~~~~~~~~~~~~~~~~~~~~~~~~~~~~~
သင်္ခါရနဲ့တွေ့လျှင်ခပ်တည်တည်နေကြ။
ကမ္ဘာကြီးကအစတည်းက အပျက်ကြီး။
ဓာတ်ကြီးလေးပါးတို့ စုပေါင်းမိမှအစိုင်အခဲအဖြစ် ပုံပေါ်လာတာ ....။
မြေ ရေ ဓာတ်မနှစ်ခုနဲ့
လေ မီး ဓာတ်ဖိုနှစ်ခုတို့ရဲ့
ပဋိပက္ခကြောင့် ....
အညှိကပ်သတ္တဝါဖြစ်ရာကနေ
လူ နတ် ဗြဟ္မာ တွေအထိ တိုးတက်လာတယ် ....။
အကြောင်းတရားတို့ ရှိလို့ အကျိုးပေါ်တယ်
ပြီးရင်ပျောက်တယ် ဒါ သင်္ခါရရဲ့ နိယာမပဲ ....။
အဲဒီမှာ သူ့အကြောင်းရှိလို့ အကျိုးပေါ်လာတာကို
ဒါ ငါ့ဟာ လို့ သွားအသိအမှတ် ပြုလိုက်တာနဲ့တစ်ပြိုင်နက် ......
သင်္ခါရတရားကြီးက " ဒုက္ခ " ဆိုတဲ့
ဂုဏ်ပုဒ်တစ်ခုနဲ့ ကမ်းတက်လာတော့တာ ....။
ငါတော့ပျက်ပါပြီ ငါ့ဟာပျက်ပါပြီ
ဒုက္ခပါပဲ ဆိုပြီးတော့ပေါ့ ....။
ကိုယ်က အသိအမှတ် မပြုရင်
သူ့ဟာသူ ဖြစ်စရာအကြောင်းရှိ ဖြစ်ပေါ့
ပျက်စရာ အကြောင်းရှိ ပျက်ပေါ့
ဒါ သူ့အလုပ်ပဲ .....။
သူ့အလုပ် သူ လုပ်နေတာကို
ကိုယ်က ဝင်မရှုတ်သမျှ ကိုယ် ဒုက္ခမရောက်ဘူး
#တရား_အားထုတ်ရတယ်_ဆိုတာ
#ကိုယ့်အရှုပ်_ကိုယ်_ရှင်းနေရတာ
သင်္ခါရနဲ့ ဘာမှ မဆိုင်ဘူးရယ် ....။
သင်္ခါရဆိုတာ သတိကိုတော့ သိပ်ကြောက်တယ်
သတိနဲ့ စိုက်ကြည့်လိုက်ရင်
အမှောင်ထဲကသူခိုး မီးနဲ့ အထိုးခံရသလို
တစ်ခါတည်း လစ်တော့တာပဲ
ကိုယ်ကြည့်ချိန်မှာ သူက ပျက်ပြီလေ ....။
ဒါကြောင့် .....
သင်္ခါရနဲ့တွေ့ရင် သတိလေးနဲ့ ခပ်တည်တည်သာနေ
သွားပြာလောင်မခတ်နဲ့ ရောင့်တက်ပြီး
ကိုယ့်အပေါ် ဒုက္ခနဲ့ ဂုတ်ခွစီးသွားမယ် ....။
သူမစီးခင် ကိုယ်က အရင်စီးနိုင်အောင် လုပ်ထား
ကြားလား ....။
ရှင်းတဲ့ပုဂ္ဂိုလ်တွေ အတွက်တော့ ရှင်းပါတယ်
ကိုယ်က မခေါ်ဘဲနဲ့ ဒုက္ခရောက်လာတယ် ဆိုတာ
ရှိကို မရှိပါဘူး .....။
ဖြစ်လာတယ် .... ပျက်သွားပြီ .... ဒါပါပဲ ....။
ဓမ္မဘေရီဆရာတော်ကြီးအရှင်ဝီရိယ
အမရပူရမြို့ တူမောင်းတိုက်
No comments:
Post a Comment