စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Friday, November 21, 2025

စိတ်ကိုဆုံးမ မှတ်

ယောဂီတစ်ယောက် လှမ်းတိုင်တယ်။ သူချောင်းဆိုးလို့ တရားမထိုင်တော့ဘူးတဲ့ ။ 

လူတွေဟာ တော်တော်ခက်တယ်။ အနည်းငယ် နေမကောင်းသလိုလို ဖြစ်လာရင် တရားအလုပ်ကို ဖြုတ်ပစ်တယ်။ အဲတာ မဟာအမှားကြီးပဲ။ နေမကောင်းဘူးဆိုရင် ပိုပြီးမှတ်ရတယ်။ ခန္ဓာရှိနေသမျှ ရောဂါရှိနေတယ်လေ။ ဒီခန္ဓာက ဘယ်တစ်ချိန်မှ အကောင်းမပြဘူး မဟုတ်လား။ ဒါ ငါမမှတ်နိုင်တော့ဘူး။ ငါဘာဖြစ်နေလဲမသိ။ တရားထိုင်နေရင် ရောဂါပိုဆိုးလာမလား စသည့် အစွဲအလမ်းကို သက္ကာယဒိဋ္ဌိလို့ခေါ်တယ်။

 ခန္ဓာက အနည်းငယ် တစ်ခုခုဖေါက်ပြန်လာပြီဆိုရင် ငါဘာဖြစ်လာသလဲ မသိ သေတော့မယ်လိုလို။ အားငယ်မိသလိုလို။ ငါစွဲတွေရှိရှိလာတော့၊ ထို ငါဆိုတဲ့ဒိဋ္ဌိ မဖြုတ်နိင်သမျှ တရားရဖို့ အဝေးကြီးပဲဆိုတာမှတ်လိုက်။ 

တရားအားထုတ်သည့် ယောဂီက ဘယ်ရောဂါနှင့်တွေ့တွေ့ နောက်မဆုတ်ရဘူး။ နေမကောင်းဖြစ်လာရင် စိတ်ကိုဆုံးမရတယ်။

 ဟေ့ ခန္ဓာ တစ်သံသရာလုံးမှာ မင်း သားကိစ္စ သမီးကိစ္စ လင်ကိစ္စ မယားကိစ္စ စီးပွါးရေးကိစ္စ လူမှုရေးကိစ္စ နိုင်ငံရေးကိစ္စတို့ဖြင့် အာရုံယူမှားပြီး (၃၁)ဘုံမှာ အိုနာသေထပ်ခဲ့ပေါင်း များခဲ့ပြီမဟုတ်လား။ မင်းခုထက်ထိ မိုက်နေတုန်းပဲလားကွ။ လူမိုက်ကြီးရဲ့လို့ မိမိစိတ်ကို မိမိကဆုံးမလိုက်ပါ။ 

နင်သေခဲ့သည့်နေ့မှာ နင့်နောက်က ဘာပစ္စည်းဥစ္စာ ဂုဏ်ဓနတွေ ဘာဆိုဘာတစ်ခုမှ မယူသွားနိုင်ဘူးနော်။ နင့်အမေ နင့်အဖေ နင့်ဆွေမျိုးတွေ သေကြေပျက်စီးကုန်ပြီ မဟုတ်လား။ သူတို့ ဘာပစ္စည်းမှ ယူမသွားကြဘူးလေ။ နင်သေခဲ့ရင်လည်း ဘာဆို ဘာတစ်ခုမှ ယူမသွားနိုင်ဘူးဆိုတာ ကြိုတင်ပြင်ဆင်ပါ။

 အားလုံးသော အရာဝတ္ထုတို့သည် ဘာတစ်ခုမှ မြဲမြဲမြံမြံမရှိဘူး ဆိုတာ နားလည်လိုက်ပါ။ ငါတစ်ငါ ငါ မလုပ်နေပါနဲ့ ။ ငါဆိုတာမရှိဘူး။ နေရာတကာ ငါမရှိရင် မဖြစ်ဘူးလို့ စွဲမနေပါနဲ့။ ငါမရှိပဲ အဆင်ပြေနေကြတာက အများကြီး သိလား။ ငါမရှိမဖြစ်ဘူးဆိုတာ သုဿာန်သချိုင်း။ ငါမရှိ မဖြစ်တာ။ ခန္ဓာနှင့် ပတ်သက်ပြီး ငါအဖြစ်မစွဲပါနဲ့။ 

ရှေ့မှာ သေမင်းရန်သူက စောင့်နေတယ်ဆိုတာ အထူးသတိထားပါ။ အချိန်နာရီ စေ့သည့်နေ့သည် ဤခန္ဓာတည်းဟူသော နာမ်ရုပ်တရားတို့သည် အိုးစားကွဲရမည်ဆိုတာ အထူးသတိထားပါ။ သေမင်းရန်သူနှင့် နီးနီးလာနေပြီဆိုတာ သံဝေဂယူကာ တရားကို အားအား မအားအား မြန်မြန်အားထုတ်
ပါဟု သတိပေးပါရစေ။


 မြောက်ဦးဆရာတော်

No comments:

Post a Comment