောင်းတစ်ခုပင် ဖြစ်ပေသည်။

ထို့ကြောင့် ဝဇိရဗုဒ္ဓိဋီကာ၌
သတ္တဝါအများစုသည် ပျက်စီးဖို့ အကြောင်း ဖန်လာပြီးဆိုလျှင် နည်းလမ်း မဟုတ်သည်ကို နည်းမှန် လမ်းမှန်၊ အမှားကို အမှန်၊ အမှန်ကို အမှားဟု သူတို့၏ အသိဉာဏ်၌ လွဲမှားစွာ ထင်မြင်လာတတ်၏ဟု ပြဆိုထားသည်။
(ဝဇိရဗုဒဓှိဋီကာ၊ ၆၉)

ထိုသို့ လွဲမှားစွာ ထင်မြင်မိ၍ မလုပ်သင့် မလုပ်ထိုက်သော အမှုကိုပြုလုပ် ကျူးလွန် မိသောကြောင့် ယူဇနာ ခြောက်ဆယ်ရှိသော ကုမ္ဘဝတီတစ်ပြည်လုံး ပျက်စီးခဲ့ရဖူးသည်။

အမှားကြာ အမှန်ဖြစ်
------------------- 
ရှေးအခါက ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းကြီး မင်းပြုစဉ် ဘုရားလောင်းသည် သရဘင်္ဂ မည်သော ရသေ့ဖြစ်၍ တပည့်ပေါင်းများစွာတို့၏ ဆရာကြီး
ဖြစ်၏။

တပည့်ပရိသတ်တို့ များလွန်းသော ဆရာကြီးသည် တပည့်ကြီးတို့ကို ခေါင်းဆောင်ခန့်၍ ရသေ့တို့ကို ဒေသအသီးသီးသို့ စေလွှတ်၏။ ထိုတပည့်တို့တွင် အရှင်မောဂ္ဂလ္လာန်လောင်း ရှင်ကိသဝစ်ဆရသေ့သည် ဒဏ္ဍကီမင်း၏နိုင်ငံ ကုမ္ဘဝတီမြို့၌ စစ်သူကြီးကို အမှီပြု၍ မင်းဥယျာဉ်၌ နေ၏။

တစ်နေ့သ၌
ဒဏ္ဍကီမင်းသည် ချီးမြှောက်ထားအပ်သော ပြည့်တန်ဆာမ တစ်ယောက်ကို ရာထူးမှချထားလိုက်သည်။ ပြည်တန်ဆာမသည် ရာထူးမှ
အချခံရသောကြောင့် စိတ်မချမ်းမသာဖြစ်လျက် မင်းဥယျာဉ်သို့ ထွက်လာရာ ရှင်ကိသဝစ်ဆရသေ့ကို တွေ့သည်။

ထိုအခါ ပြည့်တန်ဆာမသည် ရသေ့ကို သူယုတ်ဟု မှတ်ထင်၍ ရသေ့၏ ခန္ဓာကိုယ်ပေါ်၌ ချွဲသလိပ်တို့ကို ထွေးချကာ ဆံကျစ်ကြားမှာလည်း
ဒန်ပူ(သွားတိုက်တံ)ကို ပစ်ချခဲ့သည်။ 
ထို့နောက် ဒဏ္ဍကီမင်းသည် ပြည့်တန်ဆာမကို ပြန်လည်သတိရ၍ မူလရာထူးကိုပြန်လည် ပေးအပ်ခဲ့သည်။ ထိုအခါ ပြည့်တန်ဆာမသည် ရသေ့ကိုယ်ပေါ်၌အညစ်အကြေးများ စွန့်ပစ် သောကြောင့် မူလရာထူး ပြန်လည်ရရှိသည် ဟုမှားယွင်းစွာ မှတ်ထင်သွားသည်။ 

ဒဏ္ဍကီမင်းသည် ပုရောဟိတ်ကိုလည်း ရာထူးမှ ချပြန်သည်။ ရာထူးအချခံရသော ပုရောဟိတ်သည် မူလရာထူး ပြန်လည်ရရှိရန် မည်သို့ ပြုလုပ်ရမည်နည်းဟု ပြည့်တန်ဆာမထံ နည်းစနစ်များ တောင်းခံခဲ့သည်။

ပြည့်တန်ဆာမက မင်းဥယျာဉ်အတွင်းရှိ ရသေ့၏ ကိုယ်ပေါ်၌ အညစ်အကြေးများ စွန့်ပစ်ရမည် ဟု နည်းပေးလိုက်သည်။ ပုရောဟိတ်လည်း ပြည့်တန်ဆာမ ပေးသောနည်းအတိုင်း ပြုလုပ်ရာ ကံအားလျော်စွာ မူလရာထူးကို ပြန်ရခဲ့သည်။

ထို့နောက် စစ်တိုက်သွားမည့် ဒဏ္ဍကီမင်းကိုလည်းပုရောဟိတ်က စစ်အောင်မြင်ဖို့ရန် ရသေ့အပေါ်အညစ်အကြေးများ စွန့်ပစ်ကြရမည် ဟု နည်းပေး
ပြန်သည်။ မင်းနှင့်တကွ စစ်သည်ဗိုလ်ပါတို့သည်
ပုရောဟိတ်ပေးသော နည်းအတိုင်း ပြုလုပ်ကာ စစ်တိုက် ထွက်သွားကြသည်။ 

မင်းကြီး ထွက်သွားပြီးနောက် မကြာမီ စစ်သူကြီး ရောက်ရှိလာပြီး ရသေ့မြတ်၏ ကိုယ်ပေါ်မှ အညစ်အကြေးများ ဖယ်ရှားပေးပြီး ကောင်းမွန်စွာ ရေချိုးပေးလိုက်သည်။ ထို့နောက် စစ်သူကြီးက ရသေ့မြတ်ကို မင်းအား မည်သို့ ဖြစ်လတ္တံ့နည်း ဟု
မေး၏။ 

ထိုအခါ ရေသ့က

ဒါယကာ၊.ငါသည် တစ်စုံတစ်ရာ အမျက်မထွက်ပါ။
(စိတ်မဆိုးပါ။) သို့သော် နတ်တို့သည်ကား အမျက်ထွက်ကြကုန်၏။ ဤနေ့မှ ခုနစ်ရက် မြောက်သောနေ့၌ တိုင်းပြည် ပျက်စီးလတ္တံ့။
သင်သည် သားမယားတို့ကို ခေါ်၍ တိုင်းတစ်ပါးသို့
ထွက်ပြေးပါလော့ဟု ပြောကြားသည်။

စစ်တိုက်သွားသော ဒဏ္ဍကီမင်းသည် ကံအားလျော်စွာ စစ်နိုင်ကာ တိုင်းပြည်သို့ ပြန်လာခဲ့သည်။ ဒဏ္ဍကီမင်း တိုင်းပြည်သို့ ပြန်ရောက်လာလျှင် နတ်တို့သည် ရှေးဦးစွာ မိုးရွာစေ၏။ ထို့နောက် သဲဖြူမိုး၊ နတ်ပန်းမိုး၊ ပဲမိုး၊ အသပြာ ရွှေမိုး,ငွေမိုး၊ နတ်ဝတ် တန်ဆာမိုးတို့ကို အစဉ်အတိုင်း ရွာစေ၏။

ထိုအခါ လူတို့သည် ရွာချအပ်သော ပစ္စည်းဥစ္စာတို့ကို
ဝမ်းမြောက်ဝမ်းသာ ကောက်ယူကြကုန်၏။
ထိုစဉ် လက်နက်မိုး ရွာချလိုက်ရာ ခန္ဓာကိုယ်တို့သည် အပိုင်းအပိုင်း ပြတ်ကုန်၏။ ထို့နောက် မီးကျီးမိုး၊ တောင်ထွတ်မိုး၊ သဲမိုးတို့ ရွာချပြန်ရာ ယူဇနာ ခြောက်ဆယ်ရှိသော ကုမ္ဘဝတီမြို့ကြီးသည် ပျက်စီးလေ၏။
(သရဘင်္ဂဇာတ်၊ ဇာ၊ ၂၊ ၅။ ဇာ၊ ဋ္ဌ၊ ၅၊ ၁၄၁)

ကုမ္ဘဝတီမြို့ကြီး ပျက်စီးရခြင်း အကြောင်းကား မပြစ်မှားထိုက်သည်ကို ပြစ်မှားသောကြောင့် ဖြစ်သည်။

လောက၌ လူတို့သည် အယူဝါဒတစ်ခု (သို့မဟုတ်) ယုံကြည်မှုတစ်ခုသည် မှားပင်မှားနေသော်လည်း အမှားကြာ အမှန်ဖြစ် ဆိုသည့်အတိုင်း ကြာလာသော အခါ ထိုအယူဝါဒ,ယုံကြည်မှုကို အမှန်ဟု လွဲမှားစွာအောက်မေ့မှတ်ထင် တတ်ကြကုန်၏။

ပြည့်တန်ဆာမ, ပုရောဟိတ်, မင်းနှင့်တကွ စစ်သည်တော်တို့သည် ရှင်ကိသဝစ်ဆရသေ့ ခန္ဓာကိုယ်ပေါ်၌ နှပ်တံတွေးစသော မစင်အညစ် အကြေးများ စွန့်ပစ်ကြသည်။ ဤသို့ပြုလုပ်ကြခြင်းသည် အမှားပင် ဖြစ်သည်။

သို့သော် သူတို့အားလုံးက
အစစအရာရာ အောင်မြင်သည်၊ လာဘ်ကီး ကောင်းသည်ဟု ယုံကြည်ကြသောကြောင့် သူတို့လုပ်တာ အမှန်ဟု မှတ်ထင်နေကြလေသည်။

ဤသို့ အလွဲလွဲ အချော်ချော် မှတ်ထင်ခြင်းသည် ပျက်စီးခြင်း၏ အကြောင်းပင်ဖြစ်တော့သည်။

ဤဇာတ်ဝတ္ထုကို ဖတ်ရှုရာ၌ မကောင်းမှုသည်တစ်ခါတစ်ရံ ချက်ချင်းအကျိုး မပေးသေးဘဲ
ကောင်းကျိုးများနှင့် ကြုံတွေ့နေရတတ်ကြောင်း၊ ထိုအခါမျိုး၌ သတ္တဝါတို့သည် ဖောက်ဖောက်ပြန်ပြန် မြင်တတ်ကြောင်း ဘဝသင်ခန်းစာ ရရှိသည်။

အရှင်သြသဓ 
သုတ္တန္တပိဋကမဟာဌာန (နည်းပြ)သာသနာ့တက္ကသိုလ်(မန္တလေး)

Saturday, November 22, 2025

တူရာတူရာစုကြတယ်

တူရာ တူရာ စုကြတယ်
-----------🌿🌸🌿--------
 သံလိုက်က သံကိုပဲ ဆွဲတယ်။

မီးဆိုတာ အမှိုက်ရှိရာပဲ လာတတ်တယ်။
     မီးက ရေနောက် မလိုက်ဘူး။

 သဘောချင်း တူရာနဲ့ 
      မိမိအလိုလိုက်ရာကို
      စိတ်က လိုက်ပါနေတယ်။

စိတ်ကို မကောင်းတဲ့ဘက် 
     မသွားစေချင်ရင် 
     ကိုယ့်မှာရှိတဲ့ 
     မကောင်းတဲ့ဓာတ်တွေ 
     အရင် ဖျက်ပစ်ရမယ်။

ကိုယ့်ဆီမှာ~
     မကောင်းတာတွေ ရှိနေရင် 
    သူများတွေဆီက~ 
   မကောင်းတာတွေ လာမယ်။

ကိုယ့်ဆီက မကောင်းတာတွေကလည်း
     သူများရဲ့မကောင်းတွေနဲ့ပဲ
     သွားပေါင်းလိမ့်မယ်။

ဓါတ်တူခြင်းသာ တွေ့လိမ့်မယ် ။
     လောကကြီးမှာ သဘောတူရာချင်းသာ
     ပေါင်းဖက် တွေ့ဆုံတတ်ကြပါတယ်။

 ကိုယ့်မှာ "မာနကင်း"နေရင်~
      "ဂါရဝရှိသူ"နဲ့သာ ဆုံတွေ့ရတတ်ပါတယ်။

အရက်သမားက 
      အရက်သမားချင်း ပေါင်းတယ်။

ဖဲသမားကလည်း  
     ဖဲသမားချင်း ပေါင်းတယ်။

ကိုယ့်မှာ မာနရှိနေရင်~
     မာနသမားက လာပေါင်းမယ်။

တဏှာရှိနေရင်~ 
     တဏှာသမားက လာပေါင်းမယ်။

 တရားသမားကလည်း
     တရားသမားချင်းသာ ပေါင်းလိမ့်မယ်...။

  မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး

Friday, November 21, 2025

စိတ်ကိုဆုံးမ မှတ်

ယောဂီတစ်ယောက် လှမ်းတိုင်တယ်။ သူချောင်းဆိုးလို့ တရားမထိုင်တော့ဘူးတဲ့ ။ 

လူတွေဟာ တော်တော်ခက်တယ်။ အနည်းငယ် နေမကောင်းသလိုလို ဖြစ်လာရင် တရားအလုပ်ကို ဖြုတ်ပစ်တယ်။ အဲတာ မဟာအမှားကြီးပဲ။ နေမကောင်းဘူးဆိုရင် ပိုပြီးမှတ်ရတယ်။ ခန္ဓာရှိနေသမျှ ရောဂါရှိနေတယ်လေ။ ဒီခန္ဓာက ဘယ်တစ်ချိန်မှ အကောင်းမပြဘူး မဟုတ်လား။ ဒါ ငါမမှတ်နိုင်တော့ဘူး။ ငါဘာဖြစ်နေလဲမသိ။ တရားထိုင်နေရင် ရောဂါပိုဆိုးလာမလား စသည့် အစွဲအလမ်းကို သက္ကာယဒိဋ္ဌိလို့ခေါ်တယ်။

 ခန္ဓာက အနည်းငယ် တစ်ခုခုဖေါက်ပြန်လာပြီဆိုရင် ငါဘာဖြစ်လာသလဲ မသိ သေတော့မယ်လိုလို။ အားငယ်မိသလိုလို။ ငါစွဲတွေရှိရှိလာတော့၊ ထို ငါဆိုတဲ့ဒိဋ္ဌိ မဖြုတ်နိင်သမျှ တရားရဖို့ အဝေးကြီးပဲဆိုတာမှတ်လိုက်။ 

တရားအားထုတ်သည့် ယောဂီက ဘယ်ရောဂါနှင့်တွေ့တွေ့ နောက်မဆုတ်ရဘူး။ နေမကောင်းဖြစ်လာရင် စိတ်ကိုဆုံးမရတယ်။

 ဟေ့ ခန္ဓာ တစ်သံသရာလုံးမှာ မင်း သားကိစ္စ သမီးကိစ္စ လင်ကိစ္စ မယားကိစ္စ စီးပွါးရေးကိစ္စ လူမှုရေးကိစ္စ နိုင်ငံရေးကိစ္စတို့ဖြင့် အာရုံယူမှားပြီး (၃၁)ဘုံမှာ အိုနာသေထပ်ခဲ့ပေါင်း များခဲ့ပြီမဟုတ်လား။ မင်းခုထက်ထိ မိုက်နေတုန်းပဲလားကွ။ လူမိုက်ကြီးရဲ့လို့ မိမိစိတ်ကို မိမိကဆုံးမလိုက်ပါ။ 

နင်သေခဲ့သည့်နေ့မှာ နင့်နောက်က ဘာပစ္စည်းဥစ္စာ ဂုဏ်ဓနတွေ ဘာဆိုဘာတစ်ခုမှ မယူသွားနိုင်ဘူးနော်။ နင့်အမေ နင့်အဖေ နင့်ဆွေမျိုးတွေ သေကြေပျက်စီးကုန်ပြီ မဟုတ်လား။ သူတို့ ဘာပစ္စည်းမှ ယူမသွားကြဘူးလေ။ နင်သေခဲ့ရင်လည်း ဘာဆို ဘာတစ်ခုမှ ယူမသွားနိုင်ဘူးဆိုတာ ကြိုတင်ပြင်ဆင်ပါ။

 အားလုံးသော အရာဝတ္ထုတို့သည် ဘာတစ်ခုမှ မြဲမြဲမြံမြံမရှိဘူး ဆိုတာ နားလည်လိုက်ပါ။ ငါတစ်ငါ ငါ မလုပ်နေပါနဲ့ ။ ငါဆိုတာမရှိဘူး။ နေရာတကာ ငါမရှိရင် မဖြစ်ဘူးလို့ စွဲမနေပါနဲ့။ ငါမရှိပဲ အဆင်ပြေနေကြတာက အများကြီး သိလား။ ငါမရှိမဖြစ်ဘူးဆိုတာ သုဿာန်သချိုင်း။ ငါမရှိ မဖြစ်တာ။ ခန္ဓာနှင့် ပတ်သက်ပြီး ငါအဖြစ်မစွဲပါနဲ့။ 

ရှေ့မှာ သေမင်းရန်သူက စောင့်နေတယ်ဆိုတာ အထူးသတိထားပါ။ အချိန်နာရီ စေ့သည့်နေ့သည် ဤခန္ဓာတည်းဟူသော နာမ်ရုပ်တရားတို့သည် အိုးစားကွဲရမည်ဆိုတာ အထူးသတိထားပါ။ သေမင်းရန်သူနှင့် နီးနီးလာနေပြီဆိုတာ သံဝေဂယူကာ တရားကို အားအား မအားအား မြန်မြန်အားထုတ်
ပါဟု သတိပေးပါရစေ။


 မြောက်ဦးဆရာတော်

တရားကိုဘယ်လိုဆင်ခြင်လည်း

#ဒကာကြီး တရားလိုက်စားတာလည်းကြာပြီဆိုတော့
    တရားကိုများ ဘယ်လို ဆင်ခြင်သုံးသပ်သလဲ ?

 တပည်တော် ခြောက်အာရုံ 
ခြောက်ဒွါရတိုက်တဲ့အခါ သိသဘောလေး 
ဖြစ်ပုံ ပျက်ပုံ ဒီလိုသိတဲ့ သိသဘောလေး ဟာ 
ယောကျာ်းမိန်းမ ပုဂ္ဂိုလ် သတ္တဝါ မဟုတ် 
ဒီသိသဘောမျှသာ ဖြစ် တယ်ဟုတ်တယ်လို့ ဒီလို ရှုပါတယ်ဘုရား 🙏

 ဒကာကြီးဒီလိုရှုမှတ်နေတာ ဘာကြောင့်ရှုရတာပါလဲ ?
 နိဗ္ဗာန် ရောက်ချင်လို့ပါဘုရား ၊၊

 ဒကာကြီးနိဗ္ဗာန်ကို ဒီရုပ်အတုံးအခဲကြီး ရောက်တာလား ဒါကြီးက သေရင် 
မြေကြီး ထဲ ပစ်လိုက်ရတဲ့ ဟာ ဒါဖြင့် ဘယ်သူ ရောက်မှာလဲ?စိတ်က ရောက်မှာပါဘုရား 

 ဒကာကြီး ကျုပ်အမေနံမည်သိလား ?
 မသိပါဘူး ဘုရား 

 မသိအောင် ဘယ်လို လုပ်ရလဲ သိလား?
ဘယ်လိုမှ မလုပ်ရပါဘူး ဘုရား

ဒါဖြင့် 
သိအောင်တော့ လုပ်ရမှာ မဟုတ်ဘူးလား?
 သိအောင် တော့လုပ်ရမှာပါဘုရား

 လုပ်မှသိမယ်ဆိုရင်လုပ်စမ်းပါ သိအောင် 
လုပ်ရင်သိမှာလား လို့?
 လုပ်မရပါဘူး ဘုရား 

 အေး သိအောင် လုပ်လို့မရပါဘူး 
သိတဲ့သူက ပြောပြမှ သိမှာ 
အဲ့လိုပဲ တရားတွေအပေါ်မှာ 
သိအောင် မသိအောင် လုပ်လို့မရပါဘူး
သိတဲ့သူက ပြောပြမှ 
ပြောရင် မသိဘူးလား ?
ကျုပ်အမေနံမည် ဒေါ်ငယ် သိပြီလား?
သိပါပြီ ဘုရား 

 ဒကာကြီး အဖေ နံမည်ဘယ်သူတုန်း ?
ဦးချစ်ပါဘုရား 

 ဒကာကြီး အဖေဦးချစ်ပြောချိန်မှာ ဒကာကြီး
အမေနံမည်သိစိတ် ဘယ်ရောက်သွားလဲ?
ပျောက်နေပါတယ်ဘုရား 

အဲ့လို ပျောက်သွားအောင် ဒကာကြီးလုပ်လိုက်ရသလား?
မလုပ်လိုက်ရပါဘူး ဘုရား 

 အေး အဲဒီဖြစ်အောင် မလုပ်လိုက်ရတဲ့စိတ် 
ပျက်အောင် မဖျက်လိုက်ရတဲ့စိတ်ဟာ 
ယောကျာ်း မိန်းမပုဂ္ဂိုလ်သတ္တဝါ လား 
တရားပါ ဘုရား

ဘာတရားလဲ 
စိတ်တရားပါဘုရား 

အဲ့စိတ်က ဘယ်သူ့တရားလဲ 
(ဘယ်သူ့တရားမှ မဟုတ်ပါဘူး)
သူဟာသူဖြစ်ပြီး သူဟာသူပျက်တဲ့ 
ဖြစ်ပျက်တရားပါ 

 ဒါဖြင့် နိဗ္ဗာန် က စိတ်ကရမှာဆို 
ခုကျတော့
ဒီစိတ်က သူဟာသူဖြစ်ပြီးသူဟာသူပျက်တဲ့ 
ဖြစ်ပျက် တရား ဘယ်သူတရား မှ 
မဟုတ်ဘူး ရှေ့စကား 
နောက်စကား မညီပါလား?
 မှန်ပါတယ် ဘုရား တပည့်တော် 
စိတ်က နိဗ္ဗာန် ရောက်မှာပါ လို့ ဖြေခဲ့တာ 
မှားပါတယ် ဘုရား 

 အေးရုပ်ကလည်း သေရင်မြေကြီးထဲ 
ပစ်လိုက်ရမှာ နိဗ္ဗာန် ရောက်မဲ့သူမရှိဘူး 
စိတ်တရားကလည်း သူ့ဟာသူဖြစ် 
သူဟာသူပျက်တဲ့ တရား မို့ နိဗ္ဗာန် ရောက်မှာ မဟုတ်ဘူး
ဒါကြောင့် ရုပ်နာမ်ရှိတဲ့သူလည်းမရှိဘူး 
ရောက်မဲ့သူလည်းမရှိဘူး 
ဒီ( စိတ် စေတသိတ် ရုပ် ) 
ဆိုတဲ့တရားတွေဟာ 
ဖြစ်ပြီး ပျက် တာကို ပေါ်လာတိုင်း 
ခဏခဏ ယောကျာ်းမိန်းမပုဂ္ဂိုလ်သတ္တဝါ
မဟုတ်ဘူးလို့ သိသဘောလေးသာ 
ဖြစ်တယ်လို့ 
ထပ်ပြန်တလဲလဲ ရှုနေဘို့လိုသေးသလား ?
ဒီအသိ မခိုင်မြဲသေးရင်တော့ 
ကြိမ်ဖန်များစွာ ပွား 
ခိုင်မြဲသွားရင်တော့ ထပ်ပြန်တလဲလဲ ရှုနေဘို့ 
မလိုတော့ဘူးလို့ သိတာဟာ 
အမှန်ကို အမှန်အတိုင်း သိသွားလို့
ဒီအမှန်ဟာ ဘုန်းကြီး ဟောလို့ မှန်တာလား?
ဒကာကြီး သိသွားလို့ မှန်တာလား? 
တပည်တော် သိလို မှန်တာပါ ဘုရား 

 ဒကာကြီး သိလို့မှန်တာလား ?
တရားကိုက မှန်တာလား?
တရားတွေက မှန်တာပါ ဘုရား 

 အေး ဒီတရားတွေကို 
အမှန်အတိုင်း သိသွားတာက 
ဥာဏ် ပဲဒီဥာဏ်တွေက အနတ္တ ကို 
သိတဲ့ဥာဏ် မို့ 
အနတ္တာသမ္မာဒိဌိဥာဏ်လို့ ခေါ်တယ် 

အနတ္တ ဆိုတာ သူငါအနေနဲ့ပြစရာမရှိ 
ရုပ်ကလည်းတရား စိတ်ကလည်းတရား 
စေတသိတ် ကလည်းတရား 
ဒီ စိတ် စေတသိတ်ရုပ် တရားတွေထဲမှာ 
နိဗ္ဗာန် ရောက်မဲ့သူလည်းမရှိဘူး
သိသွားတဲ့ဥာဏ်လည်း အနတ္တ
 ကိုသိတဲ့ အနတ္တာသမ္မာဒိဌိဥာဏ်လို့
ဒါဖြင့် နိဗ္ဗာန် က ဘယ်မှာရှိတာလဲ?

 နိဗ္ဗာန် ဆိုတာ နတ်ပြည် ဗြဟ္မာ ပြည်လို့ 
ဘုံကြီး ဗိမာန်ကြီးနဲ့ ရှိတာ မဟုတ်ဘူး
ညွှန်ပြလို့မရဘူး 
(အတိတ် အနာဂတ် ပစ္စုပ္ပန် ) 
ဆိုတဲ့ ကာလ သုံးပါး လွတ်တယ် 

 ဒါဖြင့် 
နိဗ္ဗာန် မရှိဘူးလားဆိုတော့ ရှိတယ် ဘယ်မှာရှိတာလဲ? 
နိဗ္ဗာန် ဟာ ခန္ဓာ နဲ့တစပ်တည်းရှိတယ် 
ခန္ဓာ ရဲ့အပြင် မှာလည်းမဟုတ်ဘူး 
အတွင်းမှာလည်းမဟုတ်ဘူး 
ခန္ဓာ နဲ့ကင်းပြီးတော့လည်း နိဗ္ဗာန် မရနိုင်ဘူး 
ဒါကြောင့် 
ခန္ဓာ နဲ့တစပ်တည်းရှိတယ် ပြောတာ

ခန္ဓာ ဆိုတာ ဗမာလိုပြန်ရင် 
(အပေါင်းအစုလို့ ) အဓိပ္ပာယ် ရတယ် 
အဆင်း အသံ အနံ အရသာ အတွေ့ အတွေး 
ဆိုတဲ့ (အာရုံခြောက်ပါး နဲ့ )
မျက်စိနားနှာခေါင်းလျှာကိုယ်စိတ် ဆိုတဲ့
(ခြောက်ဒွါရ ဒွါရခြောက်ပေါက် ) တိုက်ရင် 
ဝိဉာဉ်သိစိတ်လေးတွေ ပေါ်လာတာ 
ဒီသိသဘော ဖြစ်လာတာကိုပဲ 

 ခန္ဓာနဲ့ပြောရင် ခန္ဓာငါးပါး ပေါ်တာ
ရုပ်နာမ် နဲ့ပြောရင် ရုပ်နာမ် ပေါ်တာ 
စိတ်နဲ့ပြောရင် စိတ်ပေါ်တာ 
ဒါဖြင့် ဒီစိတ် တွေက အာရုံဒွါရမတိုက်ခင် 
ပေါ်ပြီးသားအနေနဲ့ ရှိသလားဆိုရင် ပေါ်ပြီးသားအနေနဲ့ တော့ မရှိဘူး 
အာရုံ ဒွါရ တိုက်မှပေါ်တာ 
ဒါဖြင့်ဒီစိတ်တွေ ဖြစ်လာဘို ရာ 
အသံမရှိပဲနဲ့ ကြားစိတ် ရပါ့မလား?
မရပါဘူး ဘုရား 

အနံမရှိပဲနဲ့ ဒီနံစိတ် မရဘူးနော်
ကိုင်မကြည် ထိမကြည်ပဲနဲ့ 
ပူတယ်အေးတယ်လို့ 
သိစိတ်ဖြစ်ပါ့မလား 
မရပါဘူးဘုရား 

 ဒါဖြင့် 
ဒီ မြင်စိတ် ကြားစိတ် နံစိတ် ထိသိစိတ် 
ယားနာ ကောင်း မကောင်း စိတ်တွေဟာ 
အစကပျောက်မနေဘူးလား??? 
 ကြားစရာရာအသံတစ်ခုခုရှိမှ မြင်စရာရှိမှ 
နံစရာအနံတစ်ခုခုကို ရှုရှိက်မိမှ နံစရာရှိမှ 
အိမ်ကျောင်းခွေးနွား သားသမီး ဇနီး ခင်ပွန်း
အမေအဖေ စသဖြင့် အသိအမှတ် တွေ က 
ပေါ်လာမှ သိတာ 

 ဒါဖြင့် ဒီအသိအမှတ်တွေ ထဲမှာ
လောဘဒေါသမောဟတွေ ပါလာသလား? ??
မပါဘူး ဘုရား 

 ငြိစွဲမှုတွေရောပါလား?
မပါပါဘူးဘုရား 

ဒါဖြင့်ဒီ လောဘဒေါသမောဟတွေ ငြိစွဲမှု 
စွဲလန်းချက် တွေ ဘယ်ရောက်နေလဲ? ?
သူအလိုလို ချုပ်ပျောက်နေတာ 
မမှန်ဘူးလား? ?
မှန်ပါတယ်ဘုရား 

 လောဘဒေါသမောဟတွေ ဟာ 
သူအလိုလိုချုပ်ပျောက်နေ လို့မရှိဘူး 
ဒါဖြင့် အာရုံဒွါရတိုက်လို့ ပေါ်လာတဲ့ စိတ်တွေကလည်း ဖြစ်ပြီးပျက်သွားလို့ မရှိဘူး 
ဆိုရင် ဒီစိတ်တွေ ချုပ်ပျောက်သွားတဲ့နေရာမှာ 
ဘာရှိမလဲ???
ဘာမှမရှိ ပါဘူး ဘုရား 

 အေး ဘာမှမရှိ တဲ့ ဟာလာဟင်းလင်း ထဲမှာ 
ခန္ဓာ ပျောက်နေတဲ့အတွက် 
ရုပ်နာမ် ခန္ဓာ တွေမရှိဘူး 
 ရုပ်နာမ် ခန္ဓာ မရှိတော့ ဖြစ်ခြင်းပျက်ခြင်းတွေ 
လည်းမရှိဘူး အဖြစ် အပျက်ကင်းလို့ 
ဒုက္ခ တွေ ချုပ်နေတာ
ပုဂ္ဂိုလ်သတ္တဝါ အရိပ်နိမိတ်တွေ 
ကင်းဆိတ်ငြိမ် နေတယ် 
ကိလေသာ မရှိလို့ အပူခပ်သိမ်းငြိမ်းနေတယ် 
အဲ့ဒီ ဖြစ်မှုပျက်မှုလေးတွေ ဘာမှမရှိ လို့
လွတ်တဲ့နေရာ လွတ်ရာကြီးကို 
ဘာခေါ်မလဲ? ??
နိဗ္ဗာန် ပါ ဘုရား 🙏

 အဲ့ဒီ လွတ်ရာလို့ ခေါ်တဲ့အရာဟာ 
နိရောဓသစ္စာ ကိုသိမြင်သွားတဲ့ ဉာဏ် ဟာ မဂ်ဉာဏ်ပါပဲ 

 နိဗ္ဗာန် ရောက်တယ် ရတယ်ဆိုတာ အထည်ဒြပ်အနေနဲ့ သူငါရောက်တာရတာ 
မဟုတ်ဘူး။ ဘယ်ကို မှ အာရုံမပြုလို့ 
သိစိတ် မှတ်စိတ် လောစိတ် ဒေါသစိတ်ဆိုတဲ့ 
စိတ်တွေမရှိလို့ 
အလုံးစုံသောလောကီအာရုံတွေမှ ကင်းလွတ်နေတဲ့အတွက် စိတ်နဲ့ လွတ်ရာအာရုံ တနည်း နိဗ္ဗာန် အာရုံ 
အာရုံနဲ့အာရမ္မိက တထပ်တည်း တသားတည်း 
ကျတာကိုနိဗ္ဗာန် ရောက်တယ် ရတယ်
မျက်မှောက်ပြုတယ်လို့ သုံးနှုံးကြတာပါ ။

 နိဗ္ဗာန်ရောက်တယ် ဆိုတာ သေပြီးမှ 
ရောက်တာ မဟုတ်ဘူး
အခုသိ အခုရောက်တာ လက်ငင်း ချက်ခြင်း
လက်ငင်း နိဗ္ဗာန်
ဒါကြောင့် သိန္နိဌိကော ယခုဘဝမှာ 
ပစ္စက္ခ ဒိဋ္ဌ ကိုယ်တိုင် တွေ့မြင်ခံစား ရတယ် 
အကာလိကော အခါမလင့် အကျိုး ပေးတယ်
ဆိုတဲ့ တရားဂုဏ် တော် လည်း ကိုက်ညီပါတယ် 
သာဓုသာဓုသာဓုပါ ဘုရား🙏

ဓာတ်တော်ကျမြေငူဆရာတော်ဘုရားကြီး 
ဘဒ္ဒန္တကုသလ🙏

Credit 🙏

မာန်ကိုမချိုး ဦးမကျိုးလျှင်

မာန်ကိုမချိူး ဦးမကျိူးလျှင်....

လောကလူသား အများစုဟာ
မာန်မာနတွေ သိပ်ကြီးကြလေ၏ 
ဂုဏ်မောက် ဂုဏ်ဆာကြလေ၏
တစ်ချို့က ရာထူး ဂုဏ်ကြောင့် အခြံရံကြောင့်
တစ်ချို့က စည်းစိမ် ဥစ္စာကြောင့်
တစ်ချို့က ရုပ်အဆင်းကြောင့် 

ဗုဒ္ဓဘာသာနဲ့တွေ့ခိုက် ကြုံခိုက် ဆုံခိုက်

အရာအားလုံး မေ့ပစ်ပြီး 
မာန်ကိုမချိူး ဦးမကျိူးလျှင် 
အရှုံးကြီး ရှုံးရမယ်ဆိုတာ မေ့နေကြလေရဲ့။

အဂ္ဂသာဝကကြီးနှစ်ပါး လောင်းလျာတို့ရဲ့
မိတ်ဆွေ ဆရာကြီး သိဉ္စည်းပရိဗိုဇ်လို 
မာန်တင်းခံနေကြလေရဲ့..

အဂ္ဂသာဝကကြီးနှစ်ပါးလောင်းလျာတို့က
ဆရာကြီးခမျ
ဘုရားပွင့် တရားပေါ် သံဃာထွန်းနေလေပြီ
သွားကြစို့ဟု ခေါ်ကြတဲ့အခါ

သိဉ္စည်းဆရာကြီးက အေးကွာ

ငါဟာလေ
မဟာဇနဿ အာစရိယော ဟုတွာ ဝိစရိံ - 
လူပေါင်းများစွာ၏ ဆရာတစ်ဆူအနေနဲ့ လှည့်လည်ကျက်စားနေထိုင်ခဲ့ပြီ..

ဝိစရန္တဿ မေ အန္တေဝါသိကဝါသော စာဋိယာ ဥဒဉ္စနဘာဝပ္ပတ္တိ ဝိယ ဟောတိ-
ဆရာအဖြစ်ဖြင့် လှည့်လည်နေထိုင်ခဲ့တဲ့ ငါ့အနေနဲ့
တပည့် သာဝကအဖြစ် နေရမည်ဆိုတာ

ရေလှောင်အိုးကြီးကနေ 
ရေခပ် ရေငင်ပုံးအဖြစ် ရောက်ခြင်းကဲသို့ ဖြစ်ရမှာမို့..

 န သက္ခိဿာမဟံ အန္တေဝါသိကဝါသံ ဝသတုံ-
ရဟန်းဂေါတမ၏ တပည့်အနေနဲ့ ငါ မလုပ်နိုင်ပါဘူးဟု  

အတွင်တွင်ငြင်းဆိုပြီး 
သူ့ဘဝသူ့ဇာတ်အား 
ဒန္ဓာ ဒန္ဓဿ မမ သန္တိကံ အာဂမိဿန္တိ- 
လူထုံ လူအ လူန လူမိုက်တွေ 
ငါလို လူထုံ လူအ လူန လူမိုက်ကြီးထံ လာကြလိမ့်မည်ဟု ကြွေးကြော်ကာ

သက်ရှိထင်ရှား သဗ္ဗညုဘုရားရှင်နဲ့ 
ကြုံပင်ကြုံငြား တွေ့ပင်တွေ့ငြား
ဘုရားကို အန်တု မာန်ကိုတင်း၍

မာန်ကိုမချိူး ဦးမကျိူးပဲ

လူမိုက်တွေစု လူမိုက်ကြားမှာပဲ လူမိုက်လုပ်၍  
တိတ္ထိဆရာကြီး တစ်ဦးအနေနဲ့သာ 
ဘဝအဆုံးသတ်စေလျှက်
ဘဝခရီး အရှုံးကြီး ရှုံးခဲ့ရလေ၏

ဒီအတိုင်းပဲ စမ္ပာမြို့သာ 
သောဏဒဏ္ဍဆိုတဲ့ ပုဏ္ဏားကြီးဟာလည်း
သူဟာ ဘုရားရှင်ထက် အသက်ကြီးတယ်
ငါ့မြေးအရွယ်လောက်ရှိ ဘုရားရှင်အား

မာန်ကိုချိူး ဦးကျိူးလျှက်
အရိုအသေးပေး ခရီးဦးကြိုဆို ရှိခိုးရမည်ဆို

သူ့ပရိသတ် သူ့တပည့်သာဝကတွေ
အထင်သေး အမြင်သေးခံရမှာဆိုး၍ 
အခြံအရံ ဆုတ်ယုတ် အားနည်းသွားမှာဆိုး၍

ပရိသတ်ကြားမှ လက်အုပ်ချီမြှောက်တယ်ဆို
ဘုရားအား ခရီးဦးကြိုဆိုတယ်ဟု ..

ပရိသတ်ကြားကနေ ခေါင်းပေါင်းချွတ်သော်
ဘုရားအား ဦးခေါင်းဖြင့် ရှိခိုးတယ်ဟု ...

လှည်းရထား ယာဥ်ပေါ်ရောက်စဥ် 
နှင်တံကို အကယ်၍ မြှောက်လိုက်သော်
ယာဥ်ပေါ်မှ သက်ဆင်း ရိုသေပေးခြင်းဖြစ်တယ် တယ်ဟု...

ယာဥ်ပေါ်မှာပဲ ဆောင်းထား ထီးမိုးအား 
ဖယ်လိုက်အံ့ ဦးခေါင်းဖြင့် 
ဘုရားရှင်အား ရှိခိုးတယ်ဟု ...

မှတ်ယူပေးပါရန်ဆိုပြီး
မာန်ကိုမချိူး ဦးမကျိူးတဲ့ စိတ်ထားနဲ့
ဘုရားရှင်အပေါ် ဆက်ဆံပြုမှုခဲ့လို့

ဗုဒ္ဓဘာသာ ဖြစ်ချင်ပေမဲ့
တရားထူး တရားမြတ် မရခဲ့ရှာလေ..
သက်တော်ထင်ရှား ဘုရားရှင်နဲ့ 
ထိပ်တိုက် တွေ့ခဲ့ရပေမဲ့
အရှုံးကြီး ရှုံးခဲ့ရသပေါ့။

အပြန်ကြည့်သော်
သာသနာသမိုင်းမှာ မာန်ကိုချိူး ဦးကျိူးခဲ့တဲ့
မင်းညီ မင်းသား ခြောက်ယောက်ရှိခဲ့ဖူးလေရဲ့..

ဘုရားရှင်ရဲ့ အမျိူးတွေထည်းကပဲ
ဘဒ္ဒိယ ၊ အနုရုဒ်ဓါ၊ အာနန္ဒာ၊ ဘဂု၊ ကိမိလ၊ 
ဒေဝဒတ္တမင်းသားတို့ ခြောက်ယောက်ဟာ
မိမိနန်းတော်မှာ 
ခုနှစ်ရက်ခုနှစ်လီ စိတ်ကြိုက် 
လောကီစည်းစိမ်အား
နတ်စည်းစိမ်ခံစားသကဲသို့ ခံစားစံစားပြီး၍သာ
သူတို့တပည့် ဆတ္တာသည် (မုတ်ဆိတ်ရိတ်သူ ဝေယျာဝစ္စပြုပေးသူ) နှင့်အတူ 
အခြံအရံ စစ်တပ် စစ်သည်တွေ ဝန်းရံလို့သာ
တနေ့သောအခါ  
ဥယာဥ်ပျော်ပွဲစားထွက်ခဲ့ကြသဟန် 
အခြားတိုင်းတစ်ပါးရောက်ချိန်
အခြွေအရံ စစ်သည်တွေအား 
မင်းမိန့်အာဏာသုံး ပြန်လည်စေ၍ 
တပြိုင်နက်တည်း
သူတို့ မင်းညီမင်းသား တန်ဆာတွေချွတ် 
ပုဆိုးနဲ့ထုပ် ဆတ္တာသည် ဥပါလိအား
ရော့ အမောင် ဤမျှသောဥစ္စာဖြင့် 
အသက်မွေးရစ်လေ ပြန်ပါချေဟု ပြောကာ ပြောကာ

မင်းသားခြောက်ယောက် 
ဘုရားရှင်စီ ခရီးဆက် သွားကြလေတော့၏ ရဟန်းပြုရန်..

ဒီလိုနဲ့ ဆတ္တာသည် ဥပါလိခမျာ
ဝမ်းနည်းမျက်ရည်စတွေနဲ့ အထုပ်ကိုထမ်း 
ယိုင်တိယိုင်တိုင်နဲ့ စဥ်းစားချေလေ၏
အင်း 
သာကီဝင်မင်းသားတွေဟာ 
သိပ်ကြမ်းတမ်း ခက်ထန်ကြလေ၏ 
ငါဟာ မင်းသားတွေကို သတ်ခဲ့တယ်ဟု စွပ်စွဲကာ 
ငါ့အား သတ်စေကုန်ရာ၏
မဖြစ်သေးပါဘူး မင်းသားတွေသော်မှ 
ဤကဲသို့ မင်းစည်းစိမ် စသည်တွေအား စွန့်ဖယ်ကာ
ဤအဖိုးထိုက်တန်တန်ဆာတွေအား 
တံတွေးပေါက်ကဲသို့ စွန့်၍ ရဟန်းပြုသွားကြသေးတာပဲ.. .
ငါလိုကောင်က ဘာလို့ ရဟန်းမပြုဘဲ 
နေရစ်အံ့နည်းဟု ကြံတွေး၍သာ..

တန်ဆာ ဥစ္စာထုပ်အား ဖြေကာ 
တန်ဆာအသီးသီး
သစ်ပင်အား ချိတ်ဆွဲ၍ 
အလိုရှိသူများ ယူကြပါကုန်ဟု ပြောဆိုလျှက်

သူလည်း မင်းသားတို့စီ ပြေးလိုက်သွားချေ၏
မင်းသားတို့စီရောက်တော့ 
မင်းဘာလို့ လိုက်လာသလဲ ဘယ်လိုဘာညာ မေးမြန်းကြည့်သော်
အကြောင်းစုံသိရ၍ 
ဆတ္တာသည် ဥပါလိအား 
ဘုရားရှင်ထံ ခေါ်သွားကြပြီး...

အရှင်ဘုရား 
တပည့်တော်တို့ သာကီဝင်မင်းသားတို့မည်သည်
မာနိဿိတာ-
မာန်ကိုအမှီသဟဲပြု ရှင်သန်ကြပါကုန်၏ (မာနကြီးပါကုန်၏)။
ဤ ဆတ္တာသည် ဥပါလိဆိုသူဟာ 
တပည့်တော်တို့အား 
ကာလရှည်ကြာစွာ နေ့ညပတ်လုံး 
လုပ်ကျွေးပြုစု တပည့်ခံခဲ့သူဖြစ်ပါ၏

ဤ ဥပါလိအား ရှေ့ဦးစွာ ရဟန်းပြုပေးတော်မူပါ။
 
မယမဿ အဘိဝါဒနာဒီနိ ကရိဿာမ-
တပည့်တော်တို့သည် ဥပါလိအား ရှိခိုးခြင်းစသည်ကို ပြုပါကုန်အံ့..

ဧဝံ နော မာနော နိမ္မာနာယိဿတီတိ ဝတွာ -
ဤသို့ပြုကုန်လသော် တပည့်တော်တို့ မာန်ကိုချိူး ဦးကျိူးပြီးသား ဖြစ်ပါလိမ့်မည်ဘုရားဟု 
လျှောက်ကြ၍သာ..

တံ ပဌမတရံ ပဗ္ဗာဇေတွာ ပစ္စာ သယံ ပဗ္ဗဇိံသု-
သူတို့တပည့် ဆတ္တာသည် ဥပါလိအား 
ရှေ့ဦးသင်ကန်းဝတ် ရဟန်းပြုစေကာ 
ရှိခိုးခြင်းစသည်ပြုပြီးမှသာ
နောက်မှ မင်းသားခြောက်ယောက် 
သင်ကန်းဝတ် ရဟန်းပြုကြလေ၏..

ဆတ္တာသည် ဥပါလိဟာ
နောင်အချိန် ဝိနည်းအရာ ဧတဒတ်ရပြီး 
ပထမသက်ဂါယနာတင်ချိန် 
ဝိနယပိဋက ဝိဿဇ္ဇက ဖြစ်တော်မူလေတော့၏..
ဝိနယပိဋက လက်ဆင့်ကမ်း 
မထေရ်မြတ် ဟုလည်း သမိုင်းမှတ်တမ်း ကျန်ရစ်ခဲ့လေ၏

သာသနာမှာ 
တစ်မီးနစ် တစ်စက္ကန့်ကြီးသူ 
ပထမသင်ကန်းဝတ်သူအား 
Respect ထား 
ရှိခိုးခြင်းစသည့် ဂါရဝပြုရစမြဲဆိုတာ 
ထုံးတမ်းစဥ်လာ ဓမ္မတာပေတည်း။

အရိုးရှင်းဆုံး ပြောရလျှင်

ဂါရဝ နိဝါတ မင်ဂလာတရားနဲ့အညီ 
တစ်သက်လုံး
မာန်ကိုချိူး ဦးကျိူးအောင် ပြုကြခြင်းပင်တည်း။

ဒီလို ဥပါလိအား 
ပထမဆုံး သင်ကန်းဝတ်စေ ရှိခိုးခြင်းစသည်
ပြုမှုကျင့်ဆောင်ခြင်းဟာ 
တစ်သက်လုံး ဘဝတစ်လျှောက်လုံး
မင်းမျိူး မင်းနွယ် မာန်ခက်ထန် စိတ်ထားတွေ 
ရိုက်ချိူးပစ်တဲ့အနေနဲ့

မာန်ကိုချိူး ဦးကျိူးအောင်ပြုလိုက်ခြင်းပဲ..

ဒီလိုပြုမှုလိုက်တဲ့ စိတ်နေစိတ်ထားဟာ

ဆက်လက်ထိန်းသိမ်းသူများအဖို့ 
ဒေဝဒတ္တ မင်းသားမှအပ
တရားထူးတရားမြတ်တွေရလို့
သာသနာနဲ့ ဘာသာရေးသမိုင်းမှာ

ဘုရားရှင်နဲ့တွေ့ ဘာသာရေးနဲ့တွေ့ခိုက် ကြုံခိုက်

အရှုံးကြီး မရှုံးတော့ပဲ

အမြတ်ကြီး မြတ်သွားကြလေရဲ့။

ဒါ့ကြောင့် ဗုဒ္ဓဘာသာဝင်အများအနေနဲ့
ဗုဒ္ဓဘာသာနဲ့ တွေ့ခိုက် ကြုံခိုက် ဆုံခိုက်

အခွင့်ရေးကောင်း ကာလအခိုက်အတန့်လေးမှာ

မိမိဟာ ဘယ်လိုကောင်ကြီးဖြစ်နေပါစေ

မာန်ကိုမချိူး ဦးမကျိူးလျှင်တော့ 
အရှုံးကြီး ရှုံးရပါလိမ့်မည်လို့..

တရားအသိဉာဏ် မရ မသိနိုင်ဘူးဟုဆိုလို...

မှတ်ချက်
ငွေရှိန် ရာထူးဂုဏ်သိရ်ရှိန်သမားတွေ 
ဘာသာရေးလုပ်ခိုက် သတိထားကြပါကုန်..

အကိုး။
ဓမ္မပဒအဋ္ဌကထာ၊ပထမအုပ်၊
သာရိပုတ္တတ္ထေရဝတ္ထု -နှာ ၆၀။
ဒေဝဒတ္တဝတ္ထု- နှာ ၈၆။
သီလက္ခန္ဓဝဂ္ဂပါဠိ၊ သောဏဒဏ္ဍသုတ္တ-နှာ ၁၀၄။

ဦးဂန်
မစိုးရိမ်ဖေးမလက်တွဲ
 20-11-2025

သရဏဂုံတခဏ နတ်ပြည်တဘဝ

သရဏဂုံတစ်ခဏ နတ်ပြည်တစ်ဘဝ
**************************
နေက တဖြည်းဖြည်းမြင့်လာပြီဖြစ်တဲ့အတွက် ကျွနု်ပ်ကိုယ်မှာ ချွေးသံတွေတရွှဲရွှဲဖြစ်လို့လာသည်။ နောက်ထပ် နှစ်မိုင်လောက်လျှောက်လိုက်လျှင်တော့ ရှေ့တည့်တည့်မှ မြင်နေရသော တောအုပ်ကို ရောက်ပေလိမ့်မည်။ ထိုတောအုပ်ရောက်မှပဲ အမောအပန်းဖြေကာ ပါလာသောရိက္ခာထုပ်ကိုစားတော့မည်ဟူသော အတွေးဖြင့်အသွားနှုန်းကို အနည်းငယ်မြှင့်တင်လိုက်မိသည် ။

ကျွနု်ပ်၏ အမည်က ဆတ္တ ၊ ဘာသာက ဗြာဟ္မဏ (ဟိန္ဒူ) ဘာသာ ၊ ဇာတိက သေတဗျမြို့ ၊ ယခုသွားနေသည်က တက္ကသိုလ်ပြည်က ဒိသာပါမောက္ခဆရာကြီးထံ ပညာသင်ခ အသပြာတစ်ထောင်ပူဇော်ရန် တောအုပ်လေးထဲရောက်ခါနီး မိုင်ဝက်လောက်အလိုတွင် လွင်တီးခေါင်၌ စင်္ကြလျှောက်နေသော အသက်ကြီးကြီး ရဟန်းတစ်ပါးကို တွေ့လိုက်ရသည် ။

ဘာသာချင်းမတူသည်မို့ မသိချင်ယောင်ဆောင်ကာ ဆက်လျှောက်သွားမည် အပြုတွင် -
"ချစ်သား ဆတ္တ ၊ အဘယ်အရပ်သို့ ခရီးဆက်မလို့ပါလဲ" ဟူသေော အကြှနျုပျရဲ့အမညျကို ခေါ်ပြီး နှုတ်ဆက်မေးမြန်းလိုက်တဲ့ အသံကြောင့် ခေတ္တရပ်ပြီး ပြန်လည်ဖြေကြားရပါတော့တယ်။ တောအုပ်ထဲ မြန်မြန်ရောက်ချင်နေတာဆိုတော့ စိတ်ကတော့ တိုချင်ချင်ပဲ။

"တက္ကသိုလ်က ဒိသာပါမောက္ခဆရာကြီးကို ဉာဏ်ပူဇော်ခ ကန်တော့ရအောင် သွားမလို့ပါ ရဟန်းကြီး"

"သင် - ချစ်သားအတွက် အပန်းမကြီးဘူးဆိုရင် ငါဘုရားထံမှာ သရဏဂုံသုံးပါး ဆောက်တည်သွားပါလား"

သြော် - လက်စသတ်တော့ ဂေါတမဗုဒ္ဓကိုယ်တော် ဖြစ်နေပါလား ၊ ဘုရားဆိုရင် ကုဋေများစွာတန်တဲ့ ကျောင်းတိုက်ကြီးမှာ သူဌေးတွေ ဘုရင်တွေရဲ့ အကိုးအကွယ်ခံပြီး အေးအေးဆေးဆေးနေမယ်ထင်နေတာ အခုတော့ ဒီလိုမဟုတ်ပါလား။

လူသူမရှိတဲ့ တောကြီးမျက်မည်းထဲထိလာပြီး သာသနာပြုရှာပါလား ၊ ပြီးတော့ ကျွနု်ပ်ထင်ထားတာက သူ့အယူဝါဒကိုလက်ခံတဲ့ ဗုဒ္ဓဘာသာတွေလောက်သာ မေတ္တာကရုဏာ ထားမယ်ထင်တာ ၊ အခုတော့ ဒီလိုမဟုတ်ဘဲ ဘာသာခြားဖြစ်တဲ့ ကျွနု်ပ်လိုသာမာန်ပုဂ္ဂိုလ်တစ်ယောက် အပေါ်မှာတောင် မေတ္တာကရုဏာထားပြီး လာရောက်နှုတ်ဆက်မေးမြန်းတရားဟောရှာပါလားဆိုတဲ့ အတွေးကြောင့် လေးစားရိုသေတဲ့စိတ်တွေ အလိုလိုပေါ်လာပြီး ကျွနု်ပ်ခြေထောက်တွေ အလိုလိုဒူးထောက်ပြီးသား ဖြစ်သွားတယ်။

ဘာသာခြားဖြစ်တော့ သရဏဂုံကို ချက်ချင်းမဆောက်တည်သေးဘဲ နည်းနည်းတော့ စောဒက တက်လိုက်မိသေးတယ်။

"အရှင်ဂေါတမ - အဲသလို သရဏဂုံ တည်ဆောက်တဲ့အတွက် ကျွနု်ပ်မှာ ဘယ်လိုကောင်းကျိုးတွေ ခံစားလာနိုင်ပါသလဲ"
"ချစ်သား ဆတ္တ - ချစ်သားကို ငါဘုရား ပြန်မေးပါ့မယ် ၊ သင်ချစ်သား သဘောပေါက်သလို ဖြေနိုင်ပါတယ် ၊ သင်ချစ်သား ဘယ်အသက်အရွယ်မှာ သေမယ်လို့ ကြိုတင်သိပါသလား"
"မသိနိုင်ပါ အရှင်ဘုရား"
"ဘယ်အနာရောဂါနဲ့ သေရမယ်ဆိုတာရော ကြိုတင်သိနိုင်ပါသလား"
"မသိနိုင်ပါ အရှင်ဂေါတမ"
"နံနက် ၊ နေ့လယ် ၊ ည ဘယ်ကာလမှာ သေမယ်လို့ရော ကြိုတင်သိနိုင်ပါသလား"
"မသိနိုင်ပါ အရှင်ဂေါတမ"
"သေပြီးနောက် ဘယသြခွႋုူငြးမှာ သ င်္ဂြိုဟ်မယ်ဆိုတာရော ကြိုသိနိုင်ပါသလား"
"မသိနိုင်ပါ အရှင်ဂေါတမ"
"သေပြီးနောက် ဘယ်ဘုံရောက်မယ်လို့ရော ကြိုတင်သိနိုင်ပါသလား"
"မသိနိုင်ပါ အရှင်ဂေါတမ"
"ချစ်သားဆတ္တ - ပုထုဇဉ်မှန်သမျှ အဲဒီအခြင်းအရာ ငါးမျိုးကို ဘယ်သူမှ ကြိုတင်ပြီးမသိနိုင်ပါဘူး ၊ အကယ်၍ အသင်ချစ်သားအနေနဲ့ ငါဘုရားထံမှာ သရဏဂုံသုံးပါး ဆောက်တည်ပြီးလို့ အဲဒီသရဏဂုံမြဲသွားပြီဆိုရင်တော့ ဘယ်ချိန်ချိန်သေသေ ပုထုဇဉ်တိုင်းကြောက်ရွံတဲ့ အပါယ်လေးဘုံ မရောက်တော့ဘူး"

"အို - သရဏဂုံဆိုတာ သံသရာအတွက်ပါ အားကိုးရတဲ့ တရားကြီးပါလား ၊ ကျွနု်ပ်သိပ်ပြီးတော့ အားရဝမ်းသာဖြစ်သွားပါတယ်။ ပြီးတော့ မြတ်စွာဘုရားက ဒီတောနက်ကြီးထဲထိရောက်အောင်ကြွပြီး ကျွနု်ပ်လို သာမန်
ဘာသာခြားတစ်ယောက်ကို တရားဟောတယ်ဆိုတာ ထူးခြားတဲ့အကြောင်းတစ်ခုရှိရမယ်ဆိုတာတော့ ကျွနု်ပ် သေသေချာချာ သတိထားလိုက်မိပါတယ်။
ဒါ့ကြောင့်လည်း ကျွနု်ပ်ဘုရားရှင်ထံမှာ သရဏဂုံသုံးပါးကို လေးလေးစားစား ဆောက်တည်ပြီး ဗုဒ္ဓဘာသာအဖြစ်ကိုခံယူလိုက်ပါတယ်။ ပြီးတော့ ကြှနျုပျတို့ လူမျိုးတွေရဲ့ အဆုံးအမစကားလေး တစ်ခုရှိတယ် ၊ အဲဒီစကားလေးက -
"အလုပ်တစ်ခုကို အတ္တဟိတလား ၊ ပရဟိတလားဆိုတာ ခွဲခြားသိချင်ရင် အဲဒီအလုပ်အပေါ်မှာ မေတ္တာစေတနာ ဘယ်လောက်ပါသလဲ ဆိုတဲ့ ပေတံနဲ့ပဲတိုင်းတာရမယ်" တဲ့။

အခု ရှင်တော်မြတ်ဘုရားကိုယ်တိုင် ဒီတောနက်ကြီးထဲထိ ကြွလာပြီး တရားဟောတယ်ဆိုကတည်းက ကျွနု်ပ်အပေါ်မှာထားတဲ့ မေတ္တာစေတနာထုထည် ဘယ်လောက်ထိ ကြီးမားတယ်ဆိုတာ ထင်ရှားနေပါပြီ။ ကိုယ့်ဘာသာဝင်ဦးရေ တိုးပွားရုံသက်သက် ကတော့ မြို့ပေါ်မှာ အသားကျနေပြီး ဆွဲဆောင်လဲဖြစ်တာပဲ မဟုတ်ပါလား။

နောက်တစ်ချက်က ဗုဒ္ဓရဲ့မျက်နှာတော်မှာထင်နေတဲ့ မေတ္တာကရုဏာ စေတနာဟာ ဘာသာလူမျိုး မခွဲခြားဘူးဆိုတာ ကြှနျုပျရငျထဲက အလိုလိုသိနေတယ်လေ။ ကြည်ညိုသပ္ပာယ်စရာကောင်းလှတဲ့ ဗုဒ္ဓရဲ့မျက်နှာတော်ကို အားရပါးရ ဖူးမျှော်ကန်တော့ပြီး ကျွနု်ပ်ရဲ့ရှေ့ခရီးကို ဆက်ခဲ့ရပါပြီ။ ဗုဒ္ဓရှင်တော်လဲ မိုင်ပေါင်းများစွာဝေးတဲ့ ဇေတဝန်ရွှေကျောင်းကို ပြန်ကြွတော်မူခဲ့ပြီပေါ့။

ကျွနု်ပ်နားဖို့ရည်ရွယ်ထားတဲ့ တောအုပ်အစပ်ကို ဝင်လိုက်တယ်ဆိုရင်ပဲ ဗုဒ္ဓရှင်တော်မြတ် ကျွနု်ပ်ဆီကို ဘာကြောင့် ကြွလာရတယ်ဆိုတဲ့အဖြေကို ကြှနျုပျသိလိုကျရပါပွီ။ တခြားဟုတ်ပါရိုးလား ၊ ကြှနျုပျလာမယ့ျသတငျးကို ကြိုရထားတဲ့ ခိုးသားဓားပြငါးရားတို့ ကျွနု်ပ်ကိုမြင်တာနဲ့ တပြိုင်နက် အဆိပ်လူးမြှားတွေနဲ့ ဝိုင်းပြစ်လိုက်ကြတာ ။

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။
ဓမ္မံ သရဏံ ဂစ္ဆာမိ ။
သံဃံ သရဏံ ဂစ္ဆာမိ ။

လို့ သရဏဂုံဆောက်တည်ရင်းပဲ ကြှနျုပျဆတ်တတဈယောကျ ဝိညာဉ်စဲလို့ သေပွဲဝင်ခဲ့ရပါပြီကော။ ဒါပေမယ့် ကျွနု်ပ်ဝမ်းမနည်းမိဘူး ၊ ဘာကြောင့်လဲဆိုတော့ ငွေတစ်ကျပ်ဆုံးရှုံးရပေမယ့် ကုဋေပေါင်းများစွာ ပြန်ရတဲ့လူတစ်ယောက်လို လူ့ဘဝကဆုံးရှုံးသွားရပေမယ့် သေခါနီးမှာကပ်ပြီး ဆောက်တည်ခဲ့တဲ့ သရဏဂုံကုသိုလ်ကြောင့် လူ့သက်နဲ့ဆိုရင် နှစ်ပေါင်း သုံးကုဋေနဲ့ အနှစ်ခြောက်သန်းအသက်ရှည်တဲ့ တာဝတိံသာနတ်ပြည်ကို ရောက်ခဲ့ရလို့ပဲ။ ကျွနု်ပ်လို ဘာသာခြားတစ်ယောက်ကိုတောင် သေခါနီးလေးမှာကပ်ပြီး ဆောက်တည်တဲ့ သရဏဂုံကုသိုလ်က တာဝတိံသာနတ်ပြည်ထိ ပို့ပေးနိုင်ရင် နေ့တိုင်းသရဏဂုံဆောက်တည်နေတဲ့ ဗုဒ္ဓဘာသာဝင်တွေကတော့ ကျွနု်ပ်ထက်သာလွန်တဲ့ နတ်ဘုံတွေကို ရောက်မှာပဲလို့ ခဏခဏတွေးကြည့်နေမိတာပါပဲ။

မှတ်ချက်။ ။ ဝိမာနဝတ္ထုအဋ္ဌကထာ ၊ ဆတ္တမာဏဝ ဝတ္ထုကို မှီငြမ်းပြု ရေးဖွဲ့ပါသည်။

( မေတ္တာရှင် - ရွှေပြည်သာ ) ၏ သရဏဂုံအစွမ်းအံ့မခန်းဖြစ်ရပ်ဆန်းများ စာအုပ်မှ ကူးယူဖော်ပြပူဇော်ခြင်း ဖြစ်ပါသည် ။

#သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ
#ဓမ္မချမ်းသာ