ပျက်စီးချိန်တန်ရင်ဘုရား
သော်မှ ဟောမရဘူး
🌿🌿🌸🌿🌿🌸🌿🌿🌸
အကြင်လူများ၊ ယောက်ျားမိန်းမ၊ စသည်ထိုထို၊ ပျက်စီးလိုက၊ အဆိုအသွား၊ အမှားမှားဖြင့်၊ဘုရားသော်မှ၊ ဟောမရဘူး။
(မဃဒေဝ၊ ပိုဒ်ရေ၊ ၂၂၉)
ယောက်ျားမိန်းမ မည်သူမဆို
ပျက်စီးတော့မည်ဆိုလျှင်စကားပြောတဲ့ နေရာမှာပဲဖြစ်ဖြစ်, လုပ်တဲ့ကိုင်တဲ့ နေရာမှာပဲ ဖြစ်ဖြစ် အရာရာ၌ အမှားမှား အယွင်းယွင်းတွေ ဖြစ်နေတတ်သည်။
သတ္တဝါတွေကို ဆုံးမတဲ့နေရာမှာ အတုမရှိဖြစ်တော်မူသော ဘုရားရှင်တောင် ထိုပုဂ္ဂိုလ်တို့ကို အသိတရားရအောင် ချေချွတ် ဆုံးမလို့ မရခေတ်။
အဘယ့်ကြောင့် ဆိုသော်
ပျက်စီးတော့မည် ဖြစ်သောကြောင့် ဖြစ်ပေသည်။
လူ့လောက၌ လူသားတို့ ပ်က်စီးဖို့ရာ အကြောင်းများစွာ ရှိပေသည်။
ထိုတွင်အပြောအဆို,အလုပ်အကိုင်တို့၌ ကမောက်ကမဖြစ်ခြင်း, မှားမှားယွင်းယွင်း ဖြစ်ခြင်းတို့သည်လည်း ပျက်စီးဖို့ရာ အကြောင်းတစ်ခုပင် ဖြစ်ပေသည်။
ထို့ကြောင့် ဝဇိရဗုဒ္ဓိဋီကာ၌
သတ္တဝါအများစုသည် ပျက်စီးဖို့ အကြောင်း ဖန်လာပြီးဆိုလျှင် နည်းလမ်း မဟုတ်သည်ကို နည်းမှန် လမ်းမှန်၊ အမှားကို အမှန်၊ အမှန်ကို အမှားဟု သူတို့၏ အသိဉာဏ်၌ လွဲမှားစွာ ထင်မြင်လာတတ်၏ဟု ပြဆိုထားသည်။
(ဝဇိရဗုဒဓှိဋီကာ၊ ၆၉)
ထိုသို့ လွဲမှားစွာ ထင်မြင်မိ၍ မလုပ်သင့် မလုပ်ထိုက်သော အမှုကိုပြုလုပ် ကျူးလွန် မိသောကြောင့် ယူဇနာ ခြောက်ဆယ်ရှိသော ကုမ္ဘဝတီတစ်ပြည်လုံး ပျက်စီးခဲ့ရဖူးသည်။
အမှားကြာ အမှန်ဖြစ်
-------------------
ရှေးအခါက ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းကြီး မင်းပြုစဉ် ဘုရားလောင်းသည် သရဘင်္ဂ မည်သော ရသေ့ဖြစ်၍ တပည့်ပေါင်းများစွာတို့၏ ဆရာကြီး
ဖြစ်၏။
တပည့်ပရိသတ်တို့ များလွန်းသော ဆရာကြီးသည် တပည့်ကြီးတို့ကို ခေါင်းဆောင်ခန့်၍ ရသေ့တို့ကို ဒေသအသီးသီးသို့ စေလွှတ်၏။ ထိုတပည့်တို့တွင် အရှင်မောဂ္ဂလ္လာန်လောင်း ရှင်ကိသဝစ်ဆရသေ့သည် ဒဏ္ဍကီမင်း၏နိုင်ငံ ကုမ္ဘဝတီမြို့၌ စစ်သူကြီးကို အမှီပြု၍ မင်းဥယျာဉ်၌ နေ၏။
တစ်နေ့သ၌
ဒဏ္ဍကီမင်းသည် ချီးမြှောက်ထားအပ်သော ပြည့်တန်ဆာမ တစ်ယောက်ကို ရာထူးမှချထားလိုက်သည်။ ပြည်တန်ဆာမသည် ရာထူးမှ
အချခံရသောကြောင့် စိတ်မချမ်းမသာဖြစ်လျက် မင်းဥယျာဉ်သို့ ထွက်လာရာ ရှင်ကိသဝစ်ဆရသေ့ကို တွေ့သည်။
ထိုအခါ ပြည့်တန်ဆာမသည် ရသေ့ကို သူယုတ်ဟု မှတ်ထင်၍ ရသေ့၏ ခန္ဓာကိုယ်ပေါ်၌ ချွဲသလိပ်တို့ကို ထွေးချကာ ဆံကျစ်ကြားမှာလည်း
ဒန်ပူ(သွားတိုက်တံ)ကို ပစ်ချခဲ့သည်။
ထို့နောက် ဒဏ္ဍကီမင်းသည် ပြည့်တန်ဆာမကို ပြန်လည်သတိရ၍ မူလရာထူးကိုပြန်လည် ပေးအပ်ခဲ့သည်။ ထိုအခါ ပြည့်တန်ဆာမသည် ရသေ့ကိုယ်ပေါ်၌အညစ်အကြေးများ စွန့်ပစ် သောကြောင့် မူလရာထူး ပြန်လည်ရရှိသည် ဟုမှားယွင်းစွာ မှတ်ထင်သွားသည်။
ဒဏ္ဍကီမင်းသည် ပုရောဟိတ်ကိုလည်း ရာထူးမှ ချပြန်သည်။ ရာထူးအချခံရသော ပုရောဟိတ်သည် မူလရာထူး ပြန်လည်ရရှိရန် မည်သို့ ပြုလုပ်ရမည်နည်းဟု ပြည့်တန်ဆာမထံ နည်းစနစ်များ တောင်းခံခဲ့သည်။
ပြည့်တန်ဆာမက မင်းဥယျာဉ်အတွင်းရှိ ရသေ့၏ ကိုယ်ပေါ်၌ အညစ်အကြေးများ စွန့်ပစ်ရမည် ဟု နည်းပေးလိုက်သည်။ ပုရောဟိတ်လည်း ပြည့်တန်ဆာမ ပေးသောနည်းအတိုင်း ပြုလုပ်ရာ ကံအားလျော်စွာ မူလရာထူးကို ပြန်ရခဲ့သည်။
ထို့နောက် စစ်တိုက်သွားမည့် ဒဏ္ဍကီမင်းကိုလည်းပုရောဟိတ်က စစ်အောင်မြင်ဖို့ရန် ရသေ့အပေါ်အညစ်အကြေးများ စွန့်ပစ်ကြရမည် ဟု နည်းပေး
ပြန်သည်။ မင်းနှင့်တကွ စစ်သည်ဗိုလ်ပါတို့သည်
ပုရောဟိတ်ပေးသော နည်းအတိုင်း ပြုလုပ်ကာ စစ်တိုက် ထွက်သွားကြသည်။
မင်းကြီး ထွက်သွားပြီးနောက် မကြာမီ စစ်သူကြီး ရောက်ရှိလာပြီး ရသေ့မြတ်၏ ကိုယ်ပေါ်မှ အညစ်အကြေးများ ဖယ်ရှားပေးပြီး ကောင်းမွန်စွာ ရေချိုးပေးလိုက်သည်။ ထို့နောက် စစ်သူကြီးက ရသေ့မြတ်ကို မင်းအား မည်သို့ ဖြစ်လတ္တံ့နည်း ဟု
မေး၏။
ထိုအခါ ရေသ့က
ဒါယကာ၊.ငါသည် တစ်စုံတစ်ရာ အမျက်မထွက်ပါ။
(စိတ်မဆိုးပါ။) သို့သော် နတ်တို့သည်ကား အမျက်ထွက်ကြကုန်၏။ ဤနေ့မှ ခုနစ်ရက် မြောက်သောနေ့၌ တိုင်းပြည် ပျက်စီးလတ္တံ့။
သင်သည် သားမယားတို့ကို ခေါ်၍ တိုင်းတစ်ပါးသို့
ထွက်ပြေးပါလော့ဟု ပြောကြားသည်။
စစ်တိုက်သွားသော ဒဏ္ဍကီမင်းသည် ကံအားလျော်စွာ စစ်နိုင်ကာ တိုင်းပြည်သို့ ပြန်လာခဲ့သည်။ ဒဏ္ဍကီမင်း တိုင်းပြည်သို့ ပြန်ရောက်လာလျှင် နတ်တို့သည် ရှေးဦးစွာ မိုးရွာစေ၏။ ထို့နောက် သဲဖြူမိုး၊ နတ်ပန်းမိုး၊ ပဲမိုး၊ အသပြာ ရွှေမိုး,ငွေမိုး၊ နတ်ဝတ် တန်ဆာမိုးတို့ကို အစဉ်အတိုင်း ရွာစေ၏။
ထိုအခါ လူတို့သည် ရွာချအပ်သော ပစ္စည်းဥစ္စာတို့ကို
ဝမ်းမြောက်ဝမ်းသာ ကောက်ယူကြကုန်၏။
ထိုစဉ် လက်နက်မိုး ရွာချလိုက်ရာ ခန္ဓာကိုယ်တို့သည် အပိုင်းအပိုင်း ပြတ်ကုန်၏။ ထို့နောက် မီးကျီးမိုး၊ တောင်ထွတ်မိုး၊ သဲမိုးတို့ ရွာချပြန်ရာ ယူဇနာ ခြောက်ဆယ်ရှိသော ကုမ္ဘဝတီမြို့ကြီးသည် ပျက်စီးလေ၏။
(သရဘင်္ဂဇာတ်၊ ဇာ၊ ၂၊ ၅။ ဇာ၊ ဋ္ဌ၊ ၅၊ ၁၄၁)
ကုမ္ဘဝတီမြို့ကြီး ပျက်စီးရခြင်း အကြောင်းကား မပြစ်မှားထိုက်သည်ကို ပြစ်မှားသောကြောင့် ဖြစ်သည်။
လောက၌ လူတို့သည် အယူဝါဒတစ်ခု (သို့မဟုတ်) ယုံကြည်မှုတစ်ခုသည် မှားပင်မှားနေသော်လည်း အမှားကြာ အမှန်ဖြစ် ဆိုသည့်အတိုင်း ကြာလာသော အခါ ထိုအယူဝါဒ,ယုံကြည်မှုကို အမှန်ဟု လွဲမှားစွာအောက်မေ့မှတ်ထင် တတ်ကြကုန်၏။
ပြည့်တန်ဆာမ, ပုရောဟိတ်, မင်းနှင့်တကွ စစ်သည်တော်တို့သည် ရှင်ကိသဝစ်ဆရသေ့ ခန္ဓာကိုယ်ပေါ်၌ နှပ်တံတွေးစသော မစင်အညစ် အကြေးများ စွန့်ပစ်ကြသည်။ ဤသို့ပြုလုပ်ကြခြင်းသည် အမှားပင် ဖြစ်သည်။
သို့သော် သူတို့အားလုံးက
အစစအရာရာ အောင်မြင်သည်၊ လာဘ်ကီး ကောင်းသည်ဟု ယုံကြည်ကြသောကြောင့် သူတို့လုပ်တာ အမှန်ဟု မှတ်ထင်နေကြလေသည်။
ဤသို့ အလွဲလွဲ အချော်ချော် မှတ်ထင်ခြင်းသည် ပျက်စီးခြင်း၏ အကြောင်းပင်ဖြစ်တော့သည်။
ဤဇာတ်ဝတ္ထုကို ဖတ်ရှုရာ၌ မကောင်းမှုသည်တစ်ခါတစ်ရံ ချက်ချင်းအကျိုး မပေးသေးဘဲ
ကောင်းကျိုးများနှင့် ကြုံတွေ့နေရတတ်ကြောင်း၊ ထိုအခါမျိုး၌ သတ္တဝါတို့သည် ဖောက်ဖောက်ပြန်ပြန် မြင်တတ်ကြောင်း ဘဝသင်ခန်းစာ ရရှိသည်။
အရှင်သြသဓ
သုတ္တန္တပိဋကမဟာဌာန (နည်းပြ)သာသနာ့တက္ကသိုလ်(မန္တလေး)
No comments:
Post a Comment