သည်းခံခြင်း၊ ခွင့်လွှတ်ခြင်းဆိုတဲ့စိတ် ညီညွတ်တဲ့စိတ်ဓာတ် ဆိုတာလည်း အလွန်အားနည်းတယ်၊ အားလုံးဟာ နေရင်တော့
အပေါင်းအသင်းနဲ့ နေကြတာချည်းပဲ။
အဲဒါကို မြတ်စွာဘုရားက လူဆိုတာ
အပေါင်းအသင်းနဲ့ နေရတာ မှန်တယ်၊
အဲဒီလို အပေါင်းအသင်းနဲ့ နေပြီးတော့
သည်းခံခြင်း ခွင့်လွှတ်ခြင်းဆိုတာတွေ ရှိဖို့လိုတယ်၊
အပေါင်းအသင်းနဲ့ နေတယ်ဆိုတာ
အခက်အခဲတွေ ကျော်လွှားဖို့သာ ဖြစ်ရမယ်လို့
မြတ်စွာဘုရားက ဟောတယ်။
သေစ လေဘထ နိပကံ သဟာယံ,
သဒ်ဓိံ စရံ သာဓုဝိဟာရိ ဓီရံ -
လူလူချင်း ပေါင်းသင်းဆက်ဆံကြပြီ ဆိုတဲ့အခါမှာ
ဘုရားက လူမိုက်နဲ့ ပေါင်းခိုင်းတာ မဟုတ်ဘူး၊
အဆင်မပြေတဲ့ လူနဲ့ သည်းခံပြီးနေရမယ်လို့
ဒီလိုပြောတာ မဟုတ်ဘူး။
ဒါလည်းပဲ သတိထားစရာကောင်းတဲ့အချက်ပဲ။
အန္တရာယ်ဖြစ်မယ့်အကောင်နဲ့ သည်းခံပြီးတော့
ဒီလို နေရမယ်လို့ ဆိုလိုတာ မဟုတ်ဘူး၊
တော်ကြာ တလွဲယူဆတတ်တာမျိုးတွေ ရှိတယ်၊
ရောင့်ရဲရမယ်လို့ဆိုသည့် အတွက်ကြောင့်
စီးပွားမရှာရဘူးလို့ မြတ်စွာဘုရားက
ပြောတာ မဟုတ်ဘူး။
ဒီမှာလည်းပဲ အတူတကွသည်းခံပြီးတော့
နေရမယ်ဆိုတဲ့နေရာမှာ မကောင်းတဲ့လူနဲ့ သည်းခံပြီး
ဓားပြနဲ့ သူခိုးကို သည်းခံနေရမယ်
ဒီလိုဆိုလိုတာ မဟုတ်ဘူး။
သူခိုးဓားပြကို သည်းခံနေရမယ်၊
လူဆိုးလူညစ်တွေကို သည်းခံနေရမယ်လို့
ဒီလိုဆိုလိုတာ မဟုတ်ဘူး။
အဲဒီလိုဆိုလို့ရှိရင် ကိုယ့်ကို ကိုက်မယ့်
မြွေပွေးနဲ့ရော အတူတကွနေရမှာလား၊
ကိုယ့်ကိုကိုက်မယ့် မြွေပွေးနဲ့တော့
ဘယ်လိုလုပ် အတူတူနေလို့ရမလဲ၊လူဆိုးလူညစ်နဲ့လည်း ဘယ်လိုလုပ်အတူတူနေလို့ ရမလဲ၊
သည်းခံခြင်း ခွင့်လွှတ်ခြင်းဆိုတာ
အချင်းချင်း အပြန်အလှန် ရိုင်းပင်းကူညီ
မတော်တဆ စိတ်အခန့်မသင့်တဲ့အခါ
ဖြစ်တာမျိုးတွေမဖြစ်ဖို့ မြတ်စွာဘုရားက
ဆုံးမသြဝါဒပေးတာ ဖြစ်တယ်။
အဲဒါကြောင့်မို့လို့ ပေါင်းသင်းဆက်ဆံရေးနဲ့ပတ်သက်ပြီး မြတ်စွာဘုရားဆက်ဟောတာ
သေစ လေဘထ နိပကံ သဟာယံ၊
ပညာရှိတဲ့အဖော် လိုတယ်၊ လူတော်လူကောင်းတွေ လိုတယ်၊ နိပကဆိုတာ ဘယ်အရာပဲဖြစ်ဖြစ်
စဉ်းစားတတ်တဲ့ ရင့်ကျက်တဲ့ပုဂ္ဂိုလ်တွေကို ဆိုလိုတာ။
သဒ်ဓိံ စရံ သာဓုဝိဟာရိ ဓီရံ- သူနဲ့ နေလို့ ထိုင်လို့
ပေါင်းသင်းဆက်ဆံလို့ ကောင်းတယ်၊
မကောင်းတဲ့ လူနဲ့ ပေါင်းခိုင်းတာ မဟုတ်ဘူး၊
မကောင်းတဲ့လူကျတော့ ရှောင်ရမယ် ဖယ်ရမယ်၊
အပေါင်းအသင်း မလုပ်ရဘူး၊
ဒါမှ အသေဝနာ စ ဗာလာနံဆိုတဲ့
မင်္ဂလာတရားနဲ့ ကိုက်ညီတာ၊ ဒီလိုဆိုလိုတာ။
အဘိဘုယ် သဗ္ဗာနိ ပရိဿယာနိ,
စရေယျ တေနတ္တမနော သတီမာ-
အဲဒီလို လူတော်လူကောင်းနဲ့ အတူတကွ
ပေါင်းသင်းဆက်ဆံရမယ်၊
လူတော်လူကောင်း ရမယ်ဆိုရင်တော့
သူနဲ့အတူနေပါ၊ နေပြီးလို့ ရှိရင် ဘာလုပ်ရမလဲ၊
အခက်ခဲတွေ ဘေးရန်အန္တရာယ်တွေကို
သူနဲ့ အတူတကွ လက်တွဲပြီးတော့
ဖြေရှင်းပါလို့ ဒီလိုဆိုလိုတာ။
လူတိုင်းနဲ့အတူ ပေါင်းသင့်ဖို့ ပြောတာ မဟုတ်ဘူး။
နောက်တစ်ခုက အဲ့ဒီလို လောကမှာ
လူတော်လူကောင်းနဲ့ ပေါင်းသင်းဆက်ဆံဖို့,
ကောင်းမြတ်တဲ့ အဖော်လုပ်သင့်တဲ့ ပုဂ္ဂိုလ်
မတွေ့ဘူးဆိုလို့ရှိရင်တော့-
ရာဇာဝ ရဋ္ဌံ ဝိဇိတံ ပဟာယ,
ဧကော စရေ မာတင်္ဂရညေဝ နာဂေါ-
လောကမှာ ဆင်ပြောင်ကြီးဟာ
တစ်ကောင်တည်း တောထဲမှာ ကျက်စားသလို,
တိုင်းပြည်ကို စွန့်လွှတ်ပြီးတော့ ထွက်သွားပြီး
တစ်ဦးတည်းကျင့်တဲ့ နေမိမင်းတို့၊
တစ်ဦးတည်းကျင့်တဲ့
ဇနကမင်းတို့ ဆိုတာမျိုးတွေလို
တစ်ဦးတည်းနေတာဟာ ကောင်းတယ်။
အဖော်ကောင်းမတွေ့ရင်
တစ်ဦးတည်းပဲ နေတာ ကောင်းတယ်။
ဧကဿ စရိတံ သေယျာ,
နတ္ထိ ဗာလေ သဟာယတာ-
အဲဒီလိုကျတော့
ဘယ်သူနဲ့မှ အပေါင်းအသင်းမလုပ်ဘဲနဲ့
တစ်ယောက်တည်းနေတာဟာ ပိုကောင်းတယ်၊
နတ္ထိ ဗာလေ သဟာယတာ၊
မိုက်မဲပြီးတော့ အပြစ်ပြုတတ်တဲ့ပုဂ္ဂိုလ် ဗာလ၊
ခုနက အဆိပ်အတောက်ရှိတဲ့
မြွေဆိုးလို လူဆိုးတွေ၊ စိတ်ကောင်း မရှိတဲ့လူတွေ၊
ဖျက်လိုဖျက်ဆီး လုပ်တတ်တဲ့ လူတွေ၊
အဲဒီလိုပုဂ္ဂိုလ်မျိုး၊
အသိပညာကင်းမဲ့တဲ့ ပုဂ္ဂိုလ်မျိုးတွေ
နတ္ထိ ဗာလေ သဟာယတာ
အဲဒီလိုအဆင့်မရှိတဲ့ ပုဂ္ဂိုလ်တွေမှာ
အပေါင်းအဖော်လုပ်ဖို့ဆိုတဲ့
အရည်အချင်းတွေ သူတို့မှာ မရှိဘူး၊
ပေါင်းသင်းဆက်ဆံဖို့ ကောင်းလောက်တဲ့
အရည်အချင်း သူတို့မှာ မရှိသည့်အတွက်ကြောင့်
ဧကော စေရ န စ ပါပါနိ ကရိယာ-
ကိုယ်တစ်ယောက်တည်းနေ၊
မဟုတ်တာတွေလည်း မလုပ်နဲ့၊
အပ္ပေါဿုတ္ကော မာတင်္ဂ ရညေဝ နာဂေါ-
ကိုယ်တစ်ယောက်တည်း လွတ်လွတ်လပ်လပ်
တခြားသူတွေအတွက်
တခြားအလုပ်တွေ မလုပ်ဘဲနဲ့
ကိုယ့်ကျိုးကိုယ့်စီးပွားကို ကြိုးစားပြီးတော့
အားထုတ်ရမယ်လို့ မြတ်စွာဘုရားက
ဟောကြားတော်မူခဲ့ပါတယ်။
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
No comments:
Post a Comment