ညစ်နွမ်းနေသမျှ အားလုံးဟာ ညစ်နွမ်းနေမှာပဲ
ဘုန်းကြီးတို့ရဲ့ စိတ်တွေကိုကြည့် - လောဘဖြစ်လိုက်၊ ဒေါသဖြစ်လိုက်၊ မောဟဖြစ်လိုက်၊ အာရုံအားလျော်စွာ မာန်မာန တွေဖြစ်လိုက်၊ ဣဿာတွေဖြစ်လိုက်၊ မစ္ဆရိယတွေဖြစ်လိုက်နဲ့၊ စိတ်ထဲမှာ အညစ်အကြေးတွေ လှည့်ပြီးတော့ ဖြစ်နေတယ်၊ စိတ်ဓာတ်တွေ ညစ်နွမ်းနေသမျှ အားလုံးဟာ ညစ်နွမ်းနေမှာပဲ၊ စိတ်ဟာ ဖြူစင်မှုမရှိဘူး၊ စိတ်မှာ အညစ်အကြေးတွေဖြစ်နေပြီ၊ ဒီ အညစ်အကြေးတွေ ဖြူစင်သွားအောင်လုပ်နိုင်တာ ဒီသတိပဋ္ဌာန် ကျင့်စဉ်ပဲတဲ့၊ Mindfulness လုပ်ရမယ်တဲ့၊ ကာယ ဝေဒနာ စိတ္တ ဓမ္မ ဆိုတဲ့ အာရုံ ၄-ရပ် ပေါ်မှာကပ်နေတဲ့ သတိသည် သတ္တဝါတွေရဲ့ စိတ်ဓာတ်ကို ဖြူစင်စေတယ်။
လူတွေကပြောတယ်၊ ဒီလူကတော့ စိတ်ထားဖြူစင်တယ် ဆိုတာအပေါ်ယံပြောတာ၊ မြတ်စွာဘုရားပြောတဲ့ စိတ်ထားဖြူစင်မှုဆိုတာ ကိလေသာအညစ်အကြေးတွေ လုံးဝကင်းစင်သွားတဲ့ စိတ်ဓာတ်၊ စိတ်ဓာတ်သည် ပူပန်မှု မရှိဘူး၊ ညစ်နွမ်းမှုမရှိဘူး အမြဲတမ်းအေးချမ်းတယ်၊ အဲဒီအေးချမ်းပြီး ငြိမ်သက်နေတဲ့ စိတ် ကလေးဟာ ဖြူစင်နေတယ်၊ အဲဒီ စိတ်ဓာတ်ကလေး ဖြူစင်ဖို့ အတွက် ဒါဟာ တစ်ခုတည်းသော နည်းလမ်းပါပဲ။
သတိပဋ္ဌာန်ကျင့်စဉ်ကို ကျင့်ပြီဆိုရင် နံပါတ်(၁) ရနိုင်တဲ့ အကျိုးတရားက စိတ်ထဲမှာ ညစ်ထေးနေတဲ့ ကိလေသာအညစ်အကြေးတွေကို ဆေးကြောပစ်နိုင်တယ်၊ ဖြူစင်သွားနိုင်တယ်၊ မိမိတို့ဝတ်တဲ့အဝတ် မည်းညစ်နေပြီဆိုရင် ကောင်းတဲ့ဆပ်ပြာ အစွမ်းထက်တဲ့ဆပ်ပြာနဲ့ လျှော်ကြတယ်၊ အဲဒီတော့ အဝတ်ကလေး ဖြူဖွေးစင်ကြယ်သွားတယ်၊ အဲဒါလိုပဲ သတိပဋ္ဌာန်နဲ့ ဆေးကြောလိုက်ပြီဆိုရင် စိတ်ကလေးဟာ ဖြူစင်သွားတယ်၊ ရဟန္တာပုဂ္ဂိုလ်တွေမှာ စိတ် ဖြူစင်သွားတယ်ဆိုတာ ထာဝရဖြူစင်သွားတာ။
ဆိုပါစို့ - သောတာပန်ဖြစ်ပြီဆိုရင် ဒိဋ္ဌိဆိုတဲ့ မှားယွင်းတဲ့ အမြင် မလာတော့ဘူး၊ ဝိစိကိစ္ဆာဆိုတဲ့ ဓမ္မနဲ့ပတ်သက်တဲ့သံသယတွေ မလာတော့ဘူး၊ ဒီအညစ်အကြေး ၂-ခု လုံးဝကင်းသွားတယ်၊ ဒီလိုဖြူစင်သွားအောင် ဘယ်သူ့ရဲ့ စွမ်းဆောင်ချက်လဲ ဆို ရင် သတိအပါအဝင် မဂ္ဂင် ၈-ပါးရဲ့ စွမ်းဆောင်ချက်၊ သို့သော် ဒီနေရာမှာ သတိကိုဦးတည်ပြောတာ၊ ဟောဒီသတိပဋ္ဌာန်ကျင့်စဉ်ကိုကျင့်လိုက်လို့ အဲဒီအခြေအနေမျိုးကို ရတာတဲ့။
သကဒါဂါမိမဂ် အနာဂါမိမဂ်ရရင် ကာမရာဂစိတ်တွေ ကင်းသွားတယ်၊ ဗျာပါဒလို့ခေါ်တဲ့ ဒေါသတွေ ကင်းသွားတယ်။ ဆိုင်ရာဆိုင်ရာ အကုသိုလ်တရားတွေ အင်မတန်နည်းသွားတယ်။ အနာဂါမ်ပုဂ္ဂိုလ်ရဲ့ စိတ်ဟာ အလွန်ဖြူစင်သွားပြီ၊ ရဟန္တာဖြစ်လို့ အရဟတ္တမဂ်ပေါ်လာပြီဆိုတာနဲ့ စိတ်ရဲ့ အညစ်အကြေးကိလေသာ မှန်သမျှဟာ လုံးဝ ဖြူစင်သွားတယ်၊ အဲဒီလို စိတ်ဓာတ်လုံးဝဖြူစင်သွားတဲ့ အနေအထား ရောက်အောင် ဘာလုပ်ရမလဲဆိုရင် သတိပဋ္ဌာန်ကျင့်ရမယ်၊ သတိပဋ္ဌာန်ကျင့်ခြင်းဖြင့် စိတ်ကိုလုံးဝ ဖြူစင်စေတယ်ဆိုတာ အကျိုးတစ်ခု။
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ကြီးဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
No comments:
Post a Comment