စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Friday, November 21, 2025

မာန်ကိုမချိုး ဦးမကျိုးလျှင်

မာန်ကိုမချိူး ဦးမကျိူးလျှင်....

လောကလူသား အများစုဟာ
မာန်မာနတွေ သိပ်ကြီးကြလေ၏ 
ဂုဏ်မောက် ဂုဏ်ဆာကြလေ၏
တစ်ချို့က ရာထူး ဂုဏ်ကြောင့် အခြံရံကြောင့်
တစ်ချို့က စည်းစိမ် ဥစ္စာကြောင့်
တစ်ချို့က ရုပ်အဆင်းကြောင့် 

ဗုဒ္ဓဘာသာနဲ့တွေ့ခိုက် ကြုံခိုက် ဆုံခိုက်

အရာအားလုံး မေ့ပစ်ပြီး 
မာန်ကိုမချိူး ဦးမကျိူးလျှင် 
အရှုံးကြီး ရှုံးရမယ်ဆိုတာ မေ့နေကြလေရဲ့။

အဂ္ဂသာဝကကြီးနှစ်ပါး လောင်းလျာတို့ရဲ့
မိတ်ဆွေ ဆရာကြီး သိဉ္စည်းပရိဗိုဇ်လို 
မာန်တင်းခံနေကြလေရဲ့..

အဂ္ဂသာဝကကြီးနှစ်ပါးလောင်းလျာတို့က
ဆရာကြီးခမျ
ဘုရားပွင့် တရားပေါ် သံဃာထွန်းနေလေပြီ
သွားကြစို့ဟု ခေါ်ကြတဲ့အခါ

သိဉ္စည်းဆရာကြီးက အေးကွာ

ငါဟာလေ
မဟာဇနဿ အာစရိယော ဟုတွာ ဝိစရိံ - 
လူပေါင်းများစွာ၏ ဆရာတစ်ဆူအနေနဲ့ လှည့်လည်ကျက်စားနေထိုင်ခဲ့ပြီ..

ဝိစရန္တဿ မေ အန္တေဝါသိကဝါသော စာဋိယာ ဥဒဉ္စနဘာဝပ္ပတ္တိ ဝိယ ဟောတိ-
ဆရာအဖြစ်ဖြင့် လှည့်လည်နေထိုင်ခဲ့တဲ့ ငါ့အနေနဲ့
တပည့် သာဝကအဖြစ် နေရမည်ဆိုတာ

ရေလှောင်အိုးကြီးကနေ 
ရေခပ် ရေငင်ပုံးအဖြစ် ရောက်ခြင်းကဲသို့ ဖြစ်ရမှာမို့..

 န သက္ခိဿာမဟံ အန္တေဝါသိကဝါသံ ဝသတုံ-
ရဟန်းဂေါတမ၏ တပည့်အနေနဲ့ ငါ မလုပ်နိုင်ပါဘူးဟု  

အတွင်တွင်ငြင်းဆိုပြီး 
သူ့ဘဝသူ့ဇာတ်အား 
ဒန္ဓာ ဒန္ဓဿ မမ သန္တိကံ အာဂမိဿန္တိ- 
လူထုံ လူအ လူန လူမိုက်တွေ 
ငါလို လူထုံ လူအ လူန လူမိုက်ကြီးထံ လာကြလိမ့်မည်ဟု ကြွေးကြော်ကာ

သက်ရှိထင်ရှား သဗ္ဗညုဘုရားရှင်နဲ့ 
ကြုံပင်ကြုံငြား တွေ့ပင်တွေ့ငြား
ဘုရားကို အန်တု မာန်ကိုတင်း၍

မာန်ကိုမချိူး ဦးမကျိူးပဲ

လူမိုက်တွေစု လူမိုက်ကြားမှာပဲ လူမိုက်လုပ်၍  
တိတ္ထိဆရာကြီး တစ်ဦးအနေနဲ့သာ 
ဘဝအဆုံးသတ်စေလျှက်
ဘဝခရီး အရှုံးကြီး ရှုံးခဲ့ရလေ၏

ဒီအတိုင်းပဲ စမ္ပာမြို့သာ 
သောဏဒဏ္ဍဆိုတဲ့ ပုဏ္ဏားကြီးဟာလည်း
သူဟာ ဘုရားရှင်ထက် အသက်ကြီးတယ်
ငါ့မြေးအရွယ်လောက်ရှိ ဘုရားရှင်အား

မာန်ကိုချိူး ဦးကျိူးလျှက်
အရိုအသေးပေး ခရီးဦးကြိုဆို ရှိခိုးရမည်ဆို

သူ့ပရိသတ် သူ့တပည့်သာဝကတွေ
အထင်သေး အမြင်သေးခံရမှာဆိုး၍ 
အခြံအရံ ဆုတ်ယုတ် အားနည်းသွားမှာဆိုး၍

ပရိသတ်ကြားမှ လက်အုပ်ချီမြှောက်တယ်ဆို
ဘုရားအား ခရီးဦးကြိုဆိုတယ်ဟု ..

ပရိသတ်ကြားကနေ ခေါင်းပေါင်းချွတ်သော်
ဘုရားအား ဦးခေါင်းဖြင့် ရှိခိုးတယ်ဟု ...

လှည်းရထား ယာဥ်ပေါ်ရောက်စဥ် 
နှင်တံကို အကယ်၍ မြှောက်လိုက်သော်
ယာဥ်ပေါ်မှ သက်ဆင်း ရိုသေပေးခြင်းဖြစ်တယ် တယ်ဟု...

ယာဥ်ပေါ်မှာပဲ ဆောင်းထား ထီးမိုးအား 
ဖယ်လိုက်အံ့ ဦးခေါင်းဖြင့် 
ဘုရားရှင်အား ရှိခိုးတယ်ဟု ...

မှတ်ယူပေးပါရန်ဆိုပြီး
မာန်ကိုမချိူး ဦးမကျိူးတဲ့ စိတ်ထားနဲ့
ဘုရားရှင်အပေါ် ဆက်ဆံပြုမှုခဲ့လို့

ဗုဒ္ဓဘာသာ ဖြစ်ချင်ပေမဲ့
တရားထူး တရားမြတ် မရခဲ့ရှာလေ..
သက်တော်ထင်ရှား ဘုရားရှင်နဲ့ 
ထိပ်တိုက် တွေ့ခဲ့ရပေမဲ့
အရှုံးကြီး ရှုံးခဲ့ရသပေါ့။

အပြန်ကြည့်သော်
သာသနာသမိုင်းမှာ မာန်ကိုချိူး ဦးကျိူးခဲ့တဲ့
မင်းညီ မင်းသား ခြောက်ယောက်ရှိခဲ့ဖူးလေရဲ့..

ဘုရားရှင်ရဲ့ အမျိူးတွေထည်းကပဲ
ဘဒ္ဒိယ ၊ အနုရုဒ်ဓါ၊ အာနန္ဒာ၊ ဘဂု၊ ကိမိလ၊ 
ဒေဝဒတ္တမင်းသားတို့ ခြောက်ယောက်ဟာ
မိမိနန်းတော်မှာ 
ခုနှစ်ရက်ခုနှစ်လီ စိတ်ကြိုက် 
လောကီစည်းစိမ်အား
နတ်စည်းစိမ်ခံစားသကဲသို့ ခံစားစံစားပြီး၍သာ
သူတို့တပည့် ဆတ္တာသည် (မုတ်ဆိတ်ရိတ်သူ ဝေယျာဝစ္စပြုပေးသူ) နှင့်အတူ 
အခြံအရံ စစ်တပ် စစ်သည်တွေ ဝန်းရံလို့သာ
တနေ့သောအခါ  
ဥယာဥ်ပျော်ပွဲစားထွက်ခဲ့ကြသဟန် 
အခြားတိုင်းတစ်ပါးရောက်ချိန်
အခြွေအရံ စစ်သည်တွေအား 
မင်းမိန့်အာဏာသုံး ပြန်လည်စေ၍ 
တပြိုင်နက်တည်း
သူတို့ မင်းညီမင်းသား တန်ဆာတွေချွတ် 
ပုဆိုးနဲ့ထုပ် ဆတ္တာသည် ဥပါလိအား
ရော့ အမောင် ဤမျှသောဥစ္စာဖြင့် 
အသက်မွေးရစ်လေ ပြန်ပါချေဟု ပြောကာ ပြောကာ

မင်းသားခြောက်ယောက် 
ဘုရားရှင်စီ ခရီးဆက် သွားကြလေတော့၏ ရဟန်းပြုရန်..

ဒီလိုနဲ့ ဆတ္တာသည် ဥပါလိခမျာ
ဝမ်းနည်းမျက်ရည်စတွေနဲ့ အထုပ်ကိုထမ်း 
ယိုင်တိယိုင်တိုင်နဲ့ စဥ်းစားချေလေ၏
အင်း 
သာကီဝင်မင်းသားတွေဟာ 
သိပ်ကြမ်းတမ်း ခက်ထန်ကြလေ၏ 
ငါဟာ မင်းသားတွေကို သတ်ခဲ့တယ်ဟု စွပ်စွဲကာ 
ငါ့အား သတ်စေကုန်ရာ၏
မဖြစ်သေးပါဘူး မင်းသားတွေသော်မှ 
ဤကဲသို့ မင်းစည်းစိမ် စသည်တွေအား စွန့်ဖယ်ကာ
ဤအဖိုးထိုက်တန်တန်ဆာတွေအား 
တံတွေးပေါက်ကဲသို့ စွန့်၍ ရဟန်းပြုသွားကြသေးတာပဲ.. .
ငါလိုကောင်က ဘာလို့ ရဟန်းမပြုဘဲ 
နေရစ်အံ့နည်းဟု ကြံတွေး၍သာ..

တန်ဆာ ဥစ္စာထုပ်အား ဖြေကာ 
တန်ဆာအသီးသီး
သစ်ပင်အား ချိတ်ဆွဲ၍ 
အလိုရှိသူများ ယူကြပါကုန်ဟု ပြောဆိုလျှက်

သူလည်း မင်းသားတို့စီ ပြေးလိုက်သွားချေ၏
မင်းသားတို့စီရောက်တော့ 
မင်းဘာလို့ လိုက်လာသလဲ ဘယ်လိုဘာညာ မေးမြန်းကြည့်သော်
အကြောင်းစုံသိရ၍ 
ဆတ္တာသည် ဥပါလိအား 
ဘုရားရှင်ထံ ခေါ်သွားကြပြီး...

အရှင်ဘုရား 
တပည့်တော်တို့ သာကီဝင်မင်းသားတို့မည်သည်
မာနိဿိတာ-
မာန်ကိုအမှီသဟဲပြု ရှင်သန်ကြပါကုန်၏ (မာနကြီးပါကုန်၏)။
ဤ ဆတ္တာသည် ဥပါလိဆိုသူဟာ 
တပည့်တော်တို့အား 
ကာလရှည်ကြာစွာ နေ့ညပတ်လုံး 
လုပ်ကျွေးပြုစု တပည့်ခံခဲ့သူဖြစ်ပါ၏

ဤ ဥပါလိအား ရှေ့ဦးစွာ ရဟန်းပြုပေးတော်မူပါ။
 
မယမဿ အဘိဝါဒနာဒီနိ ကရိဿာမ-
တပည့်တော်တို့သည် ဥပါလိအား ရှိခိုးခြင်းစသည်ကို ပြုပါကုန်အံ့..

ဧဝံ နော မာနော နိမ္မာနာယိဿတီတိ ဝတွာ -
ဤသို့ပြုကုန်လသော် တပည့်တော်တို့ မာန်ကိုချိူး ဦးကျိူးပြီးသား ဖြစ်ပါလိမ့်မည်ဘုရားဟု 
လျှောက်ကြ၍သာ..

တံ ပဌမတရံ ပဗ္ဗာဇေတွာ ပစ္စာ သယံ ပဗ္ဗဇိံသု-
သူတို့တပည့် ဆတ္တာသည် ဥပါလိအား 
ရှေ့ဦးသင်ကန်းဝတ် ရဟန်းပြုစေကာ 
ရှိခိုးခြင်းစသည်ပြုပြီးမှသာ
နောက်မှ မင်းသားခြောက်ယောက် 
သင်ကန်းဝတ် ရဟန်းပြုကြလေ၏..

ဆတ္တာသည် ဥပါလိဟာ
နောင်အချိန် ဝိနည်းအရာ ဧတဒတ်ရပြီး 
ပထမသက်ဂါယနာတင်ချိန် 
ဝိနယပိဋက ဝိဿဇ္ဇက ဖြစ်တော်မူလေတော့၏..
ဝိနယပိဋက လက်ဆင့်ကမ်း 
မထေရ်မြတ် ဟုလည်း သမိုင်းမှတ်တမ်း ကျန်ရစ်ခဲ့လေ၏

သာသနာမှာ 
တစ်မီးနစ် တစ်စက္ကန့်ကြီးသူ 
ပထမသင်ကန်းဝတ်သူအား 
Respect ထား 
ရှိခိုးခြင်းစသည့် ဂါရဝပြုရစမြဲဆိုတာ 
ထုံးတမ်းစဥ်လာ ဓမ္မတာပေတည်း။

အရိုးရှင်းဆုံး ပြောရလျှင်

ဂါရဝ နိဝါတ မင်ဂလာတရားနဲ့အညီ 
တစ်သက်လုံး
မာန်ကိုချိူး ဦးကျိူးအောင် ပြုကြခြင်းပင်တည်း။

ဒီလို ဥပါလိအား 
ပထမဆုံး သင်ကန်းဝတ်စေ ရှိခိုးခြင်းစသည်
ပြုမှုကျင့်ဆောင်ခြင်းဟာ 
တစ်သက်လုံး ဘဝတစ်လျှောက်လုံး
မင်းမျိူး မင်းနွယ် မာန်ခက်ထန် စိတ်ထားတွေ 
ရိုက်ချိူးပစ်တဲ့အနေနဲ့

မာန်ကိုချိူး ဦးကျိူးအောင်ပြုလိုက်ခြင်းပဲ..

ဒီလိုပြုမှုလိုက်တဲ့ စိတ်နေစိတ်ထားဟာ

ဆက်လက်ထိန်းသိမ်းသူများအဖို့ 
ဒေဝဒတ္တ မင်းသားမှအပ
တရားထူးတရားမြတ်တွေရလို့
သာသနာနဲ့ ဘာသာရေးသမိုင်းမှာ

ဘုရားရှင်နဲ့တွေ့ ဘာသာရေးနဲ့တွေ့ခိုက် ကြုံခိုက်

အရှုံးကြီး မရှုံးတော့ပဲ

အမြတ်ကြီး မြတ်သွားကြလေရဲ့။

ဒါ့ကြောင့် ဗုဒ္ဓဘာသာဝင်အများအနေနဲ့
ဗုဒ္ဓဘာသာနဲ့ တွေ့ခိုက် ကြုံခိုက် ဆုံခိုက်

အခွင့်ရေးကောင်း ကာလအခိုက်အတန့်လေးမှာ

မိမိဟာ ဘယ်လိုကောင်ကြီးဖြစ်နေပါစေ

မာန်ကိုမချိူး ဦးမကျိူးလျှင်တော့ 
အရှုံးကြီး ရှုံးရပါလိမ့်မည်လို့..

တရားအသိဉာဏ် မရ မသိနိုင်ဘူးဟုဆိုလို...

မှတ်ချက်
ငွေရှိန် ရာထူးဂုဏ်သိရ်ရှိန်သမားတွေ 
ဘာသာရေးလုပ်ခိုက် သတိထားကြပါကုန်..

အကိုး။
ဓမ္မပဒအဋ္ဌကထာ၊ပထမအုပ်၊
သာရိပုတ္တတ္ထေရဝတ္ထု -နှာ ၆၀။
ဒေဝဒတ္တဝတ္ထု- နှာ ၈၆။
သီလက္ခန္ဓဝဂ္ဂပါဠိ၊ သောဏဒဏ္ဍသုတ္တ-နှာ ၁၀၄။

ဦးဂန်
မစိုးရိမ်ဖေးမလက်တွဲ
 20-11-2025

No comments:

Post a Comment